လက်ရှိရုံချန်းလူဦးရေ ၄၅၀၀၀၀ ကျော်နေပြီ။
ထို့ကြောင့် ခရိုင်အသစ်ဖွင့်လျှင် လူဦးရေနှင့်အိမ်ရာအရောင်းအဝယ်ပြဿနာအတွက်လုံးဝပူစရာမလိုဘဲ ရုံချန်းတစ်ခုလုံး၏ဖိအားကိုလျှော့ချပေးနိုင်သည်။
အချိန်တိုအတွင်း ရုံချန်းကဒီလောက်ပြောင်းလဲသွားမည်ဟုမထင်မိ!
သူဌေးချင် ချင်းလင်စံအိမ်ဝယ်လိုက်ကတည်းက ရုံချန်းအပေါ်ဒီလောက်သက်ရောက်မှုကြီးမားမည်ဟုမထင်ခဲ့ကြ။
အမှန်ပင်။ ချင်းလင်စံအိမ်နှင့်ချင်းလင်ကုမ္ပဏီ၏အထောက်အပံ့မပါဘဲ ရုံချန်းကဒီလောက်အထိမဖွံ့ဖြိုးနိုင်ပေ။
ဒါကိုလည်း ရုံချန်းကလက်ခံထားသည်။ ရုံချန်းရာသီဥတုပြောင်းပြီး ပိုင်ရွှင်နှင့်ပိုင်ကျီရောက်လာရင်တောင် အားလုံးကသူဌေးချင်ကျေးဇူးကြောင့်ဖြစ်သည်။
သူဌေးချင်သာ ချင်းလင်စံအိမ်မဖွင့်ခဲ့ရင် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ဆိုသောသူဌေးကြီးနှစ်ယောက်က စိတ်ဝင်စားမည်မဟုတ်။
ချင်းလင်ဓာတ်ခွဲခန်းမှာ သူဌေးချင်နှင့်ယွမ်သန်း ၄၀၀ ရင်းနှီးမြှုပ်နှံဖို့မဖြစ်နိုင်။
ရုံချန်းမဟုတ်ရင်တောင် သူဌေးကြီးနှစ်ဦးက ယွမ်သန်း ၄၀၀ ရင်းနှီးမြှုပ်နှံဦးမည်။ ချင်းလင်ဓာတ်ခွဲခန်းက မင်မြို့တော်မှာဖြစ်သွားနိုင်သည်။
ဒီလိုဖြစ်ခဲ့ရင် သူဌေးချင်နှင့်ပါမောက္ခလီခိုင်မိတ်ဆွေဖြစ်ဖို့နေနေသာသာ ချင်းလင်ဓာတ်ခွဲခန်းသန့်စင်မြက်ဆိုတာမျိုးဖြစ်မလာနိုင်။
သန့်စင်မြက်မရှိရင် ရုံချန်းရာသီဥတုအပေါ်သက်ရောက်မှုရှိဖို့မဖြစ်နိုင်။ ဥက္ကာခဲကြောင့် ရာသီဥတုလုံးဝပြောင်းသွားဖို့မဖြစ်နိုင်။ ပိုင်ရွှင်နှင့်ပိုင်ကျီလိုမျိုးတုံးနိုင်ငံ့ရတနာများကိုဆွဲဆောင်ဖို့ပိုမဖြစ်နိုင်ပေ။
နောက်ဆုံး အားလုံးက သူဌေးချင် ချင်းလင်စံအိမ်ဝယ်သည့်အချိန်မှစခဲ့သည်။
ဒါတွေအားလုံးရဲ့အကြောင်းရင်းက သူဌေးချင်!
ရုံချန်းတစ်မြို့လုံး သူဌေးချင်အပေါ်အကြွေးတင်နေသည်ဟုဆိုနိုင်သည်။
တစ်ခါတလေ သူစဉ်းစားကြည့်သည်။ သူဌေးချင်သာ ချင်းလင်စံအိမ်ကိုလေလံမဆွဲဘဲ ဂန္တဝင်ချင်းလင်စံအိမ်ဖြစ်မလာရင် လက်ရှိရုံချန်းက ဘယ်လိုဖြစ်နေမလဲ?
ခရိုင်အသစ်အကြောင်းဆွေးနွေးမှုမြန်မြန်ဆန်ဆန်ပြီးသွားသည်။ အမြော်အမြင်ရှိသူက ရုံချန်းမှာခရိုင်အသစ်ဖွင့်မည်မှန်းသိသည်။ အမြော်အမြင်မရှိရင် ဒီအစည်းအဝေးခန်းထဲထိုင်နိုင်မည်မဟုတ်။
ခရိုင်အသစ်ဖွံ့ဖြိုးရေးအတည်ပြုပြီးနောက် စွန်းရှန်ကအစည်းအဝေးပြီးကြောင်းကြေညာပြီး ချန်လီသာကျန်ခဲ့သည်။
ချန်လီမှာ ခရီးသွားတာဝန်ခံဖြစ်၍ ရုံချန်းခရီးသွားလုပ်ငန်းကိုအာရုံစိုက်ထားသည်။
သူတို့နှစ်ဦးရုံးခန်းထဲရောက်သောအခါ စွန်းရှန်၏အတွင်းရေးမှူးလောလောနှင့်ရောက်လာပြီး_
"စွန်းရှန် လက်ထောက်ချန်... ချင်းလင်စံအိမ်မှာ ပရောဂျက်အသစ်ရှိတယ်''
နှစ်ယောက်သား ချက်ချင်းစိတ်ဝင်စားသွားသည်။
ချင်းလင်စံအိမ်မှာ ပရောဂျက်အသစ်မရှိတာကြာပြီ။
ထို့နောက် နှစ်ယောက်သားတစ်ခုခုတွေးမိပြီး စွန်းရှန်က တန်းမေးသည်_
"အဲဒီတောင်က ပြီးပြီလား?''
ချန်လီလည်း ဇဝေဇဝါနှင့်အတွင်းရေးမှူးကိုကြည့်လိုက်သည်။
ထိုတောင်မှာ မူလကထိတ်လန့်စရာအခြေအနေရှိပြီး လူဦးရေနည်းပါးခဲ့သည်။ ထို့ကြောင့် ချင်းလင်စံအိမ်ကတောင်ကိုစာချုပ်ချုပ်ချင်သည်ဟု ဟွားယွမ်ကအသိပေးသောအခါ ချက်ချင်းလွှဲပေးလိုက်သည်။
သို့သော် ချင်းလင်စံအိမ်က တောင်ပေါ်မှာဘာလုပ်မှန်း သူတို့မသိ။ ကေဘယ်ကားဆောက်ပြီး ပန်းအိမ်များစိုက်သည်ကိုသာသိသည်။
ချင်းလင်စံအိမ်ကအမြဲလျှို့ဝှက်သောကြောင့် သူတို့သိပ်မသိချေ။
နောက်ပြီး သူတို့ကမစပ်စုဘဲ ချင်းလင်စံအိမ်ပရောဂျက်ကိုအမြဲယုံကြည်ထားသည်။
အတွင်းရေးမှူးကခေါင်းညိမ့်ပြီး အစီရင်ခံသည်_
"ဟုတ်တယ်.. တောင်ကပြီးသွားပြီ... ဖွင့်တော့မှာ... ချင်းလင်စံအိမ်က နတ်သမီးပုံပြင်တောင်လို့ခေါ်တယ်... ပြီးတော့ နတ်သမီးပုံပြင်တောင်က ထင်မထားလောက်အောင်အံ့ဩစရာကောင်းတယ်''
အတွင်းရေးမှူးကပြောရင်းဆိုရင်း အံ့ဩပုံပေါက်နေသည်။ ထို့နောက် ချင်းလင်စံအိမ်ကြော်ငြာဗီဒီယိုထုတ်ပြီး စွန်းရှန်နှင့်ချန်လီကိုပေးသည်။
ဗီဒီယိုစဖွင့်သည်။
ဗီဒီယိုထဲမှနတ်သမီးပုံပြင်တောင်ကို စွန်းရှန်နှင့်ချန်လီအာရုံစိုက်ထားသည်။
ကြည့်ရင်းကြည့်ရင်း သူတို့နှစ်ယောက်မျက်လုံးမှာအံ့ဩပုံပေါက်လာသည်။
"ချင်းလင်စံအိမ်ဆိုတဲ့အတိုင်းပဲ''
ချန်လီမျက်နှာတွင် လေးစားပုံအပြည့်။
ချင်းလင်စံအိမ်ကတော့ ချင်းလင်စံအိမ်ပါပဲ။
ပရောဂျက်အားလုံး လန့်လောက်စရာချည်း။
စွန်းရှန်လည်း ခေါင်းညိမ့်သဘောတူသည်_
"အံ့ဩစရာကောင်းလိုက်တာ... သူဌေးချင်စတိုင်က အံ့ဩစရာကောင်းတုန်းပဲ''
အတွင်းရေးမှူးက ချက်ချင်းပင်_
"စွန်းရှန်.. ဒီအထဲကအပင်တွေကို သူဌေးချင်လေ့လာပြီးပျိုးထောင်ခဲ့တာဆိုပေမဲ့ ဒီတစ်ခါနတ်သမီးပုံပြင်တောင်ရဲ့အဓိကဒီဇိုင်နာက သူဌေးချင်မဟုတ်ဘူး... ဥက္ကဌကျောက် ကျောက်မိုချင်းနဲ့ ဥက္ကဌလင်း လင်းလန်ဇီပဲ... ပြီးတော့ တချို့ဒီဇိုင်နာလေးတွေပါသေးတယ်... ဗီဒီယိုအဆုံးမှာမှတ်ချက်ပါတယ်''
ထို့ကြောင့် စွန်းရှန်နှင့်ချန်လီအံ့အားသင့်သွားသည်။
သူတို့သိသလောက် ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံပရောဂျက်များက သူဌေးချင်လက်ရာဖြစ်သည်။ ဒီတစ်ခါ ကျောက်မိုချင်းနှင့်လင်းလန်ဇီဖြစ်နေမည်ဟုမထင်မိ။
ဒီအမျိုးသမီးနှစ်ယောက်ကိုသူတို့သိသည်။ သူဌေးချင်အမျိုးသမီးနှင့်လက်ရှိချင်းလင်စံအိမ်အထွေထွေမန်နေဂျာပင်။
နတ်သမီးပုံပြင်တောင်မှာ သူဌေးချင်လေ့လာနေသောအပင်နှင့်ခွဲခြားမရသော်လည်း သတင်းက မဆိုး။
ဘာပဲဖြစ်ဖြစ် ခရီးသွားလုပ်ငန်းမှာ သူဌေးချင်ဖန်တီးနိုင်စွမ်းက အကန့်အသတ်ရှိသည်။ အခုချင်းလင်စံအိမ်မှာ ဒီလိုအံ့ဖွယ်ပရောဂျက်မျိုးဖန်တီးနိုင်သူများရှိသေးသောကြောင့် သူဌေးချင်အကူအညီပါရင်တောင် ကောင်းသောကိစ္စပင်။
စွန်းရှန်နှင့်ရှန်လီလည်း ချင်းလင်စံအိမ်စာရင်းသွင်း link ထဲဝင်ပြီး နတ်သမီးပုံပြင်တောင်ပရောဂျက်စာရင်းကိုကြည့်လိုက်သည်။
သို့သော် နှစ်ယောက်သား link ထဲဝင်ကြည့်လိုက်သောအခါ ကြိုတင်စာမျက်နှာတွင်အကြာကြီးပိတ်နေပြီးဝင်မရသောကြောင့် အံ့ဩသွားသည်။
နှစ်ယောက်သား အမှတ်တမဲ့အင်တာနက်ကိုကြည့်လိုက်ကြသည်။ လိုင်းကဘာမှမဖြစ်။ ချင်းလင်စံအိမ်စာမျက်နှာက ဝင်မရခြင်းပင်။
ချင်းလင်စံအိမ်ဆာဗာမှာ အကောင်းဆုံးဖြစ်သော်လည်း တိုးမရ။ link ဝင်သူအရေအတွက်က ထင်မထားလောက်အောင်များနိုင်သည်။
စွန်းရှန်နှင့်ချန်လီက အမှတ်တမဲ့အချင်းချင်းကြည့်လိုက်ကြသည်။
ဒါရုံချန်းယာဉ်လမ်းကြောပျက်ဦးမှာလား?
အခုတလော တခြားနေရာမှာရာသီဥတုအေးလာ၍ အတော်များများက ရုံချန်းတွင်အပန်းဖြေရန်စိတ်ဝင်စားကြသည်။ အခု ချင်းလင်စံအိမ်မှာ ဒီလိုပရောဂျက်မျိုးရှိလာပြီ။
အထူးသဖြင့် ခရီးသည်အများကြီးတည်းခိုနိုင်မည့်တောင်ဖြစ်နေခြင်းပင်။
လိုင်းပေါ်တွင် နတ်သမီးပုံပြင်တောင် link ထဲဝင်နေသူများလည်း နတ်သမီးပုံပြင်တောင်အဓိကစာမျက်နှာမနိုင်တော့ကြောင်းတွေ့ရသည်။
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီလည်း အတူတူပင်။ အဓိကစာမျက်နှာမရောက်ခင် အကြာကြီးပိတ်နေသည်။
နှစ်ယောက်သား ၁၂ နာရီမြင်ပြီးရေတွက်ကြည့်ရာ နောက်တစ်နေ့မနက် ၁၂ နာရီဖြစ်သည်။
ထို့ကြောင့် နှိုးစက်ပေးကာ စောစောအိပ်လိုက်ကြသည်။ နောက်တစ်နေ့အိပ်ရာနိုးမှ လက်မှတ်ထယူမည်။
နောက်ပြီး နှိုးစက်ကို ၁၀ မိနစ်စောပေးထားသည်။
"လီလီ.. နှိုးစက်တစ်ခုတည်းပေးလို့မရဘူး! စိတ်ချရအောင် ငါတို့ဖုန်းနဲ့ပါပေးမယ်!''
ကျူးယွမ်ယွမ်ကပြောသည်။
ဝမ်လီလီကခေါင်းညိမ့်ပြီး ဖုန်းယူကာနှိုးစက်ပေးသည်။
နောက်ပြီး နှိုးစက်တစ်ခုပြီးတစ်ခု တစ်မိနစ်ခြားဆက်တိုက်ပေးထားသည်။
ဒီလိုဆို အတိမ်းအစောင်းမရှိ၊ လက်မှတ်မရဘဲမနေ။
အချိန်ကုန်လွန်သွားပြီး ဒုတိယမြောက်နေ့ရောက်လာသည်။
မကြာမီ သတို့သမီးခန်းတွင် နှိုးစက်သံကြားရသည်။
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီက နှိုးစက်သံကြားပြီး တပြိုင်တည်းလိုလိုထလိုက်သည်။
စိတ်မကြည်မလင်မရှိဘဲနိုးထခြင်းမှာ ဒါပထမဆုံးဖြစ်မည်။ နတ်သမီးပုံပြင်တောင်လက်မှတ်အကြောင်းသာတွေးနေသောကြောင့်ပင်။
သို့သော် အလောတကြီးထပြီးဖုန်းကိုင်ကာ နတ်သမီးပုံပြင်တောင်စာမျက်နှာ link ထဲဝင်လိုက်သော်လည်း သူတို့ကြောင်သွားသည်။
စာမျက်နှာမှာဝင်မရ၊ ရှေ့တိုးမရ။ သူတို့ဖုန်းနှစ်လုံးစလုံး တန့်နေသည်။
အထူးသဖြင့် စာမျက်နှာတန့်နေသည်က တစ်ခဏလည်းမဟုတ်၊ နှစ်ခဏလည်းမဟုတ်၊ အကြာကြီး။
"ဘာလို့ရပ်နေတာလဲ?''
ဝမ်လီလီ ချက်ချင်းစိတ်လောသွားသည်။
နတ်သမီးပုံပြင်တောင်လက်မှတ်ထဝယ်ဖို့ နှိုးစက်တွေအများကြီးပေးထားရတာ၊ အခုတော့ ဒီစာမျက်နှာကနေ မတက်ဘူးတဲ့လား။
"မြန်မြန်ဝင် မြန်မြန်ဝင်''
ကျူးယွမ်ယွမ်က အချိန်ကြည့်ပြီးစိတ်လောသွားသည်။
စောစောက ၁၀ မိနစ်စောထပြီး စာမျက်နှာထဲအမြန်ဆုံးဝင်ကာလက်မှတ်ယူသည်။
အချိန်လွန်သည်နှင့် ဖုန်းအသီးသီးကိုင်ရင်း စိတ်လောနေကြသော်လည်း ဝင်မရ။
လူတွေဘယ်လောက်များဝင်နေတာလဲ? မဟုတ်ရင် ဒီလောက်ပိတ်မလား?
နောက်ဆုံး သူတို့စိုးရိမ်တကြီးကြည့်နေသည့်အချိန် ဝမ်လီလီဖုန်းနှင့်ဝင်ရသွားသည်။
"ရပြီ''
ဝမ်လီလီအပျော်လွန်သွားသည်။ နတ်သမီးပုံပြင်တောင်လက်မှတ်ကိုအမြန်စာရင်းသွင်းလိုက်သည်။
ကျူးယွမ်ယွမ်လည်း မျှော်လင့်တကြီးလာကြည့်သည်။
သို့သော် ဝမ်လီလီနှိပ်ပြီးပြီးချင်း ရပ်ပြီးအဝိုင်းလည်သွားပြန်သည်။
စက္ကန့်အနည်းငယ်အကြာ ပြန်တက်လာ၏။ ဒီတစ်ခါ စာတစ်ကြောင်းနှင့်:
'စိတ်မကောင်းပါ.. နတ်သမီးပုံပြင်တောင်လက်မှတ်ကုန်သွားပါပြီ'
ဝမ်လီလီ: 'ကျွတ် ကျွတ်'
ကျူးယွမ်ယွမ်: 'ကျွတ် ကျွတ်'
နှစ်ယောက်လုံးကြောင်သွားသည်။
စက္ကန့်ပိုင်းနဲ့ကုန်သွားပြီလား?
သူတို့အများကြီးပြင်ဆင်ထားပေမဲ့ ဘယ်လိုလုပ်သူများနောက်ပါသွားပါလိမ့်?
***