ယင်းဟွမ်ဟွမ်က စကားပြောရန် ကြိုးစာလိုက်သော်လည်း ဝူယွမ်က သူမကို သူ၏ အနောက်ဘက်သို့ ဆွဲခေါ်သွားလိုက်လေသည်။
သူ၏ မျက်နှာပေါ်တွင် ခပ်ဖွဖွ အပြုံးတစ်ခုပေါ်လာပြီး လဲ့ချန်ကို ကြည့်ကာ အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။
“ဆယ်ဆလို့ မင်း ပြောလိုက်တာလား... ငါ မင်းကို ဖြည့်ဆည်းပေးနိုင်ပါတယ်၊ မင်းရဲ့ မျက်နှာက အဲ့ဒီလောက် အရည်ထူပါ့မလားဆိုတာပဲ ငါ မသိတာ...”
“ရှက်ရမ်းရမ်းပြီး ကြွားဝါနေတာပဲ... ဒီနေ့ ငါတို့ နှစ်ယောက်စလုံး နိဗ္ဗာန်အဆင့် ၉ မှာ ရှိနေပေမယ့် ငါတို့ကြားက ကွာဟချက်က ဘယ်လောက် ကြီးမားလဲဆိုတာကို ငါ မင်းကို ပြသပေးမယ်...”
လဲ့ချန်က ဝူယွမ်ကို အထင်သေးစွာဖြင့် ကြည့်လိုက်လေသည်။ သူ့ကိုယ်သူ လုံးဝ ယုံကြည်မှု ရှိနေခဲ့၏။
ယောင်းလင်းနှင့် သူ၏ အဆင့်အတွင်းရှိသူများမှာ သူ့အတွက် လှုပ်ရှားမှု တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်သော ပြိုင်ဘက်များမျှသာ ဖြစ်သည်။
ဤဝူယွမ်သည် အများဆုံး ယောင်းလင်းထက် အနည်းငယ်သာ ပိုအားကောင်းမည်ဖြစ်ပြီး လှုပ်ရှားမှု နှစ်ခု၊ သုံးခုလောက်ဖြင့် သူ့ကို ကိုင်တွယ်နိုင်ပေလိမ့်မည်။
အေးစက်သော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထောင့်တွင် ဖြည်းညင်းစွာ ပေါ်လာခဲ့ပြီး ပြောလိုက်လေသည်။
“ငါ လဲ့ချန် လှုပ်ရှားပြီဆိုရင် ဘယ်တော့မှ အလျှော့ပေးလေ့မရှိဘူး... တကယ်လို့ မင်း အသေရိုက်ခံရတာ ဒါမှမဟုတ် ဒုက္ခိတ ဖြစ်သွားရင် မင်းရဲ့ ကံဆိုးမှုကိုပဲ အပြစ်တင်လိုက်တော့...”
စကားပြောပြီးနောက် လဲ့ချန်က ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ တောက်ပသော လျှပ်စီးများ ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြီး သူ၏ လက်သီးပေါ်တွင် ဟိန်းဟောက်နေသော မိုးကြိုးခြင်္သေ့ဦးခေါင်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
“မိုးကြိုးခြင်္သေ့ဟိန်းသံ လက်သီး...”
သူက လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် မိုးကြိုးသံနှင့်အတူ ခပ်ဩဩ ခြင်္သေ့ဟိန်းဟောက်သံကြီး တစ်ခုက သူ၏ လက်သီးမှ ပြန့်နှံ့ထွက်ပေါ်လာခဲ့၏။
မျက်စိဖြင့်ပင် မြင်နိုင်သော လျှပ်စီးလှိုင်းဂယက်များ ပြန့်နှံ့သွားပြီး မြေပြင်မှာ ပင့်ကူအိမ်ကဲ့သို့သော အက်ကွဲကြောင်းများအဖြစ်သို့ ချက်ချင်း အက်ကွဲသွားလေသည်။
ဤကဲ့သို့သော စွမ်းအားမျိုးကို သာမန် နိဗ္ဗာန်အဆင့် ၉ သိုင်းပညာရှင်များ လုံးဝ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
တစ်ဖက်တွင်မူ ဝူယွမ်သည်လည်း လှုပ်ရှားလိုက်ချေပြီ။
သိမ်မွေ့သော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထောင့်တွင် ပေါ်လာခဲ့၏။
“ငါက အမြဲတမ်း ကတိတည်တတ်တယ်... ငါက ဆယ်ဆ ပြန်ပေးမယ်လို့ ပြောခဲ့ရင် ဆယ်ဆပဲ ဖြစ်ရမယ်...”
ဝူယွမ်၏ ပုံရိပ်က လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး လဲ့ချန်၏ လက်သီး အလင်းတန်းကို ရင်ဆိုင်လိုက်လေသည်။
ကြမ်းတမ်းလှသော မိုးကြိုးခြင်္သေ့ဟိန်းသံ လက်သီးကြီးမှာ ဝူယွမ်၏ မျက်လုံးများထဲတွင် လျင်မြန်စွာ ကြီးထွားလာခဲ့၏။ လူတိုင်း၏ နှလုံးသားများ ရုတ်တရက် တင်းကြပ်သွားချိန်၌ ဝူယွမ်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။
အလင်းတန်း တစ်ခုက သူ၏ အမြုတေမှ ရုတ်တရက် ထွက်ပေါ်လာပြီး ထူးဆန်းသော လှိုင်းဂယက်တစ်ခု ရှေ့သို့ ပြန့်နှံ့သွားခဲ့၏။
တိတ်ဆိတ်ခြင်းရူန်းစာလုံး...
သူတို့၏ ခန္ဓာကိုယ်များ အချင်းချင်း တိုက်မိတော့မည့် အခိုက်အတန့်တွင် စိတ်ကူးထားသကဲ့သို့ မိုးကြိုးပေါက်ကွဲသံကြီး ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။ ယင်းအစား အလွန် တိတ်ဆိတ်နေခဲ့၏။
လဲ့ချန်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အေးခဲသွားပြီး ကြမ်းတမ်းလှသော မိုးကြိုးခြင်္သေ့ဟိသံန်း လက်သီးကြီးမှာလည်း ယာယီ ရပ်တန့်ခံလိုက်ရသကဲ့သို့ နေရာတွင်ပင် ရပ်တန့်သွားခဲ့လေသည်။
တစ်စက္ကန့် မတိုင်မီ...
ဝူယွမ်၏ ဧရာမလက်ဝါးကြီး ဆန့်တန်းလာပြီဖြစ်ကာ ခရမ်းနှင့် ရွှေရောင် ရောယှက်နေသော အလင်းတန်းများက ၎င်းထံမှ ထွက်ပေါ်နေခဲ့၏။
“ဖြန်း...”
ခရမ်းနှင့် ရွှေရောင် ရောယှက်နေသော ဧရာမလက်ဝါးကြီးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ရာ ကျယ်လောင်ပြတ်သားသော အသံကြီး တစ်ခုက ရတနာရှာဖွေရေးလမ်းမကြီး တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေခဲ့လေသည်။
လဲ့ချန်၏ မျက်နှာမှာ ချက်ချင်းပင် အက်ကွဲသွားခဲ့၏။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသူတိုင်းမှာ မေးရိုးများ ပြုတ်ကျသွားကြလေသည်။
မည်သည့်အရာများ ဖြစ်ပျက်သွားသလဲ ဆိုသည်ကို သူတို့ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြ၏။
လဲ့ချန် ရုတ်တရက် ရပ်တန့်သွားပြီး ဝူယွမ်ကို ရိုက်နှက်ရန် သူ၏ မျက်နှာကို ထိုးပေးထားသည်ဟုသာ သူတို့ မြင်တွေ့လိုက်ကြရသည်။
ပါးတစ်ချက်ရိုက်ခံရပြီးနောက် လဲ့ချန်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် သူ၏ လှုပ်ရှားနိုင်စွမ်းကို ပြန်လည် ရရှိသွားခဲ့လေသည်။
တိတ်ဆိတ်ခြင်း ရူန်းစာလုံး၏ အစွမ်းသက်ရောက်မှုမှာ မျက်တောင်တစ်ခတ်စာမျှသာ ကြာမြင့်နိုင်ပေသည်။
သူက နာကျင်နေသော သူ၏ မျက်နှာကို မယုံနိုင်စွာဖြင့် စမ်းကြည့်လိုက်ပြီးနောက် သူ၏ ဒေါသများမှာ ကောင်းကင်ယံသို့ ထိုးတက်သွားကာ ချက်ချင်းပင် ပေါက်ကွဲသွားလေတော့သည်။
“အား… သေစမ်း…”
လဲ့ချန်မှာ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ကြမ်းတမ်းလွန်းသော လျှပ်စီးများက သူ၏ ကိုယ်တွင်းမှ ထွက်ပေါ်လာခဲ့၏။
သိပ်သည်းလှသော လျှပ်စီးများက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး သူ့ကို မိုးကြိုး ဘုရင်တစ်ပါးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားစေခဲ့လေသည်။
“ဝုန်း...”
ရတနာရှာဖွေရေးနယ်မြေ၏ ကောင်းကင်ယံ အထက်တွင် အမှောင်တိမ်တိုက်များ ရုတ်တရက် စုရုံးလာကြ၏။ ဤကမ္ဘာ၏ အခြေခံစွမ်းအင်များမှာလည်း လဲ့ချန်၏ အသွင်ပြောင်းလဲမှုနှင့်အတူ အနည်းငယ် ကြမ်းတမ်းလာခဲ့လေသည်။
အမှောင်တိမ်တိုက်များထဲမှ လျှပ်စီးတန်းများက မြည်ဟီးလျက် အောက်သို့ ကျဆင်းလာကြပြီး ဤကမ္ဘာကြီးကို မိုးကြိုး နယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။
ပတ်ဝန်းကျင်ရှိ လူများမှာ ကြောက်ရွံ့တကြား နောက်ဆုတ်သွားကြ၏။ ဤကဲ့သို့သော မြင်ကွင်းမျိုးက သူတို့ကို ရင်ထဲအနက်ရှိုင်းဆုံးမှ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားစေခဲ့သည်။
သဲကြီးမဲကြီး ကျဆင်းနေသော လျှပ်စီးများကြားရှိ လေထုထဲတွင် ရပ်တန့်နေကာ လဲ့ချန်၏ အနည်းငယ် မှိုင်းညို့နေသည့် မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ်သည့် အမူအရာတစ်ခု ရှိနေခဲ့လေသည်။
ထို့နောက် လူအများ၏ အကြည့်များအောက်တွင် သူက လက်ဖဝါး နှစ်ဖက်စလုံးကို ဖြည်းညင်းစွာ ဆန့်တန်းလိုက်၏။
လျှပ်စီးများက သူ၏ အနောက်ဘက်တွင် စုစည်းလာပြီး ထိုအခိုက်အတန့်တွင် သူသည် မိုးကြိုးနတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား ဖြစ်နေခဲ့သည်။
သူ ဒေါသထွက်နေပြီဆိုသည်မှာ ထင်ရှားလှပေသည်။
“ခုနက ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ မင်း ဘယ်လိုထူးဆန်းတဲ့ လှည့်ကွက်မျိုး သုံးလိုက်လဲဆိုတာကို ငါ မသိဘူး... ဒါပေမယ့် အခု မင်းရဲ့ လုပ်ရပ်တွေအတွက် မင်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ တန်ဖိုးတစ်ခု ပြန်ပေးဆပ်ခိုင်းမယ်...”
“ငါ့ရဲ့ ယွမ်ဂိုဏ်းက အမြင့်ဆုံး သိုင်းပညာရပ်နဲ့ ‘အဆုံးသတ်’ ခံရတာ... မင်း အလကားသေရတာတော့ မဟုတ်ပါဘူး...”
လဲ့ချန်၏ အသံမှာ တုံးအိအိ မိုးကြိုးသံကြီး တစ်ခုအလား ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို သယ်ဆောင်လာပြီး အရပ်မျက်နှာ အနှံ့သို့ ပြန့်နှံ့သွားခဲ့၏။
နောက်တစ်ခဏတွင် သူ၏ လက်များက ထူးဆန်းသော လက်သင်္ကေတ တစ်ခုကို ရုတ်တရက် ဖန်တီးလိုက်လေသည်။
တောင်ဂိုဏ်း၏ ဘက်တွင် ဤမြင်ကွင်းကို မြင်တွေ့နေရသော တပည့်များ အားလုံးမှာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားကြလေသည်။ ယင်းရှောင်ရှောင်၏ လှပသော မျက်ဝန်းများပင် အေးခဲသွားခဲ့၏။
“ဒါက ယွမ်ဂိုဏ်းရဲ့ ကြီးမြတ်တဲ့ နတ်ဘုရားကျမ်း သုံးခုထဲက တစ်ခုဖြစ်တဲ့ မိုးကြိုးဧကရာဇ်ကျမ်းပဲ...”
ဤသိုင်းပညာရပ်သည် ကောင်းကင် သိုင်းပညာရပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ ယခင် မိုးကြိုးဧကရာဇ်၏ အမွေအနှစ် ဖြစ်ပြီး သူတို့ တောင်ဂိုဏ်း၏ ကောင်းကင်ဧကရာဇ်ကျမ်းထက် များစွာ ပိုမို အားကောင်းလှပေသည်။
ဤမျှ အားကောင်းသော သိုင်းပညာရပ်ကို မြင်တွေ့ရသောအခါ ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ စိတ်လှုပ်ရှားသွားကြလေသည်။
အဝေးရှိ အဆောက်အအုံပေါ်တွင် လင်ချင်းကျူ၏ ဘေးရှိ အမျိုးသားကလည်း အံ့ဩတကြီး ရေရွတ်လိုက်လေသည်။
“လဲ့ချန်ကို မိုးကြိုး ဧကရာဇ်ကျမ်း ထုတ်သုံးလာအောင် လုပ်နိုင်ခဲ့တာဆိုတော့... ဒီဝူယွမ်ကတော့ ကံဆိုးဖို့ အကြောင်းဖန်လာပြီထင်တယ်...”
လင်ချင်းကျူက မျက်မှောင်ကြုတ်လိုက်ပြီး သူမထံမှ အေးစိမ့်စိမ့် လှိုင်းဂယက်တစ်ခု ခပ်ရေးရေး ထွက်ပေါ်လာခဲ့၏။ “သိုင်းပညာရပ်ရဲ့ စွမ်းအားက လူတစ်ယောက်ရဲ့ တစ်ဦးချင်း စွမ်းအားကို ကိုယ်စားမပြုဘူး ဝူချွန်း... ရှင့်ရဲ့ အမြင်က ကျဉ်းမြောင်းလွန်းတယ်...”
မျိုးရိုးနာမည် တူညီသော်လည်း သူမ၏ ဂျူနီယာ ဝူချွန်းမှာ ဝူယွမ်နှင့် နှိုင်းယှဉ်၍ လုံးဝမရနိုင်ပေ။
စိတ်ပိုင်းဆိုင်ရာ အခြေအနေနှင့် စွမ်းအား နှစ်ခုစလုံးတွင်ပင် ဖြစ်သည်။
ယခု ဝူယွမ် မည်မျှ အားကောင်းနေပြီဆိုသည်ကို သူမ သေချာ မသိသော်လည်း သူမ၏ ထက်မြက်လှသော အာရုံခံနိုင်စွမ်းအရ ဝူယွမ်၏ စွမ်းအားမှာ ခန့်မှန်း၍ မရနိုင်လောက်အောင် နက်ရှိုင်းလှပေသည်။
လဲ့ချန်ကို မဆိုထားနှင့်၊ သူမကိုယ်တိုင်ပင် ဝူယွမ်၏ ကန့်သတ်ချက်များကို ထိတွေ့နိုင်မည် မဟုတ်ပေ။
သူမသည် မဟာအာရုံခံစားမှုပညာရပ်ကို ကျင့်ကြံထားသူ ဖြစ်ပြီး သူမ၏ ဗီဇစိတ်မှာ အမြဲတမ်း တိကျလေ့ရှိ၏။ လူများကို ခန့်မှန်းရာတွင် သူမ တစ်ခါမျှ မမှားယွင်းခဲ့ဖူးပေ။
လူတိုင်း အံ့ဩမှင်တက်နေကြစဉ် လဲ့ချန် မိုးကြိုးဧကရာဇ်ကျမ်းကို ထုတ်လွှတ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆူညံသံများက ကမ္ဘာခြားနတ်ဆိုးမြို့တော်ရှိ အားကောင်းသော သိုင်းပညာရှင်မျိုးစုံ၏ အာရုံကိုလည်း ဖမ်းစားသွားခဲ့လေသည်။
အားကောင်းသော အရှိန်အဝါများက ရတနာရှာဖွေရေးနယ်မြေဆီသို့ အလျင်စလို ဦးတည်လာနေကြ၏။
ဤအချိန်တွင် ရတနာရှာဖွေရေးနယ်မြေ၏ ကောင်းကင်ယံအထက်တွင် ကောင်းကင်ကြီးက ဒေါသထွက်နေခဲ့လေသည်။ တိမ်တိုက်များ စုရုံးလာပြီး လျှပ်စီးများ သောင်းကျန်းနေခဲ့၏။
ဝုန်း...
ကောင်းကင်ယံရှိ မရေမတွက်နိုင်သော လျှပ်စီးတန်းများက အလွန် ကြီးမားကာ အထက်ရှိ အမှောင်တိမ်တိုက်များထဲမှတစ်ဆင့် အောက်သို့ ကျဆင်းလာကြလေသည်။
စူးရှသော မြည်ဟီးသံကြီးက ချိုင့်ဝှမ်း တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေပြီး ဤအခိုက်အတန့်တွင် မြေကြီးကိုယ်တိုင်ကပင် အနည်းငယ် တုန်ခါသွားသကဲ့သို့ ဖြစ်နေခဲ့၏။
လဲ့ချန်၏ ခန္ဓာကိုယ်သည် လျှပ်စီးများဖြင့် ပြည့်နှက်နေသော ကောင်းကင်ယံ၏ အလယ်တွင် ရပ်တန့်နေလေသည်။
သူ၏ ခန္ဓာကိုယ် အနောက်ဘက်တွင် လျှပ်စီးများ စုစည်းလာပြီး သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ငွေရောင် အလင်းတန်းများနှင့်အတူ အဝေးမှ ကြည့်မည်ဆိုလျှင် သူသည် မိုးကြိုးဧကရာဇ် တစ်ပါးအလား ဖြစ်နေခဲ့သည်။
ဤလျှပ်စီးများ အတွင်းတွင် လဲ့ချန်၏ အရှိန်အဝါမှာ ပို၍ မြင့်တက်လာခဲ့၏။
သူ၏ လက်များထဲရှိ ဝေဝါးဝါး လက်သင်္ကေတများ ပြောင်းလဲသွားသည်နှင့်အမျှ ကောင်းကင်ယံရှိ အမှောင်တိမ်တိုက်များမှာ ရုတ်တရက် လျင်မြန်စွာ လည်ပတ်လာပြီးနောက် ကတော့ပုံသဏ္ဍာန် အမှောင်တိမ်တိုက် တစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့လေသည်။
ထိုအမှောင်တိမ်တိုက်၏ အစွန်းတွင် မရေမတွက်နိုင်သော လျှပ်စီးတန်းများ ယှက်နွယ်နေပြီး ၎င်းတို့၏ တောက်ပသော အလင်းရောင်မှာ အလွန် မျက်စိကျိန်းဖွယ် ကောင်းလှပေသည်။
ပြန့်နှံ့နေသော လျှပ်စီးများ၏ အလင်းရောင်အောက်တွင် လဲ့ချန်၏ မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော အပြုံးမှာ ပိုမို ပြင်းထန်လာခဲ့၏။
နောက်တစ်ခဏတွင် သူက လက်ဖဝါးကို ဆုပ်ကိုင်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများသည် မိုးကြိုးလက်နက်များအလား အမှောင်တိမ်တိုက်၏ အစွန်းမှ ရူးသွပ်စွာ ပေါက်ကွဲထွက်လာခဲ့လေသည်။
မိုးကြိုးအလင်းတန်းများ အောက်သို့ ကျဆင်းလာပြီး လဲ့ချန်၏ ခေါင်းအထက်တွင် တိုက်ရိုက် စုစည်းသွားကြ၏။
နောက်ဆုံးတွင် အလင်းတန်းများ စုစည်းသွားပြီးနောက် ပေတစ်ရာခန့် ကြီးမားသော ဧရာမ မိုးကြိုးလှံကြီး တစ်လက်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
မိုးကြိုးလှိုင်းဂယက်များက မိုးကြိုးလှံကြီးကို ထိုးဖောက်ဝင်ရောက်နေပြီး လျှပ်စီးများက လှံအပေါ်တွင် အဆက်မပြတ် ခုန်ပေါက်နေကြ၏။
အလွန်အမင်း အံ့ဩဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်းအားကောင်းသည့် လှိုင်းဂယက်များ ၎င်းထံမှ ရူးသွပ်စွာ ပြန့်နှံ့ထွက်ပေါ်နေပြီး လေဟာနယ်ကိုပင် အနည်းငယ် တွန့်လိမ်ကောက်ကွေးသွားစေခဲ့သည်။
လူတိုင်း၏ နှလုံးသားများမှာ လည်ချောင်းဝသို့ ရောက်နေကြလေပြီ။ ဤကဲ့သို့ အားကောင်းလွနါးသော သိုင်းပညာရပ်ကို ဝူယွမ်က မည်သို့ ရင်ဆိုင်မည်နည်း။
နိဗ္ဗာန်အဆင့် ၉ သိုင်းပညာရှင် တစ်ဦးဆိုလျှင်ပင် ထိုလျှပ်စီးများအောက်တွင် တိုက်ရိုက် ပြာကျသွားလောက်ပေသည်။
ဝူယွမ်က ၎င်းကို တန်ပြန်တိုက်ခိုက်ရန် မည်သည့်အရာကို အသုံးပြုမည်နည်း။
သူ၏ ယခင် တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ဦးမည်လောဟု တွေးတောရင်း လူတိုင်း၏ အကြည့်များက ဝူယွမ်ထံသို့ ကျရောက်သွားကြလေသည်။
“မင်းက မိုးကြိုးနဲ့ ကစားတတ်တာလား...”
ဝူယွမ်က မိုးကြိုးလှံကြီးကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်ပြီး တောက်ပသော မိုးကြိုးဓားတစ်လက်က သူ၏ လက်ထဲတွင်လည်း ထွက်ပေါ်လာခဲ့၏။
ထို့နောက် သူက ပြုံးဖြီးဖြီးဖြင့် ပြောဆိုလိုက်လေသည်။
“တိုက်ဆိုင်လိုက်တာ... ငါလည်း ကစားတတ်တယ်...”
***