ယွီရွှေ့က မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မပင်ပေါ်မှလိုက်ကာများကိုဖယ်လိုက်သည်။
ချင်လင်၊ကျောက်မိုချင်းနှင့်လင်းလန်ဇီတို့က ပန်းအိမ်ထဲဝင်လိုက်ရာ လင်းဟန်က သူ့စီနီယာအစ်ကိုအစ်မများနှင့်အတူ မြင်ကွင်းရှင်းလင်းနေသည်။
အားလုံးပြုံးရွှင်ပြီး ပန်းအိမ်ကိုကျေကျေနပ်နပ်ကြည့်နေကြသည်ကိုတွေ့ရသည်။
ဒါသူတို့ပူးပေါင်းအားထုတ်ထားတဲ့ရလဒ်။
သူတို့လုပ်ဖူးသမျှထဲတွင် အကောင်းဆုံးအိမ်ရာပရောဂျက်လည်းဖြစ်သည်။
ထိုတောင်ထိပ်မှာ ကောင်းကင်ဘုံနှင့်တူနေ၏။
သူတို့ဒီဇိုင်းဆွဲနေစဉ်က နောက်ဆုံးဒီလောက်လှမည်ဟုမထင်မိ။
ပန်းအိမ်မှာဂိမ်းအရည်အသွေးရှိမှန်း သူတို့မသိပေ။
ဒီနေရာက နေထွက်ရှုခင်းကြည့်ရင် ဘယ်လောက်ကြည်နူးအံ့ဩစရာကောင်းမလဲ စိတ်ကူးကြည့်နိုင်သည်။
နောက်ပြီး ချင်းလင်စံအိမ်ကကြော်ငြာသည့်အတောအတွင်း ဒီဇိုင်နာနာမည်များကိုသုံးမည်ဟုကတိပေးထားသည်။ အပြီးသတ်ထုတ်ကုန်ကြော်ငြာသည့်အခါ နတ်သမီးပုံပြင်တောင်နာမည်ကိုလည်းသုံးခွင့်ပြုသည်။
နတ်သမီးပုံပြင်တောင်နာမည်ကြီးလာရင် သူတို့အကျိုးအမြတ်များမည်။
လင်းဟန်က ချင်လင်၊ကျောက်မိုချင်း၊လင်းလန်ဇီတို့ကိုမြင်ပြီး ချက်ချင်းရောက်လာကာနှုတ်ဆက်သည်_
"ဥက္ကဌချင် ဥက္ကဌကျောက် ဥက္ကဌလင်း.. ရောက်လာပြီလား... ပန်းအိမ်တွေလိုက်ပြရမလား?''
သုံးယောက်သား ခေါင်းညိမ့်လိုက်သည်။
လင်းဟန်က ပန်းအိမ်များလိုက်ပြသည်။ သူမကလမ်းလျှောက်ရင်း မိတ်ဆက်ပေး၏_
"ပန်းအိမ်ကိုအပိုင်းသုံးပိုင်းခွဲထားတယ်... မိုးကုပ်စက်ဝိုင်းပုံ... ပန်းအိမ်ထဲကနေတောင် နေထွက်ရှုခင်းကိုကြည့်နိုင်အောင်စီစဉ်ရမယ်''
"ပန်းအိမ်ထဲမှာလည်း ညဘုရင်မနဲ့မျိုးပြောင်းအာကာသနွယ်ကိုရောယှက်ထားတယ်... မော်ဒန်အနီရောင်မြူခိုးသုံးထားတယ်''
လင်းဟန်က သူမဒီဇိုင်းဆင်ထားသောပန်းအိမ်အကြောင်းသေချာသိသည်။ လမ်းလျှောက်ရင်း အာပေါင်အာရင်းသန်သန်နှင့်ရှင်းပြ၏။
ပန်းအိမ်အကြောင်းအသေးစိတ်နားလည်ပြီးနောက် ချင်လင်ပိုကျေနပ်သွားသည်။ အမှန်ပင် အားလုံးကိုသေချာလုပ်ထားသည်။
ထို့နောက် ချင်လင်နှင့်ကျောက်မိုချင်းက ကေဘယ်ကားနှင့်နတ်သမီးပုံပြင်တောင်ပေါ်မှဆင်းသည်။
ကေဘယ်ကားပေါ်မှ နတ်သမီးပုံပြင်တောင်ပြင်ဆင်ချက်အမျိုးမျိုးကိုရှင်းရှင်းလင်းလင်းမြင်ရသည်။ တောင်ထိပ်ပေါ်တွင် ပန်းအိမ်အပြင် စခန်းချစရာနေရာများရှိသည်။
စခန်းချနေရာများတွင် ရွက်ဖျက်တဲများရှိပြီး မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မပင်များလည်းစိုက်ထားသည်။
စခန်းချနေရာနှင့်ပန်းအိမ်ဖွင့်လျှင် ခရီးသည်တည်းခိုစရာရှားသောပြဿနာမှာ အတိုင်းအတာတစ်ခုအထိလျော့နည်းသွားမည်။
ချင်းလင်ရှုမျှော်ခင်းနေရာမှာတန်းအိပ်နိုင်ရင် ခရီးသည်အများစုက ရုံချန်းမှာတည်းခိုတော့မည်မဟုတ်။
ဒီတော့ စခန်းချနေရာက နာမည်မကြီးမှာမပူရ။
ချင်းလင်အပန်းဖြေစံအိမ်_
လင်းဖန်က ချင်ဖုန်းလေးနှင့်ကစားနေသည်ကို ချင်လင်တွေ့ရသည်။ သူတို့နားတွင် ကလေးမလေးများရှိသည်။ ချန်ရှန်းဖေတို့သမီးလေးများပင်။
ချန်ရှန်းဖေတို့က မင်မြို့တော်ပြန်သွားကြပြီ။ မည်သို့ဆိုစေ အားလုံးသူဌေးကြီးများဖြစ်၍ နေ့စဉ်ဖြေရှင်းစရာကိစ္စများသည်။ လင်းလျိုတို့သာ ကလေးများနှင့်အနားယူရန် စံအိမ်မှာနေရစ်သည်။
သူတို့လိုမိသားစုအဖို့ ချင်းလင်အပန်းဖြေစံအိမ်မှာအနားယူတာ သာမန်ကိစ္စပင်။ သူတို့မှာပိုက်ဆံမရှား။
လူတကာအားကျစရာပင်။
ဘာပဲဖြစ်ဖြစ် ချင်းလင်အပန်းဖြေစံအိမ်မှာ တစ်နိုင်ငံလုံးတွင်နာမည်ကြီးသည်။ ပြည်တွင်းအကောင်းဆုံးအပန်းဖြေနေရာမှန်း လူတိုင်းသိကြသည်။ လာချင်တိုင်း လာလို့မရ။ ဘယ်လောက်ချမ်းသာချမ်းသာ သူဌေးချင်သဘောမတူရင် မလာနိုင်ချေ။
သို့သော် သူတို့က မကြာခဏနေနိုင်သည်။ သူတို့ယောက်ျားက လူတကာအားကျရသူနှင့်မိတ်ဆွေဖြစ်၍ဟုသာပြောရမည်။
လင်းလျိုတို့ရှိသောကြောင့် ချင်ဖုန်းလေးမှာကစားဖော်များနေသည်။ ကြမ်းကိုပျော့ပျော့အိအိခင်းထား၍ ကလေးများပျော်ပျော်ရွှင်ရွှင်တက်ကစားနိုင်သည်။
ကျောက်မိုချင်းကတိတ်တိတ်လေးရောက်လာပြီး ကလေးကြည့်ရင်း လင်းလျိုတို့နှင့်စကားဝိုင်းဖွဲ့သည်။
ချင်လင်က ရုံးခန်းထဲပြန်ပြီး ငါးမျှား၊ဇာတ်ကွက်ရှာစသော နေ့စဉ်တာဝန်များလုပ်သည်။
ဖြစ်ချင်တော့ ဒီနေ့လည်းကံမကောင်း။
သို့သော် ဒီနှစ်ရုံချန်းကံအလွန်ကောင်းသည်။ ခရီးသည်များတသဲသဲဝင်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် နိုင်ငံ့ရတနာဘေးမဲ့တောကြောင့် ခရီးသည်များကြည့်ရှုစရာများနေသည်။
မြို့တစ်မြို့မှာ ဒီလိုပြဿနာမျိုးရှိတာမယုံနိုင်စရာ။ မြို့မှာခရီးသွားလုပ်ငန်းဖွံ့ဖြိုးလွန်း၍ ပြည်တွင်းဘယ်မြို့မှမယှဉ်နိုင်သည့်သဘောရှိသည်။
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီမှာ သူငယ်ချင်းကောင်းများဖြစ်သည်။ ဓာတ်ပုံမော်ဒယ်များဖြစ်ပြီး ကြည့်ကောင်းခြင်း၊သရုပ်ဆောင်ကောင်းခြင်းကြောင့် တစ်နှစ်တစ်နှစ်ပိုက်ဆံအများကြီးရှာနိုင်သည်။
ရုံချန်းအကြောင်းသတင်းများတွေ့ဖူးပြီး သူတို့စူးစမ်းချင်နေကြသည်။ ဒီနှစ် ရုံချန်းမှာအပန်းဖြေကြရန် သူတို့နှစ်ယောက်ချိန်းထား၏။
ပထမရက်၊ဒုတိယရက်တွင် ချင်းလင်စံအိမ်သတို့သမီးခန်းရသောကြောင့်ကံကောင်းသည်။ ရုံချန်းတွင်လဝက်လောက်စတည်းချရန် အခန်းလည်းယူထားသည်။
ဒီလိုရာသီဥတုမျိုးရှိသောမြို့မှာ ကောင်းကောင်းနားရမည်။ နောက်ပြီး သူတို့အလုပ်အများစုက ဖုန်းတစ်လုံးနှင့်အလုပ်လုပ်နိုင်သည်။ ဖုန်းနှင့်ဓာတ်ပုံ၊ဗီဒီယိုများရိုက်ပြီးပို့ပေးနိုင်သည်။
ချင်းလင်စံအိမ်ရောက်ရောက်ချင်း ID ကတ်ပြကာ စာရင်းသွင်းသည်။
သတို့သမီးခန်းထဲပစ္စည်းများရွှေ့ပြီးနောက် ကျူးယွမ်ယွမ်ကမေးသည်_
"လီလီ.. အရင်ဆုံး ဘယ်သွားကြမလဲ?''
"ရွက်လွှင့်ကြတာပေါ့.. အဲဒါမစီးရတာကြာပြီ''
ဝမ်လီလီက တန်းပြောသည်_
"ချင်းလင်စံအိမ်ရွက်လွှင့်က ကမ္ဘာမှာပျော်စရာအကောင်းဆုံးလို့ပြောကြတယ်''
"အင်း.. ငါလည်းကြားဖူးတယ်''
ကျူးယွမ်ယွမ်ကပြောသည်။
ချင်းလင်စံအိမ်ရွက်လွှင့်က ပြည်တွင်းရောပြည်ပမှာပါ နာမည်ကြီးသည်။
ပြည်တွင်းခရီးသည်များပါမက ပြည်ပခရီးသည်များကိုပါဆွဲဆောင်နိုင်သည်အထိ ချင်းလင်စံအိမ်ကနာမည်ကြီးသည်။
နိုင်ငံခြားသားများမှာ စိတ်လှုပ်ရှားစရာဂိမ်းများသဘောကျသောကြောင့် မဖြစ်မနေရွက်လွှင့်ကြသည်။
***