ဤခရီးစဉ်မှ အကျိုးအမြတ်များစွာရရှိခဲ့ကြသော စုယဲ့နှင့် စုမန်တို့မှာ မျက်နှာများဝင်းပနေကြတော့သည်။ ထိုနှစ်ဦးမှာ အစ်ကိုကြီးချန်၏ဘေးတွင်ကပ်ထိုင်လိုက်ကြပြီး ထုံးစံအတိုင်း မြှောက်ပင့်ပြောဆိုခြင်းများကို စတင်လိုက်ကြပြန်သည်။
“ဘိုးဘေးကြီး... သူတို့ကို ဘာလို့ ဖေးရှန်ဂိုဏ်းအထိ လိုက်ခွင့်မပေးတာလဲဟင်”
စုမန်က စပ်စုသည့်အမူအရာဖြင့် မေးလိုက်သည်။
“သူတို့ကအားနည်းလွန်းလို့ ဘိုးဘေးကြီးက သူတို့ကိုအထင်သေးနေတာလား”
တကယ့်တော့ အစ်ကိုကြီးချန်မှာ သူ၏ပွဲဦးထွက်ဟန်ထုတ်မှုနှင့် ပစ္စည်းများလုယူခံရမည်ကို စိုးရိမ်ခြင်းဖြစ်သော်လည်း အမှန်အတိုင်းမပြောပေ။ သူမစကားကိုကြားသောအခါ ခေါင်းငြိမ့်ပြလိုက်ပြီး...
“ဟုတ်တယ်... မင်းပြောတာမှန်တယ်”
စုယဲ့က ဂုဏ်ယူသောမျက်နှာထားဖြင့် ဆိုလိုက်သည်။
“ဘိုးဘေးကြီးရဲ့ မျက်စိထဲကိုဝင်ဖို့ဆိုတာ တကယ်ကိုခဲယဉ်းတာပဲ။ အင်မော်တယ်ဘုရင်တွေနဲ့ မိစ္ဆာဘုရင်တွေဆိုတာ ဘာအရေးပါလို့လဲ”
“ဟီးဟီး... ဘိုးဘေးကြီးကတော့ အင်မော်တယ်လောကမှာ အသန်မာဆုံးလူဖြစ်ရမယ်”
လင်ဟန်ဟန်မှာမူ စိတ်ထဲမှ တိတ်တဆိတ်ဝေဖန်နေမိသည်။
မင်းတို့ နှစ်ယောက်က အစစ်အမှန်အင်မော်တယ်လေးတွေပဲရှိသေးတာကို 'အင်မော်တယ်ဘုရင်တွေနဲ့ မိစ္ဆာဘုရင်တွေက ဘာအရေးပါလို့လဲ' လို့ ပြောရဲတယ်ပေါ့။ ဘယ်သူကများ မင်းတို့ကို ဒီလိုသတ္တိတွေ ပေးလိုက်တာလဲ။ သို့သော်လည်း ဘိုးဘေးကြီး၏ ကျေနပ်နေသောအမူအရာကိုကြည့်ရုံဖြင့် ဤအလွန်အမင်း မြှောက်ပင့်မှုများကို သူမကန့်ကွက်ကြောင်း သိသာလှသည်...
ဟူး... ငါ ဒီတစ်ခေါက်ခရီးစဉ်မှာ တကယ်ပဲ တွက်ချက်မှုမှားသွားခဲ့တာပဲ...
သူတို့မထွက်ခွာမီ သူ၏ဆရာဖြစ်သူ အင်မော်တယ်အရှင်မြတ်ယွမ်ရှန့်ပြောခဲ့သော အခွင့်အရေးဆိုသည်မှာ ဤအရာကိုဆိုလိုခြင်းဖြစ်နေသည်။ နှမြောစရာကောင်းသည်မှာ ထိုစဉ်က လျစ်လျူရှုခဲ့မိခြင်းပင်။ ကုချင်းယွဲ့ကတော့ မလိုက်လာခဲ့သဖြင့် အခွင့်အရေးလွဲချော်သွားပြီး သူကတော့ လိုက်လာခဲ့ပါလျှက် လက်ဗလာနှင့်ပြန်နေရသည်မဟုတ်ပါလား။
ထိုအကြောင်းကိုတွေးမိလိုက်တိုင်း သူသည် မိမိကိုယ်ကိုယ် လက်သီးဖြင့်ထိုးလိုက်ချင်တော့သည်။ အကယ်၍ သူသာ လမ်းတစ်လျှောက်လုံး စုယဲ့နှင့် စုမန်တို့လို မြှောက်ပင့်ပေးနေခဲ့မည်ဆိုလျှင် ယခုအချိန်၌ ရတနာတွေအပြည့်ဖြင့် ပြန်လာရမည်မဟုတ်လော။
အဆင့် ၆ အင်မော်တယ်လက်နက်တွေနဲ့ ဝတ်စုံတွေ၊ ထိပ်တန်းမှော်ရတနာတွေ၊ အဆင့် ၇ ဆေးလုံးတွေ...
ဒီလို ဆက်ဆံမှုမျိုးက တကယ်ကို မနာလိုဖြစ်စရာပဲ...
ဘိုးဘေးကြီးရဲ့ နောင်ဖြစ်လာမယ့် လမ်းညွှန်မှုတွေနဲ့ ထိပ်သီးလေးယောက်ရဲ့ ကျေးဇူးတွေကိုတော့ ထည့်ပင်မတွက်ရသေးချေ။
ဒါမှမဟုတ်... ငါလည်း စမ်းကြည့်ရမလား...
“အဟမ်း... ဘိုးဘေးကြီးရဲ့ ဘုန်းတန်ခိုးကတော့ ပြိုင်ဘက်ကင်းပါပဲ၊ အလယ်အင်မော်တယ်လောကကို အမိန့်ပေးနေတာ၊ ဘယ်သူမှမလွန်ဆန်ဝံ့ကြဘူး”
ဤရုတ်တရက် အော်ဟစ်လိုက်သံကြောင့် လှေပျံပေါ်ရှိလူတိုင်း လှည့်ကြည့်လိုက်ကြ၏။ ယွမ်ကျဲနှင့် ယွမ်ဝူတို့လို အကြီးအကဲများမှာလည်း သူတို့နားကြားမှားသလားဟုပင် တွေးလိုက်မိကြသည်။
ဒါတွေက တကယ်ပဲ လင်ဟန်ဟန်ရဲ့ ပါးစပ်ကထွက်လာတာလား...
ဤထိပ်သီးတပည့်ရင်းကြီးမှာ အမြဲတမ်း မောက်မာတတ်ပြီး မည်သူ့ကိုမှ မျက်နှာသာပေးလေ့မရှိသူဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းကပင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခဲ့သူဖြစ်ရာ သူ၏ဆရာယွမ်ရှန့်ပင် သူ့ကိုအလိုလိုက်ထားရ၏။
ဒါက တကယ်ပဲ သူမြှောက်ပင့်နေတာလား။ တကယ်ကို ရွံစရာကောင်းတဲ့ပုံစံမျိုးနဲ့လေ...
အစ်ကိုကြီးချန်သည်လည်း ဤရုတ်တရက်အော်ဟစ်သံကြောင့် လန့်သွားမိသည်။ သူသည် လမ်းတစ်လျှောက်တွင် လင်ဟန်ဟန်ကို သိပ်ပြီးသတိမထားမိခဲ့သော်လည်း ထိုသူ၏ မောက်မာမှုနှင့် မာနကိုတော့ မြင်တွေ့ခဲ့ရသည်။ ဆီးနှင်းထဲတွင် မားမားမတ်မတ် ရပ်တည်နေသည့် ထင်းရှူးပင်ကြီးကဲ့သို့ပင်။
သူသည် အခြေအနေနှင့်အညီ လိုက်လျောညီထွေမနေတတ်ဘဲ ကိုယ့်မူကိုယ်စွဲကိုသာ ကိုင်စွဲထားမည့်သူမျိုးဟု ထင်ရသည်။ ဂိုဏ်းချုပ်ကျန်းသည် မြှောက်ပင့်ရမှာ ဝန်လေးနေသော လူများကို လေးစားမှုပေးသည့်အနေဖြင့် အတင်းအကျပ်မလုပ်ခိုင်းတတ်ပေ။ ထိုလူက တကယ်ပဲ အရှုံးပေးလာလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့။
အစ်ကိုကြီးချန်သည် စိတ်ထဲကနေ တိတ်တဆိတ် ကျေနပ်သွားမိသည်။ ၎င်းသည် ကြီးမားသော တိုးတက်မှုတစ်ခုပင်။
“ဒါပေမဲ့ ကောင်လေး... မင်းရဲ့မြှောက်ပင့်မှုက နည်းနည်း တောင့်တောင့်ကြီးဖြစ်မနေဘူးလား”
“ကြွေးကြော်သံတွေ အော်နေရုံပဲဆိုတော့ ကြားရတာ နားထဲမှာတစ်မျိုးကြီးပဲ”
“တခြားလူတွေသာ မသိရင် ငါ့ကို တန်ခိုးစွမ်းအားတွေ အဆုံးမရှိတဲ့ ရှင်ကျိုးအဖိုးကြီးလို့ ထင်ကုန်တော့မှာပေါ့... စုယဲ့နဲ့ စုမန်ကိုကြည့်စမ်း၊ သူတို့က မြှောက်ပင့်တဲ့နေရာမှာ ဆရာကြီးအဆင့် မရောက်သေးပေမဲ့ အနည်းဆုံးတော့ သူတို့ချီးကျူးတဲ့အချက်အလက်တွေက ခိုင်ခိုင်မာမာရှိတယ်”
“မင်းကတော့ တကယ့်ကို သဘာဝမကျလိုက်တာ”
လူတိုင်း၏ အံ့ဩနေသော အကြည့်များအောက်တွင် လင်ဟန်ဟန်၏ တည်ကြည်သောမျက်နှာမှာ လှုပ်ရှားသွားပြီး ထိုနေရာမှာတင် မြေမြုပ်သွားချင်တော့သည်။
ငါ ရူးသွားပြီလား။ ငါ့စိတ်တွေ ဝေဝါးကုန်တာ ဖြစ်ရမယ်၊ ငါ့ရဲ့ မူလမာနတွေကို တကယ်ပဲ မေ့သွားတာလား...
သို့သော်လည်း ချက်ချင်းပင် ဘိုးဘေးကြီးကျန်းက သူ့ရှေ့သို့ပျံသန်းလာပြီး သူ၏ပုခုံးကို ကြင်နာစွာပုတ်ပေးလိုက်သည်။
“မင်းက တကယ့်ကို ကောင်းပါတယ်။ ငါ ဒီခရီးစဉ်တစ်လျှောက်လုံး မင်းရဲ့ပြောင်းလဲမှုနဲ့ တိုးတက်မှုတွေကို မြင်တွေ့ခဲ့ရတယ်”
“ဖေးရှန်ဂိုဏ်းရဲ့ အနာဂတ်ဒေါက်တိုင်ကြီး ဖြစ်လာမယ့်သူဆိုတော့လည်း မဆန်းပါဘူး”
“ငါ မင်းအပေါ်မှာ မျှော်လင့်ချက်တွေ အများကြီးထားထားတယ်”
“ဒီပေါင်ကွမ်းဓားက ငါ့အတွက်တော့ အသုံးမဝင်တော့ဘူး၊ ဒါကြောင့် မင်းကို ဆုအဖြစ်ပေးလိုက်မယ်။ မင်းရဲ့ကြိုးစားမှုကို ဆက်ထိန်းထားပြီး ငါ့ရဲ့အထင်အမြင်တွေကို အမှားမဖြစ်စေနဲ့ဦးနော်”
“ဘာ...”
“ပေါင်ကွမ်းဓားလား”
“ဒါက မုန့်ချင်းသုံးခဲ့တဲ့ အဆင့် ၇ အင်မော်တယ်ဓား မဟုတ်လား”
သူတို့ နောက်ကွယ်မှ အကြီးအကဲသုံးဦးဖြစ်သော ယွမ်ကျဲ၊ ယွမ်ဝူနှင့် ယွမ်ဟယ်တို့မှာ ထိုနေရာမှာတင် သွေးအန်မတတ် ဖြစ်သွားကြရသည်။ ဖေးရှန်ဂိုဏ်းတွင် အဆင့် ၇ အင်မော်တယ်လက်နက်ကို အသုံးပြုနိုင်သူ တစ်ဦးမှမရှိသေးပေ။ ဂိုဏ်းချုပ် သို့မဟုတ် မဟာအကြီးအကဲပင်လျှင် မပိုင်ဆိုင်ချေ။
အခုတော့ တပည့်ရင်းဖြစ်သော လင်ဟန်ဟန်က တကယ်ရသွားပြီလား။ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ သူ ဘယ်လိုတွေများ တိုးတက်ခဲ့လို့လဲ။ ခုနက စကားလုံး တောင့်တောင့်ကြီးနဲ့ မြှောက်ပင့်လိုက်ရုံနဲ့လား။ ဒါက ဒီလောက်အထိ ထိရောက်တာလား...
သူ့ရှေ့တွင်လွင့်မြောနေသော ပေါင်ကွမ်းဓားကိုကြည့်ရင်း၊ ထို့နောက် ဘိုးဘေးကြီး၏ ပြုံးရွှင်နေသော အသိအမှတ်ပြုအကြည့်ကိုကြည့်ရင်း၊ လင်ဟန်ဟန် ပြန်လည်တည်ဆောက်ရန်ကြိုးစားနေသော မောက်မာသည့်စိတ်ဓာတ်မှာ လုံးဝပြိုလဲသွားတော့သည်။ နှင်းထူထူထဲက ထင်းရှူးပင်ကြီးမှာ တိတ်တဆိတ် ဦးညွှတ်သွားခဲ့လေပြီ။
လိုက်လျောညီထွေမနေတာတို့၊ မူဝါဒတွေပျောက်ဆုံးကုန်တာတို့ဆိုတာ အဆင့် ၇ အင်မော်တယ်လက်နက်ရှေ့မှာတော့ လွင့်ပါးသွားတဲ့တိမ်တိုက်တွေလိုပါပဲ။ ဒါက ဂိုဏ်းရဲ့ဘိုးဘေးကြီးလေ။ မျိုးဆက်သစ် တစ်ယောက်အနေနဲ့ သူ့ရဲ့ ဦးဆောင်မှုကိုမလိုက်နာရင် ဘယ်သူ့နောက်လိုက်ရမှာလဲ...
သူ့မျက်လုံးများတောက်ပသွားပြီး တုန်ယင်နေသောလက်များဖြင့် ဓားကိုလှမ်းယူလိုက်သည်။
“ဘိုးဘေးကြီးရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော် လုံးဝအပျက်မခံပါဘူး”
“ကောင်းပြီ”
အစ်ကိုကြီးချန်က ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
အမှန်အတိုင်းပြောရလျှင် လင်ဟန်ဟန်မှာ စုယဲ့နှင့် စုမန်တို့လောက် သူနှစ်သက်သည့်သူမဟုတ်။ မြှောက်ပင့်စကားတစ်ခွန်းတည်းနှင့် ဤကဲ့သို့သောဆုလာဘ်မျိုးကို သူပေးမည်မဟုတ်ချေ၊ သူက လာဘ်ပေးလာဘ်ယူအဖိုးကြီးမဟုတ်ပါလား။
သို့သော်လည်း ပထမအချက်မှာ ဤလူ၏မြှောက်ပင့်မှုမှာ အမှန်တကယ်ကို ရှားပါးလှပြီး အားပေးရန်လိုအပ်သောကြောင့်ဖြစ်သည်။ ဒုတိယအချက်မှာ သူသည် ပါရမီကို သိပ်ပြီးတန်ဖိုးမထားသော်လည်း ဤလူ၏ စိတ်ဓာတ်နှင့် စရိုက်မှာ တကယ့်ကို ရှားပါးသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ နောက်ဆုံးအချက်မှာ သူသည် ကြီးမားသော ဆုလာဘ်ကို အသုံးပြု၍ ပုံစံကောင်းတစ်ခု ပြသလိုက်ခြင်းပင်။
ပြန်ရောက်သွားရင် ဖေးရှန်ဂိုဏ်းက တခြားတပည့်တွေက သူတို့ရဲ့ ထိပ်သီးတပည့်ကြီး လင်ဟန်ဟန်တောင်မှ မြှောက်ပင့်တတ်သူ တစ်ယောက် ဖြစ်သွားပြီဆိုတာ မြင်လိုက်ရင်၊ ဒါက ပုံစံကောင်းတစ်ခု ဖြစ်မသွားဘူးလား...
ထို့ကြောင့် သူသည် ပေါင်ကွမ်းဓားကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆုပေးလိုက်ခြင်း ဖြစ်သည်။
လင်ဟန်ဟန်ရရှိသည့်ဆက်ဆံမှုကို မြင်သောအခါ အကြီးအကဲသုံးဦးမှာ ဆက်ပြီး အောင့်မထားနိုင်ကြတော့ပေ။ ဤပုဂ္ဂိုလ်ကြီး၏ရှေ့တွင် သူတို့၏ဂုဏ်ဒြပ်ကို ထိန်းသိမ်းထားဖို့ လိုအပ်ပါဦးမလား။
ယွမ်ကျဲက ပထမဆုံး အကျယ်ကြီး မြှောက်ပင့်လိုက်သည်...
“ဒီတစ်ခါ ဘိုးဘေးကြီးရဲ့နောက်ကို လိုက်လာပြီးမှပဲ အင်မော်တယ်ပေါင်း သောင်းနဲ့ချီပြီး အရိုအသေပေးခံရတာ ဘယ်လိုမျိုးလဲဆိုတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတော့တယ်”
ယွမ်ဝူကလည်း အားကျမခံ...
“ဘိုးဘေးကြီးရဲ့အစွမ်းနဲ့ အဆက်အသွယ်တွေကတော့ ကျွန်တော်တို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပါတယ်၊ တကယ့်ကို အံ့မခန်းပါပဲ”
ယွမ်ဟယ်မှာမူ မိမိကိုယ်ကိုယ် တိုက်ခိုက်သည့် နည်းလမ်းဖြင့်ပင်...
“အစကတော့ ဘိုးဘေးကြီးက မဆင်မခြင်လုပ်နေတယ်လို့ ထင်ခဲ့မိတာ၊ ဒါပေမဲ့ အခုပြန်စဉ်းစားကြည့်မှ ကျွန်တော်က တကယ့်ကို အမြင်ကျဉ်းမြောင်းခဲ့တာပဲလို့ ခံစားမိတော့တယ်။ လှောင်အိမ်ထဲက ကြက်ငှက်တွေက ကောင်းကင်နဲ့ မြေကြီးရဲ့ ကျယ်ပြောမှုကို ဘယ်လိုလုပ်သိနိုင်ပါ့မလဲ...”
အစ်ကိုကြီးချန်သည် ယွမ်ဟယ်၏ စကားကြောင့် မှင်သက်သွား၏။
တောက်... ဒီလူက အလားအလာရှိတဲ့ ပါရမီရှင်ပဲ၊ အရင်တုန်းက အင်မော်တယ်မိုကိုတောင် သတိရမိတယ်...
ဤသုံးယောက်မှာ အစက သူ့ကိုစောင့်ကြည့်ရန် လိုက်လာခဲ့ခြင်းဖြစ်ကြောင်းသိသည်။ သို့သော်လည်း သူတို့အားလုံးမှာ ဖေးရှန်ဂိုဏ်းသားများဖြစ်ကြပြီး ဂိုဏ်းအပေါ်တွင် မကောင်းသောရည်ရွယ်ချက် မရှိကြချေ။
“မဆိုးဘူး... မဆိုးဘူး”
“ဒီတစ်ခါ မင်းတို့ ငါ့နောက်ကိုလိုက်လာတာ၊ ကုသိုလ်မရရင်တောင်မှ မင်းတို့ရဲ့ပင်ပန်းဆင်းရဲမှုကိုတော့ အသိအမှတ်ပြုရမယ်”
အကြီးအကဲများ အသိုင်းအဝိုင်းတွင်လည်း ပုံစံကောင်းတစ်ခု ဖြစ်လာစေရန် မျှော်လင့်ချက်ဖြင့် အဆင့် ၇ အင်မော်တယ်လက်နက်များ မရှိတော့သော်လည်း သူသည် အဆင့် ၆ အချို့ကို အားပေးသည့်အနေဖြင့် ဆုချလိုက်သည်။
တစ်ဦးချင်းစီမှာ အဆင့် ၆ အင်မော်တယ်ဓားများကို ပျော်ရွှင်စွာကိုင်ဆောင်ရင်း ကျေးဇူးတင်စကားများ ဆိုကြတော့သည်။ ဒါဆိုရင် ဘိုးဘေးကြီးနဲ့ဆက်ဆံတဲ့ မှန်ကန်တဲ့နည်းလမ်းက ဒါကိုး။ ငါ အရင်က ဘာတွေ လုပ်နေမိတာလဲ။ သုံးယောက်လုံး မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်နေကြတော့သည်။ သူတို့၏ အရင်က အပြုအမူများမှာ ညံ့ဖျင်းလွန်းသဖြင့် လင်ဟန်ဟန်လောက် ဆုမရခဲ့ခြင်း ဖြစ်ရမည်။
ယုံကြည်ရသော လူရင်းများအဖြစ် ရာထူးတက်သွားကြသော အစေခံမလေးနှစ်ဦးဖြစ်သည့် စုယဲ့နှင့် စုမန်တို့မှာမူ သူတို့နှင့် မနှိုင်းယှဉ်ဝံ့ကြဘဲ ထိုလူကြီးမင်းများကိုသာ လေးစားစွာ ကြည့်နေကြတော့သည်။
ထို့နောက်တွင် လူတိုင်းမှာ လမ်းတစ်လျှောက်လုံး ရယ်ရယ်မောမော စကားပြောလာကြသဖြင့် လှေပျံပေါ်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။ ပထမဆုံး ရောက်လာစဉ်ကနှင့် လုံးဝဆန့်ကျင်ဘက်ပင်။ လင်ဟန်ဟန်ပင်လျှင် အကြီးအကဲများ၏ တိုက်တွန်းမှုကြောင့် ပတ်ဝန်းကျင်ကို သက်သောင့်သက်သာ ဖြစ်စေရန် ဟာသအချို့ ပြောပြခဲ့သေးသည်။ အကြီးအကဲနှင့် တပည့်များအကြား ခွဲခြားမှုမရှိတော့ဘဲ မိသားစုတစ်ခုတည်းကဲ့သို့ ဖြစ်သွားကြလေပြီ။
ဤသို့ဖြင့် သူတို့သည် ဖေးရှန်ဂိုဏ်းသို့ ရောက်ရှိလာခဲ့ကြသည်။ လှေပျံပေါ်မှဆင်းလိုက်သည်နှင့် ဂိုဏ်းချုပ် ယွမ်ကျိနှင့် မဟာအကြီးအကဲ ယွမ်ရှန့်တို့ စိတ်အားထက်သန်စွာဖြင့် ထွက်ကြိုလိုက်ကြသည်။
“ဘိုးဘေးကြီး... ပြန်ရောက်လာပြီလား”
“အပြင်မှာ အရှင်လုပ်ဆောင်ခဲ့သမျှ ကိစ္စတွေအကုန်လုံး ကျွန်တော်တို့ ကြားသိပြီးပါပြီ”
ဒုတိယအကြီးအကဲ ယွမ်ရှုနှင့် တတိယအကြီးအကဲ ယွမ်မုတို့ ဦးဆောင်သော အကြီးအကဲအုပ်စုမှာလည်း နှစ်ဖက်စလုံးတွင် ရိုသေစွာဖြင့် ရပ်စောင့်နေကြသည်။
“ဘိုးဘေးကြီးကို ကြိုဆိုပါတယ်...”
***