ရွှေရောင် အလင်းတန်းများ တောက်ပလာသည်နှင့်အမျှ ဂူကြီး၏ အလယ်ဗဟို တည့်တည့်တွင် ကျန်းအနည်းငယ်ခန့် ကျယ်ဝန်းသော ကျောက်ကန်ကြီး တစ်ခု ရှိနေသည်ကို သူတို့ ချက်ချင်း သတိပြုမိလိုက်ကြ၏။ ထိုကျောက်ကန်ကြီးထဲတွင် ရွှေရောင် အရည်များ ပြည့်နှက်နေလေသည်။
“မြေကမ္ဘာအူတိုင် သန့်စင်အရည်လား...”
ကျောက်ကန်ကြီး၏ အစွန်းသို့ ပျံသန်းသွားချိန်တွင် သူတို့၏ မျက်နှာများပေါ်၌ ဝမ်းသာပျော်ရွှင်မှုများ ပေါ်လွင်နေခဲ့၏။ ကျောက်ကန်ကြီးမှာ မနက်ရှိုင်းလှဘဲ အောက်ခြေကိုပင် မြင်တွေ့နိုင်လေသည်။
ရွှေရောင်အရည်များက ကျောက်ကန်အတွင်းတွင် လှိုင်းထနေပြီး အလွန်အမင်း ဆွဲဆောင်မှုရှိကာ သိမ်မွေ့လွန်းသော ရနံ့လေးတစ်ခုက ကျောက်ကန်ထံမှ ထွက်ပေါ်နေခဲ့သည်။
ထိုရနံ့မှာ ယစ်မူးဖွယ်ကောင်းလွန်းပြီး လူတစ်ယောက်ကို အပြည့်အဝ လန်းဆန်းသွားစေနိုင်စွမ်း ရှိလေသည်။ ခန္ဓာကိုယ်သာမက ဝိညာဉ်ကိုပါ ဤအရှိန်အဝါဖြင့် ပြုစုပျိုးထောင်ပေးနိုင်ပေသည်။
ယင်းဟွမ်ဟွမ်၏ နက်မှောင်ပြီး တောက်ပသော မျက်လုံးများမှာ လင်းလက်သွားခဲ့၏။ သူမ၏ အကန့်အသတ်ရှိသော ဗဟုသုတများဖြင့် သူမက ရှင်းပြလိုက်လေသည်။
“ဒီရွှေရောင် အရည်တွေက မြေကမ္ဘာရဲ့ အူတိုင်ကနေ တစ်စက်ချင်း ညှစ်ထုတ်လိုက်တဲ့ စွမ်းအင်တွေပဲ... အရည်အများစုက ညှစ်ထုတ်နေတဲ့ လုပ်ငန်းစဉ်အတွင်းမှာ ပျောက်ကွယ်သွားတတ်ကြတယ်၊ ဒီလို နေရာမျိုးလို အထူး နေရာတချို့မှာပဲ စုစည်းနေနိုင်တာ...”
“ဒါပေမယ့် ဒါကို မြေကမ္ဘာအူတိုင် သန့်ရှင်းသော ရေလို့ပဲ ခေါ်လို့ရသေးတယ်... ဘာလို့လဲဆိုတော့ အဲ့အရေထဲမှာ စုစည်းပြီး ဖိသိပ်ရမယ့် အဆင့်တစ်ခု လိုအပ်နေသေးလို့ပဲ၊ ဒါပေမယ့် ဒီအဆင့်ကိုတော့ လူကိုယ်တိုင် လုပ်ဆောင်လို့ ရပါတယ်...”
“နင် ဒီလောက် အများကြီး သိလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့မိဘူး...” ဝူယွမ်က ချီးကျူးလိုက်လေသည်။
သူ၏ အမြင်တွင် ယင်းဟွမ်ဟွမ်မှာ စောင်းတီးရုံကလွဲ၍ ဘာမှမသိသော ‘စာမသင်ချင်သော ကလေးမလေး’ တစ်ယောက်သာ ဖြစ်သည် မဟုတ်ပါလား။
“ဟွန့်၊ ငါ သိတာတွေ အများကြီး ရှိသေးတယ်... ဒါ့အပြင် ဒီရွှေရောင်ရေတွေက ရွှေရောင် အရည်တွေအဖြစ်ကို ပြောင်းလဲသွားတယ်ဆိုတာ သာမန် ဗဟုသုတလေး တစ်ခုပါပဲ၊ နင်ကသာ ဘာမှမသိတာ... နင့်ကို ဝူယွမ်လို့ မခေါ်သင့်ဘူး၊ ‘ဘာမှမသိတဲ့ ဝူ’ လို့ ခေါ်သင့်တာ...”
ယင်းဟွမ်ဟွမ်က ဂုဏ်ယူစွာဖြင့် ပြောလိုက်ပြီး သူမ၏ ကျေနပ်နေသော အမူအရာမှာ သူမတွင်သာ အမြီးပါမည်ဆိုလျှင် ကောင်းကင်ယံအထိပင် လှုပ်ရမ်းနေမည်မှာ သေချာပေသည်။
“အင်း...”
ရှောင်တျောင်းမှာ အနည်းငယ် အံ့ဩသွားခဲ့၏။ “ဒီကောင်မလေးက အစ်ကိုကြီးကို ဒီလို ပြောရဲတယ်လား... အစ်ကိုကြီးက သူ့ကို ကိုင်တွယ်ဖြေရှင်းမှာ သူမ မကြောက်ဘူးလား...”
သူသည် သူ၏ ရင်ထဲတွင် အစ်ကိုကြီးကို အမြဲတစေ လေးစားအားကျခဲ့ပြီး အစ်ကိုကြီးကို စကားဖြင့်ပင် မစော်ကားရဲခဲ့ပေ။ သို့သော် ဤကောင်မလေး၏ စကားများမှာ တကယ်ကို ပွင့်လင်းလွန်းလှပေသည်။
“ဖြန်း...”
ဝူယွမ်က ယင်းဟွမ်ဟွမ်၏ တင်ပါးကို ရိုက်လိုက်လေသည်။ “မင်းက မင်းကိုယ်မင်း အများကြီး သိတယ်လို့ ထင်နေတာလား... ဒါဆိုရင် နောက်ဆုံး အဆင့်ကို နင်ပဲသွားလုပ်လိုက်လေ...”
“နင်...”
ယင်းဟွမ်ဟွမ်၏ မျက်နှာလေးမှာ ချက်ချင်းပင် နီရဲသွားခဲ့၏။ “ငါ မလုပ်တတ်ဘူး... နင် လုပ်တတ်လို့လား...”
“အစ်ကိုကြီး၊ မရီး... မငြင်းကြပါနဲ့တော့၊ ကျနော်ပဲ လုပ်လိုက်ပါ့မယ်... ဒီလို ကိစ္စသေးသေးလေးအတွက် အစ်ကိုကြီးတို့ ဝင်ပါစရာ မလိုပါဘူး...”
ရှောင်တျောင်းက လျင်မြန်စွာ ပြောလိုက်ပြီး သူ၏ လက်များမှာ ခရမ်းရောင် အလင်းတန်းများဖြင့် တောက်ပနေခဲ့၏။
သူ၏ လက်ဖဝါးကို တစ်ချက်လှည့်လိုက်ရာ ရွှေရောင် ကျောက်ကန်ကြီး၏ အထက်တွင် ခရမ်းနှင့် အနက်ရောင် ရောယှက်နေသော ရေဝဲကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် ကြမ်းတမ်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး ကျောက်ကန်ကြီးကို ပြင်းထန်စွာ လှိုင်းထသွားစေခဲ့၏။ ရွှေရောင် အရည်တန်းများသည် အထက်သို့ ဒေါင်လိုက်ပင့်တက်သွားကြပြီး ခရမ်းနှင့် အနက်ရောင် ရောယှက်နေသော ရေဝဲကြီးထဲသို့ စီးဝင်သွားကြလေသည်။
အစ်ကိုကြီးက ဤကောင်မလေးကို တမင်တကာ စနောက်နေခြင်းဖြစ်ကြောင်းကို သူ သဘောပေါက်ပြီး ဖြစ်လေသည်။ မဟုတ်လျှင် အစ်ကိုကြီး၏ ဂုဏ်သတင်းဖြင့် မိန်းကလေး တစ်ယောက်ကို ဤသို့ စနောက်စရာ အကြောင်းမရှိပေ။
ယင်းဟွမ်ဟွမ်မှာ ဆို့နင့်သွားပြီး မည်သို့ ပြန်လည်ချေပရမည်ကို မသိတော့ပေ။ အရေးကြီးဆုံးအချက်မှာ ‘မရီး’ ဟူသော အခေါ်အဝေါ်လေးမှာ ကြားလို့ အတော်လေး ကောင်းနေခြင်းပင် ဖြစ်သည်။
ဤအချိန်တွင် ခရမ်းနှင့် အနက်ရောင် ရောယှက်နေသော ရေဝဲကြီးထဲမှ မှေးမှိန်သော ရွှေရောင် အလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်နေခဲ့၏။
ရေဝဲကြီးထဲတွင် ရွှေရောင် အရည်များမှာ အံ့ဩဖွယ်ကောင်းသော အမြန်နှုန်းဖြင့် စုစည်းသွားကြသည်။ စုစည်းမှုများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ ရွှေရောင် အရည်များမှာလည်း ပိုမိုစေးပျစ်လာခဲ့လေသည်။
အချိန်တိုလေးအတွင်းမှာပင် ၎င်းသည် ပုံသဏ္ဍာန် စတင် ပေါ်ထွက်လာခဲ့၏။
အလင်းရောင်များ စုစည်းသွားသောအခါ လက်သီးဆုပ်အရွယ်အစားခန့်ရှိသော ရွှေရောင် စေးပျစ်သည့် အရာလေးခုမှာ အံ့ဩစရာကောင်းလောက်အောင် ကလေးငယ် ပုံသဏ္ဍာန်လေးဖြင့် ပေါ်ထွက်လာခဲ့လေသည်။
၎င်းတို့ထံမှ ရွှေရောင် အလင်းတန်းများ ဖြာထွက်နေပြီး အလွန်အမင်း နက်နဲဆန်းကြယ်သည့် အသွင်အပြင်ကို ပေးစွမ်းနေခဲ့၏။
“မြေကမ္ဘာအူတိုင် သန့်စင်အရည်က ကလေးငယ်ပုံစံနဲ့ ထွက်ပေါ်လာတာ... ဝိညာဉ်ကို ပြန်လည်တည်ဆောက်ခြင်းရဲ့ ရည်ရွယ်ချက်ကို ကိုယ်စားပြုတယ်၊ ဒီအရာက အရှေ့ဘက် ရွှမ်းဒေသရဲ့ လေလံရုံကြီးတွေမှာတောင် ရှားပါးပြီး လူကြိုက်များတဲ့ ရတနာတစ်ခုပဲ...”
ယင်းဟွမ်ဟွမ်ကလည်း ရွှေရောင် ကလေးငယ်လေးဦးကို ထူးဆန်းသော အကြည့်များဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
“ငါ့ကို မရိုက်နဲ့နော်... ငါက အံ့ဩလွန်းလို့ ရေရွတ်မိရုံလေးပါ...” ယင်းဟွမ်ဟွမ်က သူမ၏ တင်ပါးကို အလျင်အမြန် ကာကွယ်လိုက်လေသည်။
ရှောင်တျောင်းက သူ၏ လက်ကို ပြန်လည်ရုပ်သိမ်းလိုက်ရာ ခရမ်းနှင့် အနက်ရောင် ရောယှက်နေသော ရေဝဲကြီးမှာ ပျောက်ကွယ်သွားခဲ့၏။
ထို့နောက် ရွှေရောင်ကလေးငယ် အလင်းတန်းအစုအဝေး လေးခုသည် သူတို့ထံသို့ ဖြည်းညင်းစွာ ပျံဝဲလာပြီး သူတို့၏ အရှေ့တွင် ရပ်တန့်နေခဲ့လေသည်။
“ကွက်တိ လေးခုပဲ... အကိုကြီးတို့ တစ်ယောက် တစ်ခုစီ ယူလိုက်ကြ၊ ဒီအရာက ကျွန်တော့်အတွက် သိပ်ပြီး အကူအညီ မဖြစ်ဘူး၊ အကိုကြီးတို့အတွက် ပိုပြီး အသုံးဝင်လိမ့်မယ်...”
“ဟင်... ငါတော့ မလိုပါဘူးနော်...”
ယင်းဟွမ်ဟွမ်မှာ အနည်းငယ် အံ့ဩသွားခဲ့၏။ သူမက အဖော်အဖြစ် လိုက်ပါလာရုံမျှသာ ဖြစ်သည် မဟုတ်လော။
“ယူထားလိုက်ပါ... မင်းရဲ့ ကောင်းကင်ဖီးနစ် စောင်းသာ မပါလာခဲ့ရင် ငါတို့ ဇီးကွက် အသံအစီအရင်ကို ဖျက်ဆီးဖို့ အတော်လေး ဒုက္ခရောက်နေမှာ...” ဝူယွမ်က ပြုံးရင်း ပြောလိုက်လေသည်။
သူမသည် တောင်ဂိုဏ်း၏ မင်းသမီးလေး ဖြစ်သည် မဟုတ်လော။ သူက လိုက်ပါလာပြီဆိုမှတော့ သူမကို အကျိုးအမြတ် အချို့ ပေးသင့်ပေသည်။ ဘယ်သူသိနိုင်မလဲ
မည်သူသိနိုင်မည်နည်း... သူမ၏ဖခင် ဂိုဏ်းချုပ်ကြီးက လျှို့ဝှက်စွာ စောင့်ကြည့်နေလျှင်လည်း စောင့်ကြည့်နေနိုင်သေး၏။
ဤစကားကို ကြားသောအခါ ယင်းဟွမ်ဟွမ်က အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။ ထို့နောက် သူမ၏ လှပသော မျက်လုံးဝိုင်းဝိုင်းကြီးများက လခြမ်းလေးများအလား ကွေးညွတ်သွားပြီး သူမ၏ လှပသော ခေါင်းလေးကို ညိတ်ပြလိုက်လေသည်။
ထို့နောက် သူမက ကျောက်စိမ်းရောင် လက်ချောင်းလေးများကို ဆန့်တန်းကာ ရွှေရောင်ကလေးငယ် အလင်းတန်းအစုအဝေးလေး တစ်ခုကို ယူလိုက်၏။
ရွှေရောင် အလင်းတန်းက သူမ၏ လှပနုနယ်သော မျက်နှာလေးပေါ်သို့ ရောင်ပြန်ဟပ်နေပြီး သူမကို ယှဉ်ပြိုင်၍ မရနိုင်အောင် လှပတင့်တယ်သွားစေခဲ့သည်။
ဝူယွမ်ကလည်း အားနာမနေတော့ဘဲ သူ၏ ရွှေရောင် ကလေးငယ် အလင်းတန်းအစုအဝေးကို သိမ်းဆည်းလိုက်လေသည်။
ရှောင်တျောင်းက သူ၏ ညီဖြစ်ပြီး သူ့ကို ပြန်လည် ပေးဆပ်ရန် နည်းလမ်းပေါင်း ထောင်နှင့်ချီ၍ ရှိနေလေသည်။ မြေကမ္ဘာအူတိုင် သန့်စင်အရည်သည် လက်ရှိအချိန်တွင် သူတို့အတွက် အမှန်တကယ် ပို၍အထောက်အကူ ဖြစ်စေပေသည်။
သူသည် ရှောင်တျောင်းကို အခြားအရာများဖြင့် လျော်ကြေးပေးနိုင်သေးလေသည်။
“ဒီတစ်ခေါက်တော့ ငါလည်း မင်းကို သင်ပေးချင်တဲ့ လျှို့ဝှက်နည်းလမ်း တစ်ခု ရှိတယ်...” ဝူယွမ်က ရှောင်တျောင်းကို ပြုံးပြရင်း ပြောလိုက်လေသည်။
ရှင်းအက္ခရာ လျှို့ဝှက်ချက်...
ကောင်းကင်မြွေပါ မျိုးနွယ်စုသည် မွေးရာပါ အမြန်နှုန်းတွင် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ရှင်းအက္ခရာ လျှို့ဝှက်ချက်၏ အကူအညီဖြင့် ရှောင်တျောင်း၏ စွမ်းအားမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာနိုင်ပေသည်။
“အို... အစ်ကိုကြီး ပေးတာဆိုမှတော့ ကောင်းတဲ့အရာ ဖြစ်မှာ သေချာတယ်...”
ရှောင်တျောင်းက ဝူယွမ်ကို မျှော်လင့်တကြီး ကြည့်လိုက်လေသည်။ ခန္ဓာကိုယ်ကျမ်း၏ ‘ယင်’ စာလုံးက သူ့အား အကျိုးအမြတ်များစွာ ရရှိစေခဲ့ပြီး လေဟာနယ်ကိုပင် ဖြတ်သန်းနိုင်လောက်အောင်လျင်မြန်သည့် အလွန်အမင်း အားကောင်းသည့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် တစ်ခုကို ကျင့်ကြံနိုင်စေခဲ့သည်။
“ရွှစ်...”
ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ရှင်းအက္ခရာ လျှို့ဝှက်ချက်၏ အချက်အလက်များကို ရှောင်တျောင်းထံသို့ ထည့်သွင်းပေးလိုက်လေသည်။
ရှောင်တျောင်းသည် နေရာတွင်ပင် ကြီးမားလွန်းသော အချက်အလက်များကို ချက်ချင်း စတင် စုပ်ယူလိုက်တော့သည်။
ဤအချိန်တွင် ဝူယွမ်သည်လည်း စနစ်ထံမှ အသိပေးချက် တစ်ခုကို လက်ခံရရှိလိုက်၏။
[ဒင်... သားရဲတစ်သောင်း တောင်တန်းကြီးသို့ ရောက်ရှိပါပြီ။ ဆိုင်းအင်၀င်မည်လော။]
“ဆိုင်းအင်၀င်မယ်...”
[ဒင်... အောင်မြင်ပါသည်။ ဆုလာဘ် ရရှိပါသည် - ကျယ် အက္ခရာ လျှို့ဝှက်ချက်။]
[ကျဲ့ အက္ခရာ လျှို့ဝှက်ချက် - အသက်ရှည်ခြင်း ကောင်းကင်ဘုံရှင် ဖန်တီးထားသော ကုသခြင်း လျှို့ဝှက်နည်းလမ်း တစ်ခု။ ဒဏ်ရာ မည်မျှပင် ပြင်းထန်စေကာမူ ချက်ချင်း ပြန်လည် ကောင်းမွန်လာစေနိုင်သည်။]
လျှို့ဝှက်နည်းလမ်း တစ်ခုကို မျှဝေပြီးသည်နှင့် တစ်ပြိုင်နက် နောက်ထပ် လျှို့ဝှက်နည်းလမ်းတစ်ခုကို သူ ချက်ချင်း ရရှိလိုက်လေသည်။ ဝူယွမ်မှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားခဲ့၏။
ဤကျဲ့အက္ခရာ လျှို့ဝှက်ချက်သည် သတ်၍မသေနိုင်သော ပိုးဟပ်တစ်ကောင်နှင့်ပင် တူနေတော့သည်။
အကယ်၍ သူသာ ဤအရာကို သင်ယူတတ်မြောက်သွားမည်ဆိုပါက သူ၏ ခုခံနိုင်စွမ်းမှာ ရန်သူများကို သေချာပေါက် စိတ်ပျက်ချင်းကြောင့် သေဆုံးသွားစေနိုင်ပေလိမ့်မည်။
ပြိုင်ဘက်က သူ့ကို ချက်ချင်း မသတ်ပစ်နိုင်သရွေ့ သူက ပြိုင်ဘက်များကို အဆက်မပြတ် ဖိအားပေးနိုင်လေသည်။
[ဒင်... ဆိုင်းအင်၀င်ရန် မစ်ရှင်အသစ် ထွက်ပေါ်လာပါပြီ။ နောက်ထပ် ဆိုင်းအင်၀င်ရမည့် နေရာ - လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာသိုက်။】
... သို့သော် ဝူယွမ်နှင့် အခြားသူများက မြေကမ္ဘာအူတိုင် သန့်စင်အရည်ကို ရရှိလိုက်၍ ဝမ်းသာပျော်ရွှင်နေကြချိန်တွင် ယွမ်ဒေသရှိ ယွမ်ဂိုဏ်း၏ အဝေးတစ်နေရာတွင်မူ တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်နေခဲ့လေသည်။
ယွမ်ဒေသ၏ အလယ်ဗဟို တည့်တည့်တွင် တောင်သုံးလုံးက လေထုထဲ၌ ပျံဝဲနေကြ၏။ တောင်များထံမှ ထွက်ပေါ်လာသော အလင်းရောင်များက ယွမ်ဂိုဏ်း တစ်ခုလုံးကို လင်းထိန်နေစေခဲ့သည်။
ဤတောင်သုံးလုံးသည် မရေမတွက်နိုင်သော ယွမ်ဂိုဏ်း တပည့်များ၏ ရင်တွင်းရှိ မြင့်မြတ်သော နေရာများ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ ယွမ်ဂိုဏ်း၏ ကြီးမြတ်သော ဂိုဏ်းချုပ်ကြီး သုံးပါး တံခါးပိတ် ကျင့်ကြံရာ နေရာများ ဖြစ်သောကြောင့်ပင်။
ဤအချိန်တွင် တောင်တစ်လုံးပေါ်တွင် ခရမ်းနှင့် ရွှေရောင် ရောယှက်နေသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ငွေရောင် ဆံပင်နှင့် အမျိုးသား တစ်ဦးက မျက်လုံးများကို ဖွင့်လိုက်လေသည်။
သူ၏ မျက်ဝန်းများထဲတွင် လောကဓံနှင့် နက်နဲမှုများ ပြည့်နှက်နေပြီး သူ၏ မျက်နှာမှာ ကလေးငယ် တစ်ဦးအလား ဖြူစင်နေခဲ့၏။
သူက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ဝတ်ရုံလက်ထဲမှ လက်တစ်ဖက် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့လေသည်။ သူ၏ လက်ဖဝါးထဲတွင် အက်ကွဲနေသော ကျောက်စိမ်းပြား သုံးခု ရှိနေ၏။
ကျောက်စိမ်းပြားများပေါ်တွင် လူမျက်နှာ သုံးခု ခပ်ရေးရေး ပေါ်လွင်နေသည်... ၎င်းတို့မှာ ဝူယွမ်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သော လူသုံးဦး၏ မျက်နှာများပင် ဖြစ်သည်။
ငွေရောင် ဆံပင်များနှင့် အမျိုးသား၏ နက်နဲလွန်းသော မျက်ဝန်းများထဲတွင် အလင်းတန်း တစ်ခု လင်းလက်သွားခဲ့၏။ “ငါ့ရဲ့ ယွမ်ဂိုဏ်းအကြီးအကဲကို သတ်ရဲတယ်ပေါ့... ဘယ်သူကများ ဒီလောက် သတ္တိကောင်းနေလဲဆိုတာ ငါကြည့်ချင်သေးတယ်...”
ရွှေရောင် အလင်းတန်း တစ်ခုက သူ၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာပြီး သူ့အရှေ့ရှိ လေဟာနယ်ကို ချက်ချင်းပင် ဆွဲဖြဲလိုက်လေသည်။
ထို့နောက် ရွှေရောင်အလင်းတန်းသည် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ လေဟာနယ် အက်ကွဲကြောင်း အတွင်းသို့ တိုးဝင်သွားလေတော့သည်။
မိစ္ဆာအသံတောင်တန်းကြီး...
ရှင်းအက္ခရာ လျှို့ဝှက်ချက်ကို ရရှိလိုက်သော ရှောင်တျောင်းနှင့် မြေကမ္ဘာအူတိုင် သန့်စင်အရည်ကို ရရှိလိုက်ကြသော ဝူယွမ်နှင့် အခြားသူများသည် ဂူထဲမှ ကျေနပ်စွာဖြင့် ထွက်ခွာလာခဲ့ကြပြီး အဝေးသို့ လျှောက်သွားခဲ့ကြလေသည်။
ယခုလေးတင် တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားခဲ့ပြီး ယွမ်ဂိုဏ်းမှ လူသုံးဦးကို သူတို့ သတ်ဖြတ်ခဲ့ကြသည် မဟုတ်းလော။
ထို့ေကြာင့် ဤနေရာတွင် သူတို့ အချိန်အကြာကြီး ဆက်နေ၍ မရနိုင်တော့ပေ။ ယွမ်ဂိုဏ်းသည် အရှေ့ဘက် ရွှမ်ဒေသ၏ အုပ်စိုးသူဖြစ်ပြီး ရန်စ၍ ရနိုင်သော အရာမဟုတ်ပေ။
ဝူယွမ်နှင့် အခြားသူများ ထွက်ခွာသွားပြီးသည်နှင့်တစ်ပြိုင်နက် ရွှေရောင်အလင်းတန်းများ ၀န်းရံနေသော လူရိပ်သည် မိစ္ဆာအသံတောင်တန်းကြီးဆီသို့ ရောက်ရှိလာခဲ့လေတော့သည်။
***