ထို့နောက် စိတ်ဝင်စားစရာတွေဖြစ်လာသည်။
ချင်ဖုန်းလေးရှေ့တွင် ကလေးမလေးသုံးယောက်ဓာတ်ပုံရှိသည်။
"ချင်လင်''
လီရှင်းက ချက်ချင်းပင်_
"မင်းသားက ငါ့သမီးကိုယူတယ်... အခုငါ့သားမက်ပဲ''
"ဟုတ်တယ်.. ဒီတစ်ခါအားပြိုင်တာ သူယူတဲ့သမီးကအပိုင်ပဲ''
ချန်ရှန်းဖေကလည်းဖြည့်ပြောသည်။
"ဒါပဲ''
မာလဲ့ဝမ်ခေါင်းညိမ့်သည်_
"ရွေးရမှာ ချင်ဖုန်းလေးပဲ''
"ကျွတ် ကျွတ်''
ချင်လင်ပြောစရာစကားမရှိတော့။
ချင်ဖုန်းလေးက တစ်နှစ်ပဲရှိသေးတာ။ မိန်းကလေးပုံကိုစိတ်ဝင်စားရကောင်းမှန်းသိမလား?
သူတို့သမီးပုံကို သူ့သားကယူမည်မထင်။
သို့သော် သူ့အတွေးမဆုံးခင် ချင်ဖုန်းလေးကဓာတ်ပုံသုံးပုံဆီတွားသွားပြီး လီရှင်းသမီးပုံကိုလက်လှမ်းလိုက်သည်။
“????”
ချင်လင်ကြောင်သွားသည်။ ချင်ဖုန်းလေးကတော့ သူ့ကိုအရှက်ရအောင်လုပ်ပြီ။
ဒီကောင်လေး အဖေကိုမျက်နှာသာမပေးပါလား?
လီရှင်းကပြုံးရွှင်ပြီး_
"ချင်လင် တွေ့လား? ချင်ဖုန်းလေးက သူ့ဘာသာရွေးမှာ... ကလေးတွေကိုစေ့စပ်ထားလို့ရပြီ?''
သို့သော် သူပြောရုံရှိသေး၊ ချင်ဖုန်းလေးက ချန်ရှန်းဖေသမီးဓာတ်ပုံကိုလှမ်းဆွဲပြန်သည်။
ချန်ရှန်းဖေကထပ်ပြီး_
"လီရှင်း အဲဒါထည့်မတွက်ဘူး... အခုချင်ဖုန်းလေးက ငါ့သမီးဓာတ်ပုံမှာ... မင်းသမီးကကျန်ခဲ့ပြီ''
ချင်ဖုန်းလေးက ချန်ရှန်းဖေနဲ့လီရှင်းသမီးဓာတ်ပုံကို မာလဲ့ဝမ်သမီးဓာတ်ပုံပေါ်ထပ်လိုက်မည်ဟုမထင်မိ။
ဓာတ်ပုံသုံးပုံထပ်လျက်သားဖြစ်သွားသည်။
ချင်ဖုန်းလေးက အိမ်ဆောက်ဂိမ်းဆော့နေသလိုမြူးတူးပြီး သူ့လက်သေးသေးလေးနှင့် ဓာတ်ပုံသုံးပုံကိုလိုက်ပွတ်သပ်သည်။
မဟုတ်ရင် ကလေးမှာဘာအတွေးရှိမလဲ?
ထိုမြင်ကွင်းကြောင့် ချန်ရှန်းဖေ၊မာလဲ့ဝမ်နှင့်လီရှင်းတို့က အချင်းချင်းကြည့်လိုက်ကြသည်။
"ကောင်လေးက သုံးယောက်လုံးလိုချင်တာတော့မဟုတ်ပါဘူးနော်?''
ချန်ရှန်းဖေကအံ့ဩသံနှင့်ပြောသည်။
"လောဘကြီးလိုက်တာ?''
လီရှင်းက ရေရွတ်သည်။
"ဒါဆို ဘယ်သူ့အပိုင်လဲ?''
မာလဲ့ဝမ်ကမေးသည်။
သူတို့သုံးယောက်သားစကားပြောနေစဉ် နောက်ဆုံးသည်းမခံနိုင်သူတစ်ယောက်ထွက်လာသည်။ လီခိုင်က ဖြောင့်မတ်မှန်ကန်သောအသံနှင့်_
"မင်းတို့သုံးယောက် ကိုယ့်ကိုယ်ကိုယ်အရှက်မခွဲပါနဲ့တော့လား? ချင်ဖုန်းလေးနဲ့မင်းတို့သမီးကြားဆက်ဆံရေးက ဘာလဲ? သူက ငါ့သားမက်ဖြစ်လာမယ့်သူပဲ... မင်းတို့ဆက်ဆံရေးက ငါနဲ့ညီလေးချင်လောက်ကောင်းဦးမလား?''
ထိုသို့ပြောပြီး သူ့သမီးကိုထန်ရှိုးဝမ်လက်ထဲမှဆွဲချီကာ ပြကွက်တစ်ခုစတော့သည်။
သူ့သမီးကို ချင်ဖုန်းလေးနားတန်းချလိုက်၏။ ကလေးကိုကျိုးဖမ်းသောပစ္စည်းတစ်ခုလိုသဘောထားနေသည်။
ချင်လင်ကိုလည်း_
"မင်းရောအဲလိုမထင်ဘူးလား ညီလေးချင်? ငါတို့က အရင်းနှီးဆုံးလေ'' ဟု ပြောဖြစ်အောင်ပြောလိုက်သေးသည်။
ချင်လင် မျက်နှာကိုအုပ်ထားလိုက်သည်။
ဒီအစ်ကိုလီက အဆင့်အတန်းမြင့်၊ပညာတတ်ဖြစ်ပါလျက်နဲ့ လောင်ချန်၊လောင်မာတို့ထက်ပိုရူးရသေးလား?
ထန်ရှိုးဝမ်မှာ သူမစီနီယာအစ်ကိုလုပ်ရပ်ကြောင့် မျက်နှာနီသွားသည်။
သူ့သမီးကိုမလိုချင်မှာစိုးပြီး အလောတကြီးလိုက်ပေးနေသလိုပင်။
ဒါပေမဲ့ တွေးကြည့်မှ ချင်ဖုန်းလေးသာဆိုရင်၊ မိုချင်းတို့သဘောတူရင် စေ့စပ်ထားတာကောင်းမည်။
ရုတ်ချည်းဆိုသလို စီနီယာအစ်ကိုလီရဲ့လုပ်ရပ်ကိုရူးသည်မထင်တော့။
ချင်ဖုန်းလေးမှာ သူ့နားကလေးမလေးရုတ်တရက်ရောက်လာသောကြောင့် လန့်သွားသည်။
ကလေးတွေကပျော်တတ်၊ခင်တတ်သည်။ သူကမြူးတူးပြီး လီခိုင်သမီးကိုဆွဲကာ ခိုးခိုးခစ်ခစ်ရယ်သည်။
လီခိုင်၏အနိုင်ပိုင်းကွက်ကြောင့် ချန်ရှန်းဖေ၊မာလဲ့ဝမ်၊လီရှင်းတို့လမ်းပျောက်သွားသည်။
သုံးယောက်သားအချင်းချင်းကြည့်ပြီး အစ်ကို ၆ ရောက်လာပြီဟုသဘောပေါက်လိုက်ကြသည်။
သုံးယောက်သားကစိတ်မြန်လက်မြန်ရှိပြီး သာမန်လူတွေနဲ့မတူတာ တွေးသာကြည့်။
ဒီအချိန်မှာ ဘယ်လိုလုပ်အနိုင်ခံမလဲ?
ချန်ရှန်းဖေက သူ့မိန်းမနားကပ်ပြီးသမီးကိုချီကာ ချင်ဖုန်းလေးနားချလိုက်သည်။
လီရှင်းနှင့်မာလဲ့ဝမ်ကလည်း အားကျမခံ။ သူတို့သမီးချီပြီး ချင်ဖုန်းလေးနားချသည်။
အခုချင်ဖုန်းလေးနားမှာ ကလေးမလေး ၄ ယောက် ပတ်လည်ဝိုင်းနေ၏။
ချင်ဖုန်းလေး ပိုပျော်သွားသည်။ သူကခိုးခိုးခစ်ခစ်ရယ်သလို လက်ခုပ်လက်ဝါးလည်းတီးသည်။
အထူးသဖြင့် ဒီကောင်လေးက မျှမျှတတရှိရမှန်းနားလည်သည်။ အစ်မကြီးတစ်ယောက်ပြီးတစ်ယောက်ဆွဲခေါ်၏။
သီးနှံများခွဲဝေပေးသလို ကလေးမလေး ၄ ယောက်လက်ထဲပစ္စည်းများထည့်ပေးရကောင်းမှန်းသိသည်။
ကစားဖော်အများကြီးတွေ့ဖူးတာ ဒါပထမဆုံးဖြစ်မည်။
အခုကျိုးဖမ်းပွဲက ဘယ်လိုဖြစ်သွားပြီလဲ?
ကလေးကစားကွင်းလား?
ချန်ရှန်းဖေ၊မာလဲ့ဝမ်၊လီရှင်းနှင့်လီခိုင်က တစ်ယောက်မျက်လုံးတစ်ယောက်မကြည့်ကြဘဲ အချင်းချင်းထေ့ငေါ့ကြ၏။
လင်းဖန်နှင့်ချန်ရှောက်ကကြည့်ပြီး အရမ်းဝမ်းသာနေသည်။
ချင်ဖုန်းလေးက ကလေးမလေးတွေကြားမှာနာမည်ကြီးနေပြီ။ ကြီးလာရင်မိန်းမမရမှာ ပူစရာမလိုတော့။
တကယ်တော့ သူတို့အဘွားဖြစ်သူအမြင်မှာ အရင်စေ့စပ်ထားတာကောင်းသည်။ အနည်းဆုံးတော့ ချင်ဖုန်းလေးအတွက်ချစ်သူရွေးထားနိုင်သည်။
မော်ဒန်ခေတ်မှာ ဒါမျိုးမရှိသော်လည်း ၄ ယောက်လုံးရှိတာကောင်းမည်ဟု သူတို့ထင်သည်။
သူတို့အသက်အရွယ်နဲ့ နည်းနည်းလောဘကြီးလည်းရတယ်မလား?
ချင်လင်က ချင်ဖုန်းလေးနှင့်ပျော်ပျော်ရွှင်ရွှင်ကစားနေသောကလေးမလေး ၄ ယောက်ကိုကြည့်ပြီး နည်းနည်းစိုးရိမ်နေသည်။
ငယ်ဘဝရည်းစားတွေများပြီး စိတ်ပိုင်းဆိုင်ရာအကြွေးတွေတင်လေမလား?
ပြီးမှ သူ့ကိုယ်သူရယ်လိုက်သည်။
ဒီကောင်လေးအသက်ဘယ်လောက်ရှိသေးလို့လဲ? သူဘာလို့ဒါကိုစိုးရိမ်နေရတာလဲ?
ချန်ရှန်းဖေ၊မာလဲ့ဝမ်၊လီခိုင်၊လီရှင်းတို့ကြောင့် ချင်ဖုန်းလေးကျိုးဖမ်းပွဲက စည်ကားနေသည်။
ပြီးနောက် ကျောက်မိုချင်းနှင့်လင်းဖန်လည်း ဧည့်သည်တချို့ကိုစံအိမ်နှင့်မွေးမြူရေးခြံသို့အလည်အပတ်လိုက်ပို့သည်။
ချင်ဖုန်းလေးမွေးနေ့ပွဲဖိတ်ထားမှတော့ စားပြီးတန်းပြန်မပို့နိုင်။ အိမ်ရှင်ဧည့်ဝတ်ကျေရဦးမည်။
ညနေပိုင်းတွင် ဦးလေးတရှန်းနှင့်ဦးလေးရွှေ့ကန်းကိုလိုက်ပို့သည်။
ချန်ရှန်းဖေတို့က ဆက်နေကြ၏။
နောက်တစ်နေ့_
ချင်ဖုန်းလေးက ရှောင်ရန်စီးပြီး ဧည့်ခန်းထဲကစားနေသည်။
အခုလင်းဖန်နှင့်ကျောက်မိုချင်းက ရှောင်ရန်ကိုလုံးလုံးစိတ်ချထားပြီ။ သူတို့မကြည့်ရင်တောင် ရှောင်ရန်က သူ့သခင်လေးကိုသေချာဂရုစိုက်မည်မှန်းသိသည်။
ဘေးတွင်_
လင်းလျိုတို့ကလည်း သမီးလေးများချီပြီး ထိုမြင်ကွင်းကိုစူးစမ်းကြည့်နေကြသည်။
သူတို့အဖို့ မိချောင်းကအလွန်အန္တရာယ်များသောတိရစ္ဆာန်ဖြစ်သည်။ အထူးသဖြင့် ဒီလောက်ကြီးသောအကောင်ပင်။
ဒါပေမဲ့ သူဌေးချင်ကဒီလောက်မိချောင်းကြီးကိုယဉ်ပါးအောင်လုပ်ပြီး ချင်ဖုန်းလေးစိတ်တိုင်းကျစီးခိုင်းမည်ဟုလုံးဝမထင်မိ။
ဒီတော့မှ သူဌေးချင်က ဉာဏ်ကြီးရှင်၊ စားဖိုမှူး၊ အင်တာနက်ဆယ်လီမြင်းစီးသူဖြစ်သည့်အပြင် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်တွင် ရှဉ့်များကိုယဉ်ပါးအောင်လုပ်ဖူးကြောင်းသတိရကြသည်။
သူဌေးချင်က မိချောင်းကိုဒီလောက်ယဉ်ပါးအောင်လုပ်ထားမှန်း အပြင်လူတွေလုံးဝထင်မှာမဟုတ်။
လင်းလျိုတို့လက်ထဲမှသမီးလေးများကလည်း ချင်ဖုန်းလေးနှင့်ရှောင်ရန်ကိုစူးစမ်းနေကြသည်။ ပျော်နေသလိုလိုတောင်ရှိသည်။ သူတို့လည်းကစားချင်သလို ချင်ဖုန်းလေးကိုလက်လှမ်းကြ၏။
လင်းလျိုတို့က သူတို့သမီးကိုမလွှတ်ရဲ။
မိချောင်းက ချင်ဖုန်းလေးနဲ့ယဉ်ပါးသလို သူတို့သမီးတွေနဲ့ယဉ်ပါ့မလား?
တစ်ရက်ပြီးတစ်ရက် အချိန်ကုန်လွန်သည်နှင့်အမျှ ရာသီဥတုအေးလာပြီး ပြည်တွင်းခရီးသွားလုပ်ငန်းတဖြည်းဖြည်းကျဆင်းလာသည်။
အေးသောနေ့တွင် ဆောင်းရာသီကြိုက်သောခရီးသည်များမှလွဲ၍ ခရီးသည်အများစုကအပြင်မထွက်ကြ။
အပြောင်းအလဲမရှိသောရှုမျှော်ခင်းနေရာများမှာ ဆောင်းရာသီပွဲတော်ကျင်းပသောနေရာများသာဖြစ်သည်။
ရုံချန်းခရီးသွားလုပ်ငန်းမှာမူ သက်ရောက်မှုမရှိဘဲ ပိုပြီးရေပန်းစားလာသည်။
ဆောင်းမှာအေးပြီး နွေမှာနွေးသောကြောင့် ရုံချန်းခရီးသွားရန်အသင့်တော်ဆုံးအချိန်ဖြစ်သည်။
ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံမှာ ပိုပြီးသက်ရောက်မှုနည်းသည်။ ရုံချန်းရာသီဥတုမပြောင်းလဲခင်ကတည်းက ဆောင်းတွင်းမှာတောင် ခရီးသည်များပြည့်နေသည်။
နောက်ပြီး ချင်းလင်စံအိမ်က ပရောဂျက်တစ်ခုထပ်ဖွင့်တော့မည်။ နတ်သမီးပုံပြင်တောင်ပင်။
နတ်သမီးပုံပြင်တောင်_
ချင်လင်ရော ကျောက်မိုချင်းပါရောက်နေပြီး လင်းလန်ဇီကမိတ်ဆက်ပေးသည်။
နတ်သမီးပုံပြင်တောင်တစ်တောင်လုံးအသွင်ပြောင်းထားသည်မှာ ပြီးလုနီးနီးဖြစ်ကြောင်းတွေ့ရသည်။
မကြာမီ နတ်သမီးပုံပြင်တောင်ထိပ်သို့ ချင်လင်နှင့်ကျောက်မိုချင်းရောက်သွားပြီး အံ့ဩစရာမြင်ကွင်းကိုမြင်ရသည်။
ပန်းအိမ်က ထူးခြားလှပပြီး ဂိမ်းအရည်အသွေးများပါသည်။
တောင်ထိပ်ပေါ်ရှိပန်းအိမ်ကို လင်းဟန်တို့ဒီဇိုင်နာများအထူးရေးဆွဲထားခြင်းဖြစ်သည်။ အစိတ်အပိုင်းများဖြန့်ကျက်ထားပုံကသင့်တင့်မျှတပြီး အပြင်အဆင်ပြီးပြည့်စုံသည်။ အစိမ်းရောင်အပင်များနှင့်လိုက်ဖက်နေ၏။
ပန်းအိမ်ထဲဝင်ပြီး ပန်းအိမ်အာနိသင်ကိုမခံစားဖူးရင်တောင် အမြင်နှင့်တင်အတော်လှသည်ဟုဆိုရမည်။
ဒါအလှဆုံးအချိန်မဟုတ်သေး။ မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မကဏ္ဍကျန်သေးသည်။
မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မအစွမ်းပြရင် ဒီနေရာက နတ်သမီးကမ္ဘာဖြစ်သွားမည်။
ဘေးတွင် ယွီရွှေ့ကလူအင်အားနှင့် မျိုးပြောင်းအာကာသနွယ်ပင်၊ညဘုရင်မပင်ပေါ်မှလိုက်ကာများကိုဆွဲဖယ်နေသည်။
နတ်သမီးပုံပြင်တောင်မပြီးခင် ဒီအပင်များထူးခြားပုံကိုလူသိမည်စိုး၍ လိုက်ကာများနှင့်အုပ်ထားသည်။
အခုနတ်သမီးပုံပြင်တောင်ပြင်ဆင်ပြီးဖြစ်သောကြောင့် ချပြနိုင်ပြီ။
ဒီည နတ်သမီးပုံပြင်တောင်က ခရီးသည်အားလုံးကိုအံ့အားသင့်စေလိမ့်မည်။
***