ရေခဲသခင်မသည် သူ့ အရှင်သခင်၏ တပည့်ဖြစ်ပြီး တစ်ချိန်က သူ့ အရှင်သခင်၏ အဆင့်အတန်းသို့ ရောက်ရှိရန် မျှော်လင့်ချက် အရှိဆုံး သူတစ်ဦးပင် ဖြစ်ခဲ့လေသည်။
“အခု သူမက ယင်းဟွမ်ဟွမ်လား ဒါမှမဟုတ် ရေခဲသခင်မလား...” လင်းတုန်က မေးလိုက်လေသည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က ခေါင်းခါယမ်းရင်း ပြောလိုက်လေသည်။ “သူမ ပြန်မနိုးထလာသေးဘူးလေ... ဒါကြောင့် အရာအားလုံးက ပြောဖို့ခက်နေသေးတယ်၊ ပြန်နိုးထလာပြီးမှသာ သူ့ခန္ဓာကိုယ်ကို ဘယ်သူက ဦးဆောင်သွားမလဲဆိုတာ ငါတို့ မြင်ရမှာ... ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပါလေ...”
ဝူယွမ်၏ စိတ်ခံစားချက်မှာ အနည်းငယ် ရှုပ်ထွေးနေခဲ့၏။ မူလဇာတ်လမ်းထဲမှ လင်းတုန်၏ ခံစားချက်များကို သူ နောက်ဆုံးတွင် နားလည်နိုင်သွားခဲ့ပြီ ဖြစ်သည်။
ရေခဲသခင်မသည် မည်သည့်အခါကမျှ ယင်းဟွမ်ဟွမ် မဟုတ်ခဲ့ပေ။ ရေခဲသခင်မကို ရင်ဆိုင်ရချိန်တွင် ဝူယွမ်၏ နှလုံးသားမှာ အေးစက်သွားခဲ့ရ၏။
ဤအမျိုးသမီးသည် တက်ကြွလှုပ်ရှားသော ကောင်မလေး ယင်းဟွမ်ဟွမ်သာ ဖြစ်နေပါစေရန် သူ မျှော်လင့်နေဆဲပင် ဖြစ်သည်။
“ရေခဲသခင်မနဲ့ ပတ်သက်ပြီးတော့ကတော့... ငါ့ရဲ့ စွမ်းအားကို မြန်မြန် မြှင့်တင်ဖို့ လိုသေးတယ်... နောက်ပိုင်းမှာ ရေခဲသခင်မ ပြန် နိုးထလာဖို့ မလိုတော့ဘဲ ငါကိုယ်တိုင် ကပ်ဘေးကို ရင်ဆိုင်ဖြေရှင်းနိုင်ပါစေလို့ မျှော်လင့်ပါတယ်...”
ဝူယွမ်က သူ့ဘာသာ တွေးလိုက်လေသည်။ အရာအားလုံး ချောချောမွေ့မွေ့ ပြေလည်သွားသရွေ့ ယင်းဟွမ်ဟွမ်သည် ရေခဲသခင်မဖြစ်လာရန် လိုအပ်မည် မဟုတ်ပေ။ သူမသည် အမြဲတမ်း ယင်းဟွမ်ဟွမ်သာ ဖြစ်နေမည် ဖြစ်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် အလွှာလိုက် ဖြစ်နေသော ရေခဲပြာရောင် အလင်းစက်ဝန်းများ အားလုံးမှာ ယင်းဟွမ်ဟွမ်၏ ခန္ဓာကိုယ် အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြလေသည်။
သူမ၏ အလွန် ရှည်လျားသော ရေခဲပြာရောင် ဆံပင်များမှာလည်း လျင်မြန်စွာ ပြန်လည်တိုတောင်းသွားပြီး ထိုသို့ ဖြစ်ပေါ်နေစဉ်အတွင်း ရေခဲပြာရောင်များမှာ မှေးမှိန်သွားကာ သူမ၏ ပုံမှန် အနက်ရောင်သို့ ပြန်လည် ရောက်ရှိသွားခဲ့၏။
ယင်းဟွမ်ဟွမ်၏ ဆံပင်များ ပုံမှန် အရောင်သို့ လုံးဝ ပြန်လည်ရောက်ရှိသွားသောအခါ သူမ၏ ခန္ဓာကိုယ်သည်လည်း လေပေါ်မှ ကျဆင်းလာခဲ့လေသည်။
၎င်းကို မြင်သောအခါ ဝူယွမ်က ရှေ့သို့ တစ်လှမ်း တိုးသွားပြီး သူမ၏ ခါးလေးကို လှမ်းဖက်လိုက်လေသည်။ သူ၏ ရင်ခွင်ထဲရှိ နူးညံ့သော ခါးလေးက သူ့နှလုံးသားကို အနည်းငယ် တုန်ခါသွားစေခဲ့၏။
ထို့နောက် သူ ငုံ့ကြည့်လိုက်ရာ ကောင်မလေး၏ နက်မှောင်သော မျက်လုံးများက သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
သူတို့နှစ်ဦးသည် အချင်းချင်း စိုက်ကြည့်နေခဲ့ကြ၏။ ဝူယွမ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ ဤရိုမန်တစ်ဆန်သော အနေအထားက သူနှင့် မသက်ဆိုင်သကဲ့သို့ ရှိနေခဲ့သည်။
ယင်းဟွမ်ဟွမ်မှာမူ ခဏတာမျှ အကြည့်ချင်း ဖလှယ်ပြီးနောက် နောက်ဆုံးတွင် အရှုံးပေးလိုက်ရပြီး သူမ၏ ဖြူဖွေးလှပသော ပါးပြင်လေးများသည် ရှက်ရွံ့မှုကြောင့် နီရဲလာခဲ့လေတော့သည်။
သူမ ယခုလေးတင် ရေခဲသခင်မ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်ကို သူမသိရှိပုံမရပေ။
မြေကမ္ဘာအူတိုင် သန့်စင်အရည်၏ စွမ်းအားက သူမကို ယာယီအားဖြင့် ရေခဲသခင်မ အသွင်အပြင်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့ခြင်း ဖြစ်ပုံရသည်။
“ကျွန်မ ကျင့်ကြံနေတာ မဟုတ်ဘူးလား... ရှင့်ရင်ခွင်ထဲကို ဘယ်လိုလုပ် ရောက်လာတာလဲ...”
ယင်းဟွမ်ဟွမ်က နားမလည်နိုင်သည့် အမူအရာဖြင့် မေးလိုက်ပြီး သူမ၏ သံသယဖြစ်နေသော မျက်လုံးလေးများဖြင့် ဝူယွမ်ကို စိုက်ကြည့်နေခဲ့လေသည်။
“ရှင် ဘယ်လိုလုပ်လိုက်တာလဲ...”
“ကျွန်မကို အခုအောက်ချပေး...”
သူမက ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။ လူအများကြီး ရှေ့တွင် ဤသို့ မြင်တွေ့ခံလိုက်ရသဖြင့် သူမ အလွန် ရှက်ရွံ့နေခဲ့၏။
“အို... ငါ့ရဲ့ မူလဝိညာဉ်ကို အောင်မြင်စွာ စုစည်းဖန်တီးနိုင်ခဲ့ပြီပဲ...”
ယင်းဟွမ်ဟွမ်မှာ ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ ဤကျင့်ကြံခြင်းက အလွန် ထူးဆန်းလွန်းလှပေသည်။ မည်သို့မည်ပုံ ဖြစ်ပျက်သွားသည်ကို သူမကိုယ်တိုင်ပင် မသိလိုက်ပေ။
သူမ အိပ်ပျော်သွားပြီးနောက် နိုးလာသောအခါ ဝူယွမ်၏ ရင်ခွင်ထဲသို့ ရောက်ရှိနေပြီး သူမ၏ မူလဝိညာဉ်ကိုလည်း စုစည်းဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။
“နင်တို့အားလုံး အောင်မြင်စွာ စုစည်းနိုင်ခဲ့ကြပြီလား...”
ဝူယွမ်နှင့် အခြားသူများ အားလုံး ခေါင်းညိတ်ပြလိုက်ကြလေသည်။
ယင်းဟွမ်ဟွမ်က ပြောလိုက်၏။ “ဒီမြေကမ္ဘာအူတိုင် သန့်စင်အရည်က တကယ်ကို အံ့ဩစရာကောင်းတာပဲ...”
ဝူယွမ်သည် ယင်းဟွမ်ဟွမ်ကို အောက်သို့ ချပေးလိုက်ပြီး သူမနှင့် စကားဆက်မပြောတော့ဘဲ ရှောင်တျောင်းနှင့် ရှောင်ယန်တို့ကို ကြည့်လိုက်လေသည်။
“ထွက်သွားရမယ့် အချိန် ရောက်ပြီ... ငါတို့ ဂိုဏ်းကို ပြန်သင့်ပြီ၊ မင်းတို့ အပြင်ဘက်မှာ ဆက်ပြီးလေ့ကျင့်ချင်သေးလား... ဒါမှမဟုတ် ရှေးဟောင်းကျောက်တိုင်နယ်မြေထဲမှာပဲ နေမလား...”
“အခု ရှေးဟောင်းကျောက်တိုင်နယ်မြေထဲမှာ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင် ရှိနေပြီဆိုပေမဲ့ မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီးတွေက နိဗ္ဗာန်အဆင့်မှာ ရှိနေတဲ့ သူတွေအတွက်ပဲ အရမ်း အသုံးဝင်တော့တာ..."
“ကျွန်တော်တို့က နိဗ္ဗာန်အဆင့် ၉ ကို ထိုးဖောက်ဝင်ရောက်ဖို့ နီးစပ်နေပြီဆိုတော့ သစ်သီးရဲ့ အစွမ်းသက်ရောက်မှုက သိပ်မကြီးမားတော့ဘူးလေ...”
ရှောင်တျောင်းက ဖြေကြားလိုက်လေသည်။ “ရှောင်ယန်နဲ့ ကျွန်တော်က အပြင်ဘက်မှာပဲ ဆက်ပြီး လေ့ကျင့်လိုက်ပါ့မယ်...”
“အစ်ကိုကြီးက ဂိုဏ်းပြိုင်ပွဲမှာ ဝင်ပါရမှာလေ၊ အရှေ့ဘက် ရွှမ်းဒေသရဲ့ ဂိုဏ်းပြိုင်ပွဲကို ကမ္ဘာခြားနတ်ဆိုး နယ်မြေမှာ အမြဲတမ်း ကျင်းပလေ့ရှိတယ်၊ အဲ့ဒီကျမှ ကမ္ဘာခြားနတ်ဆိုး နယ်မြေမှာ ငါတို့ ပြန်ဆုံကြတာပေါ့...”
“ကောင်းပြီ... ဒါဆိုရင် ရှောင်ယန် ကျင့်ကြံဖို့အတွက် ဒီမသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီးတွေကို ယူသွားလိုက်...”
ဝူယွမ်က လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ သစ်ပင်ပေါ်မှ သစ်သီးထောင်ချီ၍ သူ၏ သိုလှောင်အိတ်ထဲသို့ ရောက်ရှိလာပြီး ရှောင်ယန်ကို ပေးလိုက်လေသည်။
“ဟေး... ဒါတွေက ငါတို့တောင်ဂိုဏ်းရဲ့ သစ်သီးပင်တွေလေ... နင်က နင့်ညီတွေအတွက် ပေးဖို့ အားလုံးကို ခူးသွားတာလား၊ နည်းနည်းလောက်တော့ ချန်ထားဦးလေ...” ယင်းဟွမ်ဟွမ်က နှုတ်ခမ်းစူကာ ပြောလိုက်လေသည်။
ဝူယွမ်မှာ အလွန်အမင်း ဖြုန်းတီးလွန်းသည်ဟု သူမ ထင်နေမိ၏။ ဤအရာများမှာ မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီးများ ဖြစ်ကြသည် မဟုတ်ပါလား။
“စိတ်မပူပါနဲ့... ငါတို့ ဂိုဏ်းကို ပြန်ရောက်တာနဲ့ သစ်သီးအသစ်တွေ ပေါက်လာလိမ့်မယ်၊ အကြီးအကဲ ဟွမ်က သစ်သီးတွေ သီးဖို့အတွက် မဟာရှေးဟောင်းကျမ်းကို အသုံးပြုထားတာဆိုတော့ အရမ်း မြန်ပါတယ်...” ဝူယွမ်က ပေါ့ပေါ့ပါးပါးပင် လိမ်ပြောလိုက်လေသည်။
ဤအချိန်တွင် သစ်ပင်ပေါ်၌ သစ်သီး အသေးစားလေးများ မျက်စိဖြင့် မြင်နိုင်လောက်အောင် လျင်မြန်သော အမြန်နှုန်းဖြင့် ပေါက်လာကြလေသည်။
နှုတ်ဆက်ပြီးနောက် ဝူယွမ်နှင့် အခြားနှစ်ဦးတို့သည် တောင်ဂိုဏ်းသို့ ပြန်လာခဲ့ကြလေသည်။
သူတို့ တောင်ဂိုဏ်းနယ်မြေသို့ ဝင်ရောက်လိုက်သည်နှင့် ဂိုဏ်း၏ ဥပဒေစိုးမိုးရေးအဖွဲ့နှင့် ဆုံတွေ့လိုက်ကြ၏။
သူတို့ သုံးဦးလုံး စတင် စိုးရိမ်လာကြချိန်တွင် တစ်ဖက်လူက ပြောဆိုလာခဲ့လေသည်။
“ညီငယ်ဝူယွမ်၊ ညီငယ်လင်းတုန်၊ ညီမလေးဟွမ်ဟွမ်... ဂိုဏ်းချုပ်ကြီးက မင်းတို့ကို ခေါ်ခိုင်းလိုက်တယ်...”
“ပြီးတော့ ကောင်းကင်ဖီးနစ်စောင်းကိုလည်း မြန်မြန် ပြန်ပေးလိုက်ပါဦး... ဦးလေးချီလဲ့က စိတ်ပူလွန်းလို့ သေတော့မယ်...”
သူတို့ သုံးဦးမှာ အလွန်အမင်း အနေရခက်သွားကြပြီး ဝူတောင်ဆီသို့ လျင်မြန်စွာ ပြေးသွားကြလေတော့သည်။
သူတို့သုံးယောက်လုံး ယင်းရွှမ်းဇီ၏ ဝါးအိမ်လေးသို့ ရောက်ရှိလာကြ၏။
ယင်းဟွမ်ဟွမ် ခေါင်းကို ငုံ့ထားပြီး ယင်းရွှမ်းဇီကို မကြည့်ရဲပေ။
“သမီး...”
ယင်းရွှမ်းဇီက ယင်းဟွမ်ဟွမ်ကို လက်ညှိုးထိုးကာ ခေါ်လိုက်လေသည်။
သူ၏ သမီးဖြစ်သူနှင့် ပတ်သက်၍ သူ ဘာပြောရမည်ကိုပင် မသိတော့ချေ။
“အဖေ...”
ယင်းဟွမ်ဟွမ်က ချိုသာပြီး ချွဲနွဲ့သော အသံလေးဖြင့် ခေါ်လိုက်လေသည်။
“ကောင်းပြီ... သမီး ကောင်းကင်ဖီးနစ်စောင်းကို ကောင်းကင်ခန်းမဆီ အရင် သွားပြန်ပေးလိုက်ဦး...”
ယင်းရွှမ်းဇီက မတတ်သာသည့် အမူအရာဖြင့် ပြောလိုက်လေသည်။
“ဟုတ်ကဲ့ပါ ဖေဖေ...” ယင်းဟွမ်ဟွမ်က လျင်မြန်စွာ ပြေးထွက်သွားလေတော့သည်။
ယင်းဟွမ်ဟွမ် ထွက်သွားပြီးနောက် ယင်းရွှမ်းဇီသည် ထိုင်ချလိုက်ပြီး ထိုနှစ်ဦးကို နက်နဲသော အဓိပ္ပာယ်ပါသည့် အကြည့်ဖြင့် ကြည့်ကာ မေးလိုက်လေသည်။
“ဒီတစ်ခေါက် ဟွမ်ဟွမ်မှာ အထူး အပြောင်းအလဲတွေများ ရှိခဲ့လား...”
ဝူယွမ်နှင့် လင်းတုန်တို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ယင်းရွှမ်းဇီ၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွားခဲ့ကြ၏။ သူသည် ဝင်စားခြင်းအမှတ်အသား အကြောင်းကို မေးမြန်းနေခြင်း ဖြစ်သည်။
“ဂိုဏ်းချုပ်ကြီးက ဝင်စားခြင်းအမှတ်အသား အကြောင်းကို ပြောနေတာလား...” ဝူယွမ်က သက်ပြင်းတစ်ချက်ကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်ပြီး မေးလိုက်လေသည်။
“ဟုတ်တယ်... ဟွမ်ဟွမ်က သူမရဲ့ မူလဝိညာဉ်ကို စုစည်းဖန်တီးနိုင်ခဲ့ပြီဆိုတာကို ငါ မြင်လိုက်ရတယ်... ဒါကြောင့်မို့လို့ သူမက အဲဒီ ဝင်စားခြင်း စွမ်းအားကို ထပ်ပြီး ထိတွေ့ခဲ့ရပြီဆိုတာ ငါ သိလိုက်တာပေါ့..."
“အဲ့ဒီအချိန်တုန်းက သူမရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အားလုံးကို ငါ့ကို ပြောပြပါ...” ယင်းရွှမ်းဇီက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
ထိုအချိန်တုန်းက သူတို့သည် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် အတွင်းတွင် ရှိနေခဲ့သဖြင့် ယင်းရွှမ်းဇီ အာရုံမခံနိုင်ခဲ့ပေ။
ဝူယွမ်က မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ဟွမ် ပြောပြခဲ့သော ရေခဲသခင်မ မည်သူမည်ဝါဖြစ်ကြောင်း အပါအဝင် အရာအားလုံးကို ချက်ချင်းပင် ပြောပြလိုက်လေသည်။
“တကယ်ကြီး ရေခဲသခင်မ ဖြစ်နေခဲ့တာလား...”
ယင်းရွှမ်းဇီ အနည်းငယ် မှင်တက်သွားခဲ့၏။ ယင်းဟွမ်ဟွမ်၏ ပုံးကွယ်နေသော ဝင်စားသူဇာစ်မြစ်မှာ ဤမျှ အရေးပါလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိပေ။
“ဟူး... ဟွမ်ဟွမ်က ရေခဲသခင်မရဲ့ ဝင်စားခြင်း စွမ်းအားကို ဖိနှိပ်ထားနိုင်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့...” ယင်းရွှမ်းဇီက အားအင်ကုန်ခမ်းနေသော အသံဖြင့် ပြောလိုက်လေသည်။
ဖခင်အိုကြီး တစ်ဦးအနေဖြင့် သူ၏ သမီးဖြစ်သူနေရာတွင် အခြားတစ်ယောက်ဖြင့် အစားထိုးခံရမည်ကို သူ လုံးဝ မလိုလားခဲ့ပေ။
“ဟွမ်ဟွမ်က ဝင်စားသူ တစ်ယောက်ဆိုတဲ့ အချက်ကို ဘယ်သူ့ကိုမှ မပြောပါနဲ့နော်... တကယ်လို့ ယွမ်ဂိုဏ်းကသာ သိသွားမယ်ဆိုရင် သူတို့က ဟွမ်ဟွမ်ကို လျှို့ဝှက်စွာ တိုက်ခိုက်လာနိုင်တယ်..."
“ဘာပဲဖြစ်ဖြစ် သူမ ပြန်လည် နိုးထလာပြီဆိုရင် အဲ့ဒါက အတော်လေးကို အံ့ဩစရာ ကောင်းသွားမှာပဲ...” ယင်းရွှမ်းဇီက သူတို့ကို သတိပေးလိုက်လေသည်။
ဝင်စားသူများဆိုသည်မှာ ဤလောကတွင် အားအကောင်းဆုံးသော ပုဂ္ဂိုလ်များ ဖြစ်ကြပြီး တစ်ဦးချင်းစီက တိုက်ကြီး၏ အင်အားချိန်ခွင်လျှာကို ပြောင်းလဲပစ်နိုင်စွမ်း ရှိကြပေသည်။
အကယ်၍ ယွမ်ဂိုဏ်းသာ သိသွားမည်ဆိုပါက ယင်းဟွမ်ဟွမ်ကို ကြီးထွားလာရန် သူတို့ သဘာဝကျကျပင် ခွင့်ပြုထားမည် မဟုတ်ချေ။
“ဂိုဏ်းချုပ်ကြီး... စိတ်ချပါ၊ ကျွန်တော်တို့ ညီအစ်ကိုတွေက ဒီလို ကိစ္စမျိုးကို ဘယ်သူ့ကိုမှ ဖွင့်ပြောမှာ မဟုတ်ပါဘူး...” ဝူယွမ်က အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။
သူတို့၏ လက်ရှိအဆင့်အတန်းဖြင့် မည်သည့် အာမခံချက်မျှ ပေးရန် မလိုအပ်တော့ပေ။ သူတို့သည် ယွမ်ဂိုဏ်း၏ အကြီးအကဲ တစ်ဦးကိုပင် သတ်ဖြတ်ခဲ့ပြီးပြီ မဟုတ်ပါလော။
“ဒီတစ်ခေါက် အန္တရာယ်တွေက မသေးပေမယ့် မင်းတို့အားလုံး အကျိုးအမြတ် အများကြီး ရခဲ့ကြပါတယ်... မူလဝိညာဉ်ကို စုစည်းဖန်တီးနိုင်ခဲ့တာက ဒီစွန့်စားခန်းကို တန်ဖိုးရှိစေခဲ့တာပဲ...”
ယင်းရွှမ်းဇီက သူတို့ကို ခေါင်းညိတ်ပြလိုက်လေသည်။
သူ လျှို့ဝှက်စောင့်ကြည့်နေခဲ့ပြီး ဝူယွမ်၏ စွမ်းဆောင်ရည်ကြောင့် အလွန်အမင်း အံ့ဩသွားခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် ဝူယွမ်သည် ယွမ်ဂိုဏ်း အကြီးအကဲကို တစ်ယောက်တည်းဖြင့် အနိုင်ယူ သတ်ဖြတ်နိုင်ခဲ့သောကြောင့်ပင်။
သူ၏ သမီးဖြစ်သူ ပွေ့ဖက်ခံခဲ့ရသည်မှလွဲ၍ ယင်းရွှမ်းဇီသည် အခြားအရာအားလုံးကို အလွန် ကျေနပ်နေခဲ့လေသည်။
အထူးသဖြင့် သူက ရန်ယွမ်ဇီ၏ လိုက်လံ ဖမ်းဆီးမှုကို ဟန့်တားခဲ့ချိန်တွင် ရန်ယွမ်ဇီမှာ ဒေါသထွက်ကာ ခြေဆောင့်ခဲ့ရပြီး ဤကဲ့သို့သော ပြိုင်ဘက်ဟောင်းကြီး တစ်ဦး အရှုံးပေါ်သွားသည်ကို လျှို့ဝှက်စွာ မြင်တွေ့လိုက်ရသဖြင့် သူ အလွန်ကျေနပ်နေခဲ့၏။
“ပြန်သွားပြီး ဂိုဏ်းပြိုင်ပွဲအတွက် သေချာ ပြင်ဆင်ကြတော့...”
***