ထိပ်သီးလေးယောက်မှာ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး ပစ္စည်းများအကြောင်းကို ထည့်ပင်မစဉ်းစားကြတော့ချေ။ ဘယ်သူကများ အင်မော်တယ်ဧကရာဇ်တစ်ပါးကို သတ်ခဲ့ဖူးတဲ့သူက အင်မော်တယ်အရှင်မြတ်တွေနဲ့ ရွှေအင်မော်တယ်တွေဆီကရတဲ့ပစ္စည်းတွေကို ဂရုစိုက်လိမ့်မယ်လို့ထင်မှာလဲ။
သို့သော် အရင်နှစ်ပေါင်းများစွာကအကြောင်းတွေကို ပြန်စဉ်းစားကြည့်မည်ဆိုလျှင် သူတို့တွေက ဂိုဏ်းချုပ်ကျန်းရဲ့ ကျေးဇူးတွေကို အများကြီးခံစားခဲ့ရသည်မှာ အမှန်ပင်။ သူတို့လေးယောက်တင်မကဘဲ လူပေါင်း ၁၂၀,၀၀၀ လောက်က သူ့ကို ကျေးဇူးကြွေးတင်နေကြတာဖြစ်သည်။
“ဟုတ်တာပေါ့... ဟုတ်တာပေါ့”
“ကျွန်တော်တို့ တစ်သက်လုံးကျေးဇူးဆပ်ရင်တောင် ဂိုဏ်းချုပ်ကျန်းရဲ့ကျေးဇူးကြွေးကို ကြေမှာမဟုတ်ပါဘူး... ဟားဟား”
ရှောင်ခွန်းက သူ၏ရင်ဘတ်ကို ရဲရဲဝံ့ဝံ့ပုတ်လိုက်ပြီး...
“နတ်သမီးလေးတို့... နောက်ကျရင် ဘာကိုပဲသဘောကျကျ ငါတို့ကိုသာပြောလိုက်၊ ငါတို့ဆီမှာရှိသရွေ့ အကုန်ပေးမယ်”
ကျိယွင်ကလည်း ပြုံးလျက်ဆိုလိုက်သည်။
“ဟုတ်ပါတယ်... ငါတို့အားလုံးက မိသားစုတွေပဲလေ၊ နောက်ကျရင် ငါတို့ကို အားနာမနေကြနဲ့ဦး”
အင်မော်တယ်ဘုရင်အဆင့်ဆိုသည်မှာ ကျင့်ကြံခြင်း၏အဆုံးသတ်မဟုတ်၊ သူတို့တွင်လည်း လိုအပ်ချက်များရှိနေသေးသည်။ ဂိုဏ်းချုပ်ကျန်းနောက်ကိုလိုက်မည်ဆိုလျှင် သူပြုလုပ်လေ့ရှိသည့်အံ့ဖွယ်ကိစ္စများကြောင့် သူတို့လည်း ပိုပြီးမြင့်မားသည့်အဆင့်တွေ ရောက်သွားနိုင်သည်ကို အရင်တုန်းက ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီးသားဖြစ်ရာ ဤတစ်ကြိမ်သာ သူ့နောက်ကိုထပ်လိုက်နိုင်မည်ဆိုလျှင် သူတို့တွေလည်း အင်မော်တယ်ဧကရာဇ်အဆင့်ကို အကြောင်းပြချက်မရှိဘဲ ရောက်သွားနိုင်၏။
ထို့ကြောင့် သူ့ဘေးနားကလူတွေနှင့် ရင်းနှီးအောင်လုပ်ထားရန်လိုအပ်သည်။ သူတို့က လူလည်များဖြစ်ရာ ခုနကစကားတစ်ခွန်းတည်းနဲ့တင် ဒီမိန်းကလေးနှစ်ယောက်က ဘယ်လောက်အထိ မျက်နှာသာပေးခံထားရသလဲဆိုတာ ရိပ်မိကြသည်။ သူတို့က ဂိုဏ်းချုပ်ကျန်းကိုယ်စား လက်ဆောင်တွေကိုတောင် လက်ခံပေးနိုင်တယ်ဆိုတော့ တကယ့်ကိုယုံကြည်ရတဲ့လူရင်းတွေ ဖြစ်ရမယ်။
တစ်နည်းအားဖြင့်ပြောရလျှင် သူတို့ထင်သည်မှာ မမှားပေ။ အခုဆိုရင် အစ်ကိုကြီးချန်တွင် အရင်ကလို မြှောက်ပင့်တတ်တဲ့တပည့်တွေ အုပ်စုလိုက်မရှိတော့ရာ စုယဲ့နှင့် စုမန်တို့က သူ၏ လွတ်ဟာနေသောစိတ်ဆန္ဒကို ဖြည့်ဆည်းပေးနေကြခြင်းဖြစ်သည်။ သူသည် ထိုတပည့်များအပေါ်ထားရှိခဲ့သော ဂရုစိုက်မှုများကို ယခု သူတို့နှစ်ဦးထံသို့ ခေတ္တလွှဲပြောင်းပေးထားခြင်းပင်။ သူတို့အဆင့်အတန်းက ဘယ်လိုလုပ်ပြီး မမြင့်ဘဲနေပါ့မလဲ။
ထို့ကြောင့် ထိုလေးယောက်က မိန်းကလေးနှစ်ဦးကို ကြည့်သည့်အကြည့်မှာ သမီးအရင်းတွေကိုကြည့်သလိုမျိုး အလွန်ကြင်နာဂရုစိုက်မှုများ ပါဝင်နေတော့သည်။ ၎င်းမှာ ဘေးမှကြည့်နေသူအားလုံးကို မနာလိုဖြစ်သွားစေသည်။
ဒီအစစ်အမှန်အင်မော်တယ်လေးနှစ်ယောက်က အရင်ဘဝက ဘယ်လိုကုသိုလ်တွေလုပ်ခဲ့လို့ ဒီလိုဆက်ဆံခံနေရတာလဲ...
နှစ်ရက်အကြာတွင် ထျန်းရှူးဂိုဏ်း၏ အဖွဲ့ခွဲအသီးသီးမှပေးပို့လိုက်သော အင်မော်တယ်ကံကြမ္မာ တိုကင် ၃,၀၀၀ ကျော်မှာ တစ်ခုပြီးတစ်ခုရောက်ရှိလာတော့သည်။ ထိုနှစ်ရက်အတွင်းမှာပင် ဤနေရာ၌ဖြစ်ပျက်ခဲ့သောကိစ္စများမှာလည်း အလျင်အမြန်ပျံ့နှံ့သွား၏။
ယူမဟာမိတ်အဖွဲ့၏ နှင်းရိပ်မိစ္ဆာဘုရင်အသတ်ခံလိုက်ရခြင်းမှာ ကြီးကျယ်သောကိစ္စတစ်ခုဖြစ်သည်။ အင်မော်တယ်ဘုရင် သို့မဟုတ် မိစ္ဆာဘုရင်အဆင့်ရှိသူများ၏ လှုပ်ရှားမှုတိုင်းမှာ လောကကြီးကို ရိုက်ခတ်စေနိုင်ပြီး သူတို့ထဲမှတစ်ဦးကျဆုံးသွားခြင်းမှာ ပြင်းထန်သောငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ပင်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ မိစ္ဆာဘုရင် အသတ်ခံရသည့်သတင်းမှာ ဒုတိယနေရာသို့ ရောက်သွား၏။ အကြောင်းမှာ ပို၍အရေးကြီးသောသတင်းတစ်ခု ရှိနေသောကြောင့်ဖြစ်သည်။
ဖေးရှန်ဂိုဏ်းမှ ဘိုးဘေးကြီးကျန်းသည် ယူမဟာမိတ်အဖွဲ့မှ ကျန်မဟာမိတ်ခေါင်းဆောင်သုံးဦးနှင့် ရှေးဟောင်းဧကရာဇ်ဂိုဏ်းမှ အင်မော်တယ်ဘုရင်ကျိယွင်တို့ကိုပါ လက်အောက်ခံဖြစ်အောင် လုပ်နိုင်ခဲ့သည်။ အင်မော်တယ်ဧကရာဇ်တစ်ပါးပင် ဤမျှလွယ်လွယ်ကူကူ လုပ်နိုင်မည်မဟုတ်။ အင်မော်တယ်ဘုရင်အဆင့်အထိကျင့်ကြံနိုင်သူများမှာ ကိုယ့်နယ်ပယ်နှင့်ကိုယ် ထိပ်သီးများဖြစ်ကြရာ မည်သူ့ကိုမှ လွယ်လွယ်နှင့်အရှုံးပေးမည့်သူများမဟုတ်ကြ။
ပတ်ဝန်းကျင်ရှိ ကောင်းကင်နယ်မြေများမှ လူပေါင်းများစွာမှာ ကျန်းချန်အကြောင်းကိုသာ ပြောဆိုနေကြတော့သည်။
သူကဘယ်သူဖြစ်မလဲ၊ အင်မော်တယ်ဧကရာဇ်တစ်ပါးရဲ့ လူဝင်စားလားဆိုပြီး အမျိုးမျိုးခန့်မှန်းနေကြသည်။ နှမြောစရာကောင်းသည်မှာ သူတို့ဘယ်လိုခန့်မှန်းကြစေကာမူ အဖြေရှာမရဘဲ သူ၏နာမည်အစစ်အမှန်ကိုပင်မသိကြ။
“ဒါက ရှင်အလိုရှိတဲ့ အင်မော်တယ်ကံကြမ္မာတိုကင်တွေပါ”
ထျန်းရှူးဂိုဏ်းအတွင်း၌ မြောင်ယွီက အင်မော်တယ်ကံကြမ္မာတိုကင်များပါဝင်သည့်လက်စွပ်ကို ကမ်းပေးလိုက်သည်။ ယခုဆိုလျှင် သူမသည် ကျန်းချန်ကို အရေးမစိုက်သလို ဆက်ဆံ၍မရတော့ပေ။ အင်မော်တယ်ဘုရင်အဆင့် လက်အောက်ခံလေးယောက်ရှိသည့်မည်သူမဆို အမြင့်ဆုံးသောအာရုံစိုက်မှုကိုရရှိရန် ထိုက်တန်သည်။ အထက်အင်မော်တယ်လောကဖြစ်လျှင်ပင် ဤကဲ့သို့သောလူမျိုးကို လျစ်လျူရှုထား၍မရနိုင်ပေ။
အစ်ကိုကြီးချန်က တိုကင်များကိုရေတွက်လိုက်ရာ အရင်ကဝယ်ထားသည်များနှင့်ပေါင်းလိုက်လျှင် ၃,၃၀၀ အတိအကျရှိနေသည်။ အင်မော်တယ်ကျောက်တုံးများကို ပေးချေပြီးနောက် သူမတ်တပ်ရပ်လိုက်သည်။
“အဆင်ပြေပြေ အလုပ်တွဲလုပ်နိုင်ခဲ့လို့ ဝမ်းသာပါတယ်။ သွားတော့မယ်”
မြောင်ယွီသည် ရုတ်တရက် အနည်းငယ်စိတ်တိုသွားမိသည်။ ဤလူသည် သူမကိုကြည့်သည့်အခါတိုင်း တကယ့်ကို ဗြောင်ကျကျကြည့်တတ်ပြီး တခြားသော ကာမဂုဏ်လိုက်စားသည့် လူငယ်များထက်မသာပေ။ သို့သော် စီးပွားရေးအကြောင်းပြောလာရင်တော့ သူက တကယ့်ကိုလက်တွေ့ကျလွန်းပြီး လှပတဲ့အမျိုးသမီးတွေကို ဖျော်ဖြေဖို့စိတ်ကူး လုံးဝမရှိပုံရသည်။ သူထွက်သွားတဲ့ အခါမှာလည်း တကယ့်ကို ပြတ်သားလှသည်။
“ရှင့်ရဲ့ကျင့်ကြံမှုက ဘယ်လိုလုပ်ပြီး အဆင့် ၆ ရွှေအင်မော်တယ်အဆင့်ကို ရောက်သွားတာလဲ”
လွန်ခဲ့သောနှစ်ရက်က ကျန်းချန်မှာ အဆင့် ၁ ရွှေအင်မော်တယ်သာရှိသေးကြောင်း သူမမှတ်မိနေသည်။
အစ်ကိုကြီးချန်က ခေါင်းလှည့်ကြည့်ကာ ပုခုံးတွန့်ပြလိုက်ပြီး...
“ဪ... ငါကပါရမီပါလာတာလေ၊ ဒီနှစ်ရက်အတွင်းမှာ တော်တော်လေး ကြိုးကြိုးစားစားကျင့်ကြံလိုက်လို့ အဆင့်တက်သွားတာပါ”
မြောင်ယွီကတော့ သူ့နှာခေါင်းကိုလက်ညှိုးထိုးပြီး ရှင်ကကျွန်မကို လူအလို့များထင်နေတာလားဟု အော်ပြောလိုက်ချင်တော့သည်။ နှစ်ရက်အတွင်းမှာ ရွှေအင်မော်တယ် အဆင့်ငယ်ငါးဆင့်တက်သွားခြင်းမှာ တကယ့်ကိုအိပ်မက်တစ်ခုလိုပင်။ သူမကတော့ ကျန်းချန်သည် သူ၏အစွမ်းအစစ်အမှန်ကို ဖုံးကွယ်ထားပြီး ရွှေအင်မော်တယ်အဆင့်သာရှိနေသည်မဟုတ်ဘဲ ယခုမှ ကျင့်ကြံမှုကို အနည်းငယ် ထပ်မံထုတ်ပြခြင်းဖြစ်သည်ဟုသာ တွေးလိုက်တော့သည်။
“ကျွန်မတို့ အကြိမ်ပေါင်းများစွာတွေ့ဖူးကြပေမဲ့ ရှင့်ရဲ့နာမည်အပြည့်အစုံကို အခုထိမသိသေးဘူး”
သူမသည် ကျန်းချန်အပေါ် စပ်စုချင်စိတ်ပြင်းပြနေမိသည်။ ဤကိစ္စ၏နောက်ကွယ်တွင် ထိတ်လန့်စရာကောင်းသော လျှို့ဝှက်ချက်တစ်ခုရှိနေရမည်ဟု သူမခံစားနေရသည်။
အစ်ကိုကြီးချန်ကတော့ သူမကိုအမှန်အတိုင်းပြောပြရန် အစကတည်းကကြံရွယ်ထား၏။ မည်သို့ဆိုစေ သူကကြောက်စရာမရှိသလို အင်မော်တယ်ဧကရာဇ်ဆင်းလာပြီး တိုက်ခိုက်မည်ဆိုလျှင်ပင် သူဂရုမစိုက်ပေ။ သို့သော်လည်း တုန်လှုပ်မှုတန်ဖိုးအကြောင်းကို တွေးမိလိုက်သောအခါ...
ဤတစ်ကြိမ်တွင် ထိပ်သီးလေးယောက်ကို လက်အောက်ခံဖြစ်အောင်လုပ်လိုက်ခြင်းက လူပေါင်းများစွာကို ထိတ်လန့်သွားစေခဲ့သည်။ သတင်းပျံ့နှံ့သွားပြီးနောက် ထိတ်လန့်သွားကြသည့် ပတ်ဝန်းကျင်မှ အင်မော်တယ်သန်းပေါင်းများစွာထံက ကုသိုလ်မှတ်တွေအများကြီးမရခဲ့။ နောက်ဆုံးလဲလှယ်လိုက်သည့်အခါ ကုသိုလ်မှတ် ၁၃,၀၀၀ ကျော်လောက်သာ ထပ်တိုးလာသည်။
စနစ်၏ရှင်းပြချက်အရဆိုလျှင် သတင်းပျံ့နှံ့သွားသည့်အချိန်၌ သူတို့က ထိုနေရာမှာ ကိုယ်တိုင်ရှိမနေခဲ့ကြ၍ဖြစ်သည်။ တခြားသူတွေရဲ့ပါးစပ်ကတစ်ဆင့် ကြားရသည့်သတင်းတွေက လက်ဆင့်ကမ်းဖြစ်သွားပြီး စနစ်က ထိရောက်မှုများစွာလျော့နည်းသွားသည်ဟု သတ်မှတ်လိုက်ခြင်းပင်။ သုံးလေးကြိမ်ခန့် လက်ဆင့်ကမ်းပြီးသွားလျှင် ပို၍နည်းသွားဦးမည်။ သတင်းစကားကို အကြိမ်ပေါင်းများစွာလက်ဆင့်ကမ်းပြီးမှ သိရသည့်သူတွေထံမှဆိုလျှင်ဖြင့် တုန်လှုပ်မှုတန်ဖိုး ရတော့မည်မဟုတ်ပေ။
အမှန်စင်စစ် ကျန်းချန်ဟူသောအမည်နာမနှင့် လွန်ခဲ့သည့်နှစ်သန်းပေါင်းများစွာက အင်မော်တယ်ဧကရာဇ် နတ်ရွာစံခဲ့သည့်ဖြစ်ရပ်ကိုချိတ်ဆက်မိပါက ပေါ်ပေါက်လာမည့်ဂယက်ရိုက်ခတ်မှုသည် ယခင်ကထက် များစွာကြီးမားပြင်းထန်ပေလိမ့်မည်။ သို့ရာတွင် အဓိကအဟန့်အတားမှာ ထိုခေတ်အခါက ဖြစ်ရပ်မှန်ကို သိရှိနားလည်သည့် ပုဂ္ဂိုလ်များသာလျှင် တုန်လှုပ်မှုတန်ဖိုးကို အပြည့်အဝပေးနိုင်ခြင်းဖြစ်သည်။
သတင်းစကားအဆင့်ဆင့်ဖြင့် နောက်မှသိရှိရသူများထံမှ ရရှိမည့်တုံ့ပြန်မှုမှာ အားနည်းနိုင်သဖြင့် ၎င်း၏ ရေရှည်ခမ်းနားထည်ဝါမှုအစီအမံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်မဟုတ်။
ထို့ကြောင့် သူမည်သူမည်ဝါဖြစ်ကြောင်းကို အထက်အင်မော်တယ်လောကသို့ ရောက်ရှိချိန်မှသာ ခမ်းနားစွာထုတ်ဖော်ကြေညာရန် ရည်ရွယ်ထားသည်။ ထိုအခါ၌ အင်မော်တယ်ဧကရာဇ်အပေါင်းကို စုဝေးစေလျက် ၎င်းတို့၏ရှေ့မှောက်တွင်ပင် တရားဝင်ထုတ်ဖော်ပြောကြားခြင်းဖြင့် ရရှိလာမည့်အကျိုးသက်ရောက်မှုမှာ အလွန်ထူးခြားပြောင်မြောက်ပေလိမ့်မည်။ ထိုသို့ကြေညာပြီးနောက် အင်မော်တယ်ဧကရာဇ်အုပ်စုက သူ့ကိုလုပ်ကြံရန် ကြိုးပမ်းလာနိုင်သည်ဟူသောအချက်မှာ အရေးမကြီးလှသည့် သေးငယ်သောအချက်တစ်ချက်မျှသာ။
“ငါ့ရဲ့နာမည်က အနာဂတ်မှာ မကြားချင်မှအဆုံး ထင်ရှားကျော်ကြားပြီး နားနဲ့မဆံ့အောင်ကြားရပါလိမ့်မယ်၊ အဲဒီအချိန်ကျရင်တော့ အော်မနေနဲ့ဦးနော်”
ထိုသို့သော ရဲတင်းထက်မြက်သည့်စကားကို ချန်ထားရစ်ခဲ့ပြီးနောက် ထျန်းရှူးဂိုဏ်းမှ ထွက်ခွာခဲ့လေသည်။
မြောင်ယွီမှာမူ အံ့ဩမှင်သက်လျက် ကျန်ရစ်ခဲ့၏။ သူမ၏ဘဝတစ်လျှောက်တွင် ဤကဲ့သို့ ပြောဆိုဆက်ဆံခြင်းကို တစ်ကြိမ်တစ်ခါမျှမကြုံဖူးသကဲ့သို့ သူမအား ပရိသတ်တစ်ဦးဖြစ်လာမည့်အလား အော်မနေနဲ့ဦးဟု ဆိုသွားခြင်းမှာ အလွန်မောက်မာလွန်းလှသည်ဟု သူမထင်မြင်မိသည်။
“ဒီလူက တကယ်ပဲ ရဲတင်းလွန်းလှတယ်၊ သူ့ကိုယ်သူ ဘယ်လိုပုဂ္ဂိုလ်မျိုးလို့ ထင်နေတာလဲ”
သူမထိုသို့တွေးနေစဉ် အင်မော်တယ်ဘုရင်ရဲ့ရန်ကလည်း ဒေါသတကြီးဖြင့် ဆိုလေသည်။
“နောက်တစ်ချိန်မှာ သူက သခင်မရဲ့ အစစ်အမှန်ဂုဏ်သတင်းကိုသိသွားတဲ့အခါ၊ သူ့နားထဲမှာဆံ့မှာတောင်မဟုတ်ဘူး”
ပြင်ပတွင်လည်း ထိပ်သီးလေးဦးစောင့်ဆိုင်းနေကြသည်မှာ အလွန်ကြာမြင့်လေပြီ။
“ဂိုဏ်းချုပ်ကျန်း... အရှင်က ဖေးရှန်ဂိုဏ်းကိုပြန်တော့မှာလား၊ ကျွန်တော်တို့ကိုလည်း အရှင့်နောက်လိုက်ပါခွင့်ပြုပါဦး။ အရှင့်ရဲ့လမ်းညွှန်ဆုံးမမှုတွေကို ဆက်လက်နာယူလိုပါသေးတယ်။ အရှင့်ကို တစ်ရက်မမြင်တွေ့ရတာက ကျွန်တော်တို့မှာ စားမဝင်၊ အိပ်မပျော် ဖြစ်ရသလို ကျင့်ကြံအားထုတ်မှုမှာလည်း ခွန်အားကင်းမဲ့နေသလိုခံစားရပါတယ်...”
ထိုထိပ်သီးလေးဦး၏စကားကို ကြားရသူတိုင်းမှာ အံ့အားသင့်ကာ ထုံထိုင်းသွားကြသည်။ ဤဘိုးဘေးကြီးကျန်းသည် ယခင်က မည်ကဲ့သို့သော လုပ်ဆောင်ချက်များပြုလုပ်ခဲ့သဖြင့် ဤပုဂ္ဂိုလ်ကြီးများက ဤမျှအထိ တလေးတစားဖြစ်နေရသနည်းဟု တွေးတောနေကြ၏။
ကျန်းချန်ကမူ မိမိ၏ဂုဏ်သိက္ခာနှင့် အောင်မြင်မှုများကို ထပ်မံလုယူရန် ကြိုးပမ်းနေကြသည်ဟုယူဆကာ စိတ်မရှည်သောအမူအရာဖြင့် လက်ဝှေ့ယမ်းလျက် ငြင်းပယ်လိုက်သည်။
“သွားကြတော့... မင်းတို့မှာ ကိုယ့်ဂိုဏ်းနဲ့ကိုယ် ရှိနေကြတာပဲမဟုတ်လား၊ လာရာအရပ်ကိုပဲပြန်ကြပါ”
ထိုမြင်ကွင်းကိုကြည့်နေသူတိုင်းမှာ အင်မော်တယ်ဘုရင်အဆင့်ရှိပုဂ္ဂိုလ်များကို မိမိ၏အဖွဲ့အတွင်း ဝင်ခွင့်မပြုခြင်းအပေါ် များစွာနှမြောတသဖြစ်ကြရသည်။ လင်ဟန်ဟန်နှင့် ယွမ်ကျဲတို့မှာလည်း ရင်ထုမနာ ဖြစ်နေကြ၏။
ဘိုးဘေးကြီးရယ်... ဘာလို့ သဘောမတူခဲ့တာလဲ
ထိုပညာရှင်ကြီးလေးဦးသာလိုက်ပါလာပါက ဖေးရှန်ဂိုဏ်း၏အရှိန်အဝါမှာ မည်မျှအထိ ခမ်းနားထည်ဝါသွားမည်ကို တွေးတောလျက် နှမြောနေကြခြင်းဖြစ်သည်။
မိစ္ဆာဘုရင်ရှောင်ခွန်းသည်လည်း အလွန်စိတ်မကောင်းဖြစ်သွား၏။ ဂိုဏ်းချုပ်ကျန်းက ၎င်းအား လက်တွဲဖြုတ်လိုက်ပြီဟုယူဆကာ အနာဂတ်တွင် ဆရာကြီး၏လမ်းညွှန်မှုဖြင့် မြင့်မားသောအဆင့်များသို့ တက်လှမ်းနိုင်မည့်အခွင့်အရေးဆုံးရှုံးမည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် ၎င်းက မဝံ့မရဲဖြင့် မေးလိုက်သည်။
“ဒါဆိုရင် နောက်နောင်မှာ ဖေးရှန်ဂိုဏ်းကိုလာရောက်ပြီး အရှင့်ကိုဖူးမြော်ခွင့်ရဦးမလား”
“လိုအပ်ရင် ငါအသိပေးမယ်၊ အကြောင်းမရှိရင်တော့မလာနဲ့၊ ဒါပဲ”
ကျန်းချန်က ပြတ်သားစွာပြောကြားလျက် လှေပျံပေါ်သို့ တက်လှမ်းထွက်ခွာသွားလေတော့သည်။
***