ပန်းအိမ်မှာ ဓာတ်ပုံစားခြင်း +၂ ဂိမ်းအာနိသင်ရှိသည်။
ဗီဒီယိုထဲတွင် ပန်းအိမ်အလှကဖော်မပြနိုင်အောင်ပင်။
ပန်းအိမ်နှင့်တင် အကြည့်မခွာနိုင်အောင်ဖြစ်သည်။
အခုပန်းအိမ်အစုအဝေးဖြစ်၍ ဓာတ်ပုံစားခြင်း +၂ အာနိသင်က ခမ်းနားသည်။
မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မထပ်ပေါင်းလိုက်သောအခါ ပိုအံ့ဩစရာဖြစ်သွားသည်။
ဗီဒီယိုထဲတွင် အသံတစ်သံလည်းကြားရသည်_
"လား လား.. ဒါချင်းလင်စံအိမ်ကဖွင့်မယ့်ပရောဂျက်အသစ်ပါ... နတ်သမီးပုံပြင်တောင်က ချင်းလင်စံအိမ်သေချာဆောက်ထားတဲ့ပရောဂျက်အသစ်ဖြစ်ပါတယ်... လည်ပတ်ဖို့ကေဘယ်ကားသုံးနိုင်ရုံတင်မကဘူး... ညပိုင်း နတ်သမီးပုံပြင်နွယ်နဲ့ပန်းတွေကထွက်တဲ့နတ်သမီးပုံပြင်ကမ္ဘာကိုလည်းခံစားနိုင်ပါတယ်''
"နတ်သမီးပုံပြင်တောင်မှာလည်း တည်းခိုခန်းပရောဂျက်လေးနေရာပါပါတယ်... အဲဒီထဲက သုံးနေရာက ရွက်ဖျင်တဲတွေပါ''
"နောက်ဆုံးကတော့ တောင်ထိပ်ပေါ်က ပန်းအိမ်အစုအဝေးပါ... တည်းခိုနိုင်တဲ့အပြင် နေထွက်တာကိုလည်းကြည့်နိုင်ပါတယ်''
ချန်ရွှယ်တို့မှာ ပန်းအိမ်အစုအဝေးထဲနစ်မျောနေကြသည်။
ဒါကိုဖော်ပြနိုင်မည့်စကားမရှိ။
ဗီဒီယိုမိတ်ဆက်နားထောင်ပြီးနောက် ပန်းအိမ်တွင်ညအိပ်မည်ဟု စိတ်ထဲမှကြိတ်သဘောတူထားကြသည်။
အင်တာနက်တွင်လည်း ချင်းလင်စံအိမ်တရားဝင်အကောင့်မှတင်သောကြော်ငြာဗီဒီယိုကြောင့် အံ့ဩနေကြသည်။
ချင်းလင်စံအိမ်ကိုအာရုံစိုက်ထားသူအများစုက ပန်းအိမ်ကိုစိတ်ဝင်စားကြသည်။
အရင်ကပန်းအိမ်ပွဲကျင်းပပြီး အင်တာနက်တစ်ခုလုံး ပန်းအိမ်သတင်းများပြည့်ခဲ့ဖူးသည်။
ချင်းလင်စံအိမ်က ပန်းအိမ်ကိုဖွံ့ဖြိုးအောင်လုပ်မည်ဟုအားလုံးထင်ကြသော်လည်း စံအိမ်တွင်ပန်းအိမ်အလှဆင်ခြင်း၊ မွေးမြူရေးခြံတွင် ခရီးသည်များအနားယူရန်ပန်းအိမ်စိုက်ခြင်းမှလွဲ၍ တခြားဘာမှလုပ်သည်ကိုမတွေ့ရ။
သို့သော် ချင်းလင်စံအိမ်က ပန်းအိမ်အစုအဝေးပရောဂျက်လုပ်ထားမည်ဟုမထင်မိပေ။
အချိန်နှင့်အမျှ အင်တာနက်ပေါ်တွင်လှုပ်ခတ်နေသည်။
"၆၆၆... ချင်းလင်စံအိမ်က ဘယ်တော့မှစိတ်မပျက်ရမှန်းသိသားပဲ!''
"ဒီရွက်ဖျင်တဲပတ်ဝန်းကျင်က ချင်းလင်မွေးမြူရေးခြံထက်ပိုကောင်းတယ်... အထူးသဖြင့် တောင်ထိပ်ပေါ်က ပန်းအိမ်အစုအဝေးပဲ''
"ကိုယ်တိုင်မျက်စိနဲ့မမြင်ရရင် လူ့လောကမှာဒီလောက်လှတဲ့မြင်ကွင်းမျိုးရှိတာယုံနိုင်မှာမဟုတ်ဘူး!''
အချိန်တိုအတွင်း ချင်းလင်စံအိမ်၏နတ်သမီးပုံပြင်တောင်ရေပန်းစားမှုက ထိပ်တန်းသုံးခုထဲရောက်သွားသည်။
ချင်းလင်စံအိမ်ကိုစောင့်ကြည့်နေသောပရိသတ်တိုင်းလိုလို ဒီအကြောင်းသိကြသည်။
ဗီဒီယိုကြည့်ပြီးနောက် အတွေးတစ်ခုဝင်သွားသည်။ အရင်ဆုံးအတွေ့အကြုံခံစားကြည့်မည်။
အတော်များများက ဗီဒီယိုကြည့်ပြီး ချင်းလင်စံအိမ်အွန်လိုင်းစာမျက်နှာတွင်စာရင်းဝင်သွင်းကြသည်။
အထဲတွင် နတ်သမီးပုံပြင်တောင်လက်မှတ်အရောင်း၊ ရွက်ဖျင်တဲကြိုတင်စာရင်းသွင်းခြင်းနှင့် နေထွက်ရှုခင်းကြည့်ပန်းအိမ်အစုအဝေးများပါသည်။
ဖြစ်ချင်တော့ Link ထဲဝင်ပြီး ဝန်ဆောင်မှုမရသေး။ အချိန် ၁၂ နာရီစောင့်ရမည်။
ထို့ကြောင့် စိတ်ပိုလောစေသည်။
အချိန်ကျရင် လူတွေဘယ်လောက်များအလုအယက်ဝယ်လိုက်ကြမလဲ? ၅ နှစ်တစ်ကိုယ်တည်းလူပျိုကြီးရဲ့လက်အရှိန်မျိုးမရှိဘဲမရနိုင်။
ရုံချန်းစီရင်စု_
မိုးမှောင်သွားပြီဖြစ်သည်။
သို့သော်လည်း စီရင်စုမှာလင်းထိန်လျက်ရှိသည်။ ခေါင်းဆောင်များအလုပ်ဆက်လုပ်နေသောကြောင့် ဝန်ထမ်းအတော်များများအလုပ်မဆင်းရသေး၊ အစည်းအဝေးထိုင်နေကြသည်။
အမှန်ပင်။ စွန်းရှန်နှင့်လက်ထောက်ချန်က ညလုံးပေါက်အစည်းအဝေးလုပ်သည်။ အဓိကအချက်မှာ ရာသီဥတုအေးလာပြီးနောက် ရုံချန်းရာသီဥတုက ခရီးသည်အတော်များများကိုဆွဲဆောင်နိုင်သောကြောင့်ပင်။ သူတို့ရုံချန်းမှာအပြောင်းအလဲလုပ်ရန်လိုလာသည်။
စွန်းရှန်က စာဖိုင်တစ်ခုယူပြီး_
"ခရိုင်အသစ်မှာ ဟိုတယ်ကြီးဆောက်ထားတယ်ဆိုပေမဲ့ အိမ်ရာတည်းခိုတာက ရုံချန်းအနှံ့အပြားမှာခေတ်စားနေတယ်... သဘာဝဘေးမဲ့တောတည်ဆောက်တာနဲ့ရာသီဥတုပြောင်းလဲတာက ရုံချန်းခရီးသွားတည်းခိုရေးအတွက် နည်းနည်းဝန်ပိလာတယ်''
"အခုတခြားနေရာတွေမှာ ရာသီဥတုအေးလာပြီဆိုတော့ ခရီးသည်တွေက ရုံချန်းရာသီဥတုကိုစိတ်ဝင်စားလာကြတယ်... တည်းခိုနေထိုင်ရေးပြဿနာကို ငါတို့မဖြေရှင်းနိုင်သေးဘူး''
"ပြီးတော့ စီရင်စုတစ်ခုလုံးမှာ ချင်းလင်စံအိမ်စိုက်ခင်းနဲ့ချင်းလင်ကုမ္ပဏီစက်ရုံတွေချဲ့ထွင်ထားလို့ စီးပွားရေးလုပ်ငန်းရှင်တွေစိတ်ဝင်စားလာတယ်... ရင်းနှီးမြှုပ်နှံမှုအကျိုးက သိသာလာတယ်... ရွှေ့ပြောင်းအလုပ်သမားတွေအများကြီးကိုလည်းဆွဲဆောင်နိုင်တယ်''
"ငါတို့စုံစမ်းထားချက်အရ အလုပ်သမားအတော်များများက ရုံချန်းမှာရေရှည်အိမ်ရာဝယ်ဖို့စိတ်ဝင်စားကြတယ်... အဲဒါကြောင့် ခရိုင်အသစ်ဖွင့်ပြီး ရုံချန်းကိုဒုတိယအကြိမ်ချဲ့ထွင်ဖို့ စီရင်စုကဆုံးဖြတ်ထားတယ်... အိမ်ရာအပြင် ဟိုတယ်ကြီးလည်းဆောက်ချင်တယ်!''
သူ့စကားကြောင့် အစည်းအဝေးခန်းထဲတွင် အပူတပြင်းဆွေးနွေးကြသည်။
ရုံချန်းက ခရိုင်အသစ်ဖွင့်ပြီးခါစ။ အလွန်ကြီးသည်။
သာမန်စီရင်စုအဖို့ မြို့ပြလိုအပ်ချက်နှင့်လုံလောက်ပြီဖြစ်၍ ခရိုင်အသစ်သည် လူသူကင်းမဲ့ပြီး လူဦးရေနည်းပါးနိုင်သည်။
သို့သော် ရုံချန်းကမတူ။ ခရိုင်အသစ်ဆောက်ပြီးခါစဖြစ်သော်လည်း အိမ်ရာများရောင်းကုန်သွားပြီ။ လွန်ခဲ့သောနှစ်နှစ်အတွင်း ရုံချန်းသားများဝင်ငွေအများကြီးရှာနိုင်ခဲ့သည်။
အဓိကအချက်မှာ စီရင်စုတွင်လူဦးရေများလာခြင်းကြောင့်ပင်။
မူလက ရုံချန်းလူဦးရေ ၄၅၀၀၀၀ ရှိသည်။ ကျေးလက်နေပြည်သူ ၁၀၀၀၀၀ နှင့် အပြင်ထွက်အလုပ်လုပ်နေသူများကိုထည့်မတွက်လျှင် စီရင်စုလူဦးရေမှာ ၂၅၀၀၀၀ သာရှိသည်။
နောက်ပိုင်း ရုံချန်းဖွံ့ဖြိုးလာပြီး အပြင်ထွက်အလုပ်လုပ်နေသူအများစုပြန်လာသည်။ မြို့နယ် သို့မဟုတ် ရုံချန်းကိုပြန်လာကြ၏။ ရုံချန်းတွင်လူဦးရေ ၃၀၀၀၀၀ ကျော်စုလာသည်။
အခု ရုံချန်းသားသာမက တခြားစီရင်စုမှလူများလည်း ရုံချန်းကိုအလုပ်လာရှာကြသည်။
ရုံချန်းသားတချို့က သူများဆီမှာအလုပ်မလုပ်ချင်သောကြောင့်ပင်။ မြို့ရွာတွင်မြေရှိသူက သူများဆီအလုပ်လုပ်မည့်အစား ချင်းလင်ဓာတ်ခွဲခန်းမှဖရဲသီးစိုက်ကြသည်။
ထို့ကြောင့် ချင်းလင်ကုမ္ပဏီက စက်ရုံများ၊ကုမ္ပဏီများပိုတိုးချဲ့လာပြီး ရုံချန်းကစိတ်ဝင်စားလာသည်။ တဖြည်းဖြည်းနှင့် ဒေသခံများကိုအလုပ်ခေါ်ရန်ခက်သောကြောင့် ရွှေ့ပြောင်းအလုပ်သမားများလာသည်။
အဓိကအချက်မှာ ချင်းလင်ကုမ္ပဏီလစာက အလွန်မြင့်သောကြောင့်ပင်။ နိုင်ငံခြားကုမ္ပဏီလစာအဆင့်အတန်းကလည်း သာမန်စီရင်စုကုမ္ပဏီထက်မြင့်သည်။ ထို့ကြောင့် နိုင်ငံခြားအလုပ်သမားများလည်း ရုံချန်းတွင်အခြေချချင်သည်။
***