“ဝူယွမ်လား...”
“မင်းက ယောင်းလင်းကို သတ်ခဲ့တဲ့ အဲဒီဝူယွမ်လား...”
“တောင်ဂိုဏ်းက တပည့်လား...”
ရှန်ယွမ်နှင့် ရှာယန်တို့က သူ့ကို အံ့ဩတကြီး ကြည့်ကာ မေးလိုက်ကြလေသည်။
“ကောင်လေး... မင်းက ယောင်းလင်းကို အနိုင်ယူနိုင်ရုံလေးနဲ့ ငါတို့ရှေ့မှာ မောက်မာဝင့်ကြွားခွင့်ရှိတယ်လို့ မထင်နဲ့နော်၊ မင်းရဲ့ နာမည်က မကြာသေးခင်ကမှ ငါတို့ ယွမ်ဂိုဏ်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့တာ...”
“ယောင်းလင်းက ငါတို့ ယွမ်ဂိုဏ်းကနေ နှင်ထုတ်ခံရတာ ဖြစ်ပေမယ့် သူ့ကို ဖြေရှင်းဖို့က မင်းတို့ တောင်ဂိုဏ်းရဲ့ အလုပ်မဟုတ်ဘူး...”
“ကောင်းပြီ... ဒီတစ်ခေါက် မင်းကိုဖမ်းပြီး ငါတို့ တပည့်တွေ သေချာ လေ့လာနိုင်ဖို့အတွက် ယွမ်ဂိုဏ်းကို ပြန်ခေါ်သွားရတော့မှာပေါ့...”
ထိုနှစ်ဦးသည် ဝိညာဉ်စစ်သူကြီး ရှစ်ပါး ဖြစ်ကြပြီး သူတို့၏ စွမ်းအားမှာ ဝမ်ယန် သို့မဟုတ် ယင်းရှောင်ရှောင်တို့ထက် မနိမ့်ကျပေ။
စောစောက သူတို့၏ လုပ်ကြံတိုက်ခိုက်မှုမှာ ယင်းဟွမ်ဟွမ်ကို အဓိက ပစ်မှတ်ထားခဲ့ပြီး သူမ၏ ကောင်းကင်ဖီးနစ် စောင်းကို လုယူလိုခြင်းသာ ဖြစ်သည်။ ယခု သူတို့သည် ဝူယွမ်ဖြစ်ကြောင်း သိရှိသွားပြီဖြစ်ရာ ဆက်လက်၍ ပေါ့ဆရဲတော့မည် မဟုတ်ပေ။
“အစ်ကိုကြီး... ကျွန်တော်ကူညီပေးမယ်...”
လင်းတုန်သည် သူ၏ ပြိုင်ဘက်ကို ရှင်းလင်းပြီးသွားပြီဖြစ်ရာ ဝူယွမ်၏ ဘေးသို့ ချက်ချင်း ရောက်လာခဲ့လေသည်။
ပြိုင်ဘက်များမှာ ယွမ်ဂိုဏ်း၏ ဝိညာဉ်စစ်သူကြီး ရှစ်ပါးထဲမှ နှစ်ဦးဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် သူသည်လည်း တိုက်ပွဲဝင်လိုစိတ်များဖြင့် ပြည့်နှက်သွားခဲ့၏။
“ကောင်းပြီ...”
“မဟာကန္တာရ မိစ္ဆာမျက်လုံး...”
သူတို့နှစ်ဦး အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ဤသိုင်းပညာရပ်ကို ချက်ချင်းပင် ထုတ်လွှတ်လိုက်ကြလေသည်။
ယခုအခါ သူတို့သည် မဟာရှေးဟောင်းကျမ်းကို သင်ယူတတ်မြောက်ထားပြီဖြစ်သည်။
၎င်းကို အသုံးပြု၍ မဟာကန္တာရ မိစ္ဆာမျက်လုံးကို အသက်သွင်းလိုက်သောအခါ သူတို့၏ မဟာကန္တာရ မိစ္ဆာမျက်လုံးမှာ အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားခဲ့ပြီး စွမ်းအားမှာလည်း ယခင်ကထက် များစွာ သာလွန်သွားခဲ့လေပြီ။
သူတို့နှစ်ဦးသည် ရှေးဟောင်း ကန္တာရသားရဲများ၏ ဝိညာဉ်များကို တစ်ပြိုင်နက်တည်း ဆင့်ခေါ်လိုက်ကြ၏။
ခြောက်သွေ့သွေ့ အရှိန်အဝါတစ်ခု ပြန့်နှံ့သွားပြီး မိစ္ဆာအသံတောင်တန်းကြီး တစ်ခုလုံး၏ အသက်စွမ်းအင်များမှာ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ညှိုးနွမ်းခြောက်သွေ့သွားခဲ့သည်။
ကြီးမားလွန်းသော စွမ်းအင်များသည် မီးတောင်ပေါက်ကွဲသည့်အလား သူတို့ထံသို့ တိုးဝင်လာပြီး လေဟာနယ်ထဲရှိ ရှေးဟောင်း ဧရာမကန္တာရသားရဲ ဝိညာဉ်ကြီးအတွင်းသို့ အပြည့်အဝ ပေါင်းစပ်သွားကြလေသည်။
ဝူယွမ်နှင့် လင်းတုန်တို့၏ အရှိန်အဝါများမှာလည်း လှိုင်းတံပိုးထန်နေသည့်အလား မြင့်တက်လာပြီး ဖျက်ဆီးနိုင်စွမ်းအားကောင်းသော လှိုင်းဂယက်များက သူတို့၏ ခန္ဓာကိုယ်များမှ ပြန့်နှံ့ထွက်ပေါ်လာခဲ့၏။
တစ်ချိန်တည်းမှာပင် သူတို့၏ အနောက်ဘက်ရှိ ရှေးဟောင်း ကန္တာရသားရဲ ဝိညာဉ်ကြီးမှာ ပို၍ စစ်မှန်လုနီးပါး ဖြစ်လာခဲ့သည်။
စွမ်းအားများ ခဏတာ စုစည်းပြီးနောက် ရှေးဟောင်း ကန္တာရသားရဲ ဝိညာဉ်ကြီး၏ နဖူးပေါ်ရှိ ဒေါင်လိုက် မျက်လုံးကြီးသည် ရုတ်တရက် ပွင့်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်း နှစ်ခုက ရှန်ယွမ်နှင့် ရှာယန်တို့ထံသို့ ဦးတည်လျက် ပစ်လွှတ်ထွက်ပေါ်လာခဲ့လေသည်။
“ကောင်းကင်မြစ် သိုင်းပညာရပ်... ကောင်းကင်မြစ် ချိုးဖျက်လက်ဝါး...” ရှန်ယွမ်၏ နက်ရှိုင်းပြီး ကြမ်းတမ်းသော ဟိန်းဟောက်သံကြီးက ကောင်းကင်ယံတွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့၏။
ထို့နောက် ဧရာမကောင်းကင်မြစ်ကြီးက ကြီးမားလှသော ပိုးသားဖဲကြိုးကြီး တစ်ခုအလား ဟိန်းဟောက်ထွက်ပေါ်လာပြီး ကောင်းကင်ယံကို ဖြတ်သန်းကာ သူတို့နှစ်ဦးထံသို့ ကျယ်လောင်သော အသံကြီးနှင့်အတူ ပြင်းထန်စွာ ကျဆင်းလာတော့သည်။
“ရွှေတောင် နတ်ဘုရားကျမ်း... ကောင်းကင်နဲ့မြေကြီးကို ဖိနှိပ်မယ့် ရွှေတောင်...”
ဝူယွမ်နှင့် လင်းတုန်တို့ထံမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသော ကြီးမားလှသည့် ဖိအားများကို ရင်ဆိုင်လိုက်ရသည့် အချိန်တွင် ရှာယန်၏ မျက်နှာအမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့၏။
သူသည် အချိန်ဆွဲမနေရဲဘဲ သူ၏ ကိုယ်တွင်းရှိ ယွမ်စွမ်းအင်အားလုံးကို ပေါက်ကွဲထုတ်လွှတ်လိုက်ကာ လှိုင်းတံပိုးများအလား တက်ကြွနေသော ရွှေရောင် အလင်းတန်းများက ရွှေတောင်ကြီး တစ်တောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူတို့ နှစ်ဦးလုံးသည် ယွမ်ဂိုဏ်း၏ အားကောင်းသော ထူးခြားသည့် သိုင်းပညာရပ်များကို ထုတ်လွှတ်လိုက်ကြခြင်းဖြစ်ပြီး ထိုသိုင်းကျမ်းများ၏ စွမ်းအားမှာလည်း ကောင်းကင်ဧကရာဇ်ကျမ်းထက် မည်သို့မျှ ယုတ်လျော့နေခြင်း မရှိပေ။
သို့သော် ထိုကဲ့သို့သော သိုင်းပညာရပ်များသည် ဝူယွမ်နှင့် လင်းတုန်မှ မဟာရှေးဟောင်းကျမ်းကို အသုံးပြု၍ အသက်သွင်းထားသော မဟာကန္တာရ မိစ္ဆာမျက်လုံးနှင့် မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
အလင်းတန်း နှစ်ခုသည် ရှာယန်နှင့် ရှန်ယွမ်တို့၏ ကောင်းကင်မြစ်နှင့် ရွှေတောင်တို့ကို တိုက်ရိုက်ပင် ထိုးဖောက်သွားခဲ့သည်။
၎င်းတို့၏ အရှိန်အဟုန်မှာ မလျော့ကျဘဲ သူတို့၏ ခန္ဓာကိုယ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာတော့မည့်အလား ဖြစ်နေခဲ့၏။
“သတိထား... မင်းတို့ ခုခံနိုင်မှာမဟုတ်ဘူး...”
ဤအချိန်တွင် အားကောင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ အဝေးမှနေ၍ အညိုရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အကြီးအကဲ ကျန်းက လျင်မြန်စွာ ပြေးဝင်လာခဲ့၏။
သူသည် မီးခိုးရောင် အလင်းတန်းများထဲရှိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အရှိန်အဝါကို အာရုံခံမိပြီး ရှာယန်နှင့် ရှန်ယွမ်တို့ ၎င်းတို့ကို သေချာပေါက် ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်းကို သိရှိထားလေသည်။
သူသည် လျင်မြန်စွာ ပြေးဝင်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဆန်းကြယ်ရှင်ခြင်း စွမ်းအားများက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာကာ ထိုနှစ်ဦး၏ အရှေ့တွင် အတားအဆီး နှစ်ခု ဖန်တီးကာ ကာကွယ်ပေးထားလိုက်လေသည်။
ရွှစ်... ရွှစ်...
သို့သော်ငြားလည်း သူသည် ဝူယွမ်နှင့် လင်းတုန်တို့၏ မဟာကန္တာရ မိစ္ဆာမျက်လုံးကို အထင်သေးနေဆဲပင် ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော မီးခိုးရောင် အလင်းတန်းများသည် သူ၏ ဆန်းကြယ်ရှင်ခြင်း စွမ်းအင် အတားအဆီးများကိုပင် ထိုးဖောက်သွားခဲ့ပြီး လူငယ်နှစ်ဦး၏ ခန္ဓာကိုယ်များကို တိုက်ရိုက်ပင် ထိမှန်သွားခဲ့လေတော့သည်။
သို့သော် ဆန်းကြယ်ရှင်ခြင်း စွမ်းအား အတားအဆီးများ၏ ဟန့်တားမှုကြောင့် ကြောက်မက်ဖွယ်ကောင်းသော မီးခိုးရောင် အလင်းတန်းများမှာ များစွာ အားနည်းသွားခဲ့ပြီ ဖြစ်သည်။
ထိုနှစ်ဦး၏ ခန္ဓာကိုယ်များ အတွင်းသို့ ဝင်ရောက်သွားပြီးနောက်တွင် စွမ်းအားများ သိပ်မကျန်ရစ်တော့ဘဲ သူတို့ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေရုံမျှသာ ဖြစ်စေခဲ့ပြီး အသက်ကိုမူ အန္တရာယ် မပေးနိုင်ခဲ့ပေ။
“မင်းတို့ တောင်ဂိုဏ်းမှာ မဟာရှေးဟောင်းကျမ်းကို နားလည်သဘောပေါက်တဲ့သူ နောက်ထပ် ရှိနေအုံးမယ်လို့ ငါမထင်ထားခဲ့မိဘူး... ပြီးတော့ နှစ်ယောက်တောင် ဖြစ်နေသေးတယ်၊ ကြည့်ရတာ မင်းတို့နှစ်ယောက်ကို ဆက်ပြီး အသက်ရှင်ခွင့် ပေးထားလို့ မရတော့ဘူးပဲ...”
အညိုရောင်ဝတ်ရုံနှင့် အကြီးအကဲက ဝူယွမ်နှင့် လင်းတုန်တို့ကို စိုးရိမ်တကြီးဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
သူတို့သည် နိဗ္ဗာန်အဆင့် ၈ တွင်သာ ရှိနေသေးသော်လည်း သူ၏ စွမ်းအင်အကာအကွယ်ကို ချိုးဖျက်နိုင်စွမ်း ရှိနေကြပြီ ဖြစ်သည်။
အကယ်၍ ဤနှစ်ဦးကိုသာ ဆက်လက် ကြီးထွားခွင့် ပေးထားမည်ဆိုပါက သူတို့သည် နောက်ထပ် ကျိုးထုံ နှစ်ယောက် ဖြစ်လာရန် အလားအလာ ရှိနေခဲ့လေသည်။
ကျိုးထုံသည် သူတို့ ယွမ်ဂိုဏ်းအတွက် နက်ရှိုင်းသော အမာရွတ်တစ်ခုကို ချန်ထားခဲ့ပြီးဖြစ်ကာ ကျိုးထုံကြောင့်သာ သူတို့သည် တောင်ဂိုဏ်း၏ မဟာရှေးဟောင်းကျမ်းကို အလေးအနက် စတင်ထားရှိလာခဲ့ကြခြင်း ဖြစ်သည်။
“မဟာရှေးဟောင်းကျမ်း...” ရှာယန်နှင့် ရှန်ယွမ်တို့သည် အံ့ဩတကြီးဖြင့် ရေရွတ်လိုက်ကြလေသည်။ မဟာရှေးဟောင်းကျမ်း၏ ကျော်ကြားမှုကို သူတို့ ကြားဖူးထားကြမှန်း ထင်ရှားလှပေသည်။
“ဒုတိယညီလေး... ဒဏ်ရာရနေတဲ့ အဲဒီနှစ်ယောက်ကို မင်းဆီမှာ ထားခဲ့မယ်နော်... ဒီအဘိုးကြီးကို ငါရှင်းလိုက်မယ်...”
ဝူယွမ်သည် အကြီးအကဲကျန်းကို စိုက်ကြည့်ရင်းမှ လင်းတုန်ကို ပြောလိုက်လေသည်။
အကြီးအကဲကျန်းသည် ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ယွမ်ဂိုဏ်း၏ အကြီးအကဲ တစ်ဦးဖြစ်ကာ ယခင်က ဟုန်ယာတုန်မှ အကြီးအကဲထက် များစွာ ပိုမိုအားကောင်းလေသည်။
ဤကဲ့သို့သော ကျင့်ကြံခြင်းအဆင့်ဖြင့်သူအား အနိုင်ရနိုင်မည်လားဆိုသည်ကို ဝူယွမ် မသေချာပေ။
အကယ်၍ သူ မနိုင်ခဲ့လျှင်တောင်မှ သူ့ထံတွင် အရန်အစီအစဉ် တစ်ခု ရှိနေသေးသည်။
“ဟွမ်ဟွမ်... မင်း ရှေးဟောင်းကျောက်တိုင်ထဲ အရင်ဝင်သွားလိုက်...”
ဝူယွမ်က မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို သူ၏ အနောက်တွင် ထားလိုက်ပြီး ယင်းဟွမ်ဟွမ်ကို ရှေးဟောင်းကျောက်တိုင် နယ်မြေအတွင်းသို့ ချက်ချင်း ဆင့်ခေါ်လိုက်ကာ တစ်ချိန်တည်းမှာပင် ဟွမ်ထံသို့ သတင်းစကား ပါးလိုက်လေသည်။
“အကြီးအကဲဟွမ်... ဟွမ်ဟွမ်ကို နေရာလွတ်တစ်ခုမှာ ထားပေးလိုက်ပါ...”
“ဒီကောင့်ကို ငါဖိနှိပ်ထားနိုင်တယ်... ငါ့ကို လှုပ်ရှားစေချင်လား...” ဟွမ်က သတင်းစကား ပါးကာ မေးမြန်းလိုက်လေသည်။
သူသည် ကမ္ဘာခြားနတ်ဆိုးဘုရင်၏ နန်းတော်တစ်ခုကို ဖိနှိပ်ထားရသော်လည်း ဤအကြီးအကဲကျန်းမှာ ဆန်းကြယ်ရှင်ခြင်းအဆင့်တွင်သာ ရှိနေသေးသူဖြစ်သဖြင့် သူ့အား ဖိနှိပ်ရန်အတွက် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ စွမ်းအားကို အများအပြား အသုံးပြုရန် မလိုအပ်ပေ။
“မလိုပါဘူး... ကျွန်တော်ရဲ့ ကန့်သတ်ချက်က ဘယ်လောက်ထိလဲဆိုတာနဲ့ သူ့ကို ကျွန်တော် ကိုင်တွယ်နိုင်မလားဆိုတာကို ကြည့်ချင်သေးလို့ပါ...”
ဝူယွမ်က ငြင်းပယ်လိုက်လေသည်။ လက်ရှိအချိန်တွင် ကန္တာရတိမ်တိုက်၊ ချိတ်ပိတ်ခြင်းတိမ်တိုက် သို့မဟုတ် ဟွမ် မည်သူမဆို ပြိုင်ဘက်ကို လွယ်ကူစွာ ဖိနှိပ်နိုင်စွမ်း ရှိကြသည်။
ဤသည်မှာလည်း ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော ဤအားကောင်းသည့် သိုင်းပညာရှင်ကို ဝူယွမ်က စိန်ခေါ်ရဲခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။ သူ၏ အနောက်တွင် အရန်အကူအညီအဖြစ် ရတနာသုံးခု ရှိနေသည် မဟုတ်လော။
လင်းတုန်သည် ဝိညာဉ်စစ်သူကြီးရှစ်ပါးထဲမှ နှစ်ဦးထံသို့ ပြေးဝင်သွားနှင့်ပြီ ဖြစ်သည်။
သူတို့ ဒဏ်ရာမရထားလျှင်တောင်မှ လင်းတုန်က သူတို့နှစ်ဦးကို တစ်ယောက်တည်း ရင်ဆိုင်ရန်မှာ ပြဿနာ မဟုတ်ပေ။ သူ့ထံတွင် သူ၏ ဝိညာဉ်တံဆိပ် ရှိနေသေးလေသည်။
ဝူယွမ်နှင့် အကြီးအကဲကျန်းတို့သည် အချင်းချင်း ရင်ဆိုင်နေကြလေသည်။
ဤအချိန်တွင် ရွှေတစ္ဆေဇီးကွက်မှာ ရှောင်တျောင်း၏ ရိုက်နှက်မှုကြောင့် သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကာ အကူအညီ တောင်းခံလိုက်လေသည်။
“အကြီးအကဲကျန်း... ကျွန်တော့်ကို မြန်မြန် လာကူညီပါဦး... ဒီကောင်လေးကို အတူတူသတ်ကြတာပေါ့...”
“အစ်ကိုကြီး... အဲဒီ အဘိုးကြီးကို အစ်ကိုကြီးက ကိုင်တွယ်နေတာလား... ကျွန်တော်ရဲ့ ကောင်းကင်မြွေပါ ပုံစံအစစ်ကို ထုတ်သုံးဖို့ လိုသေးလား...”
ရှောင်တျောင်းကလည်း ဝူယွမ်ထံသို့ သတင်းစကား ပါးလိုက်လေသည်။
ရွှေတစ္ဆေဇီးကွက်ကို အချိန်အတော်ကြာသည်အထိ သူ မရှင်းလင်းနိုင်ရသေးခြင်း အကြောင်းရင်းမှာ သူ၏ ကောင်းကင်မြွေပါခန္ဓာကိုယ်ကို အသုံးမပြုရသေးသောကြောင့်ပင် ဖြစ်သည်။
လူသားပုံစံဖြင့်ဆိုလျှင် သူ၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ရန် ခက်ခဲနေခဲ့လေသည်။
အကယ်၍ သူသာ ကောင်းကင်မြွေပါ တိုက်ခိုက်ရေးပုံစံဖြင့်သာဆိုလျှင် ရွှေတစ္ဆေဇီးကွက်ကို အချိန်အတော်ကြာကတည်းက ချက်ချင်း သတ်ပစ်နိုင်ခဲ့ပြီးပြီ ဖြစ်သည်။
“မလိုပါဘူး... ငါ ကိုင်တွယ်နိုင်လောက်ပါတယ်၊ မင်းက အဲဒီ တစ္ဆေဇီးကွက်ကိုသာ မြန်မြန်ရှင်းလိုက်ပါ...” ဝူယွမ်က တည်ငြိမ်စွာဖြင့် သတင်းစကား ပြန်ပို့လိုက်လေသည်။
“ကောင်လေး... မင်းကို ငါ အခုပဲ ငရဲပြည်ပို့ပေးမယ်...”
အကြီးအကဲကျန်းသည်လည်း ဆက်လက်၍ အချိန်ဆွဲမနေရန် ဆုံးဖြတ်လိုက်လေသည်။ အကယ်၍ အချိန်ဆွဲနေမည်ဆိုပါက အခြေအနေများမှာ သူတို့အတွက် အဆင်မပြေ ဖြစ်လာနိုင်ပေသည်။
သူ လက်ဝါးတစ်ချက် ရိုက်ချလိုက်ရာ ဧရာမယွမ်စွမ်းအင် ပိုးသားဖဲကြိုးကြီး တစ်ခုက ဝူယွမ်ကို လွှမ်းခြုံသွားပြီး သူ့ကို အမှုန့်ဖြစ်သွားအောင် ချေမွပစ်မည့်အလား ပုံပေါက်နေခဲ့၏。
“အာဏာရှင်လက်သီး၊ ကောင်းကင်ပြာနဂါးပုံစံ...”
ဝူယွမ်သည် သူ့အင်အားကို ဆက်လက်၍ ထိန်းချုပ်မထားတော့ပေ။ အာဏာရှင် အာဏာရှငသွေးများ ဆူပွက်လာပြီး ကောင်းကင်ပြာနဂါးအသွင်ပြောင်းခြင်း ပညာဂပ်ကို အပြည့်အဝ ထုတ်သုံးလိုက်လေသည်။
ကောင်းကင်ပြာနဂါးအရိပ်ကြီး တစ်ခုက ဝူယွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ့ကို ရစ်ပတ်ထားကာ သူ၏ လက်သီးလေပြင်းများနှင့်အတူ ပေါက်ကွဲထွက်လာခဲ့တော့သည်။
“ဘန်း...”
အကြီးအကဲ ကျန်း၏ ယွမ်စွမ်းအင် ပိုးသားဖဲကြိုးကြီးမှာ တိုက်ရိုက်ပင် အမှုန့်ဖြစ်သွားခဲ့လေသည်။
ထို့နောက် ဝူယွမ်သည် လက်သီးများကို အဆက်မပြတ် ပစ်သွင်းလိုက်၏။ အာဏာရှင်သွေးနှင့် ကောင်းကင်ပြာနဂါးအသွင်ပြောင်းခြင်း ပညာရပ်တို့၏ စွမ်းအားဖြည့်တင်းမှုအောက်တွင် အာဏာရှင်လက်သီး၏ စွမ်းအားမှာ တဖြည်းဖြည်း ပိုမို အားကောင်းလာခဲ့လေသည်။
တစ်ခါတစ်ရံ ဆယ်ဆသော အပြင်းအထန် တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေတတ်သည့် ‘ချယ်’ အက္ခရာ လျှို့ဝှက်ချက်နှင့် ပေါင်းစပ်လိုက်လေသည်။
ပြင်းထန်သည့် လက်သီးချက်များအောက်တွင် သူသည် ရန်သည်ကို နောက်သို့ တစ်လှမ်းချင်း ဆုတ်ခွာသွားရအောင် တကယ်ပင် ဖိအားပေးနိုင်ခဲ့လေသည်။
“မင်းကို ငါ တကယ် အထင်သေးမိသွားတာပဲ...”
အကြီးအကဲကျန်းမှာ ထိတ်လန့်သွားခဲ့၏။ ဝူယွမ်၏ လက်သီးချက်များက သူ့အသက်ကို ခြိမ်းခြောက်နေသကဲ့သို့ ခံစားလိုက်ရလေသည်။
ဝူယွမ်က ပြောလိုက်လေသည်။ “ဒါပဲလား... ခင်ဗျား မခံနိုင်တော့ဘူးလား... ကြည့်ရတာ ခင်ဗျားကို ကျွန်တော် အထင်ကြီးလွန်းသွားတာပဲ...”
ဤအကြီးအကဲသည် သူ၏ စွမ်းအားကို အပြည့်အဝထုတ်သုံးလာအောင် မလုပ်နိုင်သေးချေ။
***