အပင်သုံးပင်ပေါ်မှပူဖောင်းများကိုမြင်ပြီး ဝန်ကြီးလုအံ့ဩသွားသည်။
အရောင်ပြောင်းပင်လို၊ ပူဖောင်းနှင့်အပင်တွေ့ရခဲသည်။
သူဌေးချင်ပျိုးထောင်သောအပင်က အင်မတန်ထူးခြားတာလည်းဖြစ်နိုင်သည်။
ထို့ကြောင့် ရှောင်ရန်နားရှိနေသောချင်လင်ဆီသွားပြီး အံ့ဩသံနှင့်မေးသည်_
"သူဌေးချင်.. ငါနဲ့လိုက်ခဲ့ပါဦး... မင်းပျိုးထောင်ထားတဲ့အပင်သုံးပင်ကလည်း ပုံမှန်မဟုတ်ဘူး''
ဝန်ကြီးလုက ချင်လင်ကိုအပင်သုံးပင်ဆီဆွဲခေါ်သွားသည်။
"သူဌေးချင်.. ဒီသုံးပင်က ဘယ်လိုထူးခြားတာလဲ?''
ဝန်ကြီးလုက တအံ့တဩမေးသည်။
ချင်လင်က တစ်ချက်ကြည့်ရုံနှင့် ပူဖောင်းထွက်ပြီမှန်းသိသည်။
ဒါသူထင်တဲ့အတိုင်း။
ပူဖောင်းမထွက်ခင်အထိ ဝန်ကြီးလုတို့ကပူဖောင်းမြက်ကိုအာရုံမစိုက်ကြ။ အခုပူဖောင်းထွက်လာသောကြောင့် စိတ်ဝင်စားခံရသည်။
ထို့ကြောင့် သူကဟန်လုပ်ပြီး အံ့ဩဟန်ဆောင်ကာ_
"ဝန်ကြီးလု.. ဒီအပင်မှာပူဖောင်းထွက်နေတာထင်တယ်''
"အင်း.. ငါစောစောကမှတွေ့တာ''
ဝန်ကြီးလုကရယ်ပြီး_
"အံ့ဩစရာကောင်းတယ်မလား? မင်းစိုက်တဲ့သုံးပင်မှာ အထူးအာနိသင်ရှိရင်ရှိမှာ''
ချင်လင် ကြိတ်ရယ်လိုက်သည်။
သေချာတာပေါ့။
ပူဖောင်းမြက်အာနိသင်ကြောင့် ပါးစပ်အဟောင်းသားဖြစ်ရလိမ့်မည်။
အခုတော့ ဝန်ကြီးလုနဲ့လိုက်သရုပ်ဆောင်ပေးရဦးမည်။
"ဟုတ်လောက်တယ်''
ချင်လင်က အလေးအနက်ခေါင်းညိမ့်လိုက်သည်။
နောက်ရက်များတွင် ပူဖောင်းမြက်ဖြစ်စဉ်ကို ဝန်ကြီးလုကတချိန်လုံးလေ့လာနေသည်။
မြက်ပေါ်မှပူဖောင်းက တစ်နေ့တခြားကြီးကြီးလာ၏။
အရှိန်က အတော်မြန်သည်။
နောက်တစ်နေ့_
ချင်လင်က ကျောက်မိုချင်းအား အတွင်းဘက်အခန်းတစ်ခန်းထဲဆွဲခေါ်ပြီး_
"အချစ်.. ဒီအခန်းကိုဘယ်လိုထင်လဲ?''
"ဘာဖြစ်လို့လဲ ယောက်ျား?''
ကျောက်မိုချင်းက ဇဝေဇဝါနှင့်မေးသည်။
ချင်လင်ကရှင်းပြ၏_
"မင်းမြင်တဲ့အတိုင်း.. ချင်ဖုန်းလေးက တစ်နှစ်ပြည့်တော့မယ်... သူ့ကိုသီးသန့်အခန်းမပေးသင့်ဘူးလား? ဒီအခန်းကိုပြန်ပြင်ဆင်ပြီး အရုပ်ကုတင်လုပ်မယ်... အမေ့ကိုကြည့်ခိုင်းမယ်... သူ့မြေးနဲ့သူနေချင်နေရှာတာ''
"အာ.. မမြန်လွန်းဘူးလား? ကလေးက ငယ်သေးတယ်လေ''
ကျောက်မိုချင်း အံ့ဩသွားသည်။
"မငယ်တော့ဘူး... ရှောင်ရန်တောင်စီးပြီး ဆော့နိုင်နေပြီ''
ချင်လင်က ပြုံးပြုံးနှင့်ပြောသည်။ ပုံမှန်ကလေးဆို ငယ်သေးသည်။
သို့သော် ချင်ဖုန်းလေးကသန္ဓေအားဆေးကြောင့် မငယ်တော့။ အဓိကက မိဘတွေရဲ့ပျော်စရာကို ဒီကောင်လေးကခံနေသည်။
အမေက ကလေးကြည့်ချင်တယ်ဆိုမှတော့ အမေကျေနပ်အောင်လုပ်ပေးရမည်။
သူ့အမေစကားအတိအကျမှာ သူနောက်ကလေးတစ်ယောက်ယူရင် အိမ်ကပိုပြီးစည်ကားမည်တဲ့။
ဒီတော့ ဟူး...
ကျောက်မိုချင်းက ချင်လင်ကိုစေ့စေ့ကြည့်ပြီး_
"ယောက်ျား.. ရှင်ဘာအကြံအစည်တွေထုတ်နေတာလဲ?''
"ဘယ်မှာထုတ်လို့လဲ?''
ချင်လင်ကရှက်ကိုးရှက်ကန်းနှင့် တန်းငြင်းသည်။
ကျောက်မိုချင်းကပြုံးပြီး စကားရိပ်သန်းသည်_
"ရှင့်ကိုအခွင့်အရေးပေးမယ်... ရှင်ကျေနပ်အောင် လုပ်ချင်လုပ်နိုင်မှာ''
"မင်းပြောတာနော်''
ချင်လင်ကဟန်လုပ်မနေဘဲ ကျောက်မိုချင်းဆီတန်းသွားကာ အခန်းထဲချီသွားသည်။
"သိသားပဲ ဟွန့်''
ကျောက်မိုချင်း နှာခေါင်းရှုံ့လိုက်သည်။
အချိန်ဘယ်လောက်ကြာသွားသည်မသိ...
ချင်လင်အပြင်မှဝင်လာသောအခါ ရှောင်ရန်အသံကြားရသည်။
သူ့ဆီပြေးလာပြီး သူ့ရှေ့တွင်တစ်ခုခုချလိုက်၏။
ရှောင်ရန်က အရင်ထက်အရောင်ဖျော့သွားသည်။
အရေခွံလဲပြီးခါစဖြစ်၍ အရေခွံအသစ်ကသိပ်အထိအခိုက်မခံ။ အမည်းရောင်ပြန်ဖြစ်ဖို့ အချိန်ယူရဦးမည်။
ရှောင်ရန်ထားခဲ့သောပစ္စည်းကိုကြည့်ပြီး ချင်လင်နည်းနည်းအံ့ဩသွားသည်။
မိချောင်းအရေခွံ။
ဒါရှောင်ရန်ခန္ဓာကိုယ်မှန်း သူသိသည်။
ပုံမှန်မိချောင်းအရေခွံလဲပြီးရင် အရေခွံကိုတန်းစားပစ်ကြသည်။
မိချောင်းအတွက်အာဟာရလည်းဖြစ်သည်။
"အစ် အစ် အစ်!''
ရှောင်ရန်က အသည်းအသန်အော်နေသည်။
ချင်လင် မအံ့ဩဘဲမနေနိုင်။
ရှောင်ရန်ပြောတာသဘောပေါက်သည်။
မိချောင်းအရေခွံက သူ့အတွက်ပါပေါ့။
သူကအမှတ်တမဲ့ မိချောင်းသားရေဖိနပ်၊ မိချောင်းသားရေခါးပတ်များကိုတွေးမိသည်။
တကယ်မိချောင်းအရေခွံပဲ။
ကျွိ!
မွေးနီအသံထွက်လာသည်။
သူကဘေးမှခုန်ချပြီး မိချောင်းသားရေရှေ့ပြေးလာကာ အနံ့ခံကြည့်သည်။ ရုတ်တရက်ရွံသလိုနှင့် ပျို့အန်ပုံပြသည်။
အရေခွံက ဘယ်လိုလုပ်အနံ့ကောင်းမလဲ?
ရှောင်ရန်က မွေးနီလုပ်ပုံကိုမကျေနပ်ဘဲအော်သည်။
မွေးနီကလက်သည်းထောင်ပြပြီး အသံပြန်ပေး၏။
သူ့ကိုယ်သူ ရှောင်ရန်တစ်ချက်ရိုက်စာမရှိမှန်းတောင်မသိ။
ဒီကောင်ကစူးစူးဝါးဝါးအော်သောကြောင့် ရုတ်တရက် ရှောင်ရန်နောက်နည်းနည်းပြန်ဆုတ်သွားသည်။
မိချောင်းသိက္ခာချတဲ့ကောင်။
သူ့ကြောင့် မွေးနီကရောင့်တက်လာသည်။
နောက်ခဏတွင် ဝမ်ချိုင်၏ 'ဝု ဝု ဝု' သံထွက်လာသည်။
ဝမ်ချိုင်ကရှောင်ရွှယ်နှင့်ဝင်လာသောကြောင့် မွေးနီလန့်ပြီး ဘီရိုပေါ်ပြန်ပြေးတက်သွားသည်။
လူကောင်းကိုအနိုင်ကျင့်၊ လူဆိုးကိုမထိရဲခြင်းပင်။
ချင်လင်ကပြုံးပြီး ရှောင်ရန်ထားခဲ့သောမိချောင်းအရေခွံကိုကောက်ယူလိုက်သည်။ ထို့နောက် အတွင်းဘက်ယူသွားပြီးဆေးကြော၏။
ရှောင်ရန်အရေခွံကို ဖိနပ်မလုပ်၊ခါးပတ်မလုပ်ဘဲ ဘီရိုထဲပြထားတာကောင်းမည်။
ချင်လင်အတွင်းဘက်မှထွက်လာပြီးနောက် ရုံးခန်းထဲသွားသည်။ နေ့စဉ်တာဝန်များအပြီးသတ်ပြီးသောအခါ ဧည့်ခန်းထဲသွား၏။
ဝန်ကြီးလုက သူ့ကိုရပ်ပြီးပြောပြန်သည်_
"သူဌေးချင်.. ဒီပူဖောင်းတွေကိုကြည့်... ကြီးကြီးလာတယ်... ပူဖောင်းအပြင်ပိုင်းက အကြမ်းခံတယ်... အလွယ်တကူမပေါက်နိုင်ဘူး''
ချင်လင်ကသွားကြည့်ရာ သလင်းကျောက်လိုအရာစဖွဲ့နေပြီဖြစ်၍ အပင်အရွယ်ရောက်တော့မည်။
"သူဌေးချင်''
ဝန်ကြီးလုက ပူဖောင်းကိုလက်ညိုးထိုးပြပြီး_
"ဒါဒန်ဒလိုင်နဲ့တူတယ်မထင်ဘူးလား? ဒန်ဒလိုင်က အမွေးဖွားဖွားနဲ့... ဒါကပူဖောင်းတွေ''
***