ဝူယွမ်က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ လက်ထဲရှိ မိုးကြိုးဝိညာဉ်ကောင်းကင်ဓားမှလည်း ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုး အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့၏။
ထိုမျှသာမက မိုးကြိုးဝိညာဉ်ကောင်းကင်ဓားပေါ်ရှိ မိုးကြိုးရူန်းစာလုံးများမှာလည်း ရူးသွပ်စွာ လင်းလက်နေခဲ့လေသည်။
ပတ်ဝန်းကျင်ရှိ မိုးကြိုးစွမ်းအားများမှာ ဝူယွမ်၏ လက်ထဲရှိ မိုးကြိုးဝိညာဉ်ကောင်းကင်ဓားဆီသို့ တကယ်ပင် စုစည်းလာကြလေသည်။
ဝူယွမ်၏ နီ၀မ်နယ်ပယ် အတွင်းတွင် ငြိမ်သက်နေသော ကစဉ်ကလျားသန္ဓေသားသည်လည်း စတင် လည်ပတ်လာခဲ့၏။
ထက်ဝက်ခန့် ပြီးပြည့်စုံနေပြီဖြစ်သော မူလ မိုးကြိုးရူန်းစာလုံးက လင်းလက်လာပြီး သူ၏ နဖူးမှ ပြန့်နှံ့ထွက်ပေါ်လာကာ ဝိညာဉ်စွမ်းအင် မိုးကြိုး အသိအာရုံများအဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် ကောင်းကင်ယံရှိ အမှောင်တိမ်တိုက်များနှင့် ဆက်သွယ်သွားတော့သည်။
ဝါးမျိုခြင်းရူန်းစာလုံး ပြီးလျှင် ဝူယွမ် အကျွမ်းကျင်ဆုံး၊ အပြည့်စုံဆုံး ရူန်းစာလုံးများမှာ မိုးကြိုးရူန်းစာလုံးများပင် ဖြစ်လေသည်။
ထို့အပြင် သူသည် သူ၏ ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် မိုးကြိုးကပ်ဘေး အရည်ကို အသုံးပြုခဲ့ဖူးပြီး အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသော အားကောင်းလှသည့် လေ၊ မိုးကြိုးကပ်ဘေးများနှင့် ပေါင်းစပ်လိုက်သောအခါ ကောင်းကင် မိုးကြိုးများ၏ စွမ်းအားကို သူ ကြောက်ရွံ့နေခြင်း မရှိတော့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
လဲ့ချန် ထုတ်လွှတ်လိုက်သော မိုးကြိုး ဧကရာဇ်ကျမ်းမှာ ကမ္ဘာပျက်တော့မည့် မြင်ကွင်းတစ်ခုအလား ဖျက်ဆီးနိုင်စွမ်းရှိသော အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့၏။
သို့သော် သူ၏ သိုင်းပညာရပ် အလယ်တွင် ရှိနေသော ဝူယွမ်မှာ ခြိမ်းခြောက်မှုကို မခံစားရရုံသာမက စိတ်လှုပ်ရှားမှု အရိပ်အယောင်လေးတစ်ခုကိုပင် ခံစားနေရလေသည်။
အဘယ်ကြောင့်ဆိုသော် လဲ့ချန် စုစည်းထားသော မိုးကြိုးစွမ်းအားများမှာ သူ့အတွက် လက်ဆောင်များ ဖြစ်လာတော့မည် ဖြစ်သောကြောင့်ပင်။
ကောင်းကင်ယံအထက်တွင် မိုးကြိုးများဖြင့် ဖန်တီးထားသော ကမ္ဘာဖျက်မိုးကြိုးလှံကြီးကို ကိုင်ဆောင်ထားသည့် လဲ့ချန်က ဝူယွမ်ထံသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်လေသည်။
ဤတိုက်ခိုက်မှုဖြင့် ဝူယွမ်ကို သတ်ပစ်ရန် သူ ရည်ရွယ်ထား၏။
သူ၏ ဒေါသက သူ့ကို အသိဉာဏ် ကင်းမဲ့သွားစေခဲ့ပြီး အကျိုးဆက်များကို ဂရုမစိုက်တော့ဘဲ အစွမ်းကုန် ပေါက်ကွဲရန်သာ ဂရုစိုက်နေတော့သည်။
မိုးကြိုးသံမှလွဲ၍ ထိုနေရာတွင် အခြား မည်သည့်အသံကိုမျှ မကြားရတော့ပေ။
တောင်ဂိုဏ်းတပည့်များ အားလုံးမှာ အလွန်အမင်း စိုးရိမ်ပူပန်နေကြပြီး ဝူယွမ်ကိုပင် ကူညီလိုနေကြသော်လည်း လင်းတုန်က သူတို့ကို တားဆီးခဲ့လေသည်။
သူ၏ အစ်ကိုကြီးက ဤအခြေအနေကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု သူ ယုံကြည်ထား၏။
သူ၏ အစ်ကိုကြီးသည် လေ၊ မိုးကြိုးကပ်ဘေး သုံးခုကို တစ်ဆက်တည်း ဖြတ်ကျော်ခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး မိုးကြိုးဆိုသည်မှာ သူ၏ လက်ထဲရှိ လက်နက်တစ်ခုမျှသာ ဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့် တောင်ဂိုဏ်းတပည့်များသာ သွားရောက် ကူညီမည်ဆိုပါက ပြဿနာများကိုသာ ဖြစ်ပေါ်စေနိုင်ပေသည်။
နိဗ္ဗာန်အဆင့် ၉ ကျင့်ကြံသူ တစ်ဦးပင်လျှင် ပြိုင်ဘက်၏ မိုးကြိုးစွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ သူတို့အနေဖြင့် ကူညီနိုင်မည် မဟုတ်ပေ။
ဝူယွမ်သည် နေရာတွင်ပင် ရပ်နေဆဲဖြစ်ပြီး ပြိုင်ဘက်၏ ဧရာမမိုးကြိုးလှံကြီး အောက်သို့ ထိုးစိုက်လာသည်ကို စောင့်ကြည့်နေခဲ့ကာ သူ၏ မျက်ဝန်းများထဲတွင် စိတ်အားထက်သန်မှု အရိပ်အယောင်များ ပါဝင်နေခဲ့၏။
မရေမတွက်နိုင်သော ခရမ်းရောင်လျှပ်စီးရူန်းစာလုံးများက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားလေသည်။
လဲ့ချန်၏ လှံကြီး အောက်သို့ ထိုးစိုက်လာသည်နှင့်အမျှ ထိုလျှပ်စီးရူန်းစာလုံးများသည် လည်ပတ်နေသော အကာအကွယ် ဒိုင်းကာတစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကြ၏။
လဲ့ချန်၏ ဧရာမ မိုးကြိုးလှံကြီးသည် ရေဝဲကြီးထဲသို့ တိုးဝင်သွားပြီးနောက် အံ့ဩစရာကောင်းလောက်အောင် လျင်မြန်သော အရှိန်ဖြင့် ပြိုကွဲသွားကာ ဝူယွမ် စုပ်ယူနေသော မိုးကြိုး စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
တစ်ချိန်တည်းမှာပင် ဝူယွမ်၏ လက်ထဲရှိ မိုးကြိုးဝိညာဉ်ကောင်းကင်ဓားမှာ ပိုမို တောက်ပလာခဲ့၏။
သိပ်သည်းလွန်းသော မိုးကြိုးအလင်းတန်းများသည် ဓားပေါ်တွင် ခိုင်မာသော မိုးကြိုးအလွှာ တစ်ခုကို ဖန်တီးထားပြီး ဖြစ်လေသည်။
“မင်း... ဒါ… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
လဲ့ချန်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။
သူ စုစည်းထားသော မိုးကြိုး စွမ်းအားများကို ဝူယွမ်က ရူးသွပ်စွာ ဝါးမျိုနေကြောင်းကို သူ ခံစားလိုက်ရပြီး ပတ်ဝန်းကျင်ရှိ လျှပ်စီးများမှာလည်း သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ ဝူယွမ်ထံသို့သာ စုစည်းသွားကြလေသည်။
ဝူယွမ်က ဘယ်ဘက်လက်ကို ဆန့်တန်းကာ လဲ့ချန်၏ ဧရာမ မိုးကြိုးလှံကြီးကို တိုက်ရိုက်ပင် ဖမ်းဆုပ်လိုက်ပြီးနောက် လဲ့ချန်ကို ကောင်းကင်ယံမှ အောက်သို့ ဆွဲချလိုက်လေသည်။
ထို့နောက် သူက မိုးကြိုးဝိညာဉ်ကောင်းကင်ဓားကို ညာဘက်လက်ဖြင့် မြှောက်လိုက်ပြီး...
“လာစမ်း... ဆယ်ဆပြန်ပေးမယ်လို့ ငါ ကတိပေးထားတယ်လေ... ငါ့ရဲ့ မိုးကြိုးဓား ပါးရိုက်ချက်ကို မြည်းစမ်းကြည့်လိုက်...”
သူက ဓားကို အလျားလိုက် ရိုက်ချလိုက်ရာ လျှပ်စီးများ တောက်ပနေသော ဓားက လဲ့ချန်၏ ပါးပြင်ကို ပြင်းထန်စွာ ဖြတ်ရိုက်သွားသည်။
“ဖြန်း...”
ဓားနှင့် ပါးပြင် ရိုက်မိသည့် ကျယ်လောင်ပြတ်သားသော အသံကြီးသည် ဤနေရာ တစ်ခွင်လုံးကို ပဲ့တင်ထပ်သွားခဲ့၏။
လဲ့ချန်၏ မျက်နှာပေါ်တွင် နက်ရှိုင်းသော ဓားရာကြီး တစ်ခု ပေါ်လာခဲ့လေသည်။
ရွှစ်၊ ရွှစ်၊ ရွှစ်...
မိုးကြိုး အလင်းတန်းများက လဲ့ချန်၏ ခန္ဓာကိုယ်ပေါ်တွင် သောင်းကျန်းနေပြီး သူ့ကို အဆက်မပြတ် တုန်ယင်နေစေခဲ့သည်။
“ဖြန်း၊ ဖြန်း၊ ဖြန်း...”
ဝူယွမ်က သူ့ကို အကြိမ်ကြိမ် ရိုက်နှက်လေတော့သည်။ မိုးကြိုးဝိညာဉ် ကောင်းကင်ဓားမှာ အလွန်အမင်း မာကျောပြီး အားကောင်းလှပေသည်။
မကြာမီမှာပင် လဲ့ချန်၏ မျက်နှာမှာ နီရဲလာပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်အထိ အရိုက်ခံလိုက်ရလေသည်။
“အိုးး... သူက ကိုယ်တွင်းမှာ အသက်စွမ်းအင်ကိုတောင် ဖွံ့ဖြိုးလာအောင် လုပ်နိုင်နေပြီပဲ... ဒါကြောင့်မို့လို့ သူက ဒီလောက် အချက်ရေ အများကြီး ခံနိုင်ရည်ရှိနေတာကိုး...” ဝူယွမ်က အဆက်မပြတ် ပြန်လည် ကောင်းမွန်လာနေသော လဲ့ချန်၏ မျက်နှာကို ကြည့်ကာ အံ့ဩတကြီး ရေရွတ်လိုက်လေသည်။
ဤလဲ့ချန်သည် ဆန်းကြယ်ရှင်ခြင်းအဆင့်ကို ထိတွေ့ထားပြီးဖြစ်ကာ သူ၏ ယွမ်စွမ်းအင်တွင် အသက်စွမ်းအင်၏ အရှိန်အဝါ ပါဝင်နေခဲ့၏။
“ဒါက ကောင်းတယ်... မင်း နည်းနည်း ပိုပြီး ခံနိုင်ရည် ရှိသင့်တယ်...” ဝူယွမ်က နတ်ဆိုးတစ်ကောင်အလား ရယ်မောလိုက်ပြီး သူ၏ ဓားဖြင့် အဆက်မပြတ် ရိုက်နှက်နေခဲ့သည်။
ဓားပေါ်ရှိ မိုးကြိုးစွမ်းအားများကလည်း လဲ့ချန်၏ ခန္ဓာကိုယ်ပေါ်သို့ အကန့်အသတ်မရှိ စီးဝင်သွားခဲ့၏။
ကြမ်းတမ်းလွန်းသော လျှပ်စီးများ၏ ထုံကျဉ်မှုနှင့်အတူ ဝူယွမ်၏ ဆွဲငင်အား ဖိနှိပ်မှုတို့ကြောင့် လဲ့ချန်မှာ ထပင် မထလာနိုင်တော့ဘဲ ခုခံနိုင်စွမ်း ကင်းမဲ့သွားခဲ့လေသည်။
သူ၏ အားအကောင်းဆုံးဖြစ်သော မိုးကြိုးဧကရာဇ်ကျမ်းမှာ အခြားတစ်ယောက်၏ စိတ်ကြိုက် ခြယ်လှယ်ခြင်းကို ခံနေရချေပြီ။ သူ ဆွံ့အသွားခဲ့ပြီး ပါးပြင်မှ နာကျင်မှုက သူ၏ ခန္ဓာကိုယ်သာမက စိတ်ဝိညာဉ်ကိုပါ ထုံကျဉ်သွားစေခဲ့၏။
ထို့အပြင် ဝူယွမ်က လုံးဝ အလျှော့ပေးမည့် အစီအစဉ် မရှိပေ။ ရိုက်ချက်တိုင်းမှာ ရက်စက်ကြမ်းကြုတ်လှပြီး လဲ့ချန်ကို သေသည်အထိ ရိုက်နှက်ရန် ရည်ရွယ်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။
“ရပ်လိုက်စမ်း...”
ကောင်းကင်ယံမှ ဒေါသတကြီး အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာခဲ့၏။ လဲ့ချန်၏ အရှေ့တွင် လူရိပ်တစ်ခု ပေါ်လာခဲ့သည်။ ရောက်ရှိလာသူမှာ ယွမ်ဂိုဏ်းအကြီးအကဲ ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအို တစ်ဦး ဖြစ်လေသည်။
“ရက်စက်လိုက်တဲ့ ကောင်စုတ်လေး... ဒီနေ့ မင်းကို ဒီအဘိုးကြီး ဖမ်းခေါ်သွားမယ်...”
သူက ဝူယွမ်ကို စူးရဲစွာ ကြည့်လိုက်ပြီး ဝူယွမ်အား လည်ပင်းညှစ်ရန်အတွက် လက်တစ်ဖက်ကို ချက်ချင်းပင် ဆန့်တန်းလိုက်လေသည်။
“ရွှစ်...”
ရုတ်တရက် ကောင်းကင်ယံမှ နောက်ထပ် ဧရာမအလင်းတန်းဓားကြီးတစ်လက် ထိုးစိုက်လာပြီး ယွမ်ဂိုဏ်းအကြီးအကဲကို နောက်ဆုတ်သွားအောင် ဖိအားပေးလိုက်လေသည်။
“တပည့်တွေ အချင်းချင်းကြားက ပြဿနာမှာ မင်းလို အကြီးအကဲ တစ်ယောက်က ဝင်ပါတာလား... မင်းကိုယ်မင်း အရှက်မရှိဘူးလို့ မထင်ဘူးလား...”
ချီလဲ့သည်လည်း ပေါ်လာပြီး ဝူယွမ်၏ ဘေးတွင် ရပ်လိုက်လေသည်။
“မင်း အစောကတည်းကရောက်နေတာ မဟုတ်ဘူးလား...”
ယွမ်ဂိုဏ်းအကြီးအကဲက ချီလဲ့ကို မကောင်းဆိုးဝါးဆန်သော အကြည့်များဖြင့် ကြည့်ကာ မေးလိုက်လေသည်။
ချီလဲ့က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ပြီး မည်သည့် စကားမျှ မဆိုခဲ့ပေ။
သူသည် သေချာပေါက် စောရောက်နေခဲ့သော်လည်း သူတို့၏ တောင်ဂိုဏ်းတပည့်များမှာ မည်သည့် ဆုံးရှုံးမှုမျှ မရှိခဲ့သဖြင့် ပွဲကြည့်ရန် အမှောင်ထဲတွက် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။
သူက ဝူယွမ်ကို ခပ်ဖွဖွ ပြုံးပြလိုက်၏။ ဤကောင်လေးက သူ ထင်ထားသည်ထက်ပင် ပိုပြီးရက်စက်ကြမ်းကြုတ်သေးသည်။
“ဒါပေမယ့်... အရမ်းကောင်းတယ်...”
သူ ပွဲကြည့်ရတာ အရမ်းကို သဘောကျနေခဲ့လေသည်။
တစ်ချိန်တည်းမှာပင် နောက်ထပ် လူရိပ် သုံးခု ဆင်းသက်လာခဲ့ပြီး သူတို့မှာ ချန်ကျန်းနှင့် အခြားသော ခန်းမသခင် နှစ်ဦးတို့ပင် ဖြစ်ကြ၏။
သူတို့က ယွမ်ဂိုဏ်းမှ လူများကို တည်ငြိမ်စွာ ကြည့်လိုက်ကြပြီး အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းကို လျစ်လျူရှုထားသည့် ခံစားချက်မျိုးကို ပေးစွမ်းနေကာ ရန်စခံရပါက တိုက်ခိုက်ရန် အသင့်ရှိနေကြောင်း ပြသနေခဲ့ကြလေသည်။
“မင်းတို့က မင်းတို့ တောင်ဂိုဏ်းတပည့်ရဲ့ အကြမ်းဖက်မှုကို ခွင့်ပြုပေးနေတာပဲ... တကယ်လို့ ဒီအဘိုးကြီးကသာ ခုနက ဝင်မပါခဲ့ဘူးဆိုရင် သူက လဲ့ချန်ကို သေတဲ့အထိ ရိုက်နှက်ပစ်မှာ၊ မင်းတို့ ဂိုဏ်းနှစ်ခုကြားမှာ စစ်ပွဲဖြစ်လာမှာကို မကြောက်ဘူးလား...”
ယွမ်ဂိုဏ်းအကြီးအကဲက အေးစက်စွာ ပြောလိုက်ရာ သူ၏ မျက်နှာမှာ အလွန်အမင်း မည်းမှောင်နေခဲ့လေသည်။
“ဒီအဘိုးကြီးကို ဂိုဏ်းစစ်ပွဲဆိုပြီး လာမခြိမ်းခြောက်နဲ့... မင်းမှာ သတ္တိရှိရင် မင်းရဲ့ ယွမ်ဂိုဏ်းက လူတွေကို ခေါ်ပြီး ငါတို့ တောင်ဂိုဏ်း နယ်မြေဆီကို လာတိုက်လှည့်...”
“ဒါ့အပြင် ဒီကိစ္စရဲ့ အမှားအမှန်က မရှင်းလင်းသေးဘူးလေ... ပြီးတော့ သူက သေတဲ့အထိ အရိုက်ခံထားရတာမှ မဟုတ်သေးတာ...” ချီလဲ့က ပခုံးတွန့်ကာ ပြန်လည်ချေပလိုက်လေသည်။
“မင်း...”
ယွမ်ဂိုဏ်း အကြီးအကဲမှာ ဒေါသထွက်သွားခဲ့၏။
ဤအချိန်တွင် ယွမ်ဂိုဏ်းမှ အခြားလူများလည်း ရောက်ရှိလာကြလေသည်။
နောက်ထပ် အကြီးအကဲ နှစ်ဦး ရောက်လာပြီး လူငယ်ဘုရင် နှစ်ပါးဖြစ်သော လူငယ်ဝိညာဉ်ဘုရင်နှင့် လူငယ်ယွမ်ဘုရင်တို့လည်း ပေါ်လာခဲ့ကြ၏။
သူတို့က လဲ့ချန်ကို ထူပေးလိုက်ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ် အငွေ့အသက်များဖြင့် ပြည့်နှက်နေကာ ဝူယွမ်ကို မျက်တောင်မခတ်တန်း စိုက်ကြည့်နေကြလေသည်။
နှစ်ဖက်စလုံးက အချင်းချင်း မျက်နှာခြင်းဆိုင်နေကြပြီး စကားတစ်ခွန်း မှားယွင်းသွားသည်နှင့် နေရာတွင်ပင် တိုက်ပွဲ စတင်တော့မည့်အလား ဖြစ်နေခဲ့၏။
ဤအချိန်တွင် ယွမ်ဂိုဏ်းအကြီးအကဲ သုံးဦးသည်လည်း အခြေအနေကို ရှင်းလင်းစွာ သိရှိသွားကြပြီဖြစ်ပြီး သူတို့ဘက်က အမှားလုပ်ခဲ့ကြောင်းနှင့် တိုက်ပွဲတွင်လည်း ရှုံးနိမ့်ခဲ့ကြောင်းကို သိရှိထားကြလေသည်။
ထို့အပြင် လဲ့ချန်၏ ဒဏ်ရာများမှာလည်း သိပ်မပြင်းထန်လှဘဲ ကုသပြီး ဆက်လက် တိုက်ပွဲ၀င်၍ ရနိုင်သေး၏။ သူတို့ သုံးဦးစလုံးမှာ မဲမှောင်နေသော မျက်နှာထားများဖြင့် ရှိနေကြပြီး နောက်ဆုံးတွင် သူတို့ထဲမှ တစ်ဦးက ပြောဆိုလိုက်လေသည်။
“သွားကြစို့...”
“အကြီးအကဲ... ငါတို့က ဒီတိုင်း လွှတ်ထားလိုက်တော့မလို့လား...”
လူငယ်ဝိညာဉ်ဘုရင်က မေးလိုက်လေသည်။
“မင်းတို့ အရှက်ကွဲရတာ မလုံလောက်သေးဘူးလား... ဂိုဏ်းပြိုင်ပွဲက စတော့မယ်၊ တကယ်လို့ ဒေါသထွက်နေတယ်ဆိုရင် ဂိုဏ်းပြိုင်ပွဲမှာ စွမ်းဆောင်ရည် ကောင်းကောင်း ပြသလိုက်... ဘာပြဿနာပဲရှိရှိ အတွင်းထဲမှာပဲ ဖြေရှင်းကြ...”
အကြီးအကဲက လူငယ ဝိညာဉ်ဘုရင်ကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။
“ဟုတ်ကဲ့ပါ အကြီးအကဲ...”
လူငယ်ယွမ်ဘုရင်က လူငယ်ဝိညာဉ်ဘုရင်၏ ပခုံးကို ပုတ်လိုက်ပြီးနောက် လဲ့ချန်နှင့် အခြား တပည့်များကို ခေါ်ဆောင်ကာ ထွက်သွားလေတော့သည်။
“ဒီအကြွေးကို ကမ္ဘာခြားနတ်ဆိုးနယ်မြေထဲ ဝင်ပြီးမှ ရှင်းကြတာပေါ့...”
ယွမ်ဂိုဏ်းမှ လူများ ဆုတ်ခွာသွားသည်နှင့်အမျှ ထိုနေရာရှိ လေထုမှာ နောက်ဆုံးတွင် ပြေလျော့သွားခဲ့လေသည်။
လူအများအပြားက သက်ပြင်းချလိုက်ကြပြီး အခြား လူအများအပြားကမူ စိတ်ပျက်စွာ သက်ပြင်းချလိုက်ကြ၏။ ပွဲကြည့်ပရိသတ်များအတွက် တိုက်ပွဲမဖြစ်လာခြင်းမှာ လုံလောက်အောင် စိတ်လှုပ်ရှားစရာ မကောင်းသောကြောင့်ပင်။
***