ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_
ချင်လင်က နေ့စဉ်တာဝန်များအပြီးသတ်သည်။
ဒါပေမဲ့ ဒီနေ့ကံမကောင်း။ လက်ဖက်ခြောက်၊ သစ် ဘာမှမရ။
ချင်လင် ဂိမ်းထဲမှအာရုံပြန်ရုတ်ချိန်တွင် တံခါးခေါက်သံကြားရသည်။
ကျောက်မိုချင်းဝင်လာပြီး နည်းနည်းစိုးရိမ်နေသံနှင့်_
"ယောက်ျား.. လာကြည့်ပါဦး.. ရှောင်ရန်တစ်ခုခုဖြစ်နေပြီထင်တယ်''
"အဲကောင်ဘာဖြစ်လို့လဲ?''
ချင်လင် ဇဝေဇဝါဖြစ်သွားသည်။
ရှောင်ရန်ကသတ္တိကြောင်သော်လည်း စံအိမ်မှာအသန်မာဆုံး၊အားအကောင်းဆုံးဖြစ်၍ ဘာပြဿနာမှမရှိနိုင်။
သို့သော် ကျောက်မိုချင်းစိုးရိမ်နေပုံကြောင့် မပေါ့ဆရဲ။ ချက်ချင်းကျောက်မိုချင်းနှင့်အတူ ရုံးခန်းအပြင်ထွက်လာသည်။
စမ်းချောင်းနားရောက်သောအခါ ရှောင်ရန်ကလဲလျက်သား အဆက်မပြတ်ညည်းနေသည်။ အိမ်သာတက်ချင်ပြီး တက်မရသလိုဖြစ်နေ၏။
သို့သော် ရှောင်ရန်အခြေအနေက လုံးဝပုံမှန်မဟုတ်။
သူကရှောင်ရန်ဆီတန်းသွားပြီး ခေါင်းကိုလက်နှင့်သပ်လိုက်သည်။
ရှောင်ရန်က သူ့လက်ဖဝါးကိုခေါင်းနှင့်တောင်ပြန်ဝှေ့နေသည်။
အဆင်ပြေပါတယ်ဆိုတဲ့သဘော။
ထို့နောက် တစ်ခုခုပုံမမှန်ကြောင်း သူသတိထားမိသည်။
ရှောင်ရန်ကျောပေါ်တွင် အက်ကြောင်းများက ကွဲထွက်တော့မလိုပင်။
"ဒီတော့ မင်းအဝတ်အစားလဲချင်တာပေါ့''
ဘာဖြစ်နေမှန်း ချင်လင်သဘောပေါက်ပြီ။
ရှောင်ရန် အရေခွံလဲနေပြီ။
အရင်တစ်ခါ မိချောင်းအကြောင်းလေ့လာပြီး မိချောင်းအရေခွံလဲတတ်မှန်းသူသိခဲ့သည်။ တချို့က တစ်ကြိမ်သာလဲပြီး တချို့က သုံးကြိမ်လောက်လဲသည်။ ဒီလိုအရေခွံလဲခြင်းက အကောင်ပေါက်အရွယ်တွင်ဖြစ်တတ်ပြီး အရွယ်ရောက်သည်နှင့်အရေခွံမလဲတော့။
နောက်ပြီး မိချောင်းအရေခွံလဲတိုင်း သူ့အရေခွံသူပြန်စားသောကြောင့် မိချောင်းအရေခွံမှာတွေ့ရခဲသည်။
ပညာရှင်များတွင်သာ မိချောင်းအရေခွံလဲသောဗီဒီယိုရှိသည်။
ရှောင်ရန်မှာခွန်သွေးပါပြီး ခန္ဓာကိုယ်အကြီးမြန်သည်။ သူ့ကိုယ်လုံးကဝမ်ချိုင်ထက်ကြီးနေပြီဖြစ်၍ အကောင်ပေါက်သာရှိသေးမှန်း သူမေ့သွားသည်။
အကြောင်းရင်းသိပြီး ချင်လင်မစိုးရိမ်တော့။ သူက ကျောက်မိုချင်းအား_
"ရတယ်.. ရှောင်ရန်က အရေခွံလဲတာ... အဲဒါပုံမှန်ပါပဲ''
"မိချောင်းက အရေခွံလဲလား?''
ကျောက်မိုချင်း နည်းနည်းအံ့ဩသွားသည်။ ဒီလိုကြားဖူးတာ ဒါပထမဆုံးပင်။
ချင်လင် ခေါင်းညိမ့်လိုက်သည်_
"အင်း.. မိချောင်းက လဲတာပေါ့... အရေခွံလဲလေလေ ကြမ်းလာလေလေပဲ... အရေခွံလဲတိုင်း သူတို့ခန္ဓာကိုယ်အရေပြားကပိုသန်မာပြီး ခံနိုင်ရည်မြင့်လာတယ်''
ကျောက်မိုချင်း ခေါင်းညိမ့်လိုက်သည်။
အသုံးမဝင်တဲ့ဗဟုသုတရလိုက်ပြီ။
သို့သော် ရှောင်ရန်အဆင်ပြေသွားမယ်ဟုသိပြီး လုံးဝစိတ်သက်သာရာရသွားသည်။
ဒီကောင်တွေကိုမွေးထားမှတော့ စံအိမ်မိသားစုလိုသဘောထားရမည်။ ဘာမှမဖြစ်စေချင်။
ချင်လင်က ရှောင်ရန်နှင့်ခဏနေပြီး ခေါင်းကိုလက်နှင့်သပ်ပေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် မိချောင်းအရေခွံလဲရတာ ခက်ခဲသည်။
နာရီဝက်ကြာပြီးနောက် ရှောင်ရန်၏ကွဲထွက်သွားသောကျောပြင်တွင် အရေပြားတစ်စတွေ့ရသည်။ ထိုနေရာမှစပြီး အရေခွံကွာလိမ့်မည်။
ဒီတစ်ခါရှောင်ရန်ပိုနာကျင်ပြီး သူ့ကိုကူပေးစေချင်ပုံပေါ်သည်။
သို့သော် ဒါမျိုးသူမတတ်နိုင်။ အရေခွံလဲခြင်းမှာ တိရစ္ဆာန်ကိုယ်တိုင်လဲမှပြီးနိုင်သည်။ မဟုတ်ရင် အရေခွံအသစ်ထိခိုက်ပျက်စီးနိုင်သည်။
ထို့ကြောင့် ကြည့်သာကြည့်နေရ၏။
ခဏအကြာ_
ဝန်ကြီးလု၏တအံ့တဩအသံကြားရသည်_
"သူဌေးချင်.. သတင်းကောင်း.. သတင်းကောင်း''
ဝန်ကြီးလုမှာ လက်ထဲတွင်ဗီဒီယိုတစ်ပုဒ်ဖွင့်လျက်သား အလောတကြီးပြေးလာသည်။ သူကချင်လင်ဆီပေးကာ_
"ဒီဗီဒီယိုတစ်ချက်ကြည့်ဦး... တော်ဝင်ပညာရှင်ရန်တို့ အရောင်ပြောင်းသစ်ရွက်ကနေထုတ်ထားတဲ့ အရောင်ပြောင်းပစ္စည်းနဲ့လုပ်ထားတဲ့ပိတ်စလေ''
ချင်လင် ဗီဒီယိုကြည့်လိုက်သည်။
ရန်သွမ့်ဟယ်တို့ ပိတ်စနှင့်စမ်းသပ်သောဗီဒီယိုပင်။
ဗီဒီယိုကြည့်ပြီး သူ့မျက်နှာမယုံနိုင်ပုံပေါက်သွားသည်။
အရောင်ပြောင်းပင်၏အရောင်ပြောင်းနိုင်စွမ်းနှင့် တချို့ပစ္စည်းကိရိယာများကိုသုတ်လိုက်ပါက အစွမ်းကကြောက်စရာကောင်းမည်ဟု ဝန်ကြီးလုပြော၍သိရသည်။
ပိတ်စအာနိသင်အရ ဒီပစ္စည်းကိုတစ်သုတ်ချင်းအသုံးချနိုင်လိမ့်မည်။ တစ်နေ့ ဆုံးမရန်လိုသောဝမ်းမနာသားများရှိလာပါက ထင်မှတ်မထားသောအံ့ဩစရာပေးနိုင်မည်။
"သူဌေးချင်.. ဘယ်လိုထင်လဲ?''
ဝန်ကြီးလုမမေးဘဲမနေနိုင်တော့။
"အရမ်းအံ့ဩဖို့ကောင်းတာပဲ''
ချင်လင်က အမှန်အတိုင်းဖြေလိုက်သည်။
"သူဌေးချင်''
ဝန်ကြီးလုကတောင်းဆိုပြန်သည်_
"အထက်လူတွေက မင်းနဲ့ဆွေးနွေးခိုင်းတာရှိတယ်... ဒီအရောင်ပြောင်းပင်က အရမ်းသိသာတယ်... သူတို့ကဒါကိုထိပ်တန်းလျှို့ဝှက်ချက်အဖြစ်ထားချင်တာ... မပေါက်ကြားချင်ဘူး''
"ဒီတော့ အပြင်မှာအရောင်ပြောင်းပင်ကိုပျိုးထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့်စိုက်ဖို့မဖြစ်နိုင်ဘူး''
"ဝန်ကြီးလု.. ဘာဆွေးနွေးစရာရှိလဲ? ကျွန်တော်တို့အပြည့်အဝပူးပေါင်းမှာပါ... ပြီးတော့ ဒီအရောင်ပြောင်းပင်က အထက်လူတွေရဲ့အပင်ဆိုတော့ ဆွေးနွေးစရာမလိုပါဘူး''
ချင်လင်က အမြင်မကျယ်သူမဟုတ်။ သူအရူးဖြစ်မှပဲ ဒီအရောင်ပြောင်းပင်ကိုပျိုးထောင်ဖို့စဉ်းစားမည်။
ဒီပစ္စည်းကိုဂိမ်းထဲကထုတ်လာခြင်းမဟုတ်၍ ကန့်သတ်ချက်မရှိ။ သူများခိုးနိုင်သည်။
ဒါကိုပျိုးထောင်ရင် ဒုက္ခပဲရောက်မည်။ တခြားနိုင်ငံကသိသွားရင် သေချာပေါက်လာခိုးကြမည်။
သူကိုယ်တိုင်ဒုက္ခရောက်ရုံသာမက တိုင်းပြည်လည်းဒုက္ခရောက်မည်။
ဝန်ကြီးလုကဆက်ပြီး_
"ပြီးတော့ ဒီအရောင်ပြောင်းပင်ကို ပါမောက္ခလီခိုင်ပျိုးထောင်ထားပေမဲ့ ချပြလို့မရဘူး... သီးသန့်ပဲဆုပေးမှရမှာ... ပါမောက္ခလီခိုင်ကို ဒီအကြောင်းပြောပေးပါဦး''
ထိုစကားကြောင့် ချင်လင်ပိုရယ်ချင်သွားသည်။
အဲဒါကိုအစ်ကိုလီက ဂရုစိုက်နေမလား?
အမှန်တရားကို သူသိသည်။ အစ်ကိုလီက အကြိမ်ကြိမ်ဓားစာခံဖြစ်ခဲ့သည်။ သူထပ်မဖြစ်ချင်သလို သူများလည်းမသိစေချင်။
ထို့ကြောင့် ဝန်ကြီးလုရှေ့တွင် လီခိုင်ကိုဖုန်းဆက်လိုက်သည်။
ဖုန်းဝင်ဝင်ချင်း လီခိုင်အသံထွက်လာသည်_
"ညီလေးချင်.. ဘာဖြစ်လို့လဲ?''
ချင်လင်ကလိုရင်းတန်းပြောသည်_
"အစ်ကိုလီ.. ဝန်ကြီးလုကပြောတယ်... အရောင်ပြောင်းပင်ကို အတွင်းရေးအဖြစ်ထားမယ်... အဲဒါကြောင့် အစ်ကို့နာမည်ကိုကြေညာလို့မရဘူးတဲ့... အစ်ကိုနားလည်ပေးနိုင်မယ်ထင်ပါတယ်''
လီခိုင်က အလောတကြီးအသံနှင့်_
"ဘာနားလည်စရာလိုလဲ? ငါနာမည်မခံချင်ပါဘူး... ညီလေးချင်.. ဝန်ကြီးလုကိုပြောလိုက်... ငါအထက်လူတွေနဲ့အပြည့်အဝပူးပေါင်းမယ်... အရောင်ပြောင်းပင်အကြောင်းမပြောဘူးလို့''
ချင်လင် ရယ်လိုက်သည်။ အစ်ကိုလီအကြောင်း သူကောင်းကောင်းသိသည်။
ဖုန်းချပြီးနောက် ဝန်ကြီးလုကိုဖုန်းပြကာ_
"တွေ့လား ဝန်ကြီးလု.. ကျွန်တော်ပြောပါတယ်... အစ်ကိုလီက ဂရုမစိုက်ပါဘူးလို့''
ဝန်ကြီးလု ခေါင်းညိမ့်လိုက်သည်။ သူတို့နှစ်ယောက်ကို အရင်ထက်ပိုလေးစားမိသည်။ တကယ်တော့ ဒီလိုပုဂ္ဂိုလ်ရေးအရှုံးအမြတ်မကြည့်၊ ကိုယ်ကျိုးမငဲ့တဲ့လူတွေက တွေ့ရခဲသည်။
သို့သော် သူမသိသည်က ချင်းလင်ဓာတ်ခွဲခန်းတွင် လီခိုင်တစ်ယောက်ဖုန်းချပြီးနောက် တဟီးဟီးထရယ်နေသည်ကိုပင်။
အရောင်ပြောင်းပင်ထွက်လာပြီး သူနာမည်ထပ်ခံရမှာစိုးရိမ်ခဲ့သည်။
သော*က်ရေမလောင်း၊ မြေဩဇာမကျွေးဘဲတောင် ဒင်းကကြီးနိုင်သေး။
စောစောက ညီလေးချင်သူ့ကိုသတင်းကောင်းကြီးပေးခဲ့သည်။
အံ့ဩကြည်နူးစရာ။
ဒီလိုအံ့ဩစရာမျိုး သုံးလေးကြိမ်လာစမ်းပါစေ။
ချင်းလင်အပန်းဖြေစံအိမ်_
အဖြေရပြီးနောက် ဝန်ကြီးလုက အရောင်ပြောင်းပင်ဆီခပ်သုတ်သုတ်သွားလိုက်သည်။ အဖိုးမဖြတ်နိုင်သောရတနာလို သူကရှုစားနေ၏။
သူက သိပ္ပံသုတေသနတာဝန်ခံ။ သူအဖို့ ဒီလိုရလဒ်ကြီးတွေက မိန်းမလှအယောက် ၁၀၀ ထက်သာသည်။
အရောင်ပြောင်းပင်ကိုကြည့်ပြီးနောက် တဖက်ကိုကြည့်လိုက်သည်။ ထိုနေရာတွင် သူဌေးချင်ပျိုးထောင်ထားသောအပင်သုံးပင်ရှိသည်။
အရင်က ဒီအပင်တွေကိုအာရုံမစိုက်ခဲ့။ ပါမောက္ခလီခိုင်၏အပင်က သိသိသာသာစွမ်းနေသောကြောင့် ထိုအရောင်ပြောင်းပင်အပေါ်သာလုံးလုံးအာရုံစိုက်ခဲ့သည်။
အခုအရောင်ပြောင်းပင်ကိုအတည်ပြုပြီးဖြစ်၍ သူဌေးချင်ပျိုးထောင်ထားသောအပင်သုံးပင်ကိုကြည့်ချင်စိတ်ဖြစ်လာသည်။
နှစ်မျိုးလုံး အာကာသထဲရှိခြောက်ခြောက်ကပ်ကပ်ဂြိုဟ်တစ်လုံးတည်းပေါ်မှရလာခြင်းဖြစ်၍ သိပ်မကွာနိုင်။
တစ်မျိုးက အံ့ဖွယ်အာနိသင်မျိုးရှိတယ်ဆိုတော့ နောက်တစ်မျိုးမထူးခြားဘဲမနေဘူးမလား?
ဒီတစ်ခါ သူဌေးချင်ကိုအကူအညီတောင်းတာ အလကားဖြစ်သွားမှာပေါ့?
ဝန်ကြီးလုက ထိုသုံးပင်ဆီလျှောက်သွားသည်။ အရောင်ပြောင်းပင်လောက်အကြီးမမြန်သော်လည်း မီတာဝက်ရှည်နေပြီ။
"အာ.. ဘာလဲ?''
ဝန်ကြီးလုက အံ့ဩသံနှင့်ရေရွတ်လိုက်သည်။ ရုတ်တရက် အပင်သုံးပင်ကိုတအံ့တဩလိုက်ကြည့်သည်။
ထူးထူးဆန်းဆန်းမြင်ရသောကြောင့်ပင်။
ထိုသုံးပင်ပေါ်တွင် ပူဖောင်းလေးများဖြစ်နေသည်။
အပင်က ပူဖောင်းထွက်တယ်?
ဘာလဲဟ?
***