အကြီးအကဲဟွမ်သည်လည်း အစ်ကိုကြီး၏ အစီအစဉ်များထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်မည်ဟု သူ သံသယဝင်သွားခဲ့၏။
ဤခရီးစဉ် တစ်လျှောက်တွင် အစ်ကိုကြီး၏ လုပ်ရပ်များ အားလုံးကို သူ အေးအေးဆေးဆေးပင် လက်ခံနိုင်နေပြီ ဖြစ်သည်။
အကယ်၍ အစ်ကိုကြီးက နောက်ပိုင်းတွင် ဘိုးဘေးအဆောင် ရှစ်ခုစလုံးကို စုဆောင်းနိုင်ခဲ့မည်ဆိုလျှင်တောင်မှ သူ သိပ်ပြီး ထူးဆန်းနေမည် မဟုတ်တော့ပေ။
ကြည့်ရတာ အစ်ကိုကြီးသည် ကောင်းကင်အောက်ရှိ အရာအားလုံးကို တွက်ချက်နိုင်ပြီး အစွမ်းမတအား ထက်မြက်ပုံရသည်။
“ငါ့အဖေက ငါတို့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာလား...”
ယင်းဟွမ်ဟွမ်က တီးတိုးရေရွတ်လိုက်ပြီး ရုတ်တရက် သူမ၏ မျက်နှာလေးမှာ ရှက်ရွံ့မှုကြောင့် နီရဲသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
ဤကာလအတွင်း သူမနှင့် ဝူယွမ်တို့သည် ရင်းနှီးကျွမ်းဝင်သော အခိုက်အတန့်များစွာ ရှိခဲ့ပြီး ပွေ့ဖက်ခြင်းများပင် ပြုလုပ်ခဲ့ကြသည် မဟုတ်လော။ ထို့အပြင် ရှောင်တျောင်းနှင့် အခြားသူများက သူမကို မရီးဟု ခေါ်ဆိုနေကြသည်ကိုပင် သူမ လက်ခံခဲ့သေး၏။
အကယ်၍ သူမ၏ ဖခင်သာ ဤအရာအားလုံးကို သိရှိသွားမည်ဆိုပါက... ယင်းဟွမ်ဟွမ်မှာ သူမ၏ ဖခင် မည်သို့ တုံ့ပြန်လာမည်ကို တွေးကြည့်ရန်ပင် မရဲတော့လောက်အောင် အပြစ်ရှိသလို ခံစားလိုက်ရလေသည်။
“နင့်အဖေက ရမ္မက်ကြီးတဲ့ လူအိုကြီးပဲ မဟုတ်လား...”
ဝူယွမ်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သော်လည်း အသံထွက်အောင်တော့ မပြောရဲခဲ့ပေ။
ဤစကားများအား ယင်းရွှမ်းဇီ ကြားသွားမည်ကို သူ တကယ်ကို စိုးရိမ်နေခဲ့မိသည်။
ဤယောက္ခမကြီး အမြဲတစေ စောင့်ကြည့်နေခြင်းက ကောင်းသောအရာလား၊ ဆိုးသောအရာလားဆိုသည်ကို ပြောရန် ခက်ခဲလှပေသည်။
“လုံခြုံမှု ရှိစေဖို့အတွက် ငါတို့အားလုံး မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ထဲကို အရင်ဝင်သွားကြတာပေါ့... ငါလည်း အကြီးအကဲကျန်းရဲ့ မူလဝိညာဉ်ကို မြန်မြန်သန့်စင်ဖို့ လိုသေးတယ်...”
ဝူယွမ်က မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို မြေပြင်ပေါ်တွင် ချက်ချင်း ချထားလိုက်ပြီးနောက် ရှောင်တျောင်းနှင့် ယင်းဟွမ်ဟွမ်တို့ကို ကျောက်တိုင် အတွင်းသို့ ခေါ်ဆောင်သွားလိုက်လေသည်။
သူတို့ ဝင်ရောက်သွားပြီးနောက် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်သည် မြေကြီးထဲသို့ နစ်မြုပ်သွားပြီး တောင်ထွတ်နှင့် ပေါင်းစပ်သွားကာ မည်သူမှ မမြင်တွေ့နိုင်တော့ချေ။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် အတွင်းရှိ နေရာလွတ်မှာ အလွှာနှစ်ခု ရှိလေသည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ကောင်းကင်နှင့် မြေကြီး၏ အတွင်းပိုင်း နေရာလွတ်နှင့် ဟွမ် ကောင်းကင်နှင့် မြေကြီး၏ အပြင်ပိုင်း နေရာလပ်တို့ ဖြစ်ကြသည်။
ဝူယွမ်နှင့် အခြားသူများမှာ အပြင်ပိုင်း နေရာလွတ်တွင် ရှိနေကြခြင်း ဖြစ်သည်။
ယခင်နှင့် နှိုင်းယှဉ်လျှင် အပြင်ပိုင်း နေရာလွတ်မှာ ၎င်း၏ အသွင်အပြင်တစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကမ္ဘာကြီး တစ်ခုလုံးမှာ စိမ်းလန်းစိုပြည်လာပြီး သဲကန္တာရမှာ အိုအေစစ် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကျယ်ပြန့်သော မြက်ခင်းပြင်ကြီးပေါ်တွင် ခိုင်ခံ့သော မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကြီး တစ်ပင် ပေါက်ရောက်နေလေသည်။
ဤသည်မှာ တကယ်တော့ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်မျှသာ မဟုတ်ဘဲ ကမ္ဘာ့သစ်ပင်၏ အကိုင်းအခက်တစ်ခု ဖြစ်လေသည်။
သို့သော် ဝူယွမ်က ယင်းရွှမ်းဇီ၊ ယင်းဟွမ်ဟွမ်နှင့် အခြားသော တောင်ဂိုဏ်းမှ လူများကို ပြသရန်အတွက် ဤပတ်ဝန်းကျင်ကို ဖန်တီးပေးရန် ဟွမ်ကို အထူးတလည် တောင်းဆိုထားခဲ့ခြင်း ဖြစ်သည်။
ဤအချိန်တွင် ဝူယွမ်နှင့် အခြားသူများမှာ ဤမသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကြီး အောက်တွင် ရှိနေကြလေသည်။
“အို... ဒီမသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကြီးက ဒီလောက်တောင် ကြီးထွားလာတာလား... ပြီးတော့ သစ်သီးတွေကလည်း အများကြီးပဲ...”
ယင်းဟွမ်ဟွမ်သည် ဤမသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကြီးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
၎င်းမှာ တောင်ဂိုဏ်း၏ ရှေးဟောင်း မသေမျိုးအနှစ်သာရ မျိုးစေ့လေး ကြီးထွားလာခြင်း ဖြစ်မည်ဟု သူမ ထင်မှတ်နေခဲ့၏။ သစ်ပင်ပေါ်တွင် ထောင်နှင့်ချီသော သစ်သီးများ ပြည့်နှက်နေလေသည်။
ဤအဆင့်အတန်းသည် ယွမ်ဂိုဏ်း၏ နှစ်ရာချီ သက်တမ်းရှိသော မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
၎င်းကို မြင်လိုက်ရသောအခါ ယင်းဟွမ်ဟွမ်၏ နှလုံးသားလေးမှာ ခုန်ပေါက်သွားခဲ့၏။
ယခုအခါ သူတို့ တောင်ဂိုဏ်းတွင်လည်း မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင် တစ်ပင် ရှိနေပြီ ဖြစ်သည် မဟုတ်လော။
သူတို့အဖွဲ့သည် သစ်ပင်အောက်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ကြပြီး အသီးသီး ရရှိထားကြသော အကျိုးအမြတ်များကို စတင် ချေဖျက် စုပ်ယူရန် ပြင်ဆင်လိုက်ကြလေသည်။
ဝူယွမ်က အကြီးအကဲကျန်း၏ မူလဝိညာဉ်ကို အရင်ဆုံး သန့်စင်လိုက်လေသည်။
သူ၏ နီ၀မ်နယ်ပယ် ပွင့်လာပြီး အကြီးအကဲ ကျန်းကို ၎င်းအတွင်းသို့ ထည့်သွင်းလိုက်၏။
ယခင်က ကျန်းကျုံးကဲ့သို့ပင် အကြီးအကဲကျန်းသည်လည်း ဝူယွမ်၏ နီ၀မ်နယ်ပယ်အတွင်းသို့ ဝင်ရောက်လာချိန်တွင် သူ၏ ခန္ဓာကိုယ်ကို လုယူရန်အတွက် ဝူယွမ်က သူ့ကို အခွင့်အရေး ပေးနေသည်ဟု ထင်မှတ်ကာ ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။
သို့သော် ကစဉ်ကလျားသန္ဓေသားကို မြင်တွေ့လိုက်ရပြီးနောက် သူ ဆွံ့အသွားခဲ့ရ၏။
ကစဉ်ကလျားသန္ဓေသားက လည်ပတ်နေပြီး လေ၊ မိုးကြိုး၊ မီးနှင့် ဝါးမျိုခြင်း ကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများက သူ၏ မူလဝိညာဉ်ကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်လိုက်ကာ နောက်ဆုံးတွင် ဝူယွမ်၏ ဝိညာဉ်စွမ်းအင်အတွက် အာဟာရများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေတော့သည်။
မူလဝိညာဉ်များကို ဝါးမျိုခြင်းမှာ ဝူယွမ် အလွန် ကျွမ်းကျင်နေပြီဖြစ်သော ကိစ္စတစ်ခုပင် ဖြစ်သည်။
မည်သည့် အံ့ဩစရာမျှ မရှိဘဲ အကြီးအကဲကျန်း၏ မူလဝိညာဉ်ကို သူ လျင်မြန်စွာ သန့်စင်ပစ်လိုက်လေသည်။
ထို့နောက် ဝူယွမ်က လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်ကလေးငယ် ပုံစံဖြင့် မြေကမ္ဘာအူတိုင် သန့်စင်အရည်သည် သူ၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့၏။
ဤအရာနှစ်ခုဖြင့် ဝူယွမ်သည် သူ၏ မူလဝိညာဉ်ကို စုစည်းဖန်တီးရန် စမ်းသပ်ကြည့်တော့မည် ဖြစ်သည်။
ဤအချိန်တွင် မြေကမ္ဘာအူတိုင် သန့်စင်အရည်ကို ကိုင်ဆောင်ထားသော ယင်းဟွမ်ဟွမ်မှာ မှင်တက်စွာဖြင့် တင်ပျဉ်ခွေထိုင်နေခဲ့လေသည်။
သူမ၏ ကြည်လင်တောက်ပသော မျက်ဝန်းများ၏ အနက်ထဲတွင် သူမကိုယ်တိုင်ပင် သတိမပြုမိလိုက်သော အလွန်အမင်း ဝေဝါးရှုပ်ထွေးနေသည့် အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့လေသည်။
ယခုလေးတင် မျက်လုံးများကို မှိတ်ထားခဲ့သော ရှောင်တျောင်းက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်လေသည်။ သူက ယင်းဟွမ်ဟွမ်ကို ကြည့်လိုက်ပြီး သူ၏ မျက်မှောင်များ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့၏။
ကောင်းကင်မြွေပါ၏ အလွန်ထက်မြက်သော မွေးရာပါ အာရုံခံနိုင်စွမ်းက ယင်းဟွမ်ဟွမ် မျက်ဝန်းများ၏ အနက်ထဲတွင် ခဏတာမျှ ဝေဝါးရှုပ်ထွေးမှုများ လင်းလက်သွားချိန်၌ အလွန်ထူးဆန်းပြီး ဝေဝါးလှသော လှိုင်းဂယက်တစ်ခုကို ရှင်းလင်းစွာ ခံစားမိခဲ့လေသည်။
“ဒီမရီးကလည်း သာမန်မဟုတ်ဘူးပဲ...”
ရှောင်တျောင်းသည် သူ၏ရင်တွင်း၌ တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။ ထိုဝေဝါးလှသော
ထိုဝေဝါးဝါး လှိုင်းဂယက်မှာ မည်သည့်အရာဖြစ်ကြောင်းကို သူ မဖော်ပြတတ်သော်လည်း ထိုကဲ့သို့သော ခံစားချက်မျိုးကို ယခင်က ကျန်းယင်ယင်ထံမှ သူ ခံစားခဲ့ရဖူးလေသည်။
၎င်းမှာ ဝင်စားခြင်း အနှစ်သာရနှင့် ဆင်တူနေပုံရ၏။
ယင်းဟွမ်ဟွမ်နှင့် ပတ်သက်၍ သူ သိချင်စိတ် ပြင်းပြမလာဘဲ မနေနိုင်တော့ပေ...
“ ဒီကောင်မလေးကလည်း ဝင်စားသူ တစ်ယောက်များ ဖြစ်နေမလား...”
“အစ်ကိုကြီးဆီကနေ ဝင်စားခြင်း လှိုင်းဂယက်တွေကို ငါမခံစားမိပေမယ့် အစ်ကိုကြီးရဲ့ ဝိညာဉ်က ငါ့ကို အမြဲတမ်း ဆန့်ကျင်ပြီး တွန့်လိမ်နေတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနေတယ်..."
“သူက သေချာပေါက် ဝင်စားသူ တစ်ယောက် ဖြစ်ရမယ်၊ အခု ဝင်စားသူတစ်ယောက်လို့ သံသယရှိရတဲ့ ဒီကောင်မလေးက အစ်ကိုကြီးရဲ့ ဘေးမှာ ပေါ်လာပြီး အစ်ကိုကြီးကလည်း သူမအပေါ်ကို ဒီလောက်တောင် အလိုလိုက်ပြီး ဂရုစိုက်နေတယ်..”
“ဒီကောင်မလေးက အစ်ကိုကြီးရဲ့ အတိတ်ဘဝက ချစ်သူများ ဖြစ်နေမလား၊ ပြီးတော့ သူတို့ရဲ့ ရေစက်ကို ပြန်အသက်သွင်းဖို့အတွက် သူတို့ နှစ်ယောက်စလုံးက ပြန်လည်ဝင်စားလာကြတာများလား...”
ခဏလေး အတွင်းမှာပင် ရှောင်တျောင်းသည် ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ကြားရှိ အတိတ်ဘဝမှ အချစ်ဇာတ်လမ်းကို သူ၏ စိတ်ကူးထဲတွင် အပြည့်အဝ ဖန်တီးပြီးသွားခဲ့လေပြီ။
သူ ပိုတွေးလေလေ ပိုပြီးယုတ္တိတန်လေလေ ဖြစ်နေသကဲ့သို့ ခံစားရ၏။ သူကိုယ်သူ တကယ်ကို ဉာဏ်ကောင်းလွန်းသည်ဟု သူ ခံစားလိုက်ရလေသည်။
“ဘယ်လောက်တောင် ရိုမန်းတစ်ဆန်ပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးလဲ...”
“ကြည့်ရတာ အခုကစပြီး ငါ မရီးကို ရင်ထဲကနေ တကယ့်ကို လေးလေးစားစား ဆက်ဆံဖို့ လိုပြီပဲ... မရီးရှေ့မှာ ဆရာကြီး တစ်ယောက်လို ဒါမှမဟုတ် အားကောင်းတဲ့သူ တစ်ယောက်လို ဆက်ပြီး ဟန်ဆောင်နေလို့ မရတော့ဘူး..."
“မရီးကလည်း ဘဝနှစ်ခုကို ဖြတ်သန်းလာခဲ့သူပဲလေ၊ နောက်ပိုင်း သူမ ပြန်လည်နိုးထလာတဲ့အခါ အစ်ကိုကြီးလိုပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်လာလိမ့်မယ်...”
ရှောင်တျောင်းက ဆုံးဖြတ်ချက် ချလိုက်ပြီး တစ်ချိန်တည်းမှာပင် အစ်ကိုကြီးနှင့် မရီးတို့အပေါ် ထားရှိသော သူ၏ လေးစားကြောက်ရွံ့မှုမှာ ပိုမိုခိုင်မာလာခဲ့လေသည်။
ဤအချိန်တွင် လူတိုင်းမှာ မြေကမ္ဘာအူတိုင် သန့်စင်အရည်ကို စုပ်ယူနေကြပြီ ဖြစ်သည်။
ရှောင်တျောင်းသည်လည်း စိတ်ကို ငြိမ်သက်စေလိုက်ပြီး သူ ယခုလေးတင် ရရှိထားသော ရှင်းအက္ခရာ လျှို့ဝှက်ချက်ကို လေ့လာလိုက်လေသည်။
ဝူယွမ်၏ လက်ထဲရှိ မြေကမ္ဘာအူတိုင် သန့်စင်အရည်သည် ရွှေရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားခဲ့၏။
ဤရွှေရောင် အလင်းတန်းများ ဝင်ရောက်လာမှုနှင့်အတူ ဝူယွမ်၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် မှေးမှိန်သော ရွှေရောင် အလင်းတန်းလေးတစ်ခု ပေါ်လာပြီး အတော်လေး ထူးဆန်းသော လှိုင်းဂယက်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့လေသည်။
ယွမ်အမြုတေကို ခွဲဖြာ၍ မူလဝိညာဉ်ကို မွေးဖွားခြင်းမှာ မူလဝိညာဉ်ကို စုစည်းဖန်တီးရန်အတွက် အရေးအကြီးဆုံးသော လုပ်ငန်းစဉ် ဖြစ်လေသည်။
ဤအဆင့်ကို ရရှိရန်အတွက် ယွမ်အမြုတေမှာ ပြည့်ဝနေရန် လိုအပ်ပေသည်။
အကယ်၍ ယွမ်အမြုတေသည် မူလဝိညာဉ် မွေးဖွားရန်အတွက် ပြည့်ဝသော အခြေအနေသို့ မရောက်ရှိနိုင်ပါက မူလဝိညာဉ်ကို သဘာဝကျကျပင် ပြုစုပျိုးထောင်နိုင်မည် မဟုတ်ပေ။
ဝူယွမ်၏ ယွမ်အမြုတေသည် စတင် စုစည်းဖန်တီးစဉ်ကတည်းက ကြယ်ကိုးပွင့်ထက် ကျော်လွန်သော ပြီးပြည့်စုံသည့် အဆင့်ရှိ ကြယ်အမြုတေ တစ်ခုအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကာ သိပ်သည်းလွန်းသော ကြယ်ပုံစံများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
နှစ်များစွာကြာ နတ်ဆင်ဖိနှိပ်ခြင်းအကျဉ်းထောင် စွမ်းအားကို ကျင့်ကြံခြင်းနှင့် မိုးကြိုးကပ်ဘေးအရည်၊ ယန်အနှစ်သာရအရည် ကဲ့သို့သော အားကောင်းသည့် ဝိညာဉ်အရည် မျိုးစုံဖြင့် ပြုစုပျိုးထောင်ခြင်းတို့မှတစ်ဆင့် ယွမ်အမြုတေသည် လွန်ခဲ့သည့် အချိန်ကတည်းက ပြည့်ဝခြင်း အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
မြေကမ္ဘာအူတိုင် သန့်စင်အရည်မှ နောက်ဆုံး စွမ်းအင် အစအနလေးသည် ဝူယွမ်၏ ပြည့်ဝပြီး ကြည်လင်နေသော ယွမ်အမြုတေ အတွင်းသို့ စီးဝင်သွားသည်နှင့်တစ်ပြိုင်နက် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ယွမ်အမြုတေသည် နောက်ဆုံးတွင် သိမ်မွေ့သော တုန်ခါမှုတစ်ခုကို ထုတ်လွှတ်လိုက်လေတော့သည်။
တုန်ခါသွားသည့် အခိုက်အတန့်လေးမှာပင် သူ၏ စိတ်အာရုံမှာ တင်းကျပ်သွားခဲ့၏။
ဤအချိန်တွင် ယွမ်အမြုတေ၏ မျက်နှာပြင်မှာ စင်ကြယ်သော ရွှေစင်တစ်ခုနှင့် ဆင်တူလောက်အောင် အရောင်အသွေး ကြွယ်ဝနေပြီ ဖြစ်သည်။
၎င်းသည် တောက်ပနေသော ရွှေဥကြီး တစ်လုံးနှင့် ပိုတူနေပြီး ယခုအခါ ထိုရွှေဥကြီးမှာ အဆက်မပြတ် တုန်ခါနေခဲ့လေသည်။
နောက်ဆုံးတွင် ယွမ်အမြုတေမှာ အက်ကွဲသွားခဲ့လေပြီ။
ယွမ်အမြုတေ၏ မျက်နှာပြင်ပေါ်တွင် သေးငယ်သော အက်ကွဲကြောင်းများ ပေါ်လာခဲ့၏။
ထို့နောက် ဤအက်ကွဲကြောင်းများသည် အံ့ဩစရာကောင်းသော အမြန်နှုန်းဖြင့် ပြန့်နှံ့သွားပြီး ယွမ်အမြုတေ၏ မျက်နှာပြင် တစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့သည်။
အက်ကွဲကြောင်းများ အတွင်းမှ ရွှေရောင် အလင်းတန်းများ ခပ်ရေးရေး ပစ်လွှတ်ထွက်ပေါ်နေခဲ့လေသည်။
တောက်ပလှသော ရွှေရောင် အလင်းတန်းသည် နောက်ဆုံးတွင် ၎င်း၏ အပြင်းထန်ဆုံးသော အမှတ်သို့ ရောက်ရှိသွားခဲ့ပြီးနောက် ယွမ်အမြုတေ တစ်ခုလုံးမှာ အပြည့်အဝ ပေါက်ကွဲထွက်သွားကာ ရွှေရောင် အလင်းတန်းများက ဒန်တျန် တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။
“ကြည့်ရတာ အသစ်မွေးဖွားလာတဲ့ မူလဝိညာဉ်အတွက် အသက်စွမ်းအင် တချို့ ထပ်ပေါင်းထည့်ပေးလို့ ရနိုင်မယ်ထင်တယ်...” ဤအချိန်တွင် ဟွမ်၏ အသံက ဝူယွမ် စိတ်ထဲတွင် ပေါ်လာခဲ့လေသည်။
သူ၏ ခေါင်းထက်ရှိ ကမ္ဘာ့သစ်ပင်၏ အကိုင်းအခက်များ အောက်သို့ တွဲကျလာပြီး အသက်စွမ်းအင်များ အပြည့်အဝ ပါဝင်နေသော အစိမ်းရောင် အလင်းတန်း အမျှင်လေးများက ဝူယွမ်၏ ခန္ဓာကိုယ် အတွင်းသို့ စီးဝင်သွားခဲ့၏
ဝူယွမ်၏ ကိုယ်တွင်းရှိ ယွမ်အမြုတေမှာ အက်ကွဲသွားခဲ့လေပြီ။ ကြွယ်ဝလွန်းသော အသက်စွမ်းအင်များနှင့်အတူ ရွှေရောင်အလင်းတန်းများသည် လက်ဖဝါးအရွယ်အစားခန့်ရှိသော ရွှေရောင် အရိပ်လေးတစ်ခုအဖြစ်သို့ စုစည်းသွားကြပြီး အလွန်အမင်း ပြည့်ဝနေခဲ့လေသည်။
ဝူယွမ်၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တောင့်တင်းလာပြီး ပြင်းထန်စွာ တုန်ယင်လာကာ အလွန်အမင်း နက်နဲလှသော ခံစားချက်တစ်ခုက အလိုအလျောက် ပေါ်ထွက်လာခဲ့၏။
ထိုအခိုက်အတန့်တွင် သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ ကွဲကာသွားသော်လည်း မရေမတွက်နိုင်သော ကြိုးမျှင်လေးများဖြင့် ယှက်နွယ်နေသကဲ့သို့ လှိုင်းဂယက်တစ်ခု သူ၏ ရင်တွင်းမှ ထွက်ပေါ်လာသည်ကို သူ ခံစားလိုက်ရလေသည်။
မူလဝိညာဉ် ဖြစ်တည်လာခဲ့ချေပြီ။
***