လီရှင်းထုတ်လိုက်သောပစ္စည်းကြောင့် အားလုံးအံ့ဩသွားသည်။
ဓာတ်ပုံတစ်ပုံ၊ အလွန်လှသောဓာတ်ပုံပင်။
ဓာတ်ပုံထဲတွင် ကလေးမလေးတစ်ယောက်ပါသည်။ သူ့သမီးကလွဲပြီး ဘယ်သူဖြစ်ဦးမလဲ?
လီရှင်းကသူ့သမီးပုံပြလိုက်သောကြောင့် ချင်လင်ဂနာမငြိမ်ဖြစ်သွားသည်။
မိတ်ဆွေသားအတွက်ပစ္စည်းတွေယူလာကြတာမြင်ဖူးပေမဲ့ သမီးပုံကိုလက်ဆောင်အနေနဲ့ပေးတဲ့သူမြင်ဖူးပါသလား?
လီရှင်းက ပထမဆုံးဖြစ်မည်။
"ချင်လင်.. ငါချင်ဖုန်းလေးအတွက်ပြင်ဆင်ထားတဲ့လက်ဆောင်က မဆိုးဘူးမလား? ချင်ဖုန်းလေးမှာငါ့သမီးပုံရှိရင် ငါ့သမီးက သူ့အပိုင်ဖြစ်ပြီ''
လီရှင်းက ဂုဏ်ယူပုံနှင့်_
"ငါတို့စေ့စပ်ထားပြီနော်''
"ကျစ်''
ချင်လင် ဘယ်လိုပြန်ဖြေရမှန်းမသိ။
လီရှင်းဘယ်တုန်းက ဒီလိုအစ်ကို ၆ ဖြစ်သွားတာလဲ?
"လီရှင်း.. မင်းဒါမျိုးလုပ်လိမ့်မယ်လို့ ငါတကယ်မထင်မိဘူး''
ချန်ရှန်းဖေအံ့အားသင့်သွားသည်။ သူကရှေ့တိုးသွားပြီး ဓာတ်ပုံတစ်ပုံထုတ်ကာ ကူရှင်ပေါ်တင်လိုက်သည်။
သူကလည်း သူ့သမီးဓာတ်ပုံပင်၊ အလွန်လှသည်။
ချန်ရှန်းဖေက ချင်ဖုန်းလေးအား ပြောဖြစ်အောင်ပြောလိုက်သေး၏_
"ချင်ဖုန်းလေး.. ကြည့်ပါဦး.. ဒီမမ မလှဘူးလား? နောက်ကျရင် မင်းရဲ့ကောင်မလေး ဇနီးဖြစ်လာမှာနော်... မင်းသူ့ကိုရွေးရမယ်''
မာလဲ့ဝမ်ကလည်း အားကျမခံ၊ ဓာတ်ပုံတစ်ပုံထုတ်လိုက်သည်။
သူကလည်း သူ့သမီးပုံဖြစ်ပြီး အလွန်လှသည်။
သူကချင်ဖုန်းလေးရှေ့တွင်ဓာတ်ပုံချလိုက်ကာ မျက်နှာပြောင်ပြောင်နှင့်_
"ချင်ဖုန်းလေး.. ဒီကိုကြည့်လိုက်ပါဦး... ဒီမမက အလှဆုံး အသိမ်မွေ့ဆုံးပဲ... မင်းသူ့ကိုရွေးရမယ်... သိမ်သိမ်မွေ့မွေ့လှလှပပနဲ့မမက မင်းရဲ့ကောင်မလေးဖြစ်ရင် အရမ်းပျော်မှာ''
"ကျွတ် ကျွတ်''
ချင်လင်က သူတို့သုံးယောက်ကိုစေ့စေ့ကြည့်လိုက်သည်။
ဒီသုံးယောက်ကြိုညှိထားကြတာလား?
တခြားသူများကလည်း ထိုမြင်ကွင်းကိုတအံ့တဩကြည့်နေကြသည်။
အထူးသဖြင့် ချင်တရှန်းနှင့်ချင်ရွှေ့ကန်းပင်။ ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လိုသူဌေးကြီးများက ဒီလိုလုပ်မည်ဟုမထင်မိ။
အားကျတာပေါ့။
ဘာပဲဖြစ်ဖြစ် ကိုယ့်သားနဲ့မြေး နာမည်ကြီးတာမကြိုက်တဲ့သူရှိမလား?
ဒီသူဌေးတွေက သူတို့သမီးကိုအပြိုင်အဆိုင်ပေးနေကြသည်။
ဒါပေမဲ့ ကမ္ဘာမှာဘယ်သူမှ ချင်ဖုန်းလေးလိုဆက်ဆံခံရမည်မဟုတ်မှန်း သူတို့လည်းသိကြသည်။
ချင်ဖုန်းလေးမှာ ဘာလို့အဖေကောင်းရှိလဲ?
လီရှင်းက ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကိုမယုံနိုင်ပုံနှင့်ကြည့်ကာ_
"မင်းတို့ကောင်တွေ ဘယ်လိုလုပ်သိလဲ?''
ချင်ဖုန်းလေး'ကျိုး'ဖမ်းဖို့သူသေချာပြင်ဆင်ခဲ့ပေမဲ့ ဒီနှစ်ကောင်ကလည်းပြင်ဆင်ခဲ့မယ်လို့ဘယ်ထင်မလဲ။
ချန်ရှန်းဖေနဲ့မာလဲ့ဝမ်မှာ သူ့လိုအတွေးမျိုးရှိတာ သူမယုံ။
မဖြစ်နိုင်။
ယောက်ျားနှစ်ယောက်နဲ့ သူဘယ်လိုလုပ်စိတ်ချင်းဆက်မှာလဲ?
"လီရှင်း.. ငါတို့မိန်းမတွေက အလှအတူတူပြင်ကြတာလေ''
ချန်ရှန်းဖေက ဂုဏ်ယူပုံနှင့်ပြောသည်။
"အင်း.. မင်းဒါမျိုးလုပ်မယ်လို့မထင်မိဘူး လီရှင်း''
မာလဲ့ဝမ်ကပြုံးပြီး ခေါင်းညိမ့်သည်။
နောက်ဆုံးတော့ လီရှင်းသဘောပေါက်ပြီ။
မိန်းမတွေ မကောင်း။
မဟုတ်ရင် အခုသူ့သမီးတစ်ယောက်ကိုပဲ ချင်ဖုန်းလေးရွေးရမည်။
ဘေးတွင် လီခိုင်မှာမျက်နှာမဲမှောင်နေ၏။
ဒီလိုရှက်စရာလုပ်ရပ်မျိုးလုပ်သူရှိမည်ဟုမထင်မိ။ သူက သူ့သမီးကိုချီထားသောထန်ရှိုးဝမ်ဘက် ချာခနဲလှည့်ကာ_
"ရှိုးဝမ်.. မင်းမှာသမီးလေးပုံရှိလား?''
အစ်ကိုလီပြောတာ ထန်ရှိုးဝမ်သဘောပေါက်သည်။ သူဝင်ပါချင်သည်ပေါ့။
သူမကချက်ချင်း တံတောင်နှင့်တွတ်လိုက်ပြီး_
"အစ်ကိုလီ.. လျှောက်မလုပ်ပါနဲ့... ဓာတ်ပုံရှိရင်တောင် အိမ်မှာလေ''
"ဟဲ ဟဲ''
လီခိုင် သက်ပြင်းချလိုက်သည်။
လီရှင်းတို့ ဘာလို့ဒီလိုလုပ်ရတာလဲ?
သူ့သားမက်ကိုဖမ်းနေသူများရှိသောကြောင့် လီရှင်းက မဆိုင်းမတွရဲ_
"ချင်လင်.. ချင်ဖုန်းလေးကို ကျိုးဖမ်းခိုင်းပါလား... ငါတို့မိသားစုနှစ်စုက ငယ်တုန်းသေချာပေါက်စေ့စပ်ထားရမှာ''
ချန်ရှန်းဖေက ချက်ချင်းစကားဖြတ်ပြောသည်_
"လီရှင်း.. အဲလိုမလုပ်နဲ့... ငါ့နင်းနင်နဲ့ချင်ဖုန်းလေးက စေ့စပ်ထားတာရှင်းနေပြီ''
"ဘယ်သူ့သမီးနဲ့လဲ မသိလိုက်ပါလား''
မာလဲ့ဝမ်က မခံချင်စိတ်နှင့်ပြောသည်။
ချင်လင် ခေါင်းခါလိုက်သည်။
ဒီသုံးယောက်က သူတို့သမီးကိုရွေးမယ်လို့ ဘယ်လိုလုပ်ပြီးယုံကြည်ချက်ရှိနေတာလဲ?
ထိုအချိန်တွင် ချင်ဖုန်းလေးကျိုးဖမ်းပွဲစသည်။
အဘွားဖြစ်သူချန်ရှောက်ကလွှတ်ပေးလိုက်သောအခါ ကောင်လေးကဝူးဝူးဝါးဝါးအော်ပြီး သူ့ရှေ့မှပစ္စည်းများကိုကြည့်ရင်းပျော်နေသည်။
ခဏအကြာ နှစ်လှမ်းတွားသွားပြီး ရောင်စုံဘောပင်လေးကိုဆုပ်ကိုင်လိုက်သည်။
ထိုမြင်ကွင်းကြောင့် ကျောက်ရှန်ဟုန်ကပြုံးပြီး_
"အင်း.. ဘောပင်ယူတယ်.. မဆိုးဘူး... နောက်ကျ စာရေးဆရာဖြစ်မှာ''
ချင်ဖုန်းလေးက သူ့အဘိုးစကားကိုနားလည်သည့်အလား ချက်ချင်းဘောပင်ကိုလွှင့်ပစ်လိုက်သည်။
စာရေးဆရာမှာအနာဂတ်မရှိကြောင်း သူသိနေသလိုပင်။ သူစာမရေးနိုင်။
ထို့နောက် ဒူးရင်းသီးရှေ့တွားသွားပြီး လက်နှင့်ကိုင်ရန်ကြိုးစားသည်။
“ဖူး!”
ကျောက်မိုယွင်ကကြည့်ပြီး မရယ်ဘဲမနေနိုင်။
ဒူးရင်းသီးကိုချထားတာက သူ။
အဝတ်လျှော်ပြားနဲ့ကီးဘုတ်ကလည်း သူချထားခြင်းပင်။
ဒါဘာအဓိပ္ပါယ်လဲ သူသိသည်။
အားလုံးက ဒူးထောက်ဖို့။
ဒီတူလေးက သော*က်ဒူးရင်းသီးကိုမရွေးလောက်ပါဘူးနော်?
လီကျားဝမ်ကကြည့်ရင်း သူ့ယောက်ျားလက်ချက်မှန်းသိ၍ မျက်စောင်းထိုးကာ_
"ယောက်ျား.. အဲဒါရှင်လုပ်တာမလား? ချင်ဖုန်းလေး ဒူးရင်းသီးရွေးရင် ကျွန်မအပြန် ၁၀ လုံးဝယ်ပြီး ရှင့်ကိုဒူးထောက်ခိုင်းမယ်''
“အာ!!!!”
ကျောက်မိုယွင် ရင်နာသွားသည်။
အပျော်ပဲ၊ ဟာသပဲ လုပ်တာလေ။
လီကျားဝမ်ဒီလိုပြော၍လောမသိ၊ ချင်ဖုန်းလေးက ဒူးရင်းသီးကိုလွှတ်ကာ ယောင်ချာချာလုပ်နေသည်။ ထို့နောက် ဘေလ်စာရွက်တစ်ခုကိုလှမ်းသည်။
ပိုက်ဆံယူရင်လည်းကောင်းတာပဲ။ ကျိုးဖမ်းတဲ့အခါပိုက်ဆံယူရင် အဓိပ္ပါယ်ကောင်းသည်။ တစ်ဘဝလုံး ချမ်းသာကြွယ်ဝမှုကိုကိုယ်စားပြုသည်။
သို့သော် ချင်ဖုန်းလေးက ပိုက်ဆံကိုလုံးဝဂရုစိုက်ပုံမပေါ်။ သူကအပေါ်တက်ပြီး ဒင်္ဂါးပြားပေါ်ထိုင်ချလိုက်သည်။
***