မည်သည့်နေရာတွင်မဆို ပွဲကြည့်ပရိသတ်များ အမြဲတမ်း ရှိနေတတ်စမြဲပင်။
သူတို့က လူအနည်းငယ်ကို လက်ညှိုးထိုးကာ အမျိုးမျိုးသော ထင်မြင်ချက်များ ပေးနေကြလေသည်။
ထိုသူများထဲတွင် အကျော်ကြားဆုံးမှာ ဝိညာဉ်စစ်သူကြီး ရှစ်ပါးထဲမှ တစ်ဦးဖြစ်သော ကျန်းထောင် ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ဤအချိန်တွင် ပတ်ဝန်းကျင်ရှိ ဆွေးနွေးသံများကို နားထောင်ရင်း ကျန်းထောင်မှာ အလွန်အမင်း အရှက်ရနေခဲ့၏။
ဂုဏ်သိက္ခာရှိသော ဝိညာဉ်စစ်သူကြီး တစ်ဦးဖြစ်သည့် သူသည် ဤမျှ ဆိုးရွားစွာ အရိုက်ခံလိုက်ရသည် မဟုတ်လော။ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့သော်လည်း သူ၏ မျက်နှာမှာ တကယ်ကို နာကျင်နေခဲ့လေသည်။
‘ဒါက အရမ်းကို ရှက်စရာကောင်းလွန်းတယ်'
သူ သေချာပေါက် လက်စားချေရပေမည်။
တစ်ဖက်လူမှာ တောင်ဂိုဏ်းမှ ဖြစ်လေသည်။
ဤသည်က သူ၏ မျက်နှာကို ရိုက်ရုံသာမက ယွမ်ဂိုဏ်း၏ ဂုဏ်သိက္ခာကိုပါ ရိုက်ချိုးလိုက်ခြင်းပင် ဖြစ်သည်။
သူသည် ဆက်သွယ်ရေး အချက်ပြမှုတစ်ခုကို ပေးပို့ထားပြီး ဖြစ်သည်။ ၎င်းကို မြင်တွေ့ရသော မည်သည့် ယွမ်ဂိုဏ်းတပည့်မဆို ချက်ချင်း ပြေးလာကြလိမ့်မည်ဟု သူ ယုံကြည်ထားလေသည်။
“စစ်ကူခေါ်တာလား... ဘယ်သူက ကြောက်နေလို့လဲ...”
ကျန်းထောင်၏ လုပ်ရပ်ကြောင့် ယင်းဟွမ်ဟွမ်မှာ သိသိသာသာ ဒေါသထွက်သွားခဲ့၏။
သူမ၏ မိုးမခရွက်ကဲ့သို့သော မျက်ခုံးလေးများမှာ ပင့်တက်သွားပြီး အချက်ပေး ကျောက်စိမ်းပြား တစ်ခုက သူမ၏ လက်ထဲမှ ကောင်းကင်ယံသို့ ပေါက်ကွဲထွက်သွားခဲ့လေသည်။
ကမ္ဘာခြားနတ်ဆိုးမြို့တော်တွင် လူကြိုက်အများဆုံး ဧရိယာတစ်ခု ဖြစ်သဖြင့် ဤဒေသတွင် လှုပ်ရှားနေသော တောင်ဂိုဏ်းတပည့်များစွာ သဘာဝကျကျပင် ရှိနေခဲ့၏။
ထို့ကြောင့် ကောင်းကင်ယံရှိ တောင်ဂိုဏ်း၏ အလင်းတန်းပုံစံကို မြင်လိုက်ရသောအခါ ထိုတပည့်များ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့ကြသည်။
စကားတစ်ခွန်းမျှ မဆိုဘဲ သူတို့သည် ပစ္စည်းရွေးနေဆဲဖြစ်သော သူတို့၏ ဂိုဏ်းတူ ညီအစ်ကိုမောင်နှမများကို ချက်ချင်း ဆွဲခေါ်ကာ အလင်းတန်းပုံစံ ထွက်ပေါ်လာရာ နေရာဆီသို့ လျင်မြန်စွာ ပြေးသွားကြလေတော့သည်။
နှစ်ဖက်စလုံးမှ အင်အားစုများ စုစည်းလာသည်နှင့်အမျှ ဤဧရိယာမှာ ချက်ချင်း ရှင်းလင်းသွားပြီး ဧရာမ စက်ဝိုင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ဂိုဏ်းပြိုင်ပွဲ မစတင်မီမှာပင် နက်ရှိုင်းသော ရန်ငြိုးများ ရှိနေကြသည့် ဤစူပါဂိုဏ်းကြီး နှစ်ခုသည် တိုက်ပွဲ စတင်တော့မည့်ပုံ ပေါ်နေလေသည်။
ရွှစ်၊ ရွှစ်၊ ရွှစ်...
ကောင်းကင်ယံတွင် လေထုကို ခွင်းလာသော အသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ လူရိပ်များသည် ကောင်းကင်ယံမှ လျင်မြန်စွာ ဆင်းသက်လာကြပြီး မျက်နှာချင်းဆိုင်တွင် ရပ်တန့်လိုက်ကြ၏။
မိနစ်အနည်းငယ် အတွင်းမှာပင် လူရိပ် ရာပေါင်းများစွာက နှစ်ဖက်စလုံးတွင် စုရုံးရောက်ရှိလာခဲ့ပြီး ထူထပ်သော လူအုပ်ကြီး ဖြစ်ပေါ်လာခဲ့လေသည်။
အသေးစား ရန်ပွဲလေး တစ်ခုမှ အဖွဲ့လိုက် တိုက်ပွဲကြီး တစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့၏။
ဖြတ်သွားဖြတ်လာများမှာ အံ့ဩတကြီးဖြင့် တိတ်တဆိတ် ရေရွတ်လိုက်ကြလေသည်။ ‘စူပါဂိုဏ်းကြီးတွေ ပီပီ လူစုတာ အရမ်းမြန်တာပဲ...’
လင်းတုန်နှင့် ယင်းရှောင်ရှောင်တို့သည်လည်း အနီးအနားတွင် ရှိနေကြ၏။ အချက်ပြမှုကို မြင်သောအခါ သူတို့လည်း ချက်ချင်း ပြေးလာခဲ့ကြလေသည်။
ယင်းဟွမ်ဟွမ်က ရောက်ရှိလာသော ဂိုဏ်းတူအစ်ကို၊ အစ်မများနှင့် ညီ၊ ညီမများကို ဖြစ်ပျက်ခဲ့သမျှ အားလုံးက ချက်ချင်းပင် ပြောပြလိုက်၏။
ဤအချိန်တွင် တပည့်များက အကြောင်းရင်း သို့မဟုတ် လုပ်ငန်းစဉ်ကို ဂရုမစိုက်ကြတော့ပေ။
ဝူယွမ်က ပြိုင်ဘက် သုံးဦးကို ရက်စက်စွာ ရိုက်နှက်ခဲ့ကြောင်း ကြားလိုက်ရပြီး ကျန်းထောင်နှင့် အခြားနှစ်ဦး၏ ဖူးယောင်နေသော မျက်နှာများကို မြင်တွေ့လိုက်ရသောအခါ သူတို့အားလုံး အလွန်အမင်း စိတ်လှုပ်ရှားသွားကြလေသည်။
အခြားအရာများမှာ အရေးမကြီးပေ။ တစ်ဖက်လူအပေါ် အသာစီးရပြီး သူတို့ကို ဒုက္ခရောက်အောင် လုပ်နိုင်သရွေ့ အဆင်ပြေလေသည်။
ဆန့်ကျင်ဘက်အားဖြင့် ကျန်းထောင်နှင့် အခြားနှစ်ဦး၏ ချဲ့ကားထားသော စကားများကို ကြားပြီးနောက် ယွမ်ဂိုဏ်း တပည့်များက တောင်ဂိုဏ်းဘက်သို့ ဒေါသတကြီး စူးရဲစွာ ကြည့်လိုက်ကြ၏။
သူတို့၏ မျက်နှာများမှာ စော်ကားခံရခြင်းကြောင့် ဖြစ်ပေါ်လာသော ဒေါသများဖြင့် ပြည့်နှက်နေပြီး ချက်ချင်းပင် တိုက်ခိုက်တော့မည့်ပုံ ပေါ်နေလေသည်။
သို့သော် သူတို့၏ တပည့်အချို့က ဝူယွမ် မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိသွားကြပြီး ဝိညာဉ်စစ်သူကြီးရှစ်ပါးထဲမှ တစ်ဦးဖြစ်သော ကျန်းထောင်ပင်လျှင် ဤမျှ ဆိုးရွားစွာ အရိုက်ခံလိုက်ရသည်ဆိုသော အချက်ကြောင့် မည်သူကမျှ ဦးဆောင်၍ မလှုပ်ရှားရဲကြပေ။
သူတို့အားလုံး သူတို့၏ နေရာများမှနေ၍ အချင်းချင်း သတိကြီးစွာဖြင့် စိုက်ကြည့်နေကြလေသည်။
ထိုအချိန်တွင် ကောင်းကင်ယံ၌ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ယွမ်ဂိုဏ်း တပည့်များက ရုတ်တရက် မော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် အံ့ဩမှုနှင့် ဝမ်းသာမှုများ ချက်ချင်း ပေါ်လွင်လာခဲ့လေသည်။
ကောင်းကင်ယံတွင် ကြမ်းတမ်းသော လေခွင်းသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့၏။
တောက်ပသော လျှပ်စီးများဖြင့် လုံးဝ ဖုံးလွှမ်းထားသည့် ကြွက်သားအပြည့်နှင့် လူရိပ်တစ်ခုက မိုးကြိုးဧကရာဇ် တစ်ပါးအလား ကောင်းကင်ယံမှ ဆင်းသက်လာပြီး ယွမ်ဂိုဏ်း တပည့်များ အုပ်စု၏ အရှေ့တွင် ရပ်တန့်လိုက်လေသည်။
“လူငယ် မိုးကြိုးဘုရင်လဲ့ချန်ပဲ... သူလည်း ရောက်နေတာကိုး၊ နောက်ဆုံးတော့ ကြည့်စရာ ပွဲကောင်းလေး တစ်ပွဲ ရပြီ၊ ဟားဟား...”
“သူတို့ တိုက်ကြမှာလား...”
“လဲ့ချန်နဲ့ ဝူယွမ်... ဘယ်သူက ပိုအားကောင်းမလဲဆိုတာ သိချင်လိုက်တာ...”
“ငါကတော့ လဲ့ချန်ဘက်ကပဲ...”
“ငါထင်တာတော့ ဝူယွမ်ပဲ... ခုနက ကျန်းထောင်တောင် သူ့ကို လုံးဝ မယှဉ်နိုင်ခဲ့ဘူး...”
... ပွဲကြည့်ပရိသတ်များမှာ အချင်းချင်း တီးတိုး ဆွေးနွေးနေကြလေသည်။
ဤနေရာရှိ လူအများစုမှာ ကြမ်းတမ်းသည့် တစ်ကိုယ်တော် ပုဂ္ဂိုလ်များ ဖြစ်ကြသဖြင့် ဤစူပါဂိုဏ်းကြီးများကို သတိထားကြသော်လည်း အလွန်အမင်း ကြောက်ရွံ့နေခြင်း မရှိကြချေ။
ဂိုဏ်းတပည့်များကို ဂရုမစိုက်ဘဲ လွတ်လပ်စွာ ဆွေးနွေးနေကြလေသည်။
ဤဖြတ်သွားဖြတ်လာများအပြင် လျှို့ဝှက်စွာ စောင့်ကြည့်နေသူ အများအပြားလည်း ရှိနေသေး၏။
ဤဧရိယာနှင့် မဝေးလှသော နေရာရှိ အဆောက်အအုံ တစ်ခု၏ အပေါ်တွင် လူရိပ်နှစ်ခုကလည်း ဤဘက်သို့ စိုက်ကြည့်နေခဲ့ကြလေသည်။
ထိုလူရိပ်နှစ်ခုမှာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဖြစ်ကြ၏။
အမျိုးသမီးက ရှေ့တွင် ရှိနေပြီး အမျိုးသားက ခြေလှမ်း၀က်လောက် အနောက်တွင် ရှိနေကာ သေးငယ်သော ဤကွာခြားချက်လေးက သူတို့၏ အဆင့်အတန်း အသီးသီးကို ညွှန်ပြနေခဲ့သည်။
အရှေ့တွင် ရပ်နေသော အမျိုးသမီးက အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်ထားလေသည်။ သူမ၏ နက်မှောင်သော ဆံပင်များက ရေတံခွန်တစ်ခုအလား သွယ်လျသော ခါးလေးအထိ ဖြာကျနေ၏။
သူမ၏ အသားအရေမှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီး သူမ၏ မျက်ခုံးလေးများမှာ ပန်းချီကားတစ်ချပ် ရေးဆွဲထားသကဲ့သို့ ရှိနေလေသည်။
ပါးလွှာသော မျက်နှာဖုံးလေး တစ်ခုက သူမ၏ မျက်နှာကို ဖုံးကွယ်ထားသော်လည်း သူမ၏ မျက်နှာသွင်ပြင် ကောက်ကြောင်းလေးများက အကြည့်လွှဲရန် ခက်ခဲလောက်အောင် ခုခံ၍မရသော ဆွဲဆောင်မှုတစ်ခုကို ပိုင်ဆိုင်ထားဆဲပင် ဖြစ်သည်။
သူမ၏ အမူအရာမှာ အေးစက်ပြီး ခပ်ခွာခွာနေတတ်ပုံရကာ လနန်းတော်မှ နတ်သမီးလေး တစ်ပါးအလား၊ လူ့ပြည်သို့ ဆင်းသက်လာသော နတ်ဘုရားမလေး တစ်ပါးအလား နိုင်ငံများကိုပင် ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိလေသည်။
သူမကား ဝူယွမ်နှင့် အချိန်အတော်ကြာ ကွဲကွာနေခဲ့ရသော လင်ချင်းကျူပင် ဖြစ်တော့သည်။
လင်ချင်းကျူ၏ ဘေးရှိ အနည်းငယ် ချောမောသော အမျိုးသားက ကျယ်လောင်စွာ ပြုံးနေပြီး သူ၏ မျက်လုံးများက လင်ချင်းကျူကို တစ်ခါတစ်ရံ ခိုးကြည့်နေကာ သူ၏ အကြည့်များတွင် ဖုံးကွယ်ထား၍မရသော လေးစားအားကျမှုနှင့် စွဲလမ်းမှုများ ပါဝင်နေခဲ့လေသည်။
“လူငယ်မိုးကြိုးဘုရင်တောင် ရောက်လာပြီ... တောင်ဂိုဏ်းက ဒါကို ကိုင်တွယ်နိုင်ပါ့မလား၊ ဝူယွမ်က လက်ရှိမှာ တောင်ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်ပေမယ့် ယောင်းလင်းကို အနိုင်ယူနိုင်တဲ့ စွမ်းအားလောက်နဲ့တော့ သူ့နဲ့ လူငယ်ဘုရင်သုံးပါးကြားမှာ အတော်လေး ကွာဟချက် ရှိနေလောက်ဦးမယ်...”
လင်ချင်းကျူ၏ ဘေးရှိ အမျိုးသားက ခေါင်းခါယမ်းရင်း ပြုံးကာ ပြောလိုက်လေသည်။
“သူတို့ စမတိုက်ခင်မှာတော့ တိကျတဲ့ ဆုံးဖြတ်ချက် တစ်ခုခုကို ပြောဖို့ ခက်ပါတယ်...”
လင်ချင်းကျူက အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်လေသည်။
သို့သော် သူမ၏ လှပသော မျက်ဝန်းများက အောက်ဘက်ရှိ ဝူယွမ်၏ ချောမောသော ခန္ဓာကိုယ်ပေါ်သို့ စူးစိုက်ကျရောက်နေပြီး သူမ၏ အကြည့်များမှာ အေးခဲသွားသကဲ့သို့ ဖြစ်နေခဲ့၏။
ပုံမှန်အားဖြင့် တိတ်ဆိတ်သော ရေကန်တစ်ခုအလား တည်ငြိမ်နေလေ့ရှိသော သူမ၏ မျက်နှာအမူအရာမှာလည်း သိမ်မွေ့သော အပြောင်းအလဲ အချို့ကို ပြသနေပြီး မှေးမှိန်ကာ မမြင်နိုင်လောက်အောင် သေးငယ်သော အလင်းရောင်လေးတစ်ခုက သူမ၏ မျက်လုံးများထဲတွင် တောက်ပနေခဲ့လေသည်။
သူမသည် အတိတ်က မှတ်ဉာဏ်များထဲသို့ နစ်မြောသွားသကဲ့သို့ အနည်းငယ် တွေဝေနေပုံရလေသည်။
သူမ၏ အကြည့်များက ဝူယွမ်၏ ကိုယ်ပေါ်တွင် စူးစိုက်နေစဉ် လင်ချင်းကျူ၏ နှုတ်ခမ်းနီနီလေးများက အနည်းငယ် ဟသွားပြီး ကြာရိုးလေးများနှင့် ဆင်တူသော သူမ၏ ကျောက်စိမ်းရောင် လက်ချောင်းလေးများမှာ ရင်တွင်းရှိ ဆူပွက်နေသော စိတ်ခံစားမှုများကြောင့် ဤအခိုက်အတန့်တွင် ဖြည်းညင်းစွာ ဆုပ်ကိုင်မိသွားကြလေသည်။
ထိုမှတ်ဉာဏ်မှာ ခန္ဓာကိုယ်မှစ၍ ဝိညာဉ်အထိ သူမအတွက် အလွန် နက်ရှိုင်းလွန်းလှပေသည်။
သူမသည် ဤဘဝတွင် အရာများစွာကို မေ့ပျောက်သွားနိုင်သော်လည်း ဤပုံရိပ်ကိုတော့ သူမ တစ်ဘဝလုံး မေ့ပျောက်နိုင်မည် မဟုတ်ကြောင်းကို လင်ချင်းကျူ သိသွားလေသည်။
“အချိန်တွေက ကုန်လွန်တာ မြန်လိုက်တာ... တစ်ချိန်က ငါ လိုက်ဖမ်းခဲ့ရတဲ့ အမျိုးသားက အခုဆိုရင် ငါနဲ့ တူညီတဲ့ အမြင့်တစ်နေရာမှာ ရပ်တည်နိုင်နေပြီပဲ...”
“ရှင်က ကျွန်မကို တစ်ခုခု သက်သေပြချင်နေတာလား... ဒါမှမဟုတ် ရှင်က ကျွန်မကို လိုက်ဖမ်းနေတုန်းပဲလား... ဒါမှမဟုတ် ရှင့်ရဲ့ နိုင်ချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် ဒီအဆင့်အထိ ရောက်လာခဲ့တာလား... ရှင့်ရင်ထဲမှာ ကျွန်မကို ဘယ်လို မြင်လဲ...”
လင်ချင်းကျူ၏ မျက်လုံးများမှာ ရှုပ်ထွေးနေပြီး သူမ၏ အတွေးများမှာလည်း ပရမ်းပတာ ဖြစ်နေခဲ့၏။
တစ်ခါတစ်ရံတွင် ဤအမျိုးသားအား မည်သို့ ရင်ဆိုင်ရမည်ကို သူမ မသိတော့ချေ။
အချစ်နှင့် အမုန်းတို့ ရောယှက်နေသည်ဟု ပြော၍ ရနိုင်ပေသည်။
ဤအချိန်တွင် အောက်ဘက်ရှိ ပဋိပက္ခမှာ လဲ့ချန် ရောက်ရှိလာမှုနှင့်အတူ အရေးကြီးသော အဆင့်တစ်ခုသို့ ချက်ချင်း ရောက်ရှိသွားခဲ့လေပြီ။
လဲ့ချန်သည် မျက်နှာများ ဖူးယောင်နေသော ကျန်းထောင်နှင့် အခြားနှစ်ဦးကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ မျက်မှောင်များ ကျဉ်းမြောင်းသွားကာ မေးလိုက်လေသည်။ “ဘယ်သူလုပ်တာလဲ...”
ကျန်းထောင်သည် မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ထားပြီး အခြားလက်တစ်ဖက်ဖြင့် ဝူယွမ်ကို လက်ညှိုးထိုးပြလိုက်၏။
“သူပဲ... ဝူယွမ်...”
“ဝူယွမ်...”
လဲ့ချန်က သူ၏ အကြည့်များကို စူးစိုက်လိုက်ရာ သူ၏ ထက်ရှလှသော မျက်လုံးများက ဝူယွမ်၏ ခန္ဓာကိုယ်ါပေါ်သို့ ချက်ချင်း ကျရောက်သွားခဲ့လေသည်။
“ရဲတင်းလိုက်တာ... ဘယ်သူများလဲလို့၊ မင်းကိုး... ယောင်းလင်းကို သတ်လိုက်ရုံနဲ့ မင်းရဲ့ နာမည်က တဟုန်ထိုး ကျော်ကြားသွားတယ်လေ... အခု မင်းက ငါတို့ ယွမ်ဂိုဏ်းရဲ့ ခေါင်းပေါ်တက်ပြီး သေးပေါက်ချလို့ ရပြီလို့ ထင်နေတာလား...”
“ယောင်းလင်းက ငါတို့ ယွမ်ဂိုဏ်းကနေ နှင်ထုတ်ခံရတဲ့ ကောင်လေးပါ၊ မင်း သူ့ကို သတ်လိုက်တာက ပြဿနာ မဟုတ်ဘူး... ဒါပေမယ့် ကျန်းထောင်နဲ့ တခြားသူတွေက ငါတို့ ယွမ်ဂိုဏ်းရဲ့ တပည့်တွေလေ၊ သူတို့ကို ရိုက်နှက်တဲ့အတွက် မင်း တန်ဖိုးတစ်ခု ပေးဆပ်ရလိမ့်မယ်...”
“နင်တို့ ယွမ်ဂိုဏ်းက လူတွေက အရင်ဆုံး အကြောင်းပြချက် မရှိဘဲ စပြီး ရန်စခဲ့တာလေ... ပြီးတော့ သူတို့က အရင် ဆဲဆိုခဲ့တာဆိုတော့... သူတို့ အရိုက်ခံရတာ ဖြစ်ထိုက်ပါတယ်...”
ယင်းဟွမ်ဟွမ်က မကျေမနပ်ဖြင့် ပြောလိုက်လေသည်။
လဲ့ချန်၏ ကြမ်းတမ်းသော မျက်နှာပေါ်တွင် ဖုံးကွယ်ထား၍မရသော မောက်မာမှုများ ပြည့်နှက်နေခဲ့၏။
သူက ယင်းဟွမ်ဟွမ်ကို လှောင်ပြောင်စွာဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
“ငါတို့ ယွမ်ဂိုဏ်းက လူတွေ အမှားလုပ်ရင်တောင်မှ ငါတို့ ယွမ်ဂိုဏ်းကပဲ သူတို့ကို ဆုံးမပိုင်ခွင့် ရှိတယ်... တခြားသူတွေမှာ အဲဒီ အရည်အချင်း မရှိဘူး...”
သူ စကားပြောနေစဉ် လျှပ်စီးများက သူ၏ ပတ်ဝန်းကျင်တွင် လင်းလက်လာပြီး အားကောင်းကာ ကြီးကျယ်ခမ်းနားလှသော မိုးကြိုး အရှိန်အဝါတစ်ခုက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်နှာအမူအရာများကို ပြောင်းလဲသွားစေခဲ့သည်။
ဤအချိန်တွင် လဲ့ချန်သည် မိုးကြိုးဧကရာဇ်တစ်ပါး ဆင်းသက်လာသည့်အလား ဖြစ်နေပြီး သူ၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းကာ သူ၏ မျက်လုံးများမှာ လျှပ်စီးများဖြင့် တောက်ပနေခဲ့၏။ သူက ဝူယွမ်ကို ကြည့်ကာ ပြောလိုက်လေသည်။
“ဒီနေ့... မင်း အဲ့ဒီသုံးယောက်ကို ဘယ်လိုပဲ ရိုက်ခဲ့ရိုက်ခဲ့၊ ငါ မင်းကို ဆယ်ဆ ပြန်ပေးဆပ်ခိုင်းမယ်...”
“နင်...”
***