“ဝိုး... ဒါတကယ်ပဲ စီနီယာအစ်ကိုလင်ပဲ”
“စီနီယာအစ်ကိုလင်က ဒီလောက်တောင် အစွမ်းထက်တာလား”
“စီနီယာအစ်ကိုလင် အပြင်သွားတုန်းက ကြီးမားတဲ့ အခွင့်အရေးတစ်ခုခုရလာလို့ သူ့ရဲ့အစွမ်းက ဒီလောက်အထိ တိုးတက်သွားတာလားမသိဘူး”
တပည့်များက အံ့ဩတကြီးအော်ဟစ်နေကြစဉ် ကုချင်းယွဲ့သည်လည်း သူမ၏ အရည်လဲ့နေသော မျက်လုံးများကို ပြူးကျယ်လျက် မယုံကြည်နိုင်သော မျက်နှာထားဖြင့် ကြည့်နေမိသည်။
“လင်ဟန်ဟန်... ဒါတကယ်ပဲ နင်လား”
သူမ၏စိတ်အခြေအနေမှာ မကောင်းခဲ့ချေ။ ကျန်းချန်၏ အနိုင်ကျင့်ခြင်းကိုခံရပြီးနောက် သူမ၏ဒေါသကို မဖြေဖျောက်နိုင်ခဲ့သည့်အပြင် သူမ၏ဆရာနှင့် မဟာအကြီးအကဲတို့ကပင် သူမ၏ရန်သူဘက်မှ ရပ်တည်ခဲ့ကြသည် မဟုတ်ပါလား။ နောက်ပိုင်းတွင် သူတို့က သူမကို ဘယ်ကမှန်းမသိ ပေါ်လာသည့် ထိုဘိုးဘေးကြီးနှင့်အတူ အင်မော်တယ်ကံကြမ္မာတိုကင်များဝယ်ရန် လိုက်သွားခိုင်းခဲ့သေးသည်။ သူ့အိမ်မက်ထဲမှာပဲ ဖြစ်နိုင်လိမ့်မည်...
ထိုစဉ်က သူမသည် ပစ္စည်းများကိုရိုက်ခွဲကာ အစ်ကိုကြီးချန်ကိုလည်း ဆဲဆိုခဲ့ဖူးသည်။ စုယဲ့နှင့် စုမန်တို့က သူမ၏စကားများကို အမှန်အတိုင်း ပြန်မပြောပြခဲ့၍သာ...
လွန်ခဲ့သော ရက်အနည်းငယ်က သူမသည် တစ်ယောက်တည်း စိတ်ကောက်နေခဲ့ပြီး သူမဆရာနှင့်ပင် စကားမပြောခဲ့ချေ။ ကံကောင်းသည်မှာ ဂိုဏ်းအတွင်းရှိလူအများစုမှာ သူမဘက်မှ တိတ်တဆိတ် ရပ်တည်ပေးခဲ့ကြပြီး သူမအတွက် မခံမရပ်နိုင်ဖြစ်ပေးခဲ့ကြသဖြင့် အနည်းငယ် စိတ်သက်သာရာရခဲ့သည်။
သို့သော်လည်း လွန်ခဲ့သောရက်အနည်းငယ်အတွင်း ဦးတည်ရာပြောင်းလဲသွားခဲ့သည်။ အပြင်ဘက်မှ ထိတ်လန့်ဖွယ်သတင်းများ တစ်ခုပြီးတစ်ခုရောက်ရှိလာသောအခါ တပည့်များမှာ သူမဘက်မှနေ၍ သူ့ကိုပြစ်တင်ဝေဖန်ပေးခြင်းကို တဖြည်းဖြည်းရပ်တန့်လိုက်ကြတော့၏။ ထိုအစား လူတိုင်းမှာ ဘိုးဘေးကြီး၏ အပြင်ဘက်မှ သူရဲကောင်းဆန်သောလုပ်ရပ်များကြောင့် ထိတ်လန့်ကာ ဂုဏ်ယူနေကြတော့သည်။ သူမ သွားလေရာတိုင်းတွင် ထိုလူအကြောင်းကို လေးစားအားကျသော လေသံများဖြင့် ပြောဆိုနေကြသည်ကို မြင်တွေ့ရသဖြင့် ဒေါသကြောင့် အသည်းနာနေရလေ၏။
သူမသည် ထိုကောလာဟလများကို မယုံကြည်ပေ။ ၎င်းတို့မှာ တစ်ဆင့်စကားဖြင့် ချဲ့ကားထားခြင်းသာ ဖြစ်ရမည်။ အမြင်မတော်သည်များကို မမြင်ချင်သဖြင့် သူမသည် လွန်ခဲ့သောနှစ်ရက်လုံးလုံး လေ့ကျင့်ရေးဆောင်၌သာ အချိန်ကုန်ဆုံးနေခဲ့သည်။ ယနေ့တွင် သူမ၏ဆရာက ဘိုးဘေးကြီးကို အတူတူထွက်ကြိုရန်ပြောသော်လည်း သူမကမလိုက်ဘဲ ငြင်းဆိုကာ မထီမဲ့မြင်ပြုခဲ့သည်။
“ခုနက တိုက်ကွက်က နင်ထုတ်လိုက်တာလား”
ဤစမ်းသပ်ရေးဝင်္ကပါ၏ အပြင်ဘက်တွင် မည်သူမည်ဝါဖြစ်ကြောင်းပြသသည့် ကျောက်စိမ်းပြားနှင့် ရလဒ်များကို ပြသထားသည်။ ဤအချိန်တွင် အကြီးအကဲများမှာ အစည်းအဝေးသွားနေကြသဖြင့် အနားတွင်ရှိမနေကြ။ အင်မော်တယ်အရှင်မြတ်များမရှိသည့်အချိန်တွင် ခရမ်းရောင်အဆင့်ကို တိုက်ရိုက်ထိမှန်သောတိုက်ကွက်မှာ သဘာဝကျစွာပင် လူအများ၏အာရုံစိုက်မှုကိုခံရပေမည်။ မည်သူဖြစ်ကြောင်းပြသသည့် ကျောက်စိမ်းပြားတွင် လင်ဟန်ဟန်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ပို၍ပင်ဟိုးဟိုးကျော်သွားတော့သည်။
သူ၏ အကြီးမားဆုံးသော ပြိုင်ဘက်ဖြစ်သဖြင့် ကုချင်းယွဲ့ အလေးအထားဆုံးသူဖြစ်သည်။
“နင် ဒါကို ဘယ်လိုလုပ်ပြီး လုပ်နိုင်တာလဲ”
“နင်တစ်ခုခု လိမ်ညာထားတာတော့ မဟုတ်ပါဘူးနော်”
သူမသည် တကယ့်အစွမ်းဟု မယုံကြည်နိုင်ချေ။ သူတို့နှစ်ဦးမှာ အမြဲတမ်း တိတ်တဆိတ် ပြိုင်ဆိုင်နေခဲ့ကြသူများဖြစ်ရာ သူမသည် လင်ဟန်ဟန်၏အစွမ်းအပေါ် အလွန်အမင်း အာရုံစိုက်ထားသူဖြစ်သည်။ သဘာဝကျစွာပင် သူမသည် သူ့အကြောင်းကို အစအဆုံးသိထားသည်။
အရင်က လင်ဟန်ဟန်၏ အပြင်းထန်ဆုံးသောတိုက်ကွက်မှာ အပြာရင့်ရောင်ကိုသာ အများဆုံးထိမှန်နိုင်ပြီး ၎င်းမှာ သူမနှင့်အဆင့်တူ၏။ ယခုမူ သူသည် အပြာရင့်ရောင်ကို ကျော်လွန်သွားရုံသာမက ရွှေအင်မော်တယ်အဆင့်၏ အကန့်အသတ်ကိုပင် ချိုးဖျက်ကာ ခရမ်းရောင်ကို ထိမှန်သွားခဲ့ပြီဖြစ်ရာ သူမကို မိုင်တစ်ရာလောက်ဝေးကွာအောင် ချန်ထားခဲ့ပြီ မဟုတ်ပါလား။
ထိုသံသယဝင်နေသော မျက်လုံးများကိုကြည့်ရင်း လင်ဟန်ဟန်ကခေါင်းခါလိုက်ပြီး သူမကို ရုတ်တရက် သနားစိတ်ဖြစ်ပေါ်လာမိသည်။
ဟူး... မင်း ဘာတွေကို လက်လွတ်ဆုံးရှုံးခဲ့ရလဲဆိုတာ မင်းမသိပါဘူး။ အဆင့် ၇ အင်မော်တယ်ဓားဆိုတာ မင်းစိတ်ကူးတောင်ယဉ်နိုင်တဲ့အရာမျိုးလား...
“နင် မယုံဘူးဆိုရင်လည်း ထားလိုက်ပါ၊ ဒါကို အတုလို့ပဲ သတ်မှတ်လိုက်ပါ”
ယွမ်ကျဲနှင့် ယွမ်ဟယ်တို့လိုပင် သူသည်လည်း လူသိမခံဘဲ တိတ်တဆိတ်သာချမ်းသာချင်သဖြင့် သူ၏ရတနာကို ထုတ်မပြချင်ပေ။
ဤအဖြေက ကုချင်းယွဲ့ကို လုံးဝလက်မခံနိုင်အောင် ဖြစ်သွားစေသည်။
“နေဦး... အဲဒီမှာရပ်လိုက်စမ်း”
“အတုလို့ပဲသတ်မှတ်လိုက်ပါဆိုတာ ဘာအဓိပ္ပာယ်လဲ”
“ရှင်းရှင်းလင်းလင်းပြောစမ်း”
“ဘာပြောရမှာလဲ။ ငါ့အစွမ်းတွေ အကြီးအကျယ်တိုးတက်လာတာကို နင့်ကို အစီရင်ခံနေရမှာလား”
“အစွမ်းတွေ အကြီးအကျယ်တိုးတက်လာတာ ဟုတ်လား”
ကုချင်းယွဲ့က သူ့ကို အထက်အောက် ကြည့်လိုက်သည်...
“နင်က ငါ့ကို မျက်စိကန်းနေတယ်လို့ ထင်နေတာလား။ နင့်ရဲ့အရှိန်အဝါက အရင်အတိုင်း ရွှေအင်မော်တယ်အရှိန်အဝါပဲ ရှိနေသေးတာကို၊ အရင်ကနဲ့ ဘာမှမထူးခြားဘူး”
မသိစိတ်ဖြင့် လင်ဟန်ဟန်၏ဓားကို ကြည့်မိသွားသည်။
“နင် လက်နက်လဲလိုက်တာလား”
“ဒီဓားက အဆင့် ၆ အင်မော်တယ်လက်နက်များလား”
အကယ်၍ လက်နက်ကြောင့်သာဖြစ်နေလျှင် သူမစိတ်ထဲ နည်းနည်းသက်သာရာရပေမည်။ လက်နက်ဆိုသည်မှာ အစွမ်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း နောက်ဆုံးတွင်တော့ ၎င်းမှာ ပြင်ပပစ္စည်းတစ်ခုသာဖြစ်ရာ လင်ဟန်ဟန်က သူမကို ကျော်ဖြတ်သွားပြီဟု မဆိုနိုင်ချေ။ သို့သော်လည်း သူမ ချက်ချင်းပင် ဇဝေဇဝါ ဖြစ်သွားပြန်သည်။
“အဆင့် ၆ အင်မော်တယ်လက်နက်က ပေးတဲ့စွမ်းအားက ဒီလောက်တောင်ကြီးတာလား”
အဆင့် ၆ အင်မော်တယ်လက်နက်ကို တစ်ခါမှမသုံးဖူးသဖြင့် သူမ သေချာမသိပေ။
“ဒီဓားကို နင်ဘယ်ကရတာလဲ”
သူမ မအပေ၊ လင်ဟန်ဟန်သည် ကျန်းချန်နှင့်အတူ အပြင်လိုက်သွားခဲ့ကြောင်း ကြားသိထားသဖြင့် သဘာဝကျစွာပင် အဆက်အစပ်ကို တွေးမိသွားသည်။
“အဲဒီသူခိုးကြီးက နင့်ကိုပေးလိုက်တာလား”
လင်ဟန်ဟန်က အရင်ကခန့်မှန်းချက်များကို ငြင်းဆိုရန် အားမထုတ်ခဲ့ပေ။ သူမက အဆင့် ၆ အင်မော်တယ်လက်နက်ဟု ခန့်မှန်းနေသည်ကိုမြင်ရသဖြင့် သူကပင် ကျေနပ်နေသေးသည်။ သို့သော် နောက်ဆုံးစကားလုံးဖြစ်သော သူခိုးကြီးဆိုသည်ကိုတော့ သူသည်းမခံနိုင်ပေ။
“ကုချင်းယွဲ့... နင့်အဆင့်လေးနဲ့ စကားပြောပုံကိုဆင်ခြင်စမ်း”
သူသည် အစ်ကိုကြီးချန် နေထိုင်ရာဘက်သို့ဦးညွှတ်လိုက်ပြီးနောက် အေးစက်စွာပြောလိုက်သည်...
“ဘိုးဘေးကြီးကျန်းက ငါတို့နှစ်ယောက်လုံးအတွက် စီနီယာဘိုးဘေးကြီးတစ်ဦးပဲ။ နင်သူ့ကို လေးစားမှုထားနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်”
ဤစကားများကိုပြောလိုက်သည်နှင့် တပည့်များမှာ အလွန်အမင်းအံ့အားသင့်သွား၏။ ဘယ်လိုပဲဖြစ်ဖြစ် ကုချင်းယွဲ့ဆိုတာ ဂိုဏ်းရဲ့ရတနာလေး မဟုတ်ပါလား။ ဘိုးဘေးကြီးရဲ့ အပြင်ဘက်ကလုပ်ရပ်တွေကြောင့် လူတိုင်းထိတ်လန့်နေကြရင်တောင်မှ သူမရှေ့မှာတော့ ဘယ်သူမှ ဒီလောက်အထိအလိုက်မသိဘဲ မပြောဝံ့ကြ။
“လင်ဟန်ဟန်... နင်ဘာပြောလိုက်တာလဲ”
ကုချင်းယွဲ့သည် သူမကြားလိုက်ရသည်ကို မယုံနိုင်အောင်ဖြစ်သွား၏။
“နင်က တကယ်ပဲ အဲဒီသူခိုးကြီးဘက်ကနေ ရပ်တည်နေတာလား”
“ငါက ဂိုဏ်းရဲ့အကြီးအကဲတွေအပေါ် ထားရှိရမယ့်ယဉ်ကျေးမှုနဲ့ စည်းကမ်းတွေကို နင့်ကိုသတိပေးနေတာပဲ”
လင်ဟန်ဟန်မှာ အခြားတပည့်များကဲ့သို့ သူမ၏ခံစားချက်ကို ငဲ့ညှာနေမည့်သူမဟုတ်ပေ။
သူ၏လက်မှာ ဓားရိုးပေါ်တွင်တင်ထားပြီး သူ၏မျက်လုံးများမှာ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်...
“ဘိုးဘေးကြီးကျန်းက အစွမ်းမှာဖြစ်စေ၊ စရိုက်မှာဖြစ်စေ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းတဲ့သူဖြစ်ပြီး ငါ့ရဲ့တစ်သက်တာလေးစားအားကျမှုကို ခံယူထိုက်တဲ့သူပဲ”
“အကယ်၍ နင်သာ သူ့ကိုထပ်ပြီး စော်ကားတဲ့စကားလုံးမျိုး သုံးဦးမယ်ဆိုရင်၊ သူက စိတ်ထဲမထားရင်တောင်မှ ငါကတော့နင့်ကို ဒီအတိုင်းလွှတ်ထားမှာမဟုတ်ဘူး”
၎င်းသည် အစ်ကိုကြီးချန်ဘက်က ရပ်တည်ပေးရုံတင် မကတော့ပေ။ အရင်တုန်းကဆိုလျှင် ကုချင်းယွဲ့သည် သေချာပေါက် ခုန်ပေါက်ကာ ရန်ဖြစ်ပေလိမ့်မည်။ သို့သော် ယခု ထိုဓားကိုကြည့်ရင်း သူမ တကယ်မလုပ်ရဲတော့။ ဘယ်လိုပဲဖြစ်ဖြစ် လင်ဟန်ဟန်ဆိုတာ ပြောတဲ့အတိုင်းလုပ်တတ်တဲ့သူ မဟုတ်ပါလား။ ထို့ကြောင့် သူမသည် စကားလုံးဖြင့်တိုက်ခိုက်ရန်ကိုသာ ရွေးချယ်လိုက်တော့သည်။
“နင့်ကိုမတွေ့တာ ရက်နည်းနည်းပဲရှိသေးတယ်၊ နင့်ရဲ့ကျောရိုးတစ်ခုလုံး ပျောက်သွားပြီပဲ”
သူမက သနားသည့်အမူအရာဖြင့် ခေါင်းခါလိုက်ပြီး မထီမဲ့မြင်ပြောလိုက်သည်...
“နင်က ဘယ်သူ့ကိုမှ မြှောက်ပင့်မှာမဟုတ်ဘူး... အချိုးခံရရင် ခံရမယ်၊ အကွေးမခံတဲ့ စရိုက်မျိုး ရှိတယ်လို့ ငါအရင်ကထင်ခဲ့မိတာ။ အခု နင့်ကိုကြည့်ရတာ ငါတကယ်ပဲ စိတ်ပျက်မိတယ်”
“အဆင့် ၆ အင်မော်တယ်ဓားတစ်လက်က နင့်ကိုဝယ်လိုက်နိုင်တာလား။ နင့်ကို တခြားလူရဲ့ လက်ပါးစေနဲ့ အစေခံတစ်ယောက်ဖြစ်အောင် လုပ်လိုက်တာလား”
ဤစကားများက လင်ဟန်ဟန်ကို ဒေါသထွက်စေလိမ့်မည်ဟု သူမထင်ခဲ့သည်။ ဒါကို ကြားပြီးနောက် လင်ဟန်ဟန်က တကယ်ပဲခေါင်းငြိမ့်ပြလိုက်သည်...
“နင်ပြောတာမှန်တယ်၊ ဘိုးဘေးကြီးကျန်းရဲ့ နောက်လိုက်တစ်ယောက်ဖြစ်ခွင့်ရတာက ငါ့အတွက်တော့ ဂုဏ်ယူစရာပဲ”
“နင်...”
ကုချင်းယွဲ့တင်မကဘဲ အခြားတပည့်များပါ ကြောင်အသွားကြရသည်။
ဒါ တကယ်ပဲ စီနီယာအစ်ကိုလင်လား။ တခြားလူနဲ့ လဲလိုက်တာလား...
“နင်ကတော့ တကယ်ကို ရည်မှန်းချက်မရှိတာပဲ။ ငါအရင်ကနင့်ကို ပြိုင်ဘက်တစ်ယောက်အဖြစ် သတ်မှတ်ခဲ့မိတာ နှမြောစရာပဲ”
လင်ဟန်ဟန်က အေးစက်စွာပြောလိုက်သည်...
“ဘိုးဘေးကြီးကျန်းဆိုတာ တောက်ပနေတဲ့နေမင်းကြီးလိုပဲ၊ မှေးမှိန်နေတဲ့ ကြယ်လေးတစ်ပွင့်ဖြစ်တဲ့ ငါ့ရဲ့တာဝန်က သူ့ကိုဝန်းရံလှည့်ပတ်နေဖို့ပဲ”
“နင့်ရဲ့အမြင်က ကျဉ်းမြောင်းလွန်းလို့ ဒါကိုနင်နားမလည်နိုင်တာပါ”
ဤမျှအထိ ရွံစရာကောင်းသော မြှောက်ပင့်စကားမျိုး သူ့ပါးစပ်ကထွက်လာလိမ့်မည်ဟု ကုချင်းယွဲ့ လုံးဝထင်မထားခဲ့သဖြင့် မှင်သက်သွားရတော့သည်။
တစ်ဖက်တွင်လည်း ယွမ်ကျဲ၊ ယွမ်ဟယ်နှင့် ယွမ်ဝူတို့မှာ အဆင့် ၆ အင်မော်တယ်ဓားသုံးလက်ကြောင့် လူအုပ်ကြီး၏မေးခွန်းထုတ်မှုများအောက်တွင် နစ်မွန်းနေကြ၏။
“ခင်ဗျားတို့ တစ်ခုခုကိုဖုံးကွယ်ထားတာ သေချာတယ်”
“မြန်မြန်ရှင်းပြစမ်းပါ၊ ဘာလို့ ဘိုးဘေးကြီးက ခင်ဗျားတို့ကိုဆုပေးရတာလဲ”
“ခင်ဗျားတို့ ဘိုးဘေးကြီးဆီကနေ ခိုးလာတာတော့ မဟုတ်ပါဘူးနော်”
ယွမ်ကျဲက အံကြိတ်ကာ စိတ်ကိုတင်းထားလိုက်သည်...
“ဘိုးဘေးကြီးက စိတ်ကြည်နေလို့ ပေးလိုက်တာ မဖြစ်နိုင်ဘူးလား”
“ခင်ဗျားတို့မကျေနပ်ရင် သူ့ကိုသွားမေးကြည့်ကြလေ”
“ငါတို့ကိုလာမေးနေလို့ ဘာထူးမှာလဲ။ လင်ဟန်ဟန်တောင်မှ အဆင့် ၇ အင်မော်တယ်ဓားတစ်လက် ရသေးတာပဲ”
ဤအဖိုးကြီးသည် ပြဿနာကို တခြားဘက်သို့လွှဲပြောင်းလိုက်တော့သည်။ ဤစကားများက မိုးကြိုးပစ်လိုက်သလိုပင်...
အဆင့် ၇ အင်မော်တယ်ဓားလား။ လင်ဟန်ဟန်လို မျိုးဆက်သစ်တစ်ယောက်အတွက်လား...
မဟာအကြီးအကဲယွမ်ရှန့်မှာ ထိုနေရာမှာတင် သွေးအန်မတတ်ဖြစ်သွား၏။ သူသည် လင်ဟန်ဟန်ကို အကျိုးအမြတ်အချို့ရစေရန် ရည်ရွယ်ချက်ဖြင့် အစ်ကိုကြီးချန်နှင့်အတူ လွှတ်လိုက်ခြင်း ဖြစ်သော်လည်း အကျိုးအမြတ်ဆိုသည်မှာ အဆင့် ၇ အင်မော်တယ်လက်နက်ကဲ့သို့သော ထိတ်လန့်ဖွယ်ဆုလာဘ်မျိုးဖြစ်လိမ့်မည်ဟု ထင်မထားခဲ့။
***