သူသည်လည်း အသံလှိုင်း တိုက်ခိုက်မှု အချို့ကို လေ့လာစူးစမ်းထားခဲ့ဖူးသည်။
ထို့အပြင် လင်းယွမ်သည်လည်း မိုးကြိုးအသံနှင့် ပေါင်းစပ်နိုင်စွမ်းရှိပြီး ၎င်း၏ တိုက်ခိုက်မှုစွမ်းအားမှာလည်း မနိမ့်ကျလှပေ။
အခြား တိုက်ပွဲရင်ပြင်များတွင် အပြင်းအထန် တိုက်ခိုက်နေကြချိန် ဤနှစ်ဦးမှာမူ မျက်နှာချင်းဆိုင်လျက် စောင်းနှင့် ပုလွေကို တီးမှုတ်နေကြလေသည်။
ထိုအသံလှိုင်းများသည် လေထုထဲတွင် ပွတ်တိုက်မိသွားကြပြီး အားကောင်းလွန်းသော ယွမ်စွမ်းအင် လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့သော်ငြား ယင်းမှာ တိုက်ပွဲတစ်ခုနှင့် လုံးဝ မတူညီနေပေ။
ထိုအစား သူတို့နှစ်ဦး ချစ်ကြည်နူးနေကြသည်နှင့်ပင် ပိုတူနေသေး၏။
“လွန်လွန်းနေပြီ...”
အခြားတပည့်များမှာ ဤလူရှေ့သူရှေ့ ကြည်နူးပြနေမှုကို အတင်းအဓမ္မ သည်းခံကြည့်ရှုနေခဲ့ကြရလေသည်။
အဆုံးတွင်တော့ ဝူယွမ်က သဘာဝကျကျပင် အနိုင်ရရှိသွားခဲ့၏။
သူ၏ အသံလှိုင်းများသည် ယင်းဟွမ်ဟွမ်၏ အသံလှိုင်းများလောက် အားမကောင်းသော်လည်း ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်လိုက်ပြီးနောက်တွင်တော့ ယင်းဟွမ်ဟွမ်ကို အလွယ်တကူပင် ကျော်လွန်သွားခဲ့သည်။
တစ်ပွဲပြီးဆုံးသွားပြီးနောက် ခန်းမလေးခုမှ တိုက်ရိုက်တပည့်များ၏ ထက်ဝက်ခန့်မှာ တိုက်ရိုက် ထွက်သွားခဲ့ကြရသည်။
နောက်တစ်ဆင့်...
ဝူယွမ်၏ ပြိုင်ဘက်မှာ မြေကြီးခန်းမမှ ချင်းယိ ဖြစ်ကာ လင်းတုန်၏ ပြိုင်ဘက်မှာမူ ကောင်းကင်ခန်းမမှ ဂိုဏ်းတူအစ်မကြီး ယင်းရှောင်ရှောင် ဖြစ်လေသည်။
တိုက်ပွဲရင်ပြင်ပေါ်တွင် ချင်းယိက ဝူယွမ်ကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
“ငါ နိဗ္ဗာန်အဆင့် ၉ ကို ထိုးဖောက် ဝင်ရောက်ပြီးသွားပြီ၊”
“မင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်သေးဘူးဆိုတာကို သိပေမယ့် ငါတို့နှစ်ယောက်ကြားက ကွာဟချက်ကိုတော့ ငါ သိချင်သေးတယ်၊”
သူ၏ ရင်ထဲတွင် မကျေနပ်မှုများစွာ ကိန်းအောင်းနေခဲ့၏။
ဂိုဏ်းအတွင်းတွင် ဝူယွမ်၏ ရုတ်ခြည်း တိုးတက်လာမှုက လျင်မြန်လွန်းလှသဖြင့် သူ့အား စွမ်းအားကင်းမဲ့သွားသကဲ့သို့ ခံစားရစေခဲ့သည်။
မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီး အမြောက်အမြားကို ရရှိခဲ့ပြီး နိဗ္ဗာန်အဆင့် ကိုး သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီးနောက် မူလက သူသည် ဝူယွမ်ကို ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု တွေးကာ ယုံကြည်မှု အချို့ ရှိနေခဲ့သည်။
သို့သော် သူ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဟုန်ယာတုန်မှ ဆန်းကြယ်ရှင်ခြင်းအဆင့် အကြီးအကဲကို ဝူယွမ် အနိုင်ယူခဲ့ကြောင်း ကြားသိလိုက်ရ၏။
ဤသတင်းက ချင်းယိကို ချက်ချင်းပင် မျှော်လင့်ချက် ကင်းမဲ့သွားစေခဲ့သည်။
သောက်ကျိုးနည်း တိုးတက်မှုကြီးပင်။
တံခါးပိတ် မကျင့်ကြံမီက ဝူယွမ်သည် ယောင်းလင်းကိုသာ အနိုင်ယူနိုင်ခဲ့သေးသည်။ ယခု တစ်လခန့်သာ တံခါးပိတ်ကျင့်ကြံရသေးသာ်ငြား တစ်ဖက်လူ၏ စံချိန်မှာ အသစ် ပြန်လည်ရေးထိုးသွားခဲ့လေပြီ။
ဆန်းကြယ်ရှင်ခြင်းအဆင့်။ ချင်းယိ ဆယ်ယောက်ပေါင်းလျှင်တောင် ဆန်းကြယ်ရှင်ခြင်းအဆင့် တစ်ယောက်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
“ကွာဟချက်က ယောင်းလင်း ဆယ်ယောက်လောက် ရှိမယ်ထင်တယ်၊” ဝူယွမ်က ချင်းယိကို ပြုံးပြရင်း ပြောလိုက်လေသည်။
ဤချင်းယိအပေါ်တွင် သူသည် သိပ်ပြီး အမြင်ကြည်လင်လှခြင်း မရှိပေ။ အချစ်ရေး ပြိုင်ဘက် ဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်၏။
သူသည် ငယ်သူငယ်ချင်းဆိုသည့် အကြောင်းအရာကို အမြဲတစေ ထုတ်ဖော်ပြောဆိုလေ့ရှိသော်ငြား ဤနေရတွင် ငယ်သူငယ်ချင်းများက အောင်မြင်သွားသည်ကို ဝူယွမ် တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။
သူတို့သည် ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းလာခဲ့ကြသော်လည်း အခြားတစ်ယောက်၏ နှလုံးသားကို မသိမ်းပိုက်နိုင်ခဲ့ကြပေ။ အနာဂတ်တွင်လည်း သူတို့အတွက် အခွင့်အရေး လုံးဝ ရှိလာမည် မဟုတ်ပေ။
ငယ်ရွယ်စဉ်ကတည်းက သူမကို မသိမ်းပိုက်နိုင်ခဲ့လျှင် ကြီးလာသောအခါတွင်လည်း သူမကို သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်ချေ။
လုံး၀ မဖြစ်နိုင်ချေ။ (ငယ်သူငယ်ချင်းတွေ ငိုလို့ရပီ)
“ဘယ်လောက်ပဲ ကွာနေပါစေ၊ ငါ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ကြည့်ချင်သေးတယ်၊”
ချင်းယိ၏ မျက်နှာထားမှာ အေးစက်သွားပြီး ချက်ချင်းပင် ဝူယွမ်ထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။
“မင်းသဘောပဲ၊”
ဝူယွမ်က ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်၏။
ချက်ချင်းပင် သူ၏ ကိုယ်တွင်းရှိ စွမ်းအင်များ ဆူပွက်လာပြီး လက်သီးတစ်ချက် ပြန်လည် ပစ်သွင်းလိုက်လေသည်။
၀ုန်း...
တုံးအိအိ တိုက်မိသံကြီးနှင့်အတူ ချင်းယိမှာ ဝူယွမ်၏ လက်သီးချက်ကြောင့် တိုက်ရိုက်ပင် လွင့်စဉ်သွားခဲ့ပြီး တိုက်ပွဲရင်ပြင်ပေါ်မှ ပြုတ်ကျသွားလေတော့သည်။
ချက်ချင်း ရှုံးနိမ့်သွားခြင်းပင်။
ဝူယွမ်သည် လုံးဝ အလျှော့ပေးခဲ့ခြင်းမရှိပေ။
ချင်းယိကဲ့သို့သော လူမျိုးအတွက် သူ့ကို အမှန်တကယ် လဲကျသွားစေမှသာ အစစ်အမှန် အခြေအနေကို လက်ခံနိုင်မည် ဖြစ်သည်။
ချင်းယိ၏ ကမ္ဘာလေးထဲတွင်တော့ သူမှလွဲ၍ မည်သူကမျှ ယင်းဟွမ်ဟွမ်နှင့် မထိုက်တန်ပေ။
ဤသည်မှာ ငယ်စဉ်ကတည်းက သူ မွေးမြူလာခဲ့သော သာလွန်သည့် ခံစားချက်ပင် ဖြစ်၏။
အကယ်၍ ဝူယွမ်သာ အနည်းငယ်မျှ အလျှော့ပေးလိုက်မည်ဆိုပါက သူက အခွင့်အရေးရှိသေးသည်ဟု တွေးထင်ကာ မျှော်လင့်ချက်များ ထားနေဦးမည်သာ ဖြစ်သည်။
ဝူယွမ်၏ ကရုဏာကင်းမဲ့သော အနိုင်ယူမှုမှာ ချင်းရဲ့ကို ယင်းဟွမ်ဟွမ်အပေါ် ထားရှိသည့် သူ၏ စိတ်ကူးယဉ်မှုများကို စွန့်လွှတ်လိုက်စေရန်အတွက် ဖြစ်သည်။
သူ ပြန်လည် နိုးထလာပြီး ပိုမို အားကောင်းလာမည်လော သို့မဟုတ် လုံးဝ အရှုံးပေးသွားမည်လော ဆိုသည်မှာတော့ သူ၏ ရွေးချယ်မှုသာ ဖြစ်ပေလိမ့်မည်။
“ဟူး... အချစ်ပြိုင်ဘက်တွေ တွေ့ကြပြီဆိုရင် မျက်လုံးတွေ နီလာတတ်ကြတာပါပဲလား”
များစွာသော တပည့်များမှာ သက်ပြင်းများကို ခပ်ဖွဖွချရင်း ရေရွတ်လိုက်ကြလေသည်။
“ရှင်၊ ရှင် အဲဒီလောက် ပြတ်ပြတ်သားသား အနိုင်ယူပြစရာ မလိုပါဘူး၊ ဂိုဏ်းတူအစ်ကိုကြီး ချင်းယိက အမြဲတမ်း ဂုဏ်ယူဝင့်ကြွားတတ်တဲ့သူမို့လို့ ဒီလို ထိုးနှက်ချက်မျိုးကို သူ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး၊”
ယင်းဟွမ်ဟွမ်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ မခံစားနိုင်သည့် ဝမ်းနည်းမှု အရိပ်အယောင်လေးများဖြင့် ပြောလိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူမ၏ မျက်နှာလေးမှာလည်း အနည်းငယ် နီမြန်းနေခဲ့၏။
ဝူယွမ်က ချင်းယိအပေါ် ယခုလို ဆက်ဆံခြင်းမှာ သူမအတွက် မနာလိုဝန်တိုမှုများဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း လူတိုင်းကို ပြောပြနေသည်နှင့်ပင် တူနေတော့သည်။
“တကယ်လို့ မင်း သူ့ကို သဘောကျတယ်ဆိုရင် သွားပြီး နှစ်သိမ့်ပေးလိုက်ပါ၊ တကယ်လို့ သဘောမကျဘူးဆိုရင်တော့ မသွားနဲ့၊ မဟုတ်ရင် သူ့မှာ မျှော်လင့်ချက်တွေ ရှိနေသေးတယ်လို့ သူ ပြန်တွေးသွားအောင် မင်းက လုပ်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။”
အနည်းငယ် စိတ်မပါ့တပါ ဖြစ်နေပုံရသော ယင်းဟွမ်ဟွမ်ကို ကြည့်ကာ ဝူယွမ်က ပြောလိုက်လေသည်။
‘ရူးသွပ်စွာချစ်မြတ်နိုးသူ’ တစ်ယောက်၏ အကြီးမားဆုံးသော အထင်မှားမှုကြီးမှာ “သူမ အဲဒီလို လုပ်တယ်ဆိုတာ သူမ ငါ့ကို သဘောကျနေလို့ပဲ ဖြစ်ရမယ်” ဟူသော အတွေးပင် ဖြစ်သည်။
“ငါ...”
ယင်းဟွမ်ဟွမ်က ဘာမှ ဆက်မပြောနိုင်တော့ပေ။
ဒီနှစ်တွေတစ်လျှောက်လုံး သူမအပေါ်ထားရှိခဲ့သော ချင်းယိ၏ ခံစားချက်များကို သူမ သိရှိခဲ့သော်လည်း သူမက သူ့ကို သဘောမကျသည့်အပြင် သူ့ကိုလည်း မနာကျင်စေလိုသောကြောင့် မည်သို့ ငြင်းပယ်ရမည်ကို မသိခဲ့ခြင်းဖြစ်သည်။
ဤအချက်ကပင် ချင်းယိကို သူ့မှာ မျှော်လင့်ချက် ရှိနေသေးသည်ဟု ခံစားရစေခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်တော့ ဝူယွမ်က ချင်းယိကို ပြတ်ပြတ်သားသား အနိုင်ယူလိုက်ခြင်းမှာ ယင်းဟွမ်ဟွမ်အတွက် ရွေးချယ်မှုတစ်ခု လုပ်ပေးလိုက်ခြင်းဟု ယူဆနိုင်ပေသည်။
အဓိက အချက်မှာ ယင်းဟွမ်ဟွမ်အနေဖြင့် သူ့ကို သွားရောက် နှစ်သိမ့်မပေးရန်ပင် ဖြစ်သည်။
“ပြိုင်ပွဲကို ကြည့်လိုက်ဦး၊ နင့်အစ်မက လင်းတုန်နဲ့ ပြိုင်ရတာမို့လို့၊ အနိုင်ရချင်မှ ရမှာနော်။”
ဝူယွမ်က စင်မြင့်ဆီသို့ လက်ညှိုးထိုးပြလိုက်လေသည်။ ဤအချိန်တွင် လင်းတုန်နှင့် ယင်းရှောင်ရှောင်တို့မှာ စတင် တိုက်ခိုက်နေကြပြီ ဖြစ်သည်။
သူတို့နှစ်ဦးစလုံးမှာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားကြသူများ ဖြစ်သည့်အတွက် သူတို့၏ တိုက်ခိုက်မှု လှုပ်ရှားမှုများမှာ ရှင်းလင်းပြီး အလွန်အမင်း ပြင်းထန်လှပေသည်။
ယင်းရှောင်ရှောင်သည် သူမ၏ ကျောက်စိမ်းရောင် လက်ချောင်းလေးများကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်ရာ အစိမ်းရောင် အလင်းတန်းများ ရစ်ပတ်နေသော သုံးပေခန့် ရှည်လျားသည့် အစိမ်းရောင် ဓားတစ်လက်က သူမ၏ လက်ထဲမှ လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့၏။
သူမ၏ ကြည်လင်လှပသော မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းတန်းတစ်ခုက တလက်လက် တောက်ပသွားပြီးနောက် သူမ၏ ပုံရိပ်မှာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ လျင်မြန်စွာ ပျံသန်းထွက်ခွာလာလေသည်။
ထိုအလင်းတန်းသည် သေးသွယ်သော လျှပ်စီးကြောင်းတစ်ခုအလား လင်းတုန်၏ အရှေ့သို့ လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာခဲ့၏။
ထက်ရှလွန်းသော အစိမ်းရောင်ဓားသည် လင်းတုန်၏ မျက်နှာဆီသို့ ဖြောင့်တန်းသော လမ်းကြောင်းတစ်ခုအတိုင်း ပြင်းထန်စွာ တိုက်ရိုက် ထိုးစိုက်လာခဲ့သည်။
လင်းတုန်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက သူ၏ ကိုယ်တွင်းမှ ပေါက်ကွဲထွက်လာခဲ့၏။
ချက်ချင်းပင် သူ၏ လက်ချောင်းနှစ်ချောင်းက ရှေ့သို့ တိုးထွက်သွားပြီးနောက် ပြင်းထန်စွာ ထိုးစိုက်လာသော အစိမ်းရောင်ဓားကို သူ၏ လက်ချောင်းနှစ်ချောင်းကြားတွင် တိုက်ရိုက် ညှပ်ထားလိုက်လေသည်။
သူ၏ လက်များသည် ရွှေရောင်လွှမ်းနေသော သတ္တုတစ်မျိုးကဲ့သို့ ဖျက်ဆီး၍မရနိုင်လောက်အောင် ခိုင်မာလွန်းသည်။
လင်းတုန်သည် လက်ချောင်းများကို အသုံးပြုရသည့် သိုင်းပညာရပ်များကို မကြာခဏ လေ့ကျင့်လေ့ရှိပြီး လက်ချောင်းပုံစံ သိုင်းပညာရပ်များကို အများဆုံး သိရှိထားသူ ဖြစ်သည်။
‘ရွှေခေါင်းလောင်း ကိုယ်ခန္ဓာ’ နှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ လက်ချောင်း သိုင်းပညာရပ်များမှာ ပို၍ပင် အားကောင်းလာခဲ့လေသည်။
သူက ဓားကို လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ထားရင်း ယင်းရှောင်ရှောင်ထံသို့ ပြန်လည်တွန်းပို့လိုက်ပြီးနောက် သူ၏ လက်ချောင်းများက လျှပ်စီးတန်းတစ်ခုအလား လှုပ်ရှားသွားကာ ယင်းရှောင်ရှောင်၏ ကျောက်စိမ်းရောင် လက်ကောက်ဝတ်ကို ခပ်ဖွဖွ တောက်လိုက်လေသည်။
ယင်းရှောင်ရှောင် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။
လင်းတုန်၏ လက်ချောင်းထိပ်များတွင် စုစည်းနေသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများကို သူမ ခံစားသိရှိနိုင်ပေသည်။
သူမက ချက်ချင်းပင် လက်ကောက်ဝတ်ကို လျင်မြန်စွာ ပြန်ရုပ်လိုက်ပြီး ဓားရှည်ထံမှ တောက်ပသော အစိမ်းရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
ထို့နောက် ကြည်လင်ပြတ်သားပြီး အေးစက်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ “ကောင်းကင်ကြယ်စု ပန်းသုံးပွင့်ဓား”
ရွှစ်၊ ရွှစ်၊ ရွှစ်...
အစိမ်းရောင် အလင်းတန်းများက လေထုကို ခွင်းကာ မြည်ဟည်းသွားပြီး ချက်ချင်းဆိုသလိုပင် အစိမ်းရောင် အလင်းတန်း ဓားပန်းပွင့် သုံးပွင့်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ထိုဓားပန်းပွင့်များပေါ်မှ အလွန်အမင်း သိပ်သည်းနေသော ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး အလွန်တရာ အားကောင်းလွန်းသော ဖျက်ဆီးနိုင်စွမ်းများ ပြန့်နှံ့သွားလေသည်။
“မဟာရှေးဟောင်း ကောင်းကင်ဖမ်းလက်ချောင်း၊ ပေါင်းစပ်။”
လင်းတုန်က ရှေးဟောင်း ဧရာမလက်ချောင်းငါးချောင်းကို စုစည်းလိုက်ကာ ကြီးမားလွန်းသော လက်ဝါးကြီးတစ်ခုအဖြစ် ဖန်တီးလိုက်ပြီး ယင်းရှောင်ရှောင်၏ ဓားပန်းပွင့်သုံးပွင့်ကို ဖုံးအုပ်လိုက်လေသည်။
အစိမ်းရောင်အလင်းတန်း ဓားပန်းပွင့် သုံးပွင့်မှာလည်း သူ၏ ကြီးမားလွန်းသော လက်ဝါးကြီး၏ ဖုံးအုပ်မှုကို ခံလိုက်ရ၏။ ဓားအလင်းတန်းများက အပြင်းအထန် ရုန်းကန်နေကြသော်လည်း ထိုကြီးမားလှသော လက်ဝါးကြီးကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။
“ဂိုဏ်းတူအစ်မကြီး၊ အမကြီးရဲ့ ဓားက ကျွန်တော့် လက်ချောင်းတွေလောက် မမာဘူးထင်တယ်။”
လင်းတုန်သည် ယင်းရှောင်ရှောင်အနီးသို့ ထပ်မံချဉ်းကပ်သွားပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်စွမ်းအားကို အသုံးပြုကာ တိုက်ရိုက်ပင် အနီးကပ် တိုက်ခိုက်လေတော့သည်။
“မောင်ငယ်လင်းတုန်၊ မင်းက တကယ်ကို အားကောင်းတာပဲ၊ ဒါပေမယ့် မင်းရဲ့ လက်ချောင်းတွေကိုချည်းပဲ အားကိုးနေလို့ကတော့ ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။”
ယင်းရှောင်ရှောင်၏ မျက်နှာထားမှာ လေးနက်လာခဲ့သည်။ လင်းတုန်က သူမအပေါ် ဖိအားများ ပေးနိုင်နေသဖြင့် ကောင်းကင်ဧကရာဇ်ကျမ်းကို အသုံးပြုတော့မည် ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီး၏ ယွမ်စွမ်းအင်များသည် ဧရာမလှိုင်းလုံးကြီးတစ်ခုအလား ယင်းရှောင်ရှောင်၏ အနောက်ဘက်တွင် ရူးသွပ်စွာ စုစည်းလာကြသည်။
နောက်တစ်ခဏတွင် ထိုလှိုင်းလုံးကြီးက ရိုက်ခတ်သွားပြီး သူမ၏ အနောက်ဘက်တွင် ပေတစ်ရာခန့် ကြီးမားသော ဧရာမ အလင်းဓားကြီးတစ်လက်အဖြစ်သို့ တကယ်ပင် ပြောင်းလဲသွားခဲ့လေသည်။
ထိုအလင်းဓားကြီး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ကောင်းကင်ယံမှာ တွန့်လိမ်ကောက်ကွေးသွားသကဲ့သို့ ဖြစ်သွားခဲ့၏။
ထိုအလင်းဓားကြီးသည် ကောင်းကင်နှင့် မြေကြီးကိုပင် ထက်ခြမ်းခွဲပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ် စွမ်းအားများကို ပိုင်ဆိုင်ထားပုံရသည်။
“ကောင်းကင်ဧကရာဇ်ကျမ်းလား...”
လင်းတုန်က တီးတိုးရေရွတ်လိုက်ပြီး ဆက်လက်၍ ပေါ့ဆရဲခြင်း မရှိတော့ပေ။
သူက ဝူယွမ် အဆင့်မြှင့်တင်ပေးထားပြီး ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်တစ်ခုအဖြစ်သို့ တိုးတက်ရောက်ရှိနေပြီဖြစ်သော ‘ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံ’ ကို ချက်ချင်းပင် ထုတ်ယူလိုက်လေသည်။
“လက်ချောင်း သိုင်းပညာရပ်တွေနဲ့ မလုံလောက်ဘူးဆိုရင် ငါ့ဆီမှာ လှံသိုင်းပညာရပ်တွေ ရှိသေးတယ်...”
ရွှေရောင် နဂါးများ ရစ်ပတ်ထားသည့် ထူထဲသော အနက်ရောင်၊ ဧရာမ ‘ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံ’ ကြီးကို ကိုင်ဆောင်ထားသော လင်းတုန်သည် စစ်နတ်ဘုရားတစ်ပါးအလား ကောင်းကင်ယံသို့ ပျံတက်သွားပြီး ယင်းရှောင်ရှောင်၏ အလင်းဓားကြီးကို တိုက်ရိုက်ပင် ရင်ဆိုင်လိုက်လေတော့သည်။
***