ဒေါင်။
ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးကြားတွင် ကျယ်လောင်သော ခေါင်းလောင်းသံကြီး တစ်ခု ပဲ့တင်ထပ်သွားခဲ့၏။
အသက်စွမ်းအင်ကင်းမဲ့ကာ ခြောက်သွေ့နေပြီးဖြစ်သော တောင်ထွတ်ကြီးမှာ နောက်တစ်ကြိမ် ဖျက်ဆီးခြင်း ခံလိုက်ရပြန်သည်။
ယခင်ကတည်းက အက်ကွဲနေခဲ့သော ကျောက်တုံးကြီးများမှာ ပြန့်နှံ့သွားသော တုန်ခါမှုလှိုင်းများကြောင့် အမှုန့်ဖြစ်လုမတတ် ကြေမွသွားခဲ့၏။ ထိုစွမ်းအားမှာ တကယ်ကို အံ့မခန်းပင် ဖြစ်ပေသည်။
“ဒုတိယညီလေးရဲ့ လှံထိပ်ဖျားက အပြင်ပန်းကြည့်ရင်တော့ အားကောင်းသလိုလိုနဲ့ လက်တွေ့မှာတော့ အားနည်းလွန်းနေပါလား” ဝူယွမ်သည် အနည်းငယ် မျက်မှောင်ကြုတ်ရင်း တီးတိုးရေရွတ်လိုက်လေသည်။
လင်းတုန်သည် ဤတိုက်ပွဲကို ဟန်ဆောင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သူ ခံစားလိုက်ရ၏။
ဤမျှ အားကောင်းသော တိုက်ခိုက်မှုက ယင်းရှောင်ရှောင်၏ အကာအကွယ်ကို မဖြိုခွဲနိုင်ခဲ့ဘဲ တောင်ထွတ်ပေါ်ရှိ ပတ်ဝန်းကျင်ကိုသာ ပျက်စီးစေခဲ့သည်။
ကြီးကျယ်ခမ်းနားသော တိုက်ကွက်ကို သေချာကြည့်ရမည်ဆိုလျှင် တိုက်ကွက်၏ စွမ်းအား ထက်ဝက်ကျော်မှာ အပြင်ဘက်သို့သာ ပြန့်ကျဲသွားခဲ့ခြင်း ဖြစ်လေသည်။
ပတ်ဝန်းကျင်ရှိ လူများအတွက်မူ ဤတိုက်ကွက်သည် ဝိညာဉ်ကိုပင် တိုက်ရိုက် တုန်လှုပ်သွားစေခဲ့သည်။
သို့သော် မုန်တိုင်း၏ အလယ်ဗဟိုတွင် ရှိနေသော ယင်းရှောင်ရှောင်မှာမူ ဒဏ်ရာအပြင်းအထန် မရရှိခဲ့ပေ။
စွမ်းအားထက်ဝက်ခန့်သာ ရှိသဖြင့် သူမ၏ ဧကရာဇ်ခေါင်းလောင်းမှာ အေးဆေး တားဆီးနိုင်ခဲ့သည်။
လင်းတုန်၏ စုစည်းထားသော စွမ်းအားများ ပြန်လည်ရုပ်သိမ်းသွားမှသာ ယင်းရှောင်ရှောင်ကို ဖုံးလွှမ်းထားသော ရှေးဟောင်း ခေါင်းလောင်းကြီးမှာ ပျောက်ကွယ်သွားခဲ့လေသည်။
“ဟူး... ဂိုဏ်းတူအစ်မကြီးက အားကောင်းတုန်းပဲ၊ လင်းတုန်ဆီက ဒီလောက် အားကောင်းတဲ့ တိုက်ခိုက်မှုကိုတောင် သူမက တကယ်ကို တားဆီးနိုင်ခဲ့တာပဲ။”
“လင်းတုန်ကလည်း အံ့ဩစရာပဲ၊ ဒီလိုပုံစံဆိုရင် နိဗ္ဗာန်အဆင့် ၉ မှာ သူ့ကို ယှဉ်နိုင်မယ့်သူ သိပ်မရှိလောက်ဘူးလို့ ထင်တယ်၊ သူနဲ့ ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်၊ ဘယ်သူက ပိုပြီး အားကောင်းမလဲဆိုတာ သိချင်လိုက်တာ။”
“မဟာရှေးဟောင်းကျမ်းက တကယ်ကို ကြောက်ဖို့ကောင်းလွန်းတယ်၊ ကောင်းကင်ဧကရာဇ်ကျမ်းက အဲဒါနဲ့ ယှဉ်လို့မရနိုင်ဘူး”
... အောက်ဘက်ရှိ တပည့်များ၏ ပြောဆိုဆွေးနွေးသံများကို နားထောင်ရင်း ယင်းရှောင်ရှောင်၏ စိတ်ခံစားချက်မှာ အလွန် ရှုပ်ထွေးနေခဲ့သော်ငြား စောစောက လင်းတုန် သူမကို အပြတ်အသတ် အနိုင်ယူခဲ့စဉ်က ခံစားခဲ့ရသော စိတ်ပျက်အားငယ်မှုမျိုးကိုတော့ မခံစားရတော့ပေ။
သူမ လင်းတုန် ကြည့်လိုက်၏။ သူမကဲ့သို့ပင် ပုံမှန်အားဖြင့် ပြုံးခဲသော ဤညီငယ်သည် ဤကဲ့သို့ တွေးတတ်ခေါ်တတ်သော ဘက်ခြမ်းလည်း ရှိနေသေးသည်လော။
အလွန် အားကောင်းသော်လည်း အလွန် နှိမ့်ချတတ်သည်။
သူမ သူ့ကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
“ငါ ရှုံးသွားပါပြီ၊ ဒီပွဲမှာ မောင်လေးလင်းတုန်နဲ့ ဆက်ပြီး ယှဉ်ပြိုင်ဖို့ ငါ့မှာ ခွန်အားမရှိတော့ပါဘူး။”
ယင်းရှောင်ရှောင်သည် မျက်နှာပူတတ်သူဖြစ်ပြီး လင်းတုန်နှင့် ဆက်လက်၍ ဟန်ဆောင်တိုက်ခိုက်ရန် အလွန် ရှက်ရွံ့နေသဖြင့် ကိုယ်တိုင် ဖွင့်ဟဝန်ခံလိုက်လေသည်။
“ဂိုဏ်းတူအစ်မကြီးက အားနာတတ်လွန်းနေပါပြီ၊ ဂိုဏ်းတူအစ်မကြီးရဲ့ ဓားသိုင်းပညာရပ်တွေက လင်းတုန်ထက် မနိမ့်ကျပါဘူး၊ နောင်တစ်ချိန်မှာလည်း ဂိုဏ်းတူအစ်မကြီးနဲ့ ထပ်ပြီး သိုင်းပညာဖလှယ်ခွင့်ရဖို့ မျှော်လင့်ပါတယ်”
လင်းတုန်က သူ၏ လှံကို သိမ်းဆည်းလိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်လေသည်။
“မောင်လေးလင်းတုန်က နှိမ့်ချလွန်းနေပါပြီ” ယင်းရှောင်ရှောင်က သူမ၏ တည်ငြိမ်သော မျက်နှာထားကို ပြန်လည်ရယူလိုက်ပြီး ဓားကို သိမ်းဆည်းကာ တိုက်ပွဲရင်ပြင်ပေါ်မှ ပျံသန်းထွက်ခွာသွားတော့သည်။
“ငါ့အစ်မတောင် လင်းတုန်ကို မနိုင်ဘူးလား။”
ယင်းဟွမ်ဟွမ်က တီးတိုးရေရွတ်လိုက်မိ၏။ သူမ၏ ရင်ထဲတွင် သူမ၏ အစ်မသည် အမြဲတစေ အားကောင်းလွန်းသူ တစ်ဦး ဖြစ်ခဲ့သည်။
“နင့်အစ်မက အားနည်းနေလို့မဟုတ်ပါဘူး၊ လင်းတုန်ကိုက အားကောင်းလွန်းနေတာ၊ သူသာ သူ့ရဲ့ စွမ်းအားတွေကို အပြည့်အဝ ထုတ်သုံးလိုက်မယ်ဆိုရင်.... လင်းတုန်ရဲ့ စွမ်းအားက ငါ့ထက် သိပ်ပြီးနိမ့်မှာမဟုတ်ဘူး။”
ဝူယွမ်က သူမကို နှစ်သိမ့်ပေးလိုက်လေသည်။
လင်းတုန်သည် သူနှင့် အမျိုးအစားတူသော အရာများစွာကို သင်ယူထားခဲ့သည်။
သူက ကျောက်လက်ဖွဲ့နှင့် ဘိုးဘေးအဆောင်တို့ကို ကမ္ဘာ့သစ်ပင်တွင် ထည့်သွင်း၍ ပြုစုပျိုးထောင်ပြီးနောက် လင်းတုန်ကိုလည်း ကောင်းကင်ပြာ နဂါးအသွင်ပြောင်းခြင်း အတတ်ပညာ၊ ကစဉ်ကလျှားထိန်းချုပ်ခြင်းဓားသိုင်းနှင့် နတ်ဆင်ဖိနှိပ်ခြင်းအကျဉ်းထောင် စွမ်းအားတို့ကို သင်ကြားပေးခဲ့သည်။
ထို့အပြင် ကောင်းကင်ပြာ နဂါးအသွင်ပြောင်းခြင်း အတတ်ပညာကို ကျင့်ကြံရာတွင် အထောက်အကူဖြစ်စေရန်အတွက် သူ၏ အာဏာရှင်သွေးကို အသုံးပြု၍ ကောင်းကင်ချီ အသစ်စက်စက် တစ်ခုကို ဖန်တီးပေးခဲ့သေး၏။
ကောင်းကင်ပြာနဂါးနှင့် လိပ်နက်၊ သိုင်းပညာရပ်နှစ်ခု၊ တစ်ခုက တိုက်ခိုက်ရန်ဖြစ်ပြီး တစ်ခုက ကာကွယ်ရန် ဖြစ်သည်။
နတ်ဆင်ဖိနှိပ်ခြင်းအကျဉ်းထောင် စွမ်းအားကို အပြည့်အဝ မြှင့်တင်ထားပြီး ကစဉ်ကလျှားထိန်းချုပ်ခြင်းဓားသိုင်းမှာ အားအကောင်းဆုံးသော ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှု နည်းလမ်းတစ်ခု ဖြစ်သည်။
လင်းတုန်၏ နည်းလမ်းများသည် သူနှင့် ဆင်တူပြီး လင်းတုန်တွင် လိပ်နက်ဝိညာဉ်တံဆိပ်လည်း ရှိနေသေးသည်။
မဟာရှေးဟောင်းကျမ်း၏ ပေါက်ကွဲအားနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ စွမ်းအင်မြင့်တက်လာမှုမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။
ယင်းရှောင်ရှောင်သည် သဘာဝကျကျပင် လင်းတုန်၏ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။
ဟုန်ယာတုန်မှ ဆန်းကြယ်ရှင်ခြင်းအဆင့်ရှိ အကြီးအကဲ တစ်ဦးပင်လျှင် လင်းတုန်ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
“နောက်တစ်ပွဲ၊ ဝူယွမ် နဲ့ ဝမ်ယန်။”
နောက်ဆုံးတွင်တော့ တတိယအဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဝူယွမ်နှင့် ဝမ်ယန်တို့ အလှည့်ရောက်ရှိလာခဲ့လေသည်။
ဝှစ်...
သူ၏ အမည်ကို ကြားလိုက်ရချိန်တွင် လေးလံသော ဓားကြီးကို ကျောတွင် လွယ်ထားသည့် အေးစက်တည်ငြိမ်သော ဝမ်ယန်သည် တိုက်ပွဲရင်ပြင်ပေါ်သို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့လေသည်။
ဝူယွမ်ကလည်း အနီးကပ် လိုက်ပါသွားပြီး တိုက်ပွဲရင်ပြင်ပေါ်တွင် ပေါ်လာခဲ့၏။
ယခု တောင်ထွတ်ပေါ်ရှိ တိုက်ပွဲရင်ပြင်ပေါ်တွင် ရှိနေသော ထိုနှစ်ဦးကို လူတိုင်း စောင့်ကြည့်နေကြလေသည်။
အရေးအကြီးဆုံး တိုက်ပွဲကြီး ရောက်ရှိလာပြီဖြစ်သဖြင့် တပည့်များအားလုံးမှာ အသက်ရှူအောင့်ကာ စောင့်ကြည့်နေကြလေသည်။
လေထုပင် ခဲအေးသွားမတတ် ဖြစ်နေခဲ့၏။
သို့သော် ဤခဲအေးမှုမှာ အသက်ရှူကြိမ် အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။
ထို့နောက်ထို့နောက် အံ့မခန်း ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါတစ်ခုက ကွင်းပြင်ထဲမှ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့လေသည်။
ဝမ်ယန်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လေးလံသော ဓားကြီးက သူ၏ လက်ထဲသို့ ရောက်ရှိလာကာ ဓားသွားက ဖြောင့်တန်းစွာ ထွက်ပေါ်လာပြီး လျင်မြန်၍စွာဖြင့် ရုတ်တရက် ဝူယွမ်၏ လည်ချောင်းဆီသို့ ထိုးစိုက်လာခဲ့သည်။
ဝမ်ယန် လှုပ်ရှားလိုက်သည့် အခိုက်အတန့်မှာပင် ဝူယွမ်သည် ခြေတစ်ဖက်ကို မြေပြင်ပေါ်သို့ ဆောင့်နင်းလိုက်၏။
ကြီးမားကျယ်ပြန့်သော အပြာရောင် အလင်းတန်းများက သူ၏ ကိုယ်တွင်းမှ ပေါက်ကွဲထွက်လာပြီး ခန္ဓာကိုယ်ပေါ်တွင် အပြာရောင် နဂါးအကြေးခွံများ ပေါ်လာကာ ချက်ချင်းပင် ကောင်းကင်ပြာနဂါး သံချပ်ကာ အလွှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲတွင် မိုးကြိုးဝိညာဉ်ကောင်းကင်ဓား ပေါ်လာခဲ့သည်။
ထက်ရှလှသော ဓားအလင်းတန်းတစ်ခု လင်းလက်သွားကာ ဧရာမမိုးကြိုးဓား အရိပ်ကြီးက ဝမ်ယန်၏ လေးလံသော ဓားကြီးကို ဖြတ်တောက်ပြီး သူ၏ မျက်နှာဆီသို့ တိုက်ရိုက်ပင် ခုတ်ပိုင်းသွားခဲ့သည်။
ဝမ်ယန်မှာ ရွေးချယ်စရာ မရှိတော့ဘဲ သူ၏ ဓားကို ပြန်လည်ရုပ်သိမ်းကာ နောက်ဆုတ်လိုက်ရလေသည်။
“ကောင်းကင်ဧကရာဇ်ကျမ်း၊ မဟာကောင်းကင် တိမ်တိုက်ရွှေ့လျားဓား”
ဝမ်ယန်က ခပ်ဩဩ အသံဖြင့် အော်ဟစ်လိုက်ပြီး ဧရာမအလင်းဓားကြီး တစ်ခုက သူ၏ အရှေ့တွင် စုစည်းလာခဲ့၏။
သူသည် အချိန်ဆွဲနေရန် လုံးဝ မရည်ရွယ်ထားမှန ထင်ရှားလွန်းပြီး ပြတ်ပြတ်သားသား လှုပ်ရှားနေသည်။
ဝူယွမ်ကို အလွန် အရေးကြီးသော ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်ထားလေသည်။
ကောင်းကင်ခန်းမ၏ တပည့်ဟောင်းတစ်ဦးအနေဖြင့် သူ၏ ကောင်းကင်ဧကရာဇ်ကျမ်း ကျင့်ကြံမှုအဆင့်မှာ ယင်းရှောင်ရှောင်ထက် မည်သို့မျှ ယုတ်လျော့နေခြင်း မရှိသည့်အပြင် ယင်းရှောင်ရှောင်ထက်ပင် ရက်စက်ကြမ်းကြုတ်မှု အနည်းငယ် ပိုမိုပါဝင်နေသေး၏။
“မဟာရှေးဟောင်းကန္တာရ အဆုံးစွန်ဖြတ်တောက်ခြင်းဓား”
“ခုတ်ပိုင်းလိုက်”
ဝူယွမ်၏ ဧရာမဓားကြီးက လေထုထဲတွင် ရပ်တန့်နေပြီး ကောင်းကင်ယံတွင် မိုးချိန်းသံများ ရူးသွပ်စွာ ပေါက်ကွဲနေခဲ့သည်။
ဧရာမဓားသွားကြီးက အလင်းဓားကြီးကို တိုက်ရိုက်ပင် ထိုးဖောက်သွားခဲ့၏။
ဝီ၊ ဝီ...
မိုးကြိုးဝိညာဉ်ကောင်းကင်ဓားက တုန်ခါသွားပြီး မိုးကြိုးရူန်းစာလုံးများ လင်းလက်လာကာ အလင်းတန်းများကို ခွဲခြမ်းပြီး အရိပ်များကို ရွှေ့ပြောင်းကာ ကောင်းကင်မိုးကြိုးများကို ဆွဲငင်၍ အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
၀ုန်းးး
တောက်ပနေသော ငွေရောင်မိုးကြိုးစီးကြောင်းကြီး တစ်ခု ကျဆင်းလာပြီး ဧရာမအလင်းဓားကြီးအပေါ်သို့ ထပ်မံကျရောက်သွားကာ ဓားကြီးကို တိုက်ရိုက်ပင် ဖျက်ဆီးပစ်လိုက်လေတော့သည်။
ကောင်းကင်၏ စွမ်းအားမှာ အံ့မခန်းဖြစ်ပြီး ကြီးမားလွနါးသော မိုးကြိုးလျှပ်စီးသံလိုက်လှိုင်းများက ဝမ်ယန်ကို မြေပြင်ပေါ်သို့ လွင့်စဉ်သွားစေခဲ့သည်။
၀မ်ယန်သည် မြေပြင်ပေါ်တွင် ချက်ချင်းပင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး သူ၏ အနက်ရောင်ဓားကြီးကို မြေကြီးထဲသို့ စိုက်ထားလိုက်၏။ ထို့နောက် သူသည် လက်နှစ်ဖက်ဖြင့် အလွန် ထူးဆန်းသော လက်သင်္ကေတ တစ်ခုကို ပြုလုပ်လိုက်တော့သည်။
ဝမ်ယန်၏ ပါးစပ်မှ သွေးအဆီအနှစ်တစ်လုပ် အန်ထွက်လာပြီး နောက်ဆုံးတွင် သွေးလုံးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားကာ ဝမ်ယန်၏ ထူးဆန်းသော လက်သင်္ကေတပေါ်သို့ ကျဆင်းသွားခဲ့သည်။
ချက်ချင်းပင် အလွန်အမင်း ထူးဆန်းကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု သူ၏ ကိုယ်တွင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာလေတော့သည်။
ထူးဆန်းသော အရှိန်အဝါတစ်ခုက ဝမ်ယန်၏ ကိုယ်တွင်းမှ ပြန့်နှံ့သွားပြီး ဤအရှိန်အဝါ ပြန့်နှံ့သွားသည်နှင့်အမျှ ရုတ်တရက် အနက်ရောင် မြူခိုးတန်းများကလည်း သူ၏ကိုယ်တွင်းမှ လှိုင်းလုံးကြီးများအလား ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးကို မုန်တိုင်းတစ်ခုအလား ဖုံးလွှမ်းသွားခဲ့သည်။
အနက်ရောင် မြူခိုးများက ကောင်းကင်တစ်ဝက်ကို လျင်မြန်စွာ ဖုံးလွှမ်းသွားပြီး ၎င်းအတွင်းမှ ကြောက်မက်ဖွယ်ကောင်းလွန်းပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခုက ခပ်ရေးရေး ထွက်ပေါ်နေလေသည်။
အလင်းတန်းတစ်ခုက လျှပ်စီးတစ်ခုအလား လင်းလက်သွားသော်လည်း ဝမ်ယန်နှင့် ဆယ်ပေအကွာသို့ ရောက်ရှိချိန်တွင် ဝမ်ယန်၏ ပတ်ဝန်းကျင်ကို မျက်စိဖြင့်မမြင်ရသော အကာအကွယ်တစ်ခုက ကာကွယ်ထားသည့်အလား ‘ဖောင်း’ ခနဲ အသံနှင့်အတူ ပျောက်ကွယ်သွားခဲ့၏။
ရွှစ်... ရွှစ်... ရွှစ်...
မိုးကြိုးများက အကာအကွယ်ကို တိုက်ခိုက်ခဲ့သော်လည်း ပြန်လည်လွင့်စဉ်သွားခဲ့ပြီး ဝမ်ယန်ကို အနည်းငယ်ပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
ဝူယွမ်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လက်ထဲရှိ မိုးကြိုးဝိညာဥ်ဓားကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် ဧရာမ ဓားအလင်းတန်းကြီး တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ဘုန်း
ဓားအလင်းတန်းက အကာအကွယ်ကို အလျားလိုက် တိုက်ခိုက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ယွမ်စွမ်းအင် တုန်ခါမှုလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ကာ အရပ်မျက်နှာ အားလုံးသို့ ပြန့်နှံ့သွားစေခဲ့သည်။
ဝမ်ယန်၏ အကာအကွယ်မှာ မပြိုကွဲသွားခဲ့သော်လည်း သူ ရပ်နေသော မြေပြင်မှာမူ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်နေပြီ ဖြစ်သည်။
ဝမ်ယန်၏ နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းလေး တစ်ခုပင် စီးကျလာခဲ့၏။
သူသည် ထိုနေရာတွင်ပင် ဆက်လက်ထိုင်နေပြီး သူ၏ လက်သင်္ကေတများက အဆက်မပြတ် ပြောင်းလဲနေကာ အလွန်အမင်း အားကောင်းလွန်းသော သိုင်းပညာရပ်တစ်ခုကို အသုံးပြုနေပုံရသည်။
ကောင်းကင်ယံတွင် ပြည့်နှက်နေသော အနက်ရောင် အလင်းတန်းများသည် ရုတ်တရက် လျင်မြန်စွာ စုစည်းလာကြပြီး အလွန်အမင်း ကြီးမားကာ ဝေဝါးနေသော အနက်ရောင် အရိပ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ထိုအနက်ရောင် အရိပ်ကြီး၏ အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတစ်ခုက လှိုင်းလုံးကြီးများအလား ထွက်ပေါ်လာပြီး ပတ်၀န်းကျင်ရှိ အပူချိန်ကို ထိုးကျသွားစေခဲ့သည်။
ဝမ်ယန်၏ ဦးခေါင်းထက်တွင် စုစည်းနေသော ဧရာမ အနက်ရောင် ပုံရိပ်ကြီးကို မြင်လိုက်ရသောအခါ စင်မြင့်ထက်ရှိ ထိုင်ခုံများတွင် ထိုင်နေကြသော ချန်ကျန်းနှင့် အခြား ခန်းမသခင် လေးဦးလုံး မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ကြလေသည်။
“ဘယ်လောက်တောင် အားကောင်းတဲ့ ယွမ်စွမ်းအင် လှိုင်းဂယက်တွေလဲ၊ ဒီသိုင်းပညာရပ်က ကောင်းကင်ဧကရာဇ်ကျမ်းထက် မနိမ့်ဘူးပဲ” ကောင်းကင်ခန်းမ၏ ခန်းမသခင်ဖြစ်သော ချီလဲ့က အံ့ဩတကြီး ရေရွတ်လိုက်လေသည်။
“ဒီသိုင်းပညာရပ်ရဲ့ ဝိညာဉ်ကို ကြည့်ရတာ မိစ္ဆာနက်ဖြစ်နေပုံပဲ” ယင်းရွှမ်းဇီက ခန့်မှန်းကာ ကောက်ချက်ချလိုက်လေသည်။
***