ယွမ်ကျိအလွန်ဝမ်းသာသွား၏။ ဘိုးဘေးကြီးနှင့်အတူ အပြင်လိုက်သွားခြင်းက သူ၏အသိတရားကို အဆပေါင်းများစွာ တိုးတက်စေခဲ့သည်။ အရင်တစ်ခါက ယွမ်ဟယ်သည် ပြင်းပြင်းထန်ထန်ကန့်ကွက်သူများထဲမှ တစ်ဦးခဲ့ဖြစ်သည်မဟုတ်ပါလား။
ချက်ချင်းဆိုသလိုပင် ယွမ်ကျဲနှင့် ယွမ်ဝူတို့သည်လည်း နောက်ကျမကျန်ခဲ့ဘဲ အင်မော်တယ်ကျောက်တုံး နှစ်သန်းမှ သုံးသန်းအထိ အသီးသီးထည့်ဝင်ကြတော့သည်။ ထို့နောက်တွင် အခြားအကြီးအကဲများစွာမှာလည်း အင်မော်တယ်ကျောက်တုံးများကို ထုတ်ပေးကြ၏။
သို့သော် ဒုတိယအကြီးအကဲယွမ်ရှုဆီသို့ ရောက်သောအခါ သူကရပ်သွားပြန်သည်။
“ယွမ်ရှု... ယွမ်မု... မင်းတို့ ဘာကိုသံသယဖြစ်နေကြသေးတာလဲ”
မဟာအကြီးအကဲယွမ်ရှန့်က စားပွဲကို မကျေမနပ်ပုတ်လိုက်ပြီး...
“ဒီအဆင့်အထိရောက်နေတာတောင် မင်းတို့က ဘိုးဘေးကြီးကိုမယုံသေးဘဲ လူလိမ်လို့ထင်နေတုန်းပဲလား”
ယွမ်ရှုက အလျင်အမြန်ပင်...
“မဟုတ်ပါဘူး... မဟုတ်ရပါဘူး”
“ဒီတစ်ခါ ဘိုးဘေးကြီးကျန်းပြသခဲ့တဲ့ အခြေခံအုတ်မြစ်နဲ့ အဆက်အသွယ်တွေက တကယ်ကိုအံ့မခန်းပါပဲ၊ ကျွန်တော်တို့ လုံးဝလက်ခံသွားပါပြီ”
“ဒါပေမဲ့...”
“သောင်းနဲ့ချီတဲ့ အင်မော်တယ်ကံကြမ္မာတိုကင်တွေက ဘာကိုဆိုလိုတာလဲဆိုတာ ခင်ဗျားတို့စဉ်းစားမိလား”
“တက်လှမ်းခြင်း အင်မော်တယ်ကံကြမ္မာတိုကင်အရေအတွက်က အကြိမ်တိုင်းမှာမတူညီတတ်ပေမဲ့ အများအားဖြင့်တော့ နှစ်သိန်းကနေ သုံးသိန်းဝန်းကျင်ပဲ”
“တစ်ခါတည်းနဲ့ သောင်းနဲ့ချီဝယ်လိုက်တယ်ဆိုတာ အကုန်လုံးနီးပါးကို သိမ်းကျုံးဝယ်လိုက်သလိုပဲ၊ ဒါက အလယ်အင်မော်တယ်လောကတစ်ခုလုံးရဲ့ဒေါသကို ဖြစ်စေလိမ့်မယ်”
“အဲဒီအချိန်ကျရင် ဘိုးဘေးကြီးမှာ ထိပ်သီးအင်မော်တယ်ဘုရင်လေးယောက်ရဲ့ အကူအညီရှိနေရင်တောင်မှ... ဒါကို ကာကွယ်ဖို့က တကယ်ကို... ခက်ခဲလိမ့်မယ်”
အလယ်အင်မော်တယ်လောကက ကျယ်ပြောလွန်းလှပြီး တမင်တကာ ကျန်ရစ်နေခဲ့ကြသည့် အင်မော်တယ်ဘုရင်တွေနဲ့ မိစ္ဆာဘုရင်တွေကိုသာ ပေါင်းလိုက်ရင် တစ်ထောင်ထက်မနည်းရှိနိုင်သည်။ ထိုလူလေးယောက်တည်းနှင့် ထိုကဲ့သို့သောအုပ်စုကြီးကို ရင်ဆိုင်ရန်မဖြစ်နိုင်ပေ။ သူသည် အစက ထာဝရပျက်စီးခြင်းဘေးဒုက္ခဟု ပြောချင်သော်လည်း နောက်ဆုံးတွင်တော့ စကားလုံးကို အနည်းငယ်လျှော့ပြောလိုက်၏။
ယွမ်ကျိနှင့် ယွမ်ရှန့်တို့မှာ ဘိုးဘေးကြီးက အင်မော်တယ်ဧကရာဇ်တစ်ပါးဖြစ်ကြောင်း အမှန်တရားကိုထုတ်ပြောလိုက်ချင်တော့သည်။
အလယ်အင်မော်တယ်လောကမှာ အတားအဆီးမရှိလျှောက်သွားနိုင်တဲ့သူ...
အရေးကြီးသောအချိန်တွင် ယွမ်ဟယ်က နောက်တစ်ကြိမ် မတ်တပ်ရပ်လိုက်ပြန်သည်။
“ဘိုးဘေးကြီးရဲ့ဆုံးဖြတ်ချက်က အစပိုင်းမှာ ဘယ်လောက်ပဲ အဓိပ္ပာယ်မရှိသလို ထင်ရပါစေ၊ နောက်ဆုံးမှာတော့ အမြဲတမ်း မှန်ကန်ကြောင်းသက်သေပြနိုင်ခဲ့တယ်”
“ကျွန်တော်တို့က ကိုယ့်ဘာကိုယ် စိုးရိမ်ပူပန်နေကြတဲ့ သာမန်လူတွေပဲ၊ သူ့စကားကို နားထောင်လိုက်ရင် အဆင်ပြေသွားလိမ့်မယ်”
“ဒါက ဒီတစ်ခါ သူ့နောက်ကိုလိုက်သွားပြီး ရရှိခဲ့တဲ့ အကြီးမားဆုံးခံစားချက်ပဲ”
အစ်ကိုကြီးချန်က သူ့ကို အကြည့်မမှားခဲ့ပေ။ ဤယွမ်ဟယ်၌ မိုချန်၏စရိုက်လက္ခဏာအချို့ရှိနေပြီး သူ့ကို မျက်စိမှိတ်ယုံကြည်လာပြီဖြစ်သည်။ ယွမ်ကျဲနှင့် ယွမ်ဝူတို့သည်လည်း ထိုစကားကို ကြားသောအခါ ခေါင်းများကို တရစပ်ငြိမ့်ကြတော့သည်။
“ဟုတ်တယ်... လမ်းတစ်လျှောက်မှာ သူမှားနေတယ်လို့ အကြိမ်ပေါင်းများစွာ ထင်ခဲ့မိတယ်”
“ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော်တို့ကသာ မှားနေတဲ့သူတွေဖြစ်ကြောင်း သက်သေပြခဲ့တယ်”
“ဘယ်လိုအကျပ်အတည်းမျိုးကိုမဆို သူက အံ့ဖွယ်နည်းလမ်းနဲ့ဖြေရှင်းနိုင်ပြီး အကျိုးအမြတ်တွေတောင် အများကြီးရခဲ့သေးတယ်”
“ဘိုးဘေးကြီးရဲ့လုပ်ဆောင်ချက်တွေကို သာမန်အသိနဲ့ တိုင်းတာလို့ လုံးဝမရဘူး”
“ရှိသလောက် အကုန်ဝယ်ဖို့ သူပြောတယ်ဆိုကတည်းက သူ့မှာ ယုံကြည်ချက်ရှိနေလို့ပဲ”
“အကယ်၍ ခင်ဗျားတို့သာ ထပ်ပြီးနှောင့်နှေးနေမယ်ဆိုရင် အခွင့်အရေးကို လက်လွတ်သွားရလိမ့်မယ်”
အရင်ကကန့်ကွက်ခဲ့သူသုံးဦး၏ အတွေ့အကြုံများကိုနားထောင်ပြီးနောက် ယွမ်ရှု၊ ယွမ်မုနှင့် အခြားသူများမှာ ဆွံ့အသွားကြရသည်။ ဘိုးဘေးကြီး၏နောက်ခံကိုသိထားသော ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့၏ မရှင်းပြနိုင်သော ယုံကြည်ချက်များကို ထပ်မံစဉ်းစားကြည့်သောအခါ...
ငါက တကယ်ပဲ ရှေးရိုးစွဲလွန်းနေတာလား...
“ကောင်းပြီလေ”
“ဒါဆိုရင် တစ်ကြိမ်လောက် လောင်းကြေးထပ်ကြည့်ကြတာပေါ့”
“ဒီအဖိုးကြီးလည်း အင်မော်တယ်ကျောက်တုံး သုံးသန်းထည့်ဝင်ဖို့ ဆန္ဒရှိပါတယ်”
ယွမ်ရှုက စကားပြောလိုက်သည်နှင့် အခြားအကြီးအကဲများအားလုံးမှာ တွန့်ဆုတ်မနေကြတော့ဘဲ ဂိုဏ်းအတွင်းမှ အင်မော်တယ်ကျောက်တုံးများကို စတင်စုဆောင်းကြတော့သည်။ အကြီးအကဲများတင်မကဘဲ အဖွဲ့ခွဲတစ်ခုချင်းစီ၊ တောင်ထိပ်တစ်ခုချင်းစီနှင့် ခန်းမတစ်ခုချင်းစီတွင်လည်း ကိုယ်ပိုင်တာဝန်ဝေစုများရှိနေကြသည်။ မည်သို့ဆိုစေ နောက်ဆုံးမှာတော့ ဂိုဏ်း၏တပည့်အားလုံး အထက်အင်မော်တယ်လောကသို့ သွားနိုင်ကြမည်မဟုတ်ပါလား။
“ကောင်းပြီ... သွားပြီးတော့လုပ်ကြတော့”
ယွမ်ကျိက အစည်းအဝေးပြီးဆုံးကြောင်း ကြေညာလိုက်ပြီး လူတိုင်း မတ်တပ်ရပ်လိုက်ကြသည်။ ထို့နောက်တွင် သူသည် တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိသွား၏။ ယွမ်ကျဲ၊ ယွမ်ဝူနှင့် ယွမ်ဟယ်တို့၏ ဓားများမှာ သူတို့အပြင်မထွက်မီကနှင့်မတူဘဲ ကွဲပြားနေပုံရပြီး သူရုတ်တရက် တစ်ခုခုတွေးမိသွားသည်။
“မင်းတို့ သုံးယောက်... အင်မော်တယ်လက်နက်တွေ လဲလိုက်တာလား”
ဤအော်သံကြောင့် ထွက်ခွာရန်ပြင်နေသော အကြီးအကဲအားလုံးရပ်တန့်သွားပြီး အတူတူလှည့်ကြည့်လိုက်ကြ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သိလိုက်သည်။ ထိုသုံးယောက် အရင်ကသုံးခဲ့သော အဆင့် ၅ အင်မော်တယ်ဓားများမှာ နှစ်ပေါင်းသောင်းနှင့်ချီသုံးလာခဲ့သဖြင့် လူတိုင်းမှာ ရင်းနှီးနေကြပြီး ယခု ဤဓားသုံးလက်မှာ အရင်ကဓားများမဟုတ်သည်မှာ ထင်ရှားသည်။
“ဘာတွေဖြစ်နေတာလဲ”
ယွမ်ရှု၊ ယွမ်မုနှင့် အခြားသူများ၏ မေးခွန်းထုတ်သော အကြည့်များကိုရင်ဆိုင်ရင်း ယွမ်ကျဲတို့သုံးဦး နောင်တရသွားကြသည်။ သူတို့သည် အစောပိုင်းက ဤခရီးစဉ်၏အတွေ့အကြုံများကို ပြောပြစဉ်တွင် ကျန်းချန်က ဆုပေးခဲ့သည့်အပိုင်းကို ချန်လှပ်ထားခဲ့ကြ၏။
စဉ်းစားကြည့်လျှင် တခြားအကြီးအကဲတွေသာသိသွားရင် ပြိုင်ဘက်တွေ အများကြီး ပေါ်လာတော့မှာ မဟုတ်ဘူးလား။ နောက်တစ်ကြိမ် ဘိုးဘေးကြီး ဆုပေးတဲ့အခါ သူတို့အလှည့် ရောက်ချင်မှ ရောက်တော့မည်။ သို့သော် အကြီးအကဲအားလုံး၏ ဖိအားပေးမှုအောက်တွင် ထိုသုံးဦးမှာ ဖုံးကွယ်ထား၍မရနိုင်တော့ကြောင်းသိသဖြင့် အမှန်အတိုင်းဝန်ခံလိုက်ရတော့သည်။
“အဟမ်း... ဒါက တကယ်တော့ အဆင့် ၆ အင်မော်တယ်ဓားပါ”
“ဘာ...”
ကျန်သူများမှာ မတည်ငြိမ်နိုင်တော့ဘဲ မျက်လုံးပြူးသွားကြသည်။ ဖေးရှန်ဂိုဏ်းတွင် အဆင့် ၆ အင်မော်တယ်ဓား လေးလက်သာရှိပြီး ၎င်းတို့ကို ဂိုဏ်းချုပ်၊ ယွမ်ရှန့်၊ ယွမ်ရှုနှင့် ယွမ်မုတို့က ကိုင်ဆောင်ထား၏။ အခြားအကြီးအကဲများမှာ အဆင့် ၅ အင်မော်တယ်လက်နက်များကိုသာ သုံးကြရသည်။ အဆင့် ၆ ဆိုသည်မှာ သူတို့ အိမ်မက်မက်နေရသည့်အရာဖြစ်သော်လည်း ဤသုံးယောက်ရရှိထားသည်မှာ သည်းမခံနိုင်စရာပင်။
“ဘယ်ကရတာလဲ”
“အမှန်အတိုင်း မြန်မြန်ပြောစမ်း”
“ဒါဆိုရင်... ဘိုးဘေးကြီးကများ...”
ယွမ်ကျဲက ခေါင်းငြိမ့်ပြလိုက်ပြီး မရှက်မရွံ့ပြောလိုက်သည်...
“ဘိုးဘေးကြီးက ဆုချလိုက်တာပါ။ သူက ကျွန်တော်တို့ ပင်ပင်ပန်းပန်းလုပ်ဆောင်ခဲ့တာကိုမြင်လို့ တစ်ယောက်တစ်လက်စီပေးလိုက်တာ”
အားလုံးမှာ ရုတ်တရက်တိတ်ဆိတ်သွားပြီးနောက် ပေါက်ကွဲထွက်သွားတော့သည်...
“ဒီလောက်တောင် ရိုးရှင်းသလား”
“ဒီလိုကိစ္စမျိုးရှိလို့လား”
“မင်းတို့သုံးယောက်က ခရီးတစ်ခုလိုက်သွားရုံတင်ပဲလေ၊ တစ်ကွက်တောင်မတိုက်ခဲ့ရဘဲနဲ့ ဘာတွေပင်ပင်ပန်းပန်းလုပ်ခဲ့လို့လဲ”
“ဒါက ဘာလို့လဲ... ငါတော့မကျေနပ်ဘူး”
“ဒါက များလွန်းတယ်၊ ဘာကုသိုလ်မှမရှိဘဲနဲ့ ဆုပေးတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ”
“အမှန်အတိုင်းဝန်ခံစမ်း... ဘာလို့ ဘိုးဘေးကြီးက မင်းတို့ကိုဆုပေးတာလဲ”
ထိုသုံးယောက်မှာ ဝိုင်းအုံမေးမြန်းခံနေရစဉ်တွင် လင်ဟန်ဟန်သည်လည်း ဂိုဏ်း၏လေ့ကျင့်ရေးဆောင်သို့ ရောက်ရှိနေ၏။ နောက်ဆုံးတော့ သူသည် အဆင့် ၇ အင်မော်တယ်ဓားကို ရရှိခဲ့ပြီဖြစ်ရာ ၎င်းကို လက်ကမချနိုင်တော့ဘဲ စိတ်လှုပ်ရှားနေမိသည်။
လှေပျံပေါ်တွင်ရှိနေစဉ်က ဤဓား၏အစွမ်းကိုစမ်းသပ်ရန် အပြင်ထွက်ချင်စိတ်ပေါက်ခဲ့သည်မှာ အကြိမ်ပေါင်းမနည်းတော့ပေ။ သို့သော် ထိုစဉ်က အခွင့်အရေးမရှိခဲ့။ ယခု ဂိုဏ်းသို့ပြန်ရောက်ပြီဖြစ်ရာ အမြန်ဆုံးလာရောက်စမ်းသပ်ခြင်းဖြစ်သည်။ ဂိုဏ်းတိုင်းတွင် ဤကဲ့သို့သော လေ့ကျင့်ရေးဆောင်ရှိတတ်ကြပြီး ဖေးရှန်ဂိုဏ်းမှာလည်း ခြွင်းချက်မဟုတ်ပေ။ ယခုအချိန်တွင် သူသည် စမ်းသပ်မှုအတွက် အင်မော်တယ်ဝင်္ကပါတစ်ခုအတွင်းရှိနေ၏။
သူ့ရှေ့ရှိ ကြည်လင်နေသောအလင်းလုံးကို မျက်နှာမူရင်း သူ၏ အင်မော်တယ်စွမ်းအား အားလုံးကိုအသုံးပြုကာ သူ့တစ်သက်တာ အပြင်းထန်ဆုံးသောဓားကွက်ဖြင့် ပစ်လွှတ်လိုက်တော့သည်။ ဤစမ်းသပ်ရေး အင်မော်တယ်ဝင်္ကပါကို လွန်ခဲ့သောနှစ်ပေါင်းများစွာက ကျိလင်ဟန်၊ မိုချန်နှင့် အခြားသူများက တည်ဆောက်ခဲ့ခြင်းဖြစ်ရာ ၎င်းကို အင်မော်တယ်ဘုရင်များပင် မဖျက်ဆီးနိုင်ချေ။
လင်ဟန်ဟန် ဤဓားကွက်ကို ထုတ်လိုက်သောအခါ ဝင်္ကပါတစ်ခုလုံးမှာ အနည်းငယ်တုန်ခါသွားသည်။ ချက်ချင်းဆိုသလိုပင် ကြည်လင်သောအလင်းလုံးမှာ အရောင်များ အလျင်အမြန် ပြောင်းလဲသွားတော့သည်။ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာနု၊ အပြာရင့်၊ ခရမ်း... နောက်ဆုံးတွင်တော့ ခရမ်းနုရောင်သို့ ပြောင်းလဲသွားသည်...
အရင်ကဆိုလျှင် လင်ဟန်ဟန်၏ အပြင်းထန်ဆုံးသောတိုက်ခိုက်မှုမှာ အပြာရင့်ရောင်ကိုသာရရှိနိုင်ပြီး ၎င်းမှာ ခန့်မှန်းခြေအားဖြင့် အဆင့် ၅ ရွှေအင်မော်တယ်၏အစွမ်းကို ကိုယ်စားပြုသည်။ ယခု ဤခရမ်းနုရောင်မှာ အနည်းဆုံးတော့ အဆင့် ၂ အင်မော်တယ်အရှင်မြတ်အထက်ရှိသော တိုက်ခိုက်ရေးစွမ်းအားပင်...
လှပသော ခရမ်းရောင်ကိုကြည့်ရင်း အမြဲတမ်း တည်ကြည်အေးစက်လှသော ဤထိပ်သီးတပည့်ရင်းကြီးမှာ ဆက်ပြီးအောင့်မထားနိုင်တော့ပေ။ ဘေးပတ်ဝန်းကျင်တွင် ဘယ်သူမှမရှိသဖြင့် သူသည် သွားဖြဲကာရယ်မောမိလိုက်ပြီး အလွန်အမင်း ပျောရွှင်မှုမှာ သူ၏ နှလုံးသားထဲသို့ တိုးဝင်လာတော့သည်။
“အဆင့် ၇ အင်မော်တယ်ဓားရဲ့ တိုးတက်မှုက တကယ်ကိုကြီးမားလွန်းတာပဲ”
“ငါဒီဓားကို အပြည့်အဝမသန့်စင်ရသေးတာတောင်မှ သူ့ရဲ့ဖျက်ဆီးအားက အင်မော်တယ်အရှင်မြတ်အဆင့်ကို ကျော်လွန်နေပြီ...”
“နောက်ကျလို့ ငါဒါကို လုံးဝသန့်စင်ပြီးသွားရင် အဆင့် ၅ အင်မော်တယ်အရှင်မြတ် တစ်ယောက်နဲ့တောင် ယှဉ်နိုင်တော့မှာပဲ”
“ဒီတိုးတက်မှုက တကယ်ကို ကောင်းကင်နဲ့ မြေကြီးလို ကွာခြားသွားတာပဲ”
သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူစိတ်လှုပ်ရှားနေသကဲ့သို့ ကျေးဇူးလည်း တင်နေမိသည်။ ဒါတွေအကုန်လုံးက ဘိုးဘေးကြီးက သူ့ကိုပေးခဲ့တာလေ။ သူသည် ကိုယ့်အကြောင်းကို ကောင်းကောင်းသိ၏။ ဒီတစ်ခါ ဘိုးဘေးကြီးနဲ့အတူ အပြင်ကို လိုက်သွားစဉ်မှာ သူသည် မည်သည့်ကုသိုလ်မှ မလုပ်ခဲ့သည့်အပြင် ဘိုးဘေးကြီးဟန်ထုတ်တာကိုတောင် အကြိမ်ပေါင်းများစွာ တားဆီးခဲ့မိသဖြင့် သူ့ကို မကျေမနပ်ဖြစ်စေခဲ့သည် မဟုတ်ပါလား။
ထိုကဲ့သို့သော အခြေအနေမျိုးတွင်ပင် ဘိုးဘေးကြီးက အတိတ်ကကိစ္စတွေကို စိတ်ထဲမထားဘဲ သူ့ကို ဤမျှကြီးမားသောဆုလာဘ်မျိုးပေးခဲ့သည်။ ထိုကဲ့သို့သော ကျယ်ပြန့်သည့်စိတ်ထားက သူ့ကို ကျေးဇူးတင်စေသကဲ့သို့ စိတ်ထဲတွင်လည်း တိတ်တဆိတ်ရှက်ရွံ့နေမိသည်။ သူသည် ဓားကို လက်နှစ်ဖက်ဖြင့်ကိုင်လိုက်ပြီး ဝင်္ကပါအထက်ရှိ ကောင်းကင်ကိုမော့ကြည့်ကာ...
“ဒီနေ့ကစပြီး ကျွန်တော်ဟာ အရှင့်ရဲ့အသစ္စာရှိဆုံး ဓားတစ်လက်ဖြစ်ပါရစေ”
သူသည် ဓားကိုပြန်သိမ်းလိုက်ပြီး စမ်းသပ်ရေးဝင်္ကပါထဲမှ လျှောက်ထွက်လာခဲ့ရာ အပြင်ဘက်တွင် တခြားတပည့်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ ခေါင်းဆောင်လုပ်နေသည့်သူမှာ ကုချင်းယွဲ့မှလွဲ၍ အခြားမည်သူဖြစ်နိုင်ဦးမည်နည်း။
***