ဝူယွမ်သည် သိပ်ပြီး တုံ့ဆိုင်းမနေဘဲ သစ်သားပြားလေးကို ဖုံးအုပ်ထားသော အလင်းတန်းအစုအဝေးဆီသို့ တိုက်ရိုက်ပင် လက်ညှိုးထိုးပြလိုက်လေသည်။
“ကျွန်တော် အဲ့ဒါကိုရွေးတယ်...”
“မင်းသေချာပြီလား...” ယင်းရွှမ်းဇီက ပြုံး၍ မေးလိုက်၏။
“သေချာပါတယ်...” ဝူယွမ်က ပြတ်သားစွာ ခေါင်းညိတ်ပြလိုက်သည်။
ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက် နှစ်ခုမှာ သူ့အတွက် သိပ်ပြီး အသုံးမဝင်လှပေ။
တိုက်ခိုက်ရေးအတွက်ဆိုလျှင် သူ့ထံတွင် မိုးကြိုးဝိညာဉ်ကောင်းကင်ဓား ရှိနှင့်ပြီးဖြစ်ကာ ကာကွယ်ရေးအတွက်ဆိုလျှင်လည်း သူ၏ အားကောင်းလှသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြောင့် မည်သည့် ကာကွယ်ရေး ဝိညာဉ်ရတနာလက်နက်ကိုမျှ သူ လုံးဝ မလိုအပ်ပေ။
အဘယ်ကြောင့်ဆိုသော် မည်သည့် ဝိညာဉ်ရတနာလက်နက်ကမျှ သူ၏ ခန္ဓာကိုယ်လောက် မမာကျောသောကြောင့်ပင် ဖြစ်သည်။
ဝူယွမ်၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို မြင်သောအခါ ယင်းရွှမ်းဇီသည်လည်း ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းကာ ကျန်ရှိနေသော အလင်းတန်းအစုအဝေး နှစ်ခုကို သူ၏ ဝတ်ရုံလက်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်လေသည်။
ထို့နောက် လက်ဖဝါးကို ဆန့်တန်းလိုက်ရာ အနက်ရောင် သစ်သားပြားလေးသည် သူ၏ လက်ဖဝါးပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းလာခဲ့၏။
သစ်သားပြားလေးပေါ်ရှိ အလင်းရောင်များ မှေးမှိန်သွားသောအခါ ၎င်း၏ မျက်နှာပြင်ပေါ်တွင် အလွန်ဝေဝါးပြီး နက်နဲလှသော အဆောင်သင်္ကေတများဖြင့် ဖုံးလွှမ်းနေသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ထိုအဆောင်သင်္ကေတများသည် အသက်ဝင်နေသည့်အလား သစ်သားပြားလေးပေါ်တွင် ဖြည်းညင်းစွာ လည်ပတ်လှုပ်ရှားနေကြလေသည်။
ဝူယွမ်သည် ဤအဆောင်သင်္ကေတများနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေခဲ့၏။
ထိုအထဲတွင် သိမ်မွေ့သော အချိန်အဆောင်သင်္ကေတများ၊ ဟင်းလင်းပြင်အဆောင်သင်္ကေတများနှင့် တားမြစ်အဆောင်သင်္ကေတများ ပါဝင်နေသည်။
ယင်းရွှမ်းဇီ မေးမြန်းလိုက်သည်။ “ဒီပစ္စည်းက ဘာလဲဆိုတာကို မင်းသိလား...”
ဝူယွမ်က အေးအေးဆေးဆေးပင် ရှင်းပြလိုက်လေသည်။
“ကျွန်တော် မသိပါဘူး... ဒါပေမယ့် ကျန်တဲ့ ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက် နှစ်ခုက ကျနော့်အတွက် သိပ်ပြီးအသုံးမဝင်ဘူးလေ၊ ဒီရတနာကကျတော့ ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအင်ကို နည်းနည်းလှုပ်ရှားသွားစေတယ်...”
“အဲ့တာကြောင့် ဒါက ဝိညာဉ်စွမ်းအင်နဲ့ ပတ်သက်တဲ့ ရတနာကောင်းတစ်ခုပဲ ဖြစ်ရမယ်၊ ပြီးတော့ ဒီအရာက ကျနော့်ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်...”
ယင်းရွှမ်းဇီက ပြောဆိုလိုက်၏။ “ဒီအရာကို တိတ်ဆိတ်ခြင်းကျောက်တိုင်လို့ ခေါ်တယ်...”
“ရှေးဟောင်းခေတ်ကာလတုန်းက ကောင်းကင်နဲ့ မြေကြီးရဲ့ နတ်ဘုရားပစ္စည်းလို့ခေါ်တဲ့ တိတ်ဆိတ်ခြင်းနတ်ဘုရားကျောက်တိုင်ဆိုတာ ရှိခဲ့တယ်... အဲ့ဒါကိုသာ အသက်သွင်းလိုက်မယ်ဆိုရင် အချိန်ကိုသာမက ဟင်းလင်းပြင်ကိုပါ လုံးဝ တိတ်ဆိတ် ရပ်တန့်သွားစေနိုင်တယ်၊”
“ အဲဒီအထဲမှာ ပိတ်မိသွားတဲ့ သူတွေဟာ တခြားသူတွေရဲ့ လက်ထဲရောက်ရှိသွားပြီး ပြန်လည်ခုခံဖို့ လုံးဝ စွမ်းအားမဲ့သွားကြလိမ့်မယ်...”
ယင်းရွှမ်းဇီသည် သူ၏ လက်ထဲရှိ အနက်ရောင် သစ်သားပြားလေးကို ဆော့ကစားရင်း ရှင်းပြနေခဲ့သည်။ 'တိတ်ဆိတ်ခြင်းနတ်ဘုရားကျောက်တိုင်’ ဟု ခေါ်သော အရာအကြောင်းကို ပြောချိန်တွင် သူ၏ မျက်ဝန်းများထဲ၌ပင် ဖုံးကွယ်ထား၍မရသော လေးစားအားကျမှု အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။
“ဒီလောက်တောင်အားကောင်းတာလား...” ဝူယွမ် အံ့ဩတကြီး ရေရွတ်လိုက်သည်။
“ငါတို့ တောင်ဂိုဏ်းမှာတော့ သဘာဝကျကျပဲ အဲ့ဒီလို နတ်ဘုရားပစ္စည်းမျိုးကို မပိုင်ဆိုင်ထားပါဘူး၊ ဒီတိတ်ဆိတ်ခြင်းကျောက်တိုင်က တိတ်ဆိတ်ခြင်းနတ်ဘုရားကျောက်တိုင်ရဲ့ ပုံတူပစ္စည်းအတုပဲ...” ယင်းရွှမ်းဇီက ခေါင်းခါယမ်းရင်း ပြောလိုက်လေသည်။
ဝူယွမ်က မေးလိုက်၏။ “ဒါဆို ဒီတိတ်ဆိတ်ခြင်းကျောက်တိုင်က တိတ်ဆိတ်ခြင်း နတ်ဘုရားကျောက်တိုင်ကို ပုံတူကူးချထားတဲ့ ဗားရှင်းပေါ့...”
“ဟင်... ပုံတူကူးချထားတဲ့ ဗားရှင်းလား... ဗားရှင်းဆိုတာဘာကြီးလဲ”
“အတုလို့ ပြောချင်တာပါ...”
ယင်းရွှမ်းဇီသည် သူ၏ မျက်လုံးများကို အနည်းငယ် လှန်လိုက်ပြီး ဤလူငယ်လေး၏ ခေတ်ပေါ် စကားလုံးများကို ဆက်လက် အာရုံစိုက်မနေတော့ဘဲ ဆက်ပြောလိုက်လေသည်။
“ဒါပေမယ့် ဒါက အတုဖြစ်နေလို့ဆိုပြီး မင်း အထင်မသေးလိုက်နဲ့... အတုဆိုပေမဲ့ သူ့ရဲ့ အစွမ်းသက်ရောက်မှုက အဆင့်မြင့်ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက် အများစုကို ကျော်လွန်နေတုန်းပဲ”
“သေချာတာကတော့ ဒါက သန့်စင်ယွမ်ရတနာ အဆင့်ကိုတော့ မရောက်သေးဘူး၊ အဲဒီနှစ်ခုကြားမှာ ရှိနေတယ်လို့ပဲ ပြောလို့ရတယ်...”
“သူ့ရဲ့ အစွမ်းတွေက တိတ်ဆိတ်ခြင်းနတ်ဘုရားကျောက်တိုင်နဲ့ အတူတူပဲ၊ ဒါပေမယ့် အဲဒီလောက်တော့ ကြောက်စရာမကောင်းဘူးပေါ့၊ ဒါကို အသက်သွင်းလိုက်တဲ့အချိန် ပြိုင်ဘက်ကို မျက်တောင်တစ်ခတ်စာလောက် ရပ်တန့်သွားစေနိုင်တယ်...”
“မျက်တောင်တစ်ခတ်စာ အချိန်လေးဆိုတာက စွမ်အင်အဆင့်တူတဲ့ သိုင်းပညာရှင်တွေရဲ့ တိုက်ပွဲမှာ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်နေပြီလေ...”
“သေချာတာကတော့ ဒါကိုအသက်သွင်းဖို့အတွက် စွမ်းအင်တွေ အတိုင်းအတာ တစ်ခုအထိ လိုအပ်တယ်၊ အရမ်းအားကောင်းတဲ့ ဝိညာဉ်စွမ်းအင် ရှိဖို့လိုတယ်၊ ဒါပေမယ့် မင်းအတွက်ကတော့ ဒါက ပြဿနာမဖြစ်နိုင်ပါဘူး...”
“မင်းမှာ အမြင်ကောင်းရှိတာပဲ၊ ပစ္စည်းတွေကို ဘယ်လိုရွေးချယ်ရမလဲဆိုတာကို သိတယ်...”
ယင်းရွှမ်းဇီက ချီးကျူးစကား ဆိုလိုက်လေသည်။
“ဒါက သဘာဝပဲလေ...” ဝူယွမ်က ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်၏။
“ခင်ဗျားက ခင်ဗျားရဲ့ သမီးလေးကို ချီးကျူးနေတာ မဟုတ်ဘူးလား” ဤစကားကိုတော့ စိတ်ထဲတွင်သာ သိမ်းထားလိုက်လေသည်။
“ဒါက ပိုင်ရှင်မဲ့ပစ္စည်းတစ်ခုပါ၊ ငါ မင်းသန့်စင်ဖို့အတွက် အတားအဆီးတွေကို ဖယ်ပေးထားတယ်၊ မင်းရဲ့သွေးနဲ့ ပြန်သန့်စင်လိုက်တာနဲ့ မင်း ဒါကို ထိန်းချုပ်နိုင်သွားလိမ့်မယ်...”
ယင်းရွှမ်းဇီက တိတ်ဆိတ်ခြင်းကျောက်တိုင်ကို ဝူယွမ်ထံသို့ ကမ်းပေးလိုက်လေသည်။
ဝူယွမ်က ၎င်းကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်၏။ အနက်ရောင် သစ်သားပြားလေး သူ၏ လက်ထဲသို့ ရောက်ရှိလာသည်နှင့်အမျှ သူ၏ လက်ဖဝါးတစ်လျှောက်လုတွင် အေးစိမ့်သော ခံစားချက်တစ်ခု ပြန့်နှံ့သွားခဲ့သည်။
သစ်သားပြားလေး၏ အသွင်အပြင်မှာ အလွန် ထူးခြားလှပြီး သစ်သားလည်း မဟုတ်၊ သတ္တုလည်း မဟုတ်ပေ။ ဝူယွမ်သည် ၎င်းမည်သည့်အရာဖြစ်ကြောင်းကို မခွဲခြားနိုင်ခဲ့ပေ။
ဝူယွမ်သည် တုံ့ဆိုင်းမနေခဲ့ပေ။
သူသည် ချက်ချင်းပင် တိတ်ဆိတ်ခြင်းကျောက်တိုင်ကို ကိုင်ဆောင်ထားရင်း သူ၏ လက်ချောင်းထိပ်လေးကို ခပ်ဖွဖွ ကိုက်ဖောက်လိုက်ပြီး သွေးတစ်စက်ကို တိတ်ဆိတ်ခြင်းကျောက်တိုင်ပေါ်သို့ ချလိုက်လေသည်။
ထို့နောက် ကျောက်တိုင်ထံမှ မှေးမှိန်သော အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာပြီး ဝူယွမ်၏ ရင်ထဲတွင် သိမ်မွေ့သော ဆက်သွယ်မှုတစ်ခု တိတ်တဆိတ် ပေါ်ပေါက်လာခဲ့၏။
တိတ်ဆိတ်ခြင်းကျောက်တိုင်ပေါ်ရှိ အလင်းရောင်မှာ ပိုမိုတောက်ပလာကာ ဖြည်းညင်းစွာ ပျံတက်သွားပြီး နောက်ဆုံးတွင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝူယွမ်၏ နဖူးပြောင်ပြောင်လေးအတွင်းသို့ တိုက်ရိုက် ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။
ဤအခိုက်အတန့်တွင် ဝူယွမ်၏ မျက်လုံးများ မှိတ်ကျသွားပြီး သူ၏ ဝိညာဉ်အသိဉာဏ်သည် သူ၏ နီ၀မ်နယ်ပယ်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့၏။
ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေသော ထိုကမ္ဘာငယ်လေးအတွင်းတွင် ယခုလေးတင် ဝင်ရောက်လာသော အနက်ရောင်သစ်သားပြားလေးကို သူ မြင်တွေ့လိုက်ရသည်။
ယခုလေးတင် ဝင်ရောက်လာသော တိတ်ဆိတ်ခြင်းကျောက်တိုင်သည် အိမ်အသစ်တစ်ခုကို ရောက်ရှိလာသကဲ့သို့ ဖြစ်နေခဲ့၏။
ဝူယွမ်၏ သွေးဆက်နွယ်မှုကြောင့် ၎င်းသည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များနှင့် ရင်းနှီးကျွမ်းဝင်သလို ခံစားနေရပြီး သူ့ကိုယ်သူ နွေးထွေးစေရန်အတွက် ဝိညာဉ်စွမ်းအင် အမျှင်တန်းလေးများကို စုပ်ယူရန် ပြင်ဆင်နေလေသည်။
သို့သော် နောက်တစ်စက္ကန့်တွင်တော့ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့၏။
စွမ်းအားတစ်ခုက တိတ်ဆိတ်ခြင်းကျောက်တိုင်ကို အမှန်တကယ်ပင် စုပ်ယူသွားခဲ့လေသည်။ ဝိညာဉ်စွမ်းအင်များသည် ရေစီးကြောင်းကြီးတစ်ခုအလား တိတ်ဆိတ်ခြင်းကျောက်တိုင်ကို ကစဉ်ကလျားသန္ဓေသား၏ အရှေ့သို့ တိုက်ခတ်သယ်ဆောင်သွားခဲ့သည်။
ထို့နောက် ဝိညာဉ်စွမ်းအင်များက တိတ်ဆိတ်ခြင်းကျောက်တိုင်ကို ကစဉ်ကလျားသန္ဓေသား အတွင်းသို့ တိုက်ရိုက်ပင် ပစ်ထည့်လိုက်ပြီးနောက် ကစဉ်ကလျားသန္ဓေသားပေါ်တွင် အဆောင်သင်္ကေတ အသစ်များ ပေါ်ထွက်လာခဲ့၏။
ထိုအဆောင်သင်္ကေတများသည် တိတ်ဆိတ်ခြင်းကျောက်တိုင်မှ အဆောင်သင်္ကေတများပင် ဖြစ်တော့သည်။
၎င်းသည် ကစဉ်ကလျားသန္ဓေသားက အတင်းအဓ္ဓမ တိုက်ရိုက်ပေါင်းစပ်သည်ကို ခံလိုက်ရခြင်းပင် ဖြစ်တော့သည်။
ဝူယွမ် မည်သို့မျှ မတတ်နိုင်တော့ပေ။ ဤတိတ်ဆိတ်ခြင်း ကျောက်တိုင်သည်လည်း ဘိုးဘေးအဆောင်တစ်ခုနှင့် ဆင်တူနေပုံရပြီး ၎င်း၏ အဆောင်သင်္ကေတများကို ကစဉ်ကလျားသန္ဓေသားက တိုက်ရိုက်ပင် ကူးယူမှတ်သားနိုင်လေသည်။
သို့သော် ဤတိတ်ဆိတ်ခြင်းကျောက်တိုင်၏ ပစ္စည်းအမျိုးအစားမှာ အနည်းငယ် ထူးခြားနေပြီး ကစဉ်ကလျားသန္ဓေသားနှင့် တူညီသည့် ဂုဏ်သတ္တိ ရှိနေပုံရ၏။ သို့မဟုတ်ပါက ၎င်းသည် တိုက်ရိုက် ပေါင်းစပ်သွားနိုင်မည် မဟုတ်ပေ။
တိတ်ဆိတ်ခြင်းကျောက်တိုင်ကို ဝါးမျိုပြီးနောက် ကစဉ်ကလျားသန္ဓေသား၏ အလင်းရောင်မှာလည်း အနည်းငယ် ပိုမိုတောက်ပလာခဲ့လေသည်။
“ဒါကို အားဖြည့်ပေးလို့ ရတာပဲ...”
ဤအပြောင်းအလဲက ဝူယွမ်ကို အံ့ဩဝမ်းသာသွားစေခဲ့သည်။
ဝူယွမ်သည် သူ့သန္ဓေသားနှင့် ပေါင်းစပ်နိုင်သော ပစ္စည်းအမျိုးအစားကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
အဆောင်သင်္ကေတများကို ရေးထွင်းခြင်းနှင့် ဝိညာဉ်စွမ်းအင်ကို ကျင့်ကြံခြင်းဖြင့်သာ ၎င်းကို တိုးတက်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့မိသည်။
၎င်းကို အချို့သော အထူးပစ္စည်းများကို ဝါးမျိုစေခြင်းဖြင့်လည်း အားဖြည့်ပေးနိုင်ကြောင်းကိုတော့ ယခုမှ သိရှိလိုက်ရခြင်းဖြစ်၏။
“ဒါက အဆင့်မြှင့်တင်ဖို့အတွက် ငွေကုန်ခံလို့ရတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား...”
ကစဉ်ကလျားသန္ဓေသားသည် အမြဲတစေ အံ့ဩဖွယ်ကောင်းလွန်းလှပြီး ကောင်းကင်နှင့် မြေကြီး၏ အဆောင်သင်္ကေတများကို ကူးယူနိုင်စွမ်းရှိကာ အသုံးပြုနိုင်သည့် နယ်ပယ်မှာလည်း အလွန်ကျယ်ပြန့်သဖြင့် ဝူယွမ်၏ စွမ်းအားကို များစွာ မြှင့်တင်ပေးနိုင်လေသည်။
၎င်းသည် ဝူယွမ်၏ အရေးအကြီးဆုံး အရာများထဲမှ တစ်ခုပင် ဖြစ်သည်။
ယခင်ကကဲ့သို့ ဝိညာဉ်စွမ်းအင်ဖြင့် ပုံဖော်နေရန် မလိုအပ်တော့ဘဲ သန္ဓေသားအပေါ်တွင် ပေါ်ပေါက်လာသော အဆောင်သင်္ကေတများကို ဝူယွမ်က တိုက်ရိုက်ပင် အသုံးပြုနိုင်လေသည်။ ယခုလေးတင် ဝါးမျိုခံလိုက်ရသော တိတ်ဆိတ်ခြင်းကျောက်တိုင် အပါအဝင်။
ထိုကျောက်တိုင်မှာ ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ အခြားပုံစံတစ်မျိုးဖြင့် တည်ရှိနေခြင်းသာ ဖြစ်သည်။
ဝူယွမ်အနေဖြင့် တိတ်ဆိတ်ခြင်းကျောက်တိုင်၏ အစွမ်းများကို ထုတ်လွှတ်ရန်အတွက် ကစဉ်ကလျားသန္ဓေသားပေါ်ရှိ အဆောင်သင်္ကေတများကို အသက်သွင်းရန်သာ လိုအပ်လေသည်။
ထို့အပြင် ဤသည်မှာ တိတ်ဆိတ်ခြင်းကျောက်တိုင်ကို အသုံးပြုရသည်ထက် ပိုမိုအဆင်ပြေပြီး ထိရောက်မှုရှိကြောင်းကိုလည်း ဝူယွမ် ခံစားမိလိုက်၏။
ကစဥ်ကလျားသန္ဓေသားသည် ဝိညာဉ်စွမ်းအင်ကုန်ဆုံးမှုကို အတော်လေး သက်သာစေပြီး ရပ်တန့်ခြင်း အစွမ်းသက်ရောက်မှုကိုလည်း တိုးတက်လာစေခဲ့သည်။
အရေးအကြီးဆုံးမှာ ဝူယွမ်သည် ပြည့်စုံသော မူလ အချိန်၊ ဟင်းလင်းပြင်နှင့် တားမြစ်အဆောင်သင်္ကေတများကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။
သူသည် ဤအခြေခံအုတ်မြစ်ပေါ်တွင် ထပ်မံ၍ တိုးတက်အောင် လုပ်ဆောင်နိုင်သေးလေသည်။
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကစဉ်ကလျားသန္ဓေသားသည်လည်း တိတ်ဆိတ်ခြင်းနတ်ဘုရားကျောက်တိုင်၏ အစွမ်းမျိုးကို ထုတ်လွှတ်နိုင်ကောင်း ထုတ်လွှတ်လာနိုင်ပေမည်။
တိတ်ဆိတ်ခြင်း... ဤထိန်းချုပ်မှု နည်းလမ်းမှာ အလွန်အသုံးဝင်လှပြီး ပြိုင်ဘက်ကို ဖမ်းချုပ်ကာ မိမိစိတ်ကြိုက် ပြုလုပ်နိုင်ခွင့်ပေးထားခြင်းနှင့် ညီမျှလေသည်။
‘အနောက်သို့ ခရီးသွားခြင်း’ ဇာတ်လမ်းထဲတွင် စွန်းဝူခုန်းက နတ်သမီး ခုနစ်ပါးကို ဖမ်းချုပ်ထားသကဲ့သို့ ဖြစ်ပြီး တစ်ခါ ဖမ်းချုပ်ခံရပြီးသည်နှင့် သူတို့သည် လုံးဝ လှုပ်ရှားနိုင်တော့မည် မဟုတ်ပေ။
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဝူယွမ်သည်လည်း ဤကဲ့သို့သော အစွမ်းမျိုးကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်လာနိုင်ပေမည်။
“အဲဒီအချိန်ကျရင် စကားလုံးတွေက ဥပဒေဖြစ်လာလိမ့်မယ်၊ ငါက ရပ်လို့ ပြောလိုက်ရင် ရပ်သွားရမှာပဲ...”
အချိန်အတော်ကြာ စဉ်းစားတွေးတောပြီးနောက် နောက်ဆုံးတွင် ဝူယွမ်သည် သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်လေသည်။
ယင်းရွှမ်းဇီက သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေဆဲပင် ဖြစ်သည်။ ဝူယွမ် စဉ်းစားတွေးတောနေစဉ်အတွင်း သူက လုံးဝ အလျင်စလိုမလုပ်ခဲ့ဘဲ တရားထိုင်နေသော ဘုန်းတော်ကြီး တစ်ပါးအလား ငြိမ်းချမ်းတိတ်ဆိတ်စွာ ထိုင်နေခဲ့၏။
ဝူယွမ်က မျက်လုံးပွင့်ပွင့်ချင်း တိတ်ဆိတ်ခြင်း အစွမ်းသက်ရောက်မှုကို စမ်းသပ်ရန် ပြင်လိုက်လေသည်။ သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူ၏ စမ်းသပ်မှုအတွက် ပစ်မှတ်တစ်ခုကို ရှာဖွေလိုက်၏။
ယင်းရွှမ်းဇီ၏ ဝါးခြံလေးမှာ အလွန် တိတ်ဆိတ်အေးချမ်းလှသည်။ ပြတင်းပေါက် အပြင်ဘက်တွင် ငှက်ကလေးများက သီချင်း သီဆိုနေကြပြီး ပန်းကလေးများလည်း ပွင့်လန်းနေကြ၏။
ဤအချိန်တွင် လိပ်ပြာနှစ်ကောင် ပျံသန်းလာလေသည်။ ဝူယွမ်က သေချာ စိုက်ကြည့်လိုက်ပြီး ထိုလိပ်ပြာစုံတွဲကို သူ၏ စမ်းသပ်ခံ အရာများအဖြစ် အသုံးပြုရန် ချက်ချင်း ပြင်ဆင်လိုက်လေသည်။
“ငြိမ်သက်စမ်း...”
သူ တိုးတိုးလေး ရေရွတ်လိုက်သည်နှင့် သူ၏ နီ၀မ်နယ်ပယ်အတွင်းရှိ ကစဉ်ကလျားသန္ဓေသားသည် စတင် လည်ပတ်နေပြီ ဖြစ်သည်။
၎င်းပေါ်ရှိ တိတ်ဆိတ်ခြင်း ပေါင်းစပ်အဆောင်သင်္ကေတများမှာ လင်းလက်လာပြီး မမြင်ရသော်လည်း အလွန်နက်နဲလှသော လှိုင်းဂယက်တစ်ခုက သူ၏ မျက်လုံးများမှ ထွက်ပေါ်လာခဲ့၏။
***