“မင်းတို့အားလုံး ဒီမှာဘာလုပ်နေကြတာလဲ”
“ရန်သူတွေ ကျူးကျော်လာလို့လား”
မြို့စားမင်းကျန်းမှာ အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ သူ တိုက်ပွဲတစ်ခုကနေ ပစ္စည်းအမြောက်အမြားမရတာ တော်တော်ကြာပြီ မဟုတ်ပါလား။ ယခုအချိန်တွင် သူသည် ကုသိုလ်မှတ်များ အလွန်လိုအပ်နေပြီး အင်မော်တယ်အရှင်မြတ်အဆင့်သို့ပင် မရောက်သေးချေ။
“မဟုတ်ပါဘူး... မဟုတ်ပါဘူး၊ ကျွန်တော်တို့က ဘိုးဘေးကြီးကို လာမေးတာပါ... ယွမ်ကျဲ၊ ယွမ်ဟယ်၊ ယွမ်ဝူနဲ့ လင်ဟန်ဟန်တို့ရခဲ့တဲ့ အင်မော်တယ်လက်နက်တွေက ဘိုးဘေးကြီး ဆုချခဲ့တာလားဆိုတာ သိချင်လို့ပါ”
ယွမ်ရှန့်က ထိုသို့ပြောရင်း ကျန်းချန်၏နောက်ကွယ်မှ တိတ်ဆိတ်နေသော အခန်းဆီသို့ မသိမသာ လှမ်းကြည့်လိုက်မိသည်။
တောက်... အဲဒီ အစေခံမလေးနှစ်ယောက်က အတွင်းထဲမှာ ကျင့်ကြံနေကြတုန်းပဲလား...
ဒါက တကယ်ကို ထူးဆန်းတဲ့ မြင်ကွင်းပဲ။ အပြင်စည်းတပည့်နှစ်ယောက်က ဘိုးဘေးကြီးအတွက် တံခါးစောင့်ပေးခွင့်ရရင်တောင် ဂုဏ်ယူရမှာကို။ အခုတော့ သူတို့က ဒီမှာလာပြီး တံခါးပိတ်ကျင့်ကြံခွင့်ရနေကြတာလား။ ကောလာဟလတွေက အမှန်ပဲ၊ ဒီနှစ်ယောက်ကတော့ တကယ်ကို ထိပ်ဆုံးကိုပျံတက်သွားပြီ။ ဘိုးဘေးကြီးနဲ့ ရင်းနှီးမှုအဆင့်အတန်းကတင် ဂိုဏ်းထဲက ဘယ်သူနဲ့မှ မယှဉ်နိုင်တော့ဘူး။
မြို့စားမင်းကျန်းက ခေါင်းငြိမ့်ပြလိုက်သည်
“ငါ ဆုပေးလိုက်တာပဲ”
“ဘာလဲ... မင်းတို့က ကန့်ကွက်ချင်လို့လား”
အကြီးအကဲများက အလျင်အမြန်ပင်
“ကျွန်တော်တို့ မဝံ့ရဲပါဘူး”
“ကျွန်တော်တို့ ဘိုးဘေးကြီးကိုလာပြီး အနှောင့်အယှက်ပေးရတာက... သူတို့က ဘာလို့ ဆုလာဘ်တွေရခဲ့တာလဲဆိုတာ သိချင်လို့ပါ”
“ဘာလို့ ငါသူတို့ကိုဆုပေးရလဲလို့ မေးတာလား”
မြို့စားမင်းကျန်းက သူတို့ကို မြှောက်ပင့်တာတော်လို့ဟု အမှန်အတိုင်းမပြောနိုင်ပေ။ ထိုသို့ပြောလျှင် ဘိုးဘေးကြီးတစ်ဦး၏ဂုဏ်သိက္ခာကို ထိခိုက်ပေလိမ့်မည်။ အချို့သောအရာများသည် ကိုယ်တိုင်ပြောပြလိုက်လျှင် အရသာပျက်သွားတတ်သဖြင့် တစ်ဖက်လူကို အလိုအလျောက်နားလည်အောင် လုပ်ဆောင်ရပေမည်။
ထို့ကြောင့် သူက ပေါ့ပေါ့ပါးပါးပြောလိုက်သည်...
“သူတို့လုပ်ဆောင်ချက် ကောင်းလို့လေ”
“လုပ်ဆောင်ချက်ကောင်းလို့ ဟုတ်လား”
ယွမ်ကျိ၊ ယွမ်ရှန့်၊ ယွမ်ရှုနှင့် အခြားသူများမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဇဝေဇဝါဖြစ်သွား၏။
ပြန်ရောက်လာတဲ့သတင်းတွေအရဆိုရင် အင်မော်တယ်ကံကြမ္မာတိုကင်ကိစ္စကို ဘိုးဘေးကြီးတစ်ယောက်တည်း ကိုင်တွယ်ခဲ့တာလေ။ ပြီးတော့ လမ်းတစ်လျှောက်မှာတွေ့ခဲ့တဲ့ ရန်သူတွေကိုလည်း ဘိုးဘေးကြီးကိုယ်တိုင်သတ်ခဲ့တာ ဒါမှမဟုတ်ရင် ဟိုပညာရှင်ကြီးလေးယောက်က ရှင်းပေးခဲ့တာလေ။ ယွမ်ဟယ်နဲ့ လင်ဟန်ဟန်တို့က ဘယ်နေရာမှာ ပါဝင်ခဲ့လို့လဲ။ သူတို့က ဘာတွေများ လုပ်ပြခဲ့လို့လဲ...
“အဟမ်း... ဘိုးဘေးကြီး၊ နည်းနည်းလောက် ရှင်းပြပေးလို့ရမလား”
သူတို့၏ ဗဟုသုတငတ်မွတ်နေသော မျက်လုံးများကိုကြည့်ရင်း မြို့စားမင်းကျန်းက မျက်တောင်ကို အနည်းငယ်ချလိုက်ပြီး ခပ်အေးအေးပြောလိုက်သည်...
“အချို့သောအရာတွေကိုတော့ နှုတ်နဲ့ပြောပြလို့ရပေမဲ့၊ စိတ်ချင်းဆက်သွယ်ပြီး နားလည်ဖို့ကျတော့ ခက်ခဲတတ်တယ်”
“မင်းတို့ ကိုယ်ပိုင်မျက်စိနဲ့ကြည့်ပြီး လေ့လာရမယ်”
“မင်းတို့ ကိုယ်ပိုင်နှလုံးသားနဲ့ ခံစားရမယ်”
“သူတို့ဆီမှာ မင်းတို့အတုယူသင့်တဲ့အချက်တွေ အများကြီးရှိတယ်”
သူ၏ဝတ်ရုံလက်ကိုခါယမ်းလိုက်ရာ တပည့်များကို တရားဓမ္မဟောကြားနေသည့် ပညာရှင်ကြီးတစ်ဦးကဲ့သို့ အလွန်နက်နဲသိမ်မွေ့ပြီး ခန့်မှန်းရခက်ခဲသောပုံစံမျိုး ပေါက်သွားတော့သည်။
“ကဲ... သွားကြတော့”
အကြီးအကဲများသည် ဇဝေဇဝါဖြစ်နေဆဲ ဖြစ်သော်လည်း တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြတော့သည်။
လင်ဟန်ဟန်နဲ့ ယွမ်ကျဲတို့မှာ ဘာတွေများ ထူးခြားနေလို့လဲ။ငါတို့က ဘာကိုအတုယူရမှာလဲ...
ဒုတိယအကြီးအကဲယွမ်ရှုက ထိုသုံးယောက်၏ အထက်လူကြီးဟောင်းဖြစ်သဖြင့် သူတို့ကိုခေါ်ယူကာ သေသေချာချာမေးမြန်းရန် ဆုံးဖြတ်လိုက်သည်။ မဟာအကြီးအကဲယွမ်ရှန့်ကလည်း သူ့တပည့်နှင့် ကောင်းကောင်းစကားပြောရန် ဆုံးဖြတ်လိုက်၏။
သူတို့ထွက်သွားပြီးနောက်မှ မြို့စားမင်းကျန်းက သက်ပြင်းချလိုက်မိသည်။
ဒီအကြီးအကဲတွေ ဘာလာလုပ်လဲဆိုတာ သူသိတာပေါ့၊ ဆုလာဘ်တွေ လာတောင်းတာထက်မပိုပါဘူး။ ဒါက လူ့သဘာဝပဲလေ၊ ကိုယ့်ထက်ညံ့တဲ့သူတွေက ကိုယ့်ထက်သာတာတွေရနေရင် သည်းခံဖို့ခက်တာပေါ့။ ဒါပေမဲ့ သူက ပစ္စည်းတွေကို ဒီအတိုင်းလိုက်ဝေနေတဲ့သူ မဟုတ်ဘူးလေ။ ဒီတပည့်တွေက သူပထမဆုံးပျိုးထောင်ခဲ့တဲ့ တပည့်တွေနဲ့မတူဘူး၊ လူတိုင်းကို အညီအမျှဝေပေးဖို့မဖြစ်နိုင်ဘူး။ အထူးသဖြင့် မကြာသေးခင်က သူကိုယ်တိုင်တောင် ကုသိုလ်မှတ်နဲ့လဲဖို့ ပစ္စည်းတွေပြတ်နေတာလေ။ အဲဒီလူအနည်းငယ်ကို ဆုပေးလိုက်တာက စံနမူနာအချို့ တမင်သတ်မှတ်ပေးလိုက်တာပဲ...
နောက်ထပ် ဆုပေးဖို့ထိုက်တန်တဲ့သူဆိုလို့ ဂိုဏ်းချုပ်ယွမ်ကျိနဲ့ မဟာအကြီးအကဲယွမ်ရှန့်ပဲ ရှိတော့တယ်။ စုယဲ့နဲ့ စုမန်တို့ကတော့ အချစ်တော်တွေအဖြစ် သတ်မှတ်ထားတာက ပြက်လုံးတစ်ခုလိုပါပဲ၊ မြို့စားမင်းကျန်းကိုယ်တိုင်လည်း ဒါကိုအတည်မယူထားပါဘူး။ သူကောင်းကောင်းသိပါတယ်၊ ဒီမိန်းကလေးနှစ်ယောက်ကတော့ အစွမ်းပိုင်းမှာထက်စာရင် အပျင်းပြေကြည့်ဖို့ အရုပ်လေးတွေသာသာပါ။ တကယ်အားကိုးရမယ့် နောက်လိုက်တွေကတော့ ယွမ်ကျိနဲ့ ယွမ်ရှန့်တို့ပဲ။ ဒီနှစ်ယောက်က သူ့ကို အစောဆုံးအသိအမှတ်ပြုခဲ့ကြတာ၊ သစ္စာလည်းအလွန်ရှိကြသလို သူ့ကိုလည်း မြှောက်ပင့်ပေးတတ်ကြတယ်၊ ဒါကြောင့်ကုသိုလ်ရှိတယ်လို့ ပြောလို့ရတယ်။ ဒါ့အပြင် ဒီနှစ်ယောက်က ဂိုဏ်းရဲ့ထိပ်သီးခေါင်းဆောင်တွေ၊ ဒီအတိုင်းသာဆက်သွားရင် ဂိုဏ်းချုပ်ရဲ့ဂုဏ်သိက္ခာက ပျောက်ဆုံးသွားတော့မှာ...
သူတို့ရဲ့ပုံရိပ်ကိုထိန်းပေးဖို့အတွက် အင်မော်တယ်လက်နက်နှစ်ခုလောက် ထပ်ရှာပေးရမလားလို့ သူစဉ်းစားနေမိသည်။
နောက်ထပ် သုံးရက်အတွင်းမှာတော့ ဖေးရှန်ဂိုဏ်းတစ်ခုလုံးဟာ အင်မော်တယ်ကျောက်တုံးတွေရရှိဖို့အတွက် ဂိုဏ်းရဲ့ရတနာတွေကို စိတ်အားထက်သန်စွာ ရောင်းချနေကြ၏။
ဤနေ့တွင် မဟာအကြီးအကဲယွမ်ရှန့်နှင့် ဒုတိယအကြီးအကဲယွမ်ရှုတို့မှာ ကစဉ့်ကလျားနှင့် အပြေးအလွှားရောက်လာကြသည်။
“ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်... အပြင်မှာ တစ်ယောက်ယောက်က ဘိုးဘေးကြီးကိုတွေ့ချင်လို့တဲ့”
“ငါ့ကိုတွေ့ချင်လို့ ဟုတ်လား”
ထိုနှစ်ယောက်၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများကိုကြည့်ရင်း မြို့စားမင်းကျန်းက မျက်ခုံးပင့်လိုက်သည်...
“ဘယ်သူလဲ”
“ငရဲနယ်မြေက အလောင်းကောင်ဘုရင်သုံးပါးဖြစ်တဲ့ ကျန့်ယန်၊ ဝမ်မို၊ ယင်ရှာတို့နဲ့ အလောင်းကောင်မျိုးနွယ်စုရဲ့ ထိပ်သီးအဖွဲ့ဝင်တစ်ရာကျော်ပါ”
သူတို့ ဤမျှထိတ်လန့်နေကြခြင်းမှာ မဆန်းတော့ပေ။ အလောင်းကောင်ဘုရင်တွေရဲ့ ကြောက်မက်ဖွယ် ကျော်ကြားမှုက အလယ်အင်မော်တယ်လောကမှာ သူတို့အကြောင်းပြောလိုက်တာနဲ့ လူတိုင်းမျက်နှာပျက်သွားတတ်၏။ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၀၀ ကျော်က သူတို့နယ်မြေမှာ ပထမဆုံးပေါ်လာတုန်းက ဆန်းကြယ်အင်မော်တယ်အဆင့်သာရှိကြသည်။ ထိုအချိန်က တုန်းလော်နယ်မြေမှာ အလောင်းကောင်မျိုးနွယ်စုမရှိသေး။ ထိုအလောင်းကောင်အင်မော်တယ်သုံးပါးက တောင်နက်တွေထဲမှာပုန်းအောင်းပြီး အလောင်းတွေနဲ့ ရုပ်သေးတွေလုပ်ရင်း လောကကြီးနှင့်အဆက်အသွယ်ပြတ်နေခဲ့၏။
သို့သော် ထိုဒေသရှိ အလယ်အလတ်ဂိုဏ်းတစ်ခုဖြစ်သည့် ဖုန့်ဟွမ်ဂိုဏ်းက သူတို့ကို မတော်တဆတွေ့သွားပြီး မိစ္ဆာတွေအဖြစ်သတ်မှတ်လိုက်ကြသည်။ ထိုသုံးယောက်သည် ရွှေအင်မော်တယ်များစွာ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံရပြီး တိုက်ပွဲတွင်သေဆုံးသွားကြ၏။ ဖုန့်ဟွမ်ဂိုဏ်းကတော့ ဆန်းကြယ်အင်မော်တယ် မိစ္ဆာသုံးယောက်ကို သတ်လိုက်ရခြင်းအား ကိစ္စကြီးဟုမယူဆဘဲ မကြာခင်မှာမေ့သွားကြသည်။
နှစ်ပေါင်းတစ်ရာလောက်ပဲကြာတဲ့အခါမှာ ရွှေအင်မော်တယ်အဆင့်ရောက်နေသော အလောင်းကောင်အင်မော်တယ်သုံးပါး တစ်ကျော့ပြန်ပေါ်လာခဲ့ပြီး သူတို့နောက်တွင် အလောင်းကောင်ရုပ်သေးတပ်သား တစ်ထောင်ကျော်ပါလာခဲ့၏။ ဤအလောင်းကောင်ရုပ်သေးများတွင် အင်မော်တယ်ဝိညာဉ်မရှိ၊ ကလီစာတွေကလည်း ပျက်စီးနေပြီး သာမန်နည်းလမ်းတွေနှင့် သတ်ရန်ခက်သည်။
အထူးသဖြင့် အလောင်းကောင်အင်မော်တယ်သုံးပါးသည် မီးစလေးတစ်စလောက်ကျန်နေလျှင်ပင် အသက်ပြန်ရှင်လာနိုင်ကြသည့်အတွက် အထူးနည်းလမ်းများဖြင့် သန့်စင်လိုက်တာမျိုးမဟုတ်ရင် သူတို့ကိုလုံးဝဖျက်ဆီးပစ်ဖို့မဖြစ်နိုင်ပေ။
နှစ်ပေါင်းတစ်သောင်းလောက်ကြာအောင် တိုက်ခိုက်ခဲ့ကြတဲ့တိုက်ပွဲမှာ ဖုန့်ဟွမ်ဂိုဏ်းမှလူများ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရပြီး အလောင်းကောင်ရုပ်သေးအဖြစ် သန့်စင်ခံခဲ့ရသည်။ နောက်ဆုံး ဖုန့်ဟွမ်ဂိုဏ်းတစ်ခုလုံးပျက်စီးသွားပြီး ဂိုဏ်းသားအားလုံး အလောင်းကောင်ရုပ်သေးများဖြစ်သွားသည့်အခါ ထိုသုံးယောက်သည် အင်မော်တယ်အရှင်မြတ်အဆင့် ရောက်သွားကြလေပြီ။
တုန်းလော်နယ်မြေရှိ ထိပ်သီးဂိုဏ်းကြီးများသည် အလောင်းကောင်မျိုးနွယ်စု၏ခြိမ်းခြောက်မှုကြောင့် စတင်၍ထိတ်လန့်တုန်လှုပ်လာကြ၏။ အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်အရှင်မြတ်များစုပေါင်း၍ အလောင်းကောင်ရုပ်သေးတပ်အား မီးရှို့သန့်စင်ခဲ့ကြရာ ထိပ်သီးအလောင်းကောင် အင်မော်တယ်သုံးပါးမှာ ပြင်းထန်သောဒဏ်ရာများဖြင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး နှစ်သန်းပေါင်းများစွာ ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ၎င်းတို့ ပြန်လည်ပေါ်ထွက်လာချိန်တွင် အဆင့် ၉ အင်မော်တယ်အရှင်မြတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြပြီး တိုက်ခိုက်ရေးဗျူဟာကိုလည်း ပြောင်းလဲခဲ့ကြသည်။ ၎င်းတို့သည် ဂိုဏ်းအသီးသီးအတွင်းသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်ခဲ့ကြပြီး ၎င်းတို့ဖန်တီးသည့် အလောင်းကောင်ရုပ်သေးများသည်လည်း ကိုယ်ပိုင်အသိဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချနိုင်သည့်အဆင့်အထိ တိုးတက်မြင့်မားလာခဲ့၏။
အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ဂိုဏ်းအသီးသီးမှအကြီးအကဲများ လုပ်ကြံခြင်းခံရကာ အလောင်းကောင်ရုပ်သေးများအဖြစ်သို့ ပြောင်းလဲခံခဲ့ရသည်။ အထူးသဖြင့် ခေါင်းဆောင်တစ်ဦးဖြစ်သူကျန့်ယန်သည် အလောင်းကောင်ဘုရင်အဆင့်သို့ရောက်ရှိသွားချိန်တွင် တုန်းလော်နယ်မြေရှိ ဂိုဏ်းကြီးများမှာ ဆက်လက်တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ ပြိုကွဲပျက်စီးခြင်း သို့မဟုတ် အခြားနယ်မြေများသို့ ပြောင်းရွှေ့အခြေချခြင်းများ ပြုလုပ်ခဲ့ကြရ၏။
အလောင်းကောင်မျိုးနွယ်စု၏ အင်အားကြီးထွားလာမှုကြောင့် ဘေးပတ်ဝန်းကျင်နယ်မြေများပါ ထိတ်လန့်စိုးရိမ်ခဲ့ရပြီး ပြင်းထန်သောတိုက်ပွဲများစွာ ဖြစ်ပွားခဲ့သည်။ နောက်ဆုံးတွင် နှစ်ဦးနှစ်ဖက်ညှိနှိုင်းမှုအရ အလောင်းကောင်မျိုးနွယ်စုသည် တုန်းလော်နယ်မြေအတွင်း၌သာ အခြေချနေထိုင်ရမည်ဖြစ်ပြီး အခြားနယ်မြေများသို့ မကျူးကျော်ရန် သတ်မှတ်ခဲ့ကြ၏။
ထိုအချိန်မှစ၍ တုန်းလော်နယ်မြေသည် အလောင်းကောင်မျိုးနွယ်စု၏ အခြေစိုက်စခန်းဖြစ်လာခဲ့ကာ ငရဲနယ်မြေဟု အမည်ပြောင်းလဲသွားခဲ့သည်။
ဤမျိုးနွယ်စုသည် သေခြင်းကင်းမဲ့ကာ ကြောက်မက်ဖွယ်ရာကောင်းလှသဖြင့် ရင်ဆိုင်ဝံ့သူမရှိသလောက်ပင်။ ၎င်းတို့သည် နှစ်ပေါင်းများစွာအတွင်း ငရဲနယ်မြေပြင်ပသို့ ထွက်ပေါ်လာခြင်းမရှိသော်လည်း ၎င်းတို့၏ကြောက်မက်ဖွယ် ကျော်ကြားမှုကိုမူ မည်သူမျှမမေ့နိုင်ကြပေ။
ယခုအခါ အလောင်းကောင်ဘုရင်သုံးပါးကိုယ်တိုင်ဦးဆောင်၍ ပြန်လည်ပေါ်ထွက်လာခြင်းကြောင့် ဖေးရှန်ဂိုဏ်းသားများမှာ အလွန်အမင်းထိတ်လန့်တုန်လှုပ်နေကြ၏။ အလောင်းကောင်ဘုရင်များ၏ အကြည့်တစ်ချက်ဖြင့်ပင် မိမိတို့ပါ ရုပ်သေးဘဝသို့ ရောက်ရှိသွားမည်ကို စိုးရိမ်နေကြစဉ် မြို့စားမင်းကျန်းကမူ ကျန့်ယန်၊ ဝမ်မိုနှင့် ယင်ရှာဟူသော အမည်များကို ၎င်း၏မှတ်ဉာဏ်အတွင်း ရှာဖွေကြည့်ရှုပြီးနောက် မှတ်မိသွားလေတော့သည်။
***