အချက်အလက်အရ ဒါကိုပျိုးထောင်ရင် ဘယ်လိုအလားအလာရှိမလဲ သူသိသည်။
အာကာသပင်ဆိုတာရယ် မြက်ကပူဖောင်းထွက်တာရယ်နဲ့တင် အလုအယက်ဖြစ်ကုန်မှာမလား?
ဒီလောက်အကျိုးရှိရင် မပြောနဲ့တော့။
သူကချက်ချင်းဖုန်းကောက်ဆက်ပြီး ပူဖောင်းမြက်ပင်စိုက်ရန်စီစဉ်သည်။
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်ကပူဖောင်းမြက်စီစဉ်ပြီး ရုံးခန်းထဲပြန်ဝင်လာသောအခါ ကျောက်မိုချင်းနှင့်လင်းဖန်ရောက်လာသည်။
လင်းဖန်က ချင်ဖုန်းလေးကိုချီထားသည်။
သူတို့နှစ်ယောက်နောက်တွင် ရှောင်ရန်ပါလာသည်။
မိချောင်းမှာ ချင်ဖုန်းလေးခဏခဏတက်စီး၍လားမသိ၊ ချင်ဖုန်းလေးကိုလိုက်ကပ်နေသည်။
ဘာပဲဖြစ်ဖြစ် သူ့သခင်ကဂရုမစိုက်ချင်မှတော့ သခင်လေးကိုသာကပ်ရသည်။
"ရှောင်လင်.. ငါရွာကဘယ်သူ့ကိုမှမဖိတ်ထားဘူး... မင်းဦးလေးတရှန်းနဲ့ဦးလေးရွှေ့ကန်းကိုပဲဖိတ်တာ''
လင်းဖန်က ဝင်ဝင်ချင်းပြောသည်။
"ကျွန်တော်လုပ်သင့်တာပါ!''
ချင်လင် ခေါင်းညိမ့်လိုက်သည်။ ချင်ဖုန်းလေးတစ်နှစ်ပြည့်တော့မည်ဖြစ်၍ တစ်နှစ်ပြည့်မွေးနေ့လုပ်မည်။ အစဉ်အလာအရ ချင်ဖုန်းလေးကိုသုံးလေးပတ်ထားမည်။
လက်ရှိသူ့အဆင့်အတန်းအရ ဒီပွဲမျိုးကျင်းပရင် လာချင်သူအရေအတွက်က ကျုံးမင်ဟိုတယ်တစ်ခုလုံးငှားလည်းမလောက်နိုင်။
ဒီတော့ အကြီးအကျယ်မလုပ်ချင်။ ရင်းနှီးသူတချို့ကိုသာ ချင်းလင်အပန်းဖြေစံအိမ်ဖိတ်လိုက်မည်။
ဦးလေးတရှန်း၊ဦးလေးရွှေ့ကန်းတို့လို သူတို့မိသားစုကိုကူညီခဲ့သူများအား မဖြစ်မနေဖိတ်ရမည်။
အချိန်ကုန်လွန်သွားသည်။
ချင်ဖုန်းလေး၏ပထမဆုံးမွေးနေ့ပွဲကျင်းပချိန်ကျပြီ။
ချင်းလင်အပန်းဖြေစံအိမ်မှာ အလုပ်များတော့မည်။
မနက်စောစော ကောင်းယောင်ယောင်က ဧည့်ခန်းတဝိုက်တွင် အစောင့်များကိုညွှန်ကြားနေသည်။
ရှိရင်းလူအင်အားနှင့်မလောက်သောကြောင့် ချင်းလင်စံအိမ်မှပါးပါးနပ်နပ်လူတချို့ကို သေချာရွေးခေါ်ထားသည်။
ဘာပဲဖြစ်ဖြစ် သူဌေးလေးမွေးနေ့ပွဲမှာ မပေါ့ဆရဲ။
စားဖိုဆောင်ထဲ၌_
ဆရာလင်းလည်း စားဖိုမှူးများနှင့်အလုပ်ရှုပ်နေသည်။ သူလည်း ချင်းလင်စံအိမ်မှစားဖိုမှူးခေါင်းနှင့်စားဖိုမှူးများကိုလွှဲယူထား၏။
အသီးအနှံ၊အသားငါးများထည့်ထားသောခြင်းကိုဆေးကြောသန့်စင်ရန် စားဖိုဆောင်ထဲယူလာသည်။
အားလုံး ချင်လင်ဂိမ်းထဲမှထုတ်လာသောအရည်အသွေး ၂ ပါဝင်ပစ္စည်းများဖြစ်သည်။ သူ့သားမွေးနေ့ပွဲအတွက် သူပိုပြင်ဆင်ပေးရမည်။
ဝိုင်သိုလှောင်ခန်းထဲ၌_
ချင်လင်လည်း လှည်းကိုအခန်းထောင့်တွန်းထားလိုက်သည်။ လှည်းတွင် ဝိုင်ပုလင်းများလျှောကျမသွားအောင်ထိန်းသောရေမြုပ်ပတ်ထား၏။
အခန်းထောင့်ရောက်သောအခါ မီတာဝက်ရှည်သောဝိုင်စည်လေးကိုမကာ လှည်းပေါ်တင်လိုက်သည်။
စည်ထဲတွင် ဖန်းကျိုဝိုင်ပါသည်။
ပထမဆုံးမွေးနေ့မှာ အစားအသောက်ထက်ဝိုင်လိုသည်။
ထိုဝိုင်စည်ကိုဂိမ်းထဲမှထုတ်ထားခြင်းဖြစ်ပြီး ဆယ်စုနှစ်ချီသက်တမ်းရှိသည်။
အရည်အသွေး ၂ ပါဝင်ပစ္စည်းများ၊ဆယ်စုနှစ်ချီဝိုင်နှင့်ဧည့်ခံသောသူ့သားတစ်နှစ်ပြည့်ပွဲကို အပြင်မှစားသောက်ပွဲများမယှဉ်နိုင်။
ဘာပဲဖြစ်ဖြစ် ဘယ်လောက်ချမ်းသာချမ်းသာ အရည်အသွေး ၂ ပါဝင်ပစ္စည်း ဒီလောက်အများကြီးရနိုင်သူမရှိ။
ဆယ်စုနှစ်ချီဖန်းကျိုဝိုင်စည်ကို တခါတည်းဝယ်နိုင်သူမရှိပေ။
ချင်လင်ကဝိုင်စည်ကိုပိတ်ပြီး ဝိုင်သိုလှောင်ခန်းအပြင်တွန်းကာ စားသောက်ခန်းထဲပို့လိုက်သည်။
ကောင်းယောင်ယောင်အား စံအိမ်အတွင်းဘက်လာလျှင် မျက်လုံးပိတ်ရန်ညွှန်ကြားထားသည်။
အတွင်းပိုင်းမှာ ချင်းလင်မိသားစုနေရာဖြစ်သည်။ ဘယ်သူမှမဝင်ဖူး။ လီရှင်း၊ချန်ရှန်းဖေတို့တောင် မဝင်ဖူးချေ။
ဒါပေမဲ့ ဒီနေ့ အများကြီးဝင်လာကြပြီ။
ချင်လင်အတွင်းဘက်ဝင်ဝင်ချင်း သူ့ယောက္ခမချန်ရှောက်က ချင်ဖုန်းလေးကိုချီကာ ဦးလေးတရှန်းနှင့်ဦးလေးရွှေ့ကန်းကိုဧည့်ခံနေသည်။
သူ့ယောက္ခထီးကျောက်ရှန်ဟုန်ကလည်း သူတို့နှင့်စကားပြောနေသည်။
ယောက်ဖကျောက်မိုယွင်ကမူ ချင်ရန်၊ချင်လုံတို့လူငယ်များနှင့်ဝိုင်းဖွဲ့နေသည်။
လက်ဖက်ခြောက်မှာ အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်ခြောက်ဖြစ်သည်။
ဒီလိုလက်ဖက်ရည်မျိုးသောက်ရခဲ၍ သဘောကျနေကြသည်။
"ယောက်ျား.. ခဏလာပါဦး''
ကျောက်မိုချင်းက ချင်လင်ကိုမြင်ပြီး လသာဆောင်ရှိစားပွဲဝိုင်းသို့ဆွဲခေါ်သည်။
ချင်လုံ၏ဇနီးရှန်ရှန်လည်းရှိနေသည်။
ဒီရှန်ရှန်က ကျောက်မိုချင်းယောက်မလီကျားဝမ်၏အခင်ဆုံးသူငယ်ချင်းဖြစ်သည်။ သူမနှင့်ပထမဆုံးတွေ့စဉ်က သူမရည်းစားဟောင်းနှင့်ကွဲခဲ့သည်။
ရည်းစားဟောင်းက ရေလှောင်တမံတွင်အချိန်အတော်ကြာသည်အထိ ကျားဖြူငါးရှာခဲ့ဖူးသည်။
နောက်ပိုင်း ရှန်ရှန်နှင့်ချင်လုံတွဲသွား၍ သူနည်းနည်းအံ့ဩမိသည်။ ကံကြမ္မာဖန်ပုံများတော့ ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဟုသာဆိုရမည်။
ရှန်ရှန်က ချင်လုံ၏ကလေးကိုချီထားသည်။ သို့ရာတွင် သူမမျက်လုံးနည်းနည်းနီနေပြီး စိတ်မကောင်းဖြစ်နေပုံရသည်။
"ဘာဖြစ်လို့လဲ?''
ချင်လင်က ဇဝေဇဝါနှင့်မေးသည်။
"ချင်လုံက ရှန်ရှန်ကိုအထင်လွဲနေတယ်... သူ့ကိုနောက်တစ်ယောက်ရှိတယ်ထင်နေတာ''
ကျောက်မိုချင်းကရှင်းပြသည်။
"အာ!''
ချင်လင်ကြောင်သွားပြီးမှမေးသည်_
"ဘာလို့အထင်လွဲရတာလဲ?''
"၁၀ နှစ်ကျော်လောက်ခင်ခဲ့တဲ့ကျောင်းနေဘက်တစ်ယောက်ပါ''
ရှန်ရှန်က ပြောသည်_
"အထင်လွဲတာ... ကျွန်မတို့က အရမ်းရင်းနှီးခဲ့တော့ ညဘက်မုန့်ထွက်စားကြတယ်''
"အဲဒီတုန်းက တခြားအတန်းဖော်တွေလည်းပါတယ်... သူနဲ့အရမ်းရင်းနှီးခဲ့တော့ သူ့ကောင်မလေးဆိုပြီးစကြတယ်... ကျွန်မက မစဖို့ပြောပေမဲ့ အဲဒီစကားက စားပွဲဝိုင်းမှာပြန့်သွားပြီးတော့ ချင်လုံနားထဲရောက်သွားတယ်''
"ချင်လုံက အဲဒါကိုအထင်လွဲသွားတာဖြစ်မယ်... ယောက်ျား ရှင်ရှင်းပြပေးလိုက်ပါလား?''
ကျောက်မိုချင်းကလည်းပြောသည်။
"အင်း!''
ချင်လင်အသံတိတ်နေလိုက်သည်။
အမှန်အတိုင်းပြောရရင် ဒါမျိုးကိုသူဘယ်လိုမှတ်ချက်ပေးရမည်မသိ။
ဘာပဲဖြစ်ဖြစ် ညဘက်အပြင်ထွက်မုန့်စားပြီး ချင်လုံနားထဲတောင်ပြန်ရောက်တဲ့ကိစ္စမျိုးက တစ်ခုခုမှားနေပြီ။
အနည်းဆုံးတော့ ညဘက်အပြင်ထွက်စားတတ်တာ လူရှုပ်တသိုက်ဖြစ်သည်။
မဟုတ်ရင် မိန်းကလေးနဲ့အပြင်ထွက်ပြီး ဒီလိုအကွက်မျိုးရွှေ့မှာမဟုတ်။
နောက်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင် သူအရင်ကဒါမျိုးမလုပ်ဖူးသော်လည်း ယောက်ျားတစ်ယောက်အနေနဲ့ ဒီလိုအတွေး၊ဒီလိုကိစ္စတွေကိုသဘောပေါက်သည်။
စားပွဲဝိုင်းမှာယောက်ျားတွေဘာတွေးလဲ အားလုံးအသိ။ အားလုံးက ပတ်ဝန်းကျင်ကိုပိုပြီးအသက်ဝင်အောင် မိန်းကလေးရှာကြသည်။
ဒီလိုအသောက်အစားပွဲမျိုးကို သူတို့ကောင်မလေးတွေ၊မိန်းမတွေ ဘယ်တော့မှမဖိတ်။ သူတို့မိတ်ဆွေအသိုင်းအဝိုင်းမှတခြားအမျိုးသမီးကိုသာဖိတ်ကြသည်။
***