ထို့ကြောင့် နိုင်ငံခြားခရီးသည်များမှာ ချင်းလင်စံအိမ်တွင်ရွက်လွှင့်ပြီးနောက် မြစ်ထဲတွင်ပျော်ခြင်း +၃ အာနိသင်လွှမ်းမိုးခြင်းခံရသည်။
ထိုခရီးသည်များမှာ ပထမဆုံးအကြိမ်စီးပြီးလျှင် မနေနိုင်ဘဲဆက်တန်းစီကြသည်။ ဒုတိယအကြိမ်၊ တတိယအကြိမ်...
ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံခြားခရီးသည်များပျော်ကြသည်။
ထိုခရီးသည်များပြန်သောအခါ ချင်းလင်စံအိမ်ရွက်လွှင့်ကိုကမ္ဘာ့ပျော်စရာအကောင်းဆုံးဟုကြော်ငြာပေးကြသည်။
မယုံကြည်သူတချို့လည်း ဒီအတွက်သက်သက်လာကစားပြီး စွဲလန်းသွားကြသည်။ ဂိမ်းအရည်အသွေးကိုဘယ်သူမှမခုခံနိုင်။
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီမှာ သူတို့အလှည့်မကျခင် အကြာကြီးတန်းစီရသည်။ ကာကွယ်ရေးဝတ်စုံများဝတ်ပြီး မြစ်ထဲဆင်းကြ၏။
ထို့အတူပင် နှစ်ယောက်သားမြစ်ထဲဆင်းဆင်းချင်း Kappa ပျော်ရွှင်ခြင်းကျောက်၏လွှမ်းမိုးမှုကိုခံရသည်။
နှစ်ယောက်သားအပျော်လွန်ပြီး ဓာတ်ပုံ၊ဗီဒီယိုရိုက်ဖို့တောင်မေ့နေကြသည်။ အဆုံးသတ်မျဉ်းရောက်သောအခါ ကယက်လှေပေါ်မှဆင်းလိုက်ရ၏။
"လီလီ''
ကျောက်ယွမ်ယွမ်ကမနေနိုင်ဘဲ_
"ချင်းလင်စံအိမ်ရွက်လွှင့်က သူများတွေပြောတဲ့အတိုင်းပျော်စရာကောင်းတာပဲ''
"အင်း''
ဝမ်လီလီကခေါင်းညိမ့်ပြီး_
"မိုးချုပ်သွားလို့.. မဟုတ်ရင် ထပ်စီးပြီးပြီ''
မိန်းကလေးနှစ်ယောက် နှမြောနေကြသည်။
ထို့နောက် ချင်းလင်တောင်တန်းစံအိမ်စားသောက်ဆိုင်ထဲသွားသည်။ သူတို့နောက်ကျသောကြောင့် အလှအပသခွားသီး၊ အလှအပဥလိုပစ္စည်းများဝယ်ရန် ချင်းလင်စျေးဝယ်စင်တာသို့မသွားနိုင်။ နောက်နေ့မနက်စောစောမှသွားရမည်။
ဒီနေ့ ချင်းလင်စံအိမ်မှာ ပုံမှန်အစားအသောက်သာစားရမည်။
ပုံမှန်အစားအသောက်ဆိုရင်တောင် စိုက်ခင်းထဲမှအရည်အသွေး ၁ ဟင်းသီးဟင်းရွက်များဖြစ်၍ တခြားစားသောက်ဆိုင်မှဟင်းပွဲများထက်ပိုကောင်းသေးသည်။
ချင်းလင်စားသောက်ဆိုင်တွင်ညစာစားပြီးနောက် ကျူးယွမ်ယွမ်နှင့်ဝမ်လီလီကအပြင်ထွက်လမ်းလျှောက်လာသည်။ ရုတ်တရက် တစ်ယောက်ယောက်အော်သံကြားရသည်_
"အာ.. အဲဒါဘာလဲ?''
"ဟိုတောင်ပေါ်မှာလင်းနေတာ.. ဘာဖြစ်တာလဲ?''
နောက်ခရီးသည်တစ်ယောက်ကပြောသည်။
ထို့နောက် အံ့ဩသံများဆက်ကြားရသည်။
"ရွက်လွှင့်ကောင်းလိုက်တာ... ဟိုဟာဒီဟာတွေကဘာလဲ?''
"အံ့ဩစရာပဲ.. နတ်သမီးပုံပြင်ထဲကတောင်နဲ့တူတယ်!''
"ချင်းလင်စံအိမ်ကဖွင့်တဲ့တောင်ထင်တယ်''
ကျောက်လီယွမ်နှင့်ဝမ်လီလီက အာမေဋိတ်သံများကြောင့် ဇဝေဇဝါနှင့်ထွက်လာသည်။ ခရီးသည်များကြည့်နေသောဘက်လိုက်ကြည့်ပြီးမှ မှင်သက်သွား၏။ ထို့နောက် တဖြည်းဖြည်းအံ့ဩပုံပေါက်သွားသည်။
ညမိုးချုပ်အချိန် ခပ်လှမ်းလှမ်းတောင်ထိပ်မှာ မဲမှောင်ပြီး မမြင်ရနိုင်။
သို့သော် ထိုခပ်လှမ်းလှမ်းတောင်ထိပ်မှာ စိတ်ကြည်နူးစေသောအံ့ဖွယ်အလင်းတစ်မျိုးထွက်နေသည်။
မှောင်နှင့်မည်းမည်းတွင် ရုတ်တရက် နတ်သမီးပုံပြင်ထဲကတောင်ပေါ်လာသလိုပင်။
"လှလိုက်တာ!''
ကျူးယွမ်ယွမ်မှာမည်သို့ဖော်ပြရမည်မသိဘဲ ထိုစကားသုံးလုံးသာပြောနိုင်သည်။
ဝမ်လီလီကခေါင်းညိမ့်ပြီး တောင်ကိုငေးကြည့်နေ၏။
ဒါပေမဲ့ အဲဒီတောင်ပေါ်မှာဘာဖြစ်နေတာလဲ?
ဘာလို့အဲလိုလင်းနေတာလဲ?
နည်းပညာနဲ့ဖန်တီးထားတဲ့အလင်းမဟုတ်။ အလင်းကဖျော့ပြီး သဘာဝဆန်သည်။ ပြောမပြတတ်အောင်စိတ်ကြည်နူးစရာမျိုးပင်။
လူတိုင်းအံ့ဩပြီးစူးစမ်းနေကြသည်။
ထို့နောက် ထိုမြင်ကွင်းမြင်သောခရီးသည်အများစုက ဖုန်းထုတ်ပြီးတောင်ကိုဓာတ်ပုံများရိုက်ကြသည်။
ဘာပဲဖြစ်ဖြစ် ဒီလိုအံ့ဖွယ်မြင်ကွင်းမျိုးကိုဗီဒီယိုရိုက်ပြီး Wechat အခိုက်အတန့်များမှာတင်ရမည်။
နောက်ပြီး ချင်းလင်စားသောက်ဆိုင်တင်မဟုတ်။ ချင်းလင်စံအိမ်နှင့်မွေးမြူရေးခြံအနှံ့မှခရီးသည်အားလုံးမြင်ပြီး ဖုန်းနှင့်ဓာတ်ပုံရိုက်နေကြသည်။
ရုံချန်းတွင် တတိယပတ်လမ်းဖွင့်ပြီးနောက် မြို့တော်အရှေ့နှင့်အနောက်သို့တိုက်ရိုက်သွားနိုင်သောကြောင့် ရုံချန်းသားအများစုက ထိုလမ်းကိုရွေးကြသည်။
မြို့ဖြတ်ပြီးကုန်သွယ်သူများအဖို့ ဒီလမ်းကြောင်းကအကောင်းဆုံးဖြစ်သည်။
ကောချီရှန်းမှာ ဒီလိုကားမောင်းသူဖြစ်သည်။ တတိယပတ်လမ်းဖွင့်ပြီးနောက် သူ့အလုပ်ကပိုအဆင်ပြေသွားသည်။ ကျေးလက်လမ်းပိတ်ခြင်းမရှိတော့ဘဲ လိုရာဌာနသို့တိုက်ရိုက်မောင်းနိုင်သည်။
ဒီည ရေပို့ရမည်။ တတိယပတ်လမ်းအတိုင်း သူမောင်းလာပြီး ခပ်လှမ်းလှမ်းသို့ကြည့်လိုက်ရာ မယုံနိုင်ပုံပေါက်သွား၏။
ဟိုးတောင်ပေါ်မှာ ဘာဖြစ်နေတာလဲ?
တောင်က အရောင်ထွက်နေတာလား?
တတိယပတ်လမ်းဖွင့်ပြီးကတည်းက သူလျှောက်သွားဖူးသည်။ အရင်ကတောင်ပေါ်မှာ လုံးဝဒီလိုမဟုတ်။ အခုရုတ်တရက်လင်းလာသည်။
မယုံနိုင်စရာကောင်းလွန်း၍ မနေနိုင်ဘဲဖုန်းထုတ်ပြီး တောင်ကိုဓာတ်ပုံလှမ်းရိုက်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူကသူ။ လမ်းတလျှောက်တွင် မရပ်ဘဲမနေနိုင်သောကားအများကြီးရှိသည်။
ဒီည တခြားတောင်တစ်တောင် ရုတ်တရက်လင်းလာရင် ဒီလောက်အာရုံစိုက်ခံရမှာမဟုတ်။
အချိန်တိုအတွင်း ရုံချန်းသားများ၏ Wechat အခိုက်အတန့်များတွင်တက်လာသည်။ အတော်များများ Wechat ထဲဝင်ကြည့်လျှင် လင်းနေသောတောင်ပုံများတက်လာသည်။
နောက်ပြီး လင်းနေသောတောင်က စိတ်ကူးယဉ်သိပ္ပံကမ္ဘာထဲမှထွက်လာသလိုလှလွန်းသည်။
ရုံချန်းတင်မဟုတ်။
လိုင်းပေါ်တွင်လည်း Tiktok မှာ အမှောင်ထဲလင်းနေသောတောင်က ချက်ချင်းပြန့်သွားသည်။
ဗီဒီယိုရိုက်ပြီးတင်သောခရီးသည်အများကြီးရှိသည်။ ထို့အပြင် ချင်းလင်စံအိမ်စာတန်းထိုးထားသောဗီဒီယိုမှာ နာမည်ကြီးစာရင်းထဲမဝင်ဘဲမနေ။
ချန်ရွှယ်မှာ ချင်းလင်စံအိမ်အခြေအနေကိုအမြဲတမ်းအာရုံစိုက်ထားသည်။ ချင်းလင်စံအိမ်တွင်အလုပ်သင်ဆင်းခွင့်ရထားပြီဖြစ်ပြီး နောက်နှစ်အလုပ်သင်ဆင်းရမည်။ ထို့ကြောင့် ချင်းလင်စံအိမ်အခြေအနေကိုအရင်ထက်ပိုပြီးအာရုံစိုက်ထားသည်။
ပထမဆုံးမြင်ရသောဗီဒီယိုမှာ ချင်းလင်စံအိမ်ခရီးသည်တစ်ဦးတင်သောဗီဒီယိုပင်။
အမှောင်ထဲလင်းနေသောအံ့ဖွယ်တောင်ကိုကြည့်ရင်း မနေနိုင်ဘဲအဆောင်ထဲမှသူငယ်ချင်းများအား_
"လာကြည့်ပါဦး.. ချင်းလင်စံအိမ်မှာ ပရောဂျက်အသစ်ရှိတယ်ထင်တယ်... တစ်တောင်လုံးလင်းနေတာ''
အဆောင်ထဲမှသူမသူငယ်ချင်းများဝိုင်းအုံလာပြီး ဗီဒီယိုကိုကြည့်ကြသည်။
ချန်ရွှယ်ကြောင့် တချို့က ချင်းလင်စံအိမ်ကိုအာရုံစိုက်ထားကြသည်။
ဗီဒီယိုမှာ ချင်းလင်စံအိမ်ခရီးသည်တစ်ဦးက ခပ်လှမ်းလှမ်းမှရိုက်ထားခြင်းဖြစ်သည်။ အမှောင်ထဲတွင် တောင်ကလင်းနေပြီး တကယ်လှသည်။
သာမန်နည်းပညာအလင်းရောင်မဟုတ်ဘဲ သဘာဝကျကျ၊လိုက်ဖက်ညီညီနှင့် မယုံနိုင်စရာကောင်းသည်။
"ချင်းလင်စံအိမ်ရဲ့ဘာပရောဂျက်လဲ? ရှောင်ရွှယ် အမြန်မေးလိုက်''
တစ်ယောက်က လောလိုက်သည်။ ထိုမြင်ကွင်းကို သူမစိတ်ဝင်စားနေပြီ။
ချန်ရွှယ်မှာ ချင်းလင်စံအိမ်တွင်နွေရာသီအချိန်ပိုင်းဆင်းခဲ့သောကြောင့် ဝန်ထမ်းအတော်များများနှင့်သိသည်။
သူမက အလယ်တန်းအဆင့်မန်နေဂျာတစ်ဦးကိုတန်းမေးလိုက်သည်။ မကြာမီ ဖြစ်ကြောင်းကုန်စင်သိရပြီး သူမသူငယ်ချင်းများအား_
"နတ်သမီးပုံပြင်တောင်တဲ့... ချင်းလင်စံအိမ်ကဖွင့်မယ့်ပရောဂျက်ပဲ... ပြီးတော့ ချင်းလင်စံအိမ်က မကြာခင်ကြေညာမှာတဲ့''
သူမသူငယ်ချင်းများစိတ်ဝင်စားသွားသည်။
နတ်သမီးပုံပြင်တောင်ဆိုသောနာမည်က အလင်းရောင်ထွက်နေသောတောင်နှင့်အလွန်လိုက်ဖက်သည်။
သူတို့ကချက်ချင်း ချင်းလင်စံအိမ်တရားဝင်အကောင့်ထဲဝင်လိုက်သည်။ အမှန်ပင်။ ခဏအကြာ ဗီဒီယိုအသစ်တက်လာသည်။
ခေါင်းစဉ်မှာ: 'ချင်းလင်စံအိမ်နတ်သမီးပုံပြင်တောင်ပရောဂျက်'
ချန်ရွှယ်က ချက်ချင်းဗီဒီယိုဖွင့်လိုက်သည်။
ဗီဒီယိုဖွင့်ဖွင့်ချင်း အံ့ဩသွား၏။ ကောင်းကင်ပေါ်မှဒရုန်းနှင့်ရိုက်ထားသောပုံဖြစ်ပြီး တစ်တောင်လုံးမြင်ရသည်။ ခပ်လှမ်းလှမ်းမှတဖြည်းဖြည်းနီးလာပြီး တောင်အတွင်းပိုင်းကိုမြင်လာသည်။
ဒီလိုအံ့ဩစရာမျိုးကို ခရီးသည်များခပ်လှမ်းလှမ်းမှဖုန်းနှင့်ရိုက်ထားသည့်ပုံက မယှဉ်နိုင်။
မကြာမီ ဗီဒီယိုထဲတွင် တောင်ကြားတစ်ခုပေါ်လာသည်။ ချန်ရွှယ်တို့လည်း တောင်ကြားကိုစိတ်ဝင်စားပြီး မျက်စိမခွာနိုင်အောင်ဖြစ်နေကြသည်။
တောင်ကြားတွင် လှလှပပရွက်ဖျင်တဲများဆောက်ထားပြီး စိမ်းစိမ်းစိုစိုအပင်များဝန်းရံထားသည်။ အပင်စိမ်းစိမ်းများကြားတွင် နွယ်ပင်များ၊ညဘုရင်မပင်များရှိသည်။
သူတို့ထုတ်လွှတ်သောအလင်းဖျော့ဖျော့က ပတ်ဝန်းကျင်ကိုခြုံငုံပြီး အပင်စိမ်းစိမ်းများနှင့်တောင်ကြားတစ်ခုလုံးကို နတ်သမီးပုံပြင်ကမ္ဘာနှင့်တူစေသည်။
ဒီတောင်ကို ဘာကြောင့်နတ်သမီးပုံပြင်တောင်လို့ခေါ်လဲ သူတို့နားလည်သွားပြီထင်သည်။
လှလိုက်တာ။ တောင်ကြားကအဲဒီရွက်ဖျင်တဲထဲမှာနေရရင် နတ်သမီးပုံပြင်ထဲကလူဖြစ်သွားမယ်မလား?
ဗီဒီယိုကဆက်သွားပြီး မကြာမီတောင်ထဲဝင်လာသည်။ တောင်ပေါ်တွင်လမ်းကြောင်းများစွာရှိသည်ကိုလည်းတွေ့ရသည်။ လမ်းကြောင်းများတွင် စိမ်းစိမ်းစိုစိုအပင်များပြည့်နေသည်။ ဗီဒီယိုထဲမှမြင်ကွင်းမှာ ရုက္ခဗေဒဥယျာဉ်ထက်ပိုလှပြီးပိုဆွဲဆောင်မှုရှိသည်။
ရုတ်တရက် ချန်ရွှယ်တို့မှာ နတ်သမီးပုံပြင်တောင်ပေါ်သွားပြီးခဏနေရန်စိတ်ကူးမိသည်။ တောင်တက်လမ်းတလျှောက် သူတို့လျှောက်သွားချင်သည်။
သူတို့တင်မဟုတ်။ ခရီးသည်များ၏ဗီဒီယိုကိုမြင်သူများက ချင်းလင်စံအိမ်တရားဝင်အကောင့်ကိုသွားကြည့်ကြသည်။
ကြော်ငြာဗီဒီယိုထွက်လာပြီး အားလုံးသိသွားသည်။ တောင်ကြားနှင့်တောင်တက်လမ်းကိုမြင်သောအခါ မြင်သူတိုင်းစိတ်ဝင်စားကြသည်။
မကြာမီ ဗီဒီယိုတွင် စခန်းချနေရာနှစ်ခုပါလာသည်။ ထိုနေရာနှစ်ခုကလည်း အလွန်လှပြီးဆွဲဆောင်မှုရှိသည်။
နောက်ဆုံး ပုံရိပ်ကတောင်ပေါ်အမြန်ရွှေ့သွားပြီး တောင်ထိပ်ပေါ်လာ၏။
တောင်ထိပ်ပေါ်မှပန်းအိမ်ပေါ်လာသောအခါ အားလုံးအကြည့်မခွာနိုင်အောင်အံ့ဩသွားသည်။
ကိုယ့်ရှေ့ကို တကယ့်နတ်သမီးပုံပြင်ကမ္ဘာရောက်လာသလိုပင်။
***