ရတနာရှာဖွေရေးလမ်းမကြီးဆီသို့ သွားရာလမ်းတွင် ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့က ရှေ့မှ လျှောက်သွားကြပြီး လင်းတုန်နှင့် ယင်းရှောင်ရှောင်တို့က အနောက်မှ လိုက်ပါလာကြ၏။
ယင်းဟွမ်ဟွမ်သည် လူမှုဆက်ဆံရေးတွင် အခက်အခဲ ရှိသော သူမ၏ အစ်မဖြစ်သူကို မေ့သွားပုံရသည်။
လူမှုဆက်ဆံရေး ကောင်းမွန်သော သူမ၏ သဘာဝအတိုင်း ရတနာရှာဖွေရေးနယ်မြေ အကြောင်း ဇာတ်လမ်းများကို ဝူယွမ်အား စိတ်လှုပ်ရှားစွာ ပြောပြနေခဲ့လေသည်။
“ကမ္ဘာခြားနတ်ဆိုးမြို့တော်က ကမ္ဘာခြားနတ်ဆိုးနယ်မြေနဲ့ ကပ်လျက်ရှိနေတော့ လူတွေက ကမ္ဘာခြားနတ်ဆိုးနယ်မြေထဲကနေ ရှေးဟောင်း ရတနာတွေ အများကြီးကို မကြာခဏ ယူလာတတ်ကြတယ်...”
“ဒါပေမယ့် လူအများစုက အဲ့ဒါတွေကို မမှတ်မိကြဘူးလေ၊ တကယ်လို့ ရတနာ တစ်ခုရဲ့ အသုံးဝင်ပုံကို ငါ မသိဘူးဆိုရင် အဲ့ဒါကို ဒီကို ယူလာပြီး ရောင်းမှာပေါ့...”
“တစ်ယောက်ယောက်က ရတနာရှာဖွေရေး နယ်မြေမှာ သန့်စင်ယွမ်ရတနာ တစ်ခုကို ရှာတွေ့သွားပြီးတော့ နောက်ပိုင်းမှာ ရောင်းတဲ့သူက မကျေနပ်လို့ သွေးထွက်သံယို တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်လို့ ငါ ကြားဖူးတယ်...”
“အဲ့ဒီ ဖြစ်ရပ်ပြီးနောက်မှ ကမ္ဘာခြားနတ်ဆိုးမြို့တော်ရဲ့ ရတနာရှာဖွေရေးနယ်မြေက နာမည်ကြီးလာတာ... အားလုံးက ဒီကိုလာပြီး ဈေးပေါပေါနဲ့ ပစ္စည်းကောင်းတွေကို ရှာချင်ကြတာလေ...”
“ငါတို့လည်း ဒီမှာ သန့်စင်ယွမ်ရတနာ တစ်ခုကို ရှာတွေ့နိုင်ရင် အရမ်းကောင်းမှာပဲ...”
“အိပ်မက်မက်မနေနဲ့... ဈေးပေါပေါနဲ့ ပစ္စည်းကောင်းတွေ ရှာဖို့ဆိုတာ အဲ့ဒီလောက် မလွယ်ဘူး၊ ဒီရတနာရှာဖွေရေး နယ်မြေက တည်ရှိနေတာ နှစ်ပေါင်းများစွာ ကြာပြီ၊ သန့်စင်ယွမ်ရတနာက တစ်ကြိမ်ပဲ ထွက်ပေါ်ခဲ့ဖူးတာလေ...”
ဝူယွမ်က ခေါင်းခါယမ်းရင်း ပြောလိုက်လေသည်။
“မောင်လေးဝူယွမ်... အစောက မင်းက ငါ့ကို မေးစရာ ရှိတယ်လို့ ပြောတယ် မဟုတ်လား...” အနောက်ဘက်တွင် ရှိနေသော ယင်းရှောင်ရှောင်သည် နေရခက်သော လေထုကို ဆက်လက် သည်းမခံနိုင်တော့သဖြင့် ဝူယွမ်ကို လှမ်းမေးလိုက်လေသည်။
ဝူယွမ်က ပြန်ဖြေလိုက်၏။ “အို... အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ ကမ္ဘာခြားနတ်ဆိုးနယ်မြေ အကြောင်းကို ပိုသိချင်လို့ပါ..."
“အင်... ဟို၊ လင်းတုန်ကလည်း အဲ့ဒီအကြောင်း သိပ်မသိဘူးလေ... ဂိုဏ်းတူအစ်မကြီး၊ လင်းတုန်ကို ကမ္ဘာခြားနတ်ဆိုး နယ်မြေ အကြောင်း အရင် ပြောပြလိုက်ပါ၊ ပြီးမှ ဒီည ပြန်ရောက်ရင် လင်းတုန်က ကျွန်တော့်ကို ပြန်ပြောပြပေးပါလိမ့်မယ်...”
“ဟွမ်ဟွမ်ကို ဟိုကြည့်ဒီကြည့် အရင်လိုက်ပြပေးလိုက်ဦးမယ်...” ထိုသို့ ပြောပြီးနောက် ဝူယွမ်က ယင်းဟွမ်ဟွမ်ကို ခေါ်ကာ ရှေ့သို့ လျှောက်သွားလေတော့သည်။
“ရှင် ဘာလုပ်နေတာလဲ... ကျွန်မအစ်မနဲ့ လင်းတုန်က စကားမှ သိပ်မပြောကြတာကို... သူတို့ကို အတူတူ လမ်းလျှောက်ခိုင်းတာက နေရခက်အောင် လုပ်နေတာ မဟုတ်ဘူးလား၊ နင်တို့ ညီအစ်ကို နှစ်ယောက်ကများ...”
ယင်းဟွမ်ဟွမ်က ဝူယွမ်ကို စူးရှသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်လေသည်။ ဤကိစ္စမှာ ထိုမျှ မရိုးရှင်းကြောင်း သူမ၏ ဗီဇစိတ်က ပြောပြနေခဲ့၏။
“ဘာဖြစ်လို့လဲ... နေ့တိုင်း မင်းခေါင်းထဲမှာ ဘာတွေ တွေးနေမှန်းကို မသိဘူး၊ နည်းနည်းလောက် ဖြူစင်လို့ မရဘူးလား... ငါတို့ အားလုံးက ဂိုဏ်းတူ ညီအစ်ကို မောင်နှမတွေပဲလေ...”
ဝူယွမ်က ဖြောင့်မတ်မှန်ကန်ဟန်ဖြင့် ပြောလိုက်လေသည်။ ယင်းဟွမ်ဟွမ် တွေဝေသွားချိန်တွင် သူက စကားလမ်းကြောင်း လွှဲလိုက်၏။
“စကားပုံတစ်ခု ရှိတယ်လေ... ‘ပစ္စည်းကောင်းကို အပြင်လူ လက်ထဲ မရောက်စေနဲ့’ တဲ့၊ နင့်အစ်မကို အဝေးကြီးမှာ အိမ်ထောင်ကျသွားမှာကို နင်မှမလိုလားတာ... လင်းတုန်ကလည်း အရမ်း ရိုးသားတယ်”
“ပြီးတော့ တောင်ဂိုဏ်းကပဲလေ... ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက အိမ်ပေါ်တက်မဲ့သမက်ပဲ... နင်တို့ မိသားစုက အမြတ်ထွက်တာပေါ့၊ နားလည်လား...”
စကားပြောပြီးနောက် ဝူယွမ်က ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ လျှောက်သွားလေတော့သည်။
ယင်းဟွမ်ဟွမ်ကို ခဏတာ စဉ်းစားရန် ချန်ထားခဲ့လေသည်။ “အာ... ရှင်တို့က လွန်လွန်းတယ်၊ ရှင်တို့က ကျွန်မအစ်မကိုတောင် ပစ်မှတ်ထားနေကြတာလား...”
သူမက ဝူယွမ်ကို လျင်မြန်စွာ အမီလိုက်သွားပြီး သူမ၏ လက်သီးဆုပ်လေးများဖြင့် သူ့ကို ကျီစယ်ကာ ထိုးနှက်လိုက်လေသည်။
နောက်ပြောင် ရယ်မောရင်း သူတို့သည် ရတနာရှာဖွေရေး နယ်မြေသို့ ရောက်ရှိလာခဲ့ကြလေသည်။
ပတ်ဝန်းကျင် တစ်ခွင်လုံးတွင် ချဲ့ကားထားသော အော်ဟစ်ကြော်ငြာသံ မျိုးစုံကို ကြားနေရပြီး သန့်စင်ယွမ်ရတနာများ၊ ဝိညာဉ် သိုင်းပညာရပ်များနှင့် ကောင်းကင် သိုင်းပညာရပ်များ၊ ထိပ်တန်း အဆင့်ရှိ သန့်စင်သော ဆေးလုံးများ ဖြစ်နိုင်ကြောင်း အဆက်မပြတ် ကြေညာနေကြလေသည်။
အတိုချုပ် ပြောရလျှင် အရာအားလုံးက ရတနာများအလား ထင်မှတ်ရပြီး ဈေးနှုန်းများမှာလည်း ရယ်စရာကောင်းလောက်အောင် မြင့်မားနေကာ မကြာခဏဆိုသလို နိဗ္ဗာန်ဆေးလုံး သန်းဆယ်နှင့်ချီ၍ ဈေးခေါ်ကြလေသည်။
သေချာသည်ကတော့ ဈေးဆစ်၍လည်း ရနိုင်ပြီး နိဗ္ဗာန် ဆေးလုံး သောင်းဂဏန်းခန့်ဖြင့်ပင် ရကောင်း ရနိုင်ပေသည်။
၎င်းမှာ ရတနာများကို ရှာဖွေရန်အတွက် ရှေးဟောင်းပစ္စည်း ဈေးကွက်တစ်ခုသို့ သွားရသည့် ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့၏။
ယင်းဟွမ်ဟွမ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း စည်ကားလှသော လေထုကို သဘောကျနေခဲ့လေသည်။
ဈေးဝယ်ထွက်ခြင်းသည် အမျိုးသမီးများအတွက် သဘာဝအတိုင်း ဆွဲဆောင်မှု တစ်ခု ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
ယင်းဟွမ်ဟွမ်သည် လိပ်ပြာလေး တစ်ကောင်အလား လူအုပ်ကြားတွင် လှုပ်ရှားနေပြီး သူမ၏ နက်မှောင်သော ဆံပင်လေးများမှာ နုပျိုတက်ကြွမှုများဖြင့် လန်းဆန်းနေကာ လူအများ၏ အကြည့်များကို ဖမ်းစားထားလေသည်။
မကြာမီ သူတို့နှစ်ဦးသည် အလယ်ဗဟို ဧရိယာသို့ ရောက်ရှိလာခဲ့ကြ၏။
ဤနေရာရှိ ကုန်ပစ္စည်းများမှာ ပိုမို အဆင့်မြင့်ပုံ ရလေသည်။ ယင်းဟွမ်ဟွမ်သည် ဝူယွမ်ကိုပင် မစောင့်တော့ဘဲ ဆိုင်ခန်းမျိုးစုံကို လိုက်လံ ကြည့်ရှုရန် တစ်ယောက်တည်း ထွက်သွားလေတော့သည်။
“နင်တို့တွေက အကျိုးသင့် အကြောင်းသင့် မလုပ်ကြဘူးပဲ ...”
ဝူယွမ်က အနောက်မှ အေးအေးဆေးဆေး လျှောက်လာရင်း ဈေးပေါပေါဖြင့် ပစ္စည်းကောင်း ရှာတွေ့ရန် ကြိုးစားနေစဉ် ယင်းဟွမ်ဟွမ်၏ စူးရှသော အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။
သူက လျင်မြန်စွာ ပြေးသွားလိုက်၏။ ဤအချိန်တွင် ယင်းဟွမ်ဟွမ်၏ မျက်နှာပေါ်တွင် ဒေါသများ ပြည့်နှက်နေခဲ့သည်။
သူမ၏ အရှေ့တွင် ပြုံးဖြီးဖြီး လုပ်နေသော လူငယ် သုံးဦး ရှိနေလေသည်။
သူတို့၏ လက်ထဲတွင် ကျောက်စိမ်းရောင် ဆံထိုးလေး တစ်ခုကို ပစ်မြှောက်ကစားနေကြပြီး ၎င်းထံမှ အားကောင်းသော စွမ်းအင် လှိုင်းဂယက်တစ်ခု ခပ်ရေးရေး ထွက်ပေါ်နေသဖြင့် အတော်လေး ကောင်းမွန်သော ဝိညာဉ်ရတနာ တစ်ခုဖြစ်ကြောင်း ထင်ရှားလှပေသည်။
“ဘာဖြစ်တာလဲ...” ဝူယွမ်က အနီးသို့ ရောက်လာပြီး မေးလိုက်လေသည်။
“အဲဒီ ဆံထိုးက ငါ အရင်မြင်ခဲ့တဲ့ ဝိညာဉ်ရတနာ တစ်ခုပဲ၊ ဈေးတောင် တည့်ပြီးသွားပြီ... ဒါပေမယ့် ဒီလူယုတ်မာ သုံးယောက်က ရုတ်တရက် ဝင်လာပြီး ဆံထိုးကို လုယူသွားကြတယ်...” ယင်းဟွမ်ဟွမ်က မကျေမနပ်ဖြင့် ပြောလိုက်လေသည်။
“ယွမ်ဂိုဏ်းက လူတွေလား...”
ဝူယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ တံဆိပ်များအရ ထိုလူ သုံးဦး၏ မည်သူမည်ဝါဖြစ်ကြောင်းကို သူ မှတ်မိလိုက်၏။
ထိုတံဆိပ်များမှာ သူတို့ ယခင်က သတ်ဖြတ်ခဲ့သော ဝိညာဉ်စစ်သူကြီးနှစ်ဦး၏ တံဆိပ်များနှင့် အတူတူပင် ဖြစ်လေသည်။
ဤလူ သုံးဦးသည် ဆံထိုးကို အမှန်တကယ် လိုချင်၍ မဟုတ်ဘဲ ယင်းဟွမ်ဟွမ်က တောင်ဂိုဏ်းမှ ဖြစ်ကြောင်းကို မြင်သောကြောင့် တမင်တကာ ပြဿနာလာရှာခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။
သူတို့က ယင်းဟွမ်ဟွမ်ကို စနောက်နေပုံ ရလေသည်။
“မင်းတို့ ယွမ်ဂိုဏ်းတပည့်တွေက အခုတော့ တော်တော်လေး ဟုတ်နေပါလား... မိန်းမတွေဆီကနေ ဆံထိုး လုယူဖို့တောင် သင်ယူနေကြပြီလား၊ မင်းတို့ အားလုံးက ယောကျ်ား မလုပ်ချင်ကြတော့ဘူးလား...”
ဝူယွမ်က ထိုသုံးဦးကို အထင်သေးစွာဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
“ကောင်စုတ်လေး... မင်းက ဘယ်သူမို့လို့ ယွမ်ဂိုဏ်းကို ဒီလောက် ရဲရဲတင်းတင်း စော်ကားရဲရတာလဲ...” ယွမ်ဂိုဏ်းတပည့် တစ်ဦးက ဝူယွမ်ကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။
ဝူယွမ်က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ပြီး… “မင်းက အရူးလား... ယွမ်ဂိုဏ်းကို စော်ကားနေတာက မင်းတို့လေ၊ ငါ မဟုတ်ဘူး..."
“မင်းတို့ကို မိန်းမလုပ်ဖို့ ငါက အတင်းအကျပ် ခိုင်းနေတာမှ မဟုတ်တာ၊ ဒါပေမယ့် တကယ်လို့ မင်းတို့ ယွမ်ဂိုဏ်းကသာ ပြည့်တန်ဆာရုံ ဖွင့်မယ်ဆိုရင်တော့ ငါ လာအားပေးချင် အားပေးဦးမှာပေါ့...”
ထိုသုံးဦးမှာ ဝူယွမ်၏ စော်ကားမှုများကြောင့် ဒေါသထွက်သွားကြပြီး သူတို့၏ မျက်နှာများမှာ နီရဲသွားခဲ့လေသည်။
“ဒီနေ့ မင်းရဲ့ အမေအရင်းတောင် မမှတ်မိနိုင်တဲ့အထိ မင်းကို ငါ ရိုက်နှက်ပြမယ်...” ခေါင်းဆောင်ဖြစ်သူက ပြောလိုက်လေသည်။
“ဖြန်း...”
ထိုလူ စကားပြော၍ပင် မဆုံးသေးမီ ဝူယွမ်က သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်လေသည်။
“သေစမ်း...”
သူက ဒေါသတကြီးဖြင့် သူ၏ ယွမ်စွမ်းအင်များကို ပေါက်ကွဲထုတ်လွှတ်လိုက်ပြီး ဝူယွမ်ကို လက်သီးဖြင့် ထိုးရန် ပြင်လိုက်လေသည်။
သို့သော် ဝူယွမ်က သူ့ကို နောက်တစ်ကြိမ် ထပ်ရိုက်လိုက်ပြန်၏။
တစ်ချိန်တည်းမှာပင် သူ၏ ခမ်းနားသော တောင်တန်း ကိုယ်ခန္ဓာမှာ ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားက ပြိုင်ဘက်ကို ဖိနှိပ်သွားခဲ့လေသည်။
ယွမ်ဂိုဏ်းတပည့် ပေါက်ကွဲထုတ်လွှတ်လိုက်သော ယွမ်စွမ်းအင်များ အားလုံးမှာ သူ၏ ခန္ဓာကိုယ် အတွင်းသို့ ပြန်လည် ဖိနှိပ်ခံလိုက်ရလေတော့သည်။
ထိုသုံးဦးစလုံးမှာ ဝူယွမ် ထုတ်လွှတ်လိုက်သော ဆွဲငင်အားကြောင့် ဖိနှိပ်ခံလိုက်ရပြီး ချွေးများ ရွှဲနစ်နေခဲ့ကြ၏။
သူတို့က ရုန်းကန်ရန် ကြိုးစားခဲ့ကြသော်လည်း ဧရာမတောင်ကြီး တစ်တောင်ကို ထမ်းပိုးထားရသကဲ့သို့ ခံစားနေရပြီး လှုပ်ရှား၍ပင် မရနိုင်အောင် ဖြစ်နေခဲ့ကြသည်။
“ဖြန်း၊ ဖြန်း၊ ဖြန်း...”
ဝူယွမ်က ဧရာမ ယွမ်စွမ်းအင် လက်ဝါးကြီး ခြောက်ခုကို တိုက်ရိုက် ဖန်တီးလိုက်ပြီး ထိုလူ သုံးဦးကို ဒေါသတကြီး ရိုက်နှက်လေတော့သည်။
သူသည် ထိုသုံးဦးကို မျက်နှာများ ဖူးယောင်ပြီး ပုံပျက်ပန်းပျက် ဖြစ်သွားသည်အထိ ရိုက်နှက်လိုက်လေသည်။
“အခုဆိုရင် မင်းတို့ရဲ့ အမေတွေတောင် မင်းတို့ကို မှတ်မိတော့မှာ မဟုတ်ဘူး...”
ဝူယွမ်က လက်ခုပ်တီးလိုက်ပြီးနောက် ကျောက်စိမ်းရောင် ဆံထိုးလေးကို ပြန်လည်လုယူကာ ယင်းဟွမ်ဟွမ်ကို ပေးလိုက်ပြီး ပြောဆိုလိုက်လေသည်။
“ရော့... နင့်အတွက်...”
ယင်းဟွမ်ဟွမ်က ၎င်းကို ရှက်ရွံ့စွာဖြင့် လက်ခံလိုက်လေသည်။
ဤအချိန်တွင် ယွမ်ဂိုဏ်း တပည့် တစ်ဦးက ကြမ်းကြုတ်ရက်စက်သော အမူအရာဖြင့် ဝူယွမ်၏ ဆွဲငင်အား ချုပ်နှောင်မှုမှ အနည်းငယ် ရုန်းထွက်နိုင်ခဲ့သည်။
သူက လက်ကို တစ်ချက် ဆုပ်လိုက်ရာ ကျောက်စိမ်းပြား တစ်ခု ထွက်ပေါ်လာပြီး နောက်ဆုံးတွင် လေထုထဲ၌ ပေါက်ကွဲသွားခဲ့၏။ တောက်ပလှသော မီးရှူးမီးပန်းများက ယွမ်ဂိုဏ်း၏ တံဆိပ် အလင်းတန်း ပုံစံအဖြစ်သို့ ပြောင်းလဲသွားလေသည်။
“မင်း စောင့်နေလိုက်... ငါတို့ ယွမ်ဂိုဏ်းက လူတွေ အခုချက်ချင်း ရောက်လာလိမ့်မယ်၊ ဒီနေ့ ငါတို့ ယွမ်ဂိုဏ်းကို စော်ကားတဲ့အတွက် မင်း သေချာပေါက် တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရလိမ့်မယ်...” ထိုတပည့်က ဝူယွမ်ကို စူးရဲရဲ စိုက်ကြည့်ကာ ပြောလိုက်သည်။
ဤအချိန်တွင် ပတ်ဝန်းကျင်ရှိ လူများအားလုံးက စိတ်ဝင်တစား လာရောက် ကြည့်ရှုနေကြပြီး စူပါဂိုဏ်းကြီးများမှ လူအများအပြားလည်း ပါဝင်လေသည်။
သူတို့က ထိုသူများကို လက်ညှိုးထိုးပြကာ တက်ကြွစွာ ဆွေးနွေးနေကြလေသည်။
“အဲဒီတစ်ယောက်က ယွမ်ဂိုဏ်းရဲ့ ဝိညာဉ်စစ်သူကြီးရှစ်ပါးထဲက တစ်ယောက်ဖြစ်တဲ့ ကျန်းထောင် မဟုတ်ဘူးလား... သူက အဲ့ဒီလောက်တောင် အရိုက်ခံလိုက်ရတာလား...”
“သူ့ကို ရိုက်သွားတဲ့သူက ဘယ်သူလဲ... သူက အရမ်း အားကောင်းလွန်းတယ်၊ ယွမ်ဂိုဏ်းက လူတွေကိုတောင် ရိုက်ရဲတယ်...”
“အဲဒီလူက တောင်ဂိုဏ်းက တပည့် ဖြစ်ပုံရတယ်... အသက်ဒီလောက်ငယ်ငယ်လေးနဲ့ လူသုံးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ပြီး ယွမ်ဂိုဏ်း တပည့် သုံးယောက်ကို လုံးဝ ဖိနှိပ်ထားနိုင်တယ်၊
“အဲ့ဒီအထဲက တစ်ယောက်က ဝိညာဉ်စစ်သူကြီး တစ်ယောက်တောင် ဖြစ်နေသေးတယ်...”
“မိုက်တယ်ဟေ့...”
***