ဝူယွမ်၏ အကြည့်များက ထောင့်တစ်နေရာသို့ ကျရောက်သွားရာ ထိုနေရာတွင် အနည်းငယ် မှေးမှိန်နေသော အလင်းတန်း အစုအဝေး တစ်ခု ရှိနေ၏။
ထိုအလင်းတန်း အစုအဝေး အတွင်းတွင် လက်ဖဝါးအရွယ်အစားခန့်ရှိသော ဟောင်းနွမ်းနေသည့် အနီရင့်ရောင် ကြေးဝါအိုး တစ်ခု ရှိနေလေသည်။
မီးခိုးရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည်လည်း ဝူယွမ်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေခဲ့၏။ ဝူယွမ်၏ ယခင် စွမ်းဆောင်ရည်က သူ့ကို အနည်းငယ် စိုးရိမ်ပူပန်စေခဲ့သည်။
“သခင်လေး ဝူယွမ်... သဘောကျတဲ့ ရတနာလေးများ တွေ့လို့လား...” ဆိုင်ရှင်က ပြုံးရင်း မေးလိုက်လေသည်။
“ခင်ဗျားရဲ့ ပစ္စည်းတွေ အားလုံးက ကြည့်ကောင်းသားပဲ... ဈေးနှုန်းတွေက ဘယ်လိုရှိလဲ...”
ဝူယွမ်က ကြေးဝါအိုး အကြောင်းကို တိုက်ရိုက် မမေးဘဲ ပစ္စည်းတိုင်းကို မေးမြန်းလိုက်လေသည်။
သူ၏ ယခင် စွမ်းဆောင်ရည်မှာ ပေါ်လွင်လွန်းနေခဲ့ပြီး လူအများအပြား၏ အကြည့်များက သူ့အပေါ်သို့ ကျရောက်နေခဲ့၏။
ယခု ပစ္စည်းများ ဝယ်ယူရာတွင် တစ်စုံတစ်ယောက်က သတိထားမိသွားပြီး သူ့နှင့် အပြိုင်အဆိုင် လုဝယ်မည်ကို သူ ကြောက်ရွံ့နေခဲ့သည်။
ဤနေရာရှိ လူများ အားလုံးမှာ ရက်စက်ကြမ်းကြုတ်သော သူများ ဖြစ်ကြလေသည်။
ကြေးဝါအိုးမှာ သာမန် ပစ္စည်းတစ်ခုနှင့် တူပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် မည်သည့် အခြေခံ စွမ်းအင် လှိုင်းဂယက်မျှ မရှိပေ။
၎င်းမှာ သာမန် မဟုတ်ကြောင်းကို မည်သူကမျှ သိနိုင်မည် မဟုတ်ဘဲ ဆိုင်ရှင်ကိုယ်တိုင်လည်း ဤကဲ့သို့ပင် ဖြစ်ကာ ၎င်းကို ရောင်းချခြင်းမှာ လောင်းကစား တစ်ခုပင် ဖြစ်လေသည်။
ဝူယွမ်က ပစ္စည်း အနည်းငယ်ကို ရွေးချယ်လိုက်ပြီး နောက်ဆုံးတွင် ၎င်းတို့ကို ကြေးဝါအိုးနှင့်အတူ ဝယ်ယူလိုက်လေသည်။
“ရှင်က ဒီပစ္စည်း နည်းနည်းလေးကို ဝယ်ဖို့အတွက် နိဗ္ဗာန်ဆေးလုံးတွေ အများကြီး သုံးလိုက်တာလား... အဲ့ဒီအထဲမှာ ပစ္စည်းကောင်းတွေများ ပါနေလို့လား...”
ယင်းဟွမ်ဟွမ်က ဝူယွမ်၏ နောက်သို့ လိုက်ပါရင်း သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
“ဟဲဟဲ... နင် တစ်ယောက်ပဲ ဉာဏ်ကောင်းတယ်...”
ဝူယွမ်က ယင်းဟွမ်ဟွမ်ကို တစ်ချက် လှမ်းကြည့်လိုက်၏။
သူမသည် စောစောက လင်ချင်းကျူ၏ ကိစ္စကို လုံးဝ လျစ်လျူရှုထားပုံရပြီး လင်ချင်းကျူ အကြောင်းကိုလည်း မမေးဘဲ ဝူယွမ်နောက်သို့သာ လိုက်ပါကာ ပုံမှန်အတိုင်း စကားပြော ရယ်မောနေခဲ့လေသည်။
‘ဒီကောင်မလေးကလည်း အခုဆိုရင် သူမရဲ့ အတွေးတွေကို ဖုံးကွယ်တတ်နေပြီပဲ...’
သို့သော်ငြားလည်း ဝူယွမ်က နားလည်ထားလေသည်။ သူက ယင်းဟွမ်ဟွမ်၏ လက်မောင်းငယ်လေးကို တိုက်ရိုက် ဆွဲယူကာ တိုးတိုးလေး ပြောလိုက်၏။
“သွားကြစို့... အတွင်းထဲရောက်မှ ပြောကြတာပေါ့၊ အဲ့ဒါ ဘာလဲဆိုတာကို ငါလည်း မသိသေးဘူး... ဒါပေမယ့် ရတနာကောင်း တစ်ခု ဖြစ်တာတော့ သေချာတယ်၊ ဘယ်သူမှ မသိစေနဲ့...”
သူတို့ နှစ်ဦး အခန်းထဲသို့ ဝင်သွားကြပြီး တံခါးကို ချက်ချင်း ပိတ်လိုက်ကြလေသည်။
“အရမ်း လျှို့ဝှက်နေတာပဲ... ဘာမို့လို့လဲ...” ယင်းဟွမ်ဟွမ်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
ဝူယွမ်က ကြေးဝါအိုးကို ထုတ်ယူလိုက်ပြီး ရယ်မောကာ ပြောဆိုလိုက်၏။
“ငါ့ရဲ့ ရတနာကြီးကို နင့်ကို ပြရတာပေါ့...”(အိုးနော်အိုး ရတနာအိုး)
“ဒါလေးပဲလား...” ယင်းဟွမ်ဟွမ်မှာ တွေဝေသွားမှန်း ထင်ရှားလှပေသည်။ ၎င်းမှာ အတော်လေး ကြီးမားသော်လည်း မည်သည့် ရတနာမျိုး ဖြစ်သည်ကို သူမ မခွဲခြားနိုင်ခဲ့ပေ။
“မလောပါနဲ့... တချို့ အရာတွေကို အပြင်ပန်း ကြည့်ရုံနဲ့ ဆုံးဖြတ်လို့ မရဘူးလေ...”
ဝူယွမ်က ဟောင်းနွမ်းနေပုံရသော ကြေးဝါအိုးကို သေချာစွာ အကဲခတ်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားကာ အကြည့်များက ၎င်းအပေါ်တွင် အဆက်မပြတ် ဝေ့၀ဲနေခဲ့လေသည်။
“ဒီကြေးဝါအိုးက ရတနာတစ်ခုနဲ့ ဘယ်လိုလုပ် တူနေတာလဲ...”
ယင်းဟွမ်ဟွမ်က ဝူယွမ်အတိုင်း လိုက်ကြည့်ပြီး အကြိမ်ကြိမ် အကဲခတ်ကြည့်သော်လည်း ၎င်းမှာ သာမန်သာဖြစ်ပြီး အက်ကွဲနေသော ကြေးဝါအိုး တစ်ခုမျှသာ ဖြစ်သည်ဟု ခံစားနေရ၏။
ဟွမ်က ၎င်း၏ သာမန်မဟုတ်သော သဘောသဘာဝကို အာရုံခံမိသော်လည်း ဤအရာက အတိအကျ ဘာလဲဆိုတာကို သူ မသိခဲ့ပေ။
ဝူယွမ် ကိုယ်တိုင်သာလျှင် ၎င်းကို သုတေသန လုပ်နိုင်ပေသည်။
အချိန်အနည်းငယ်ကြာ အကဲခတ်ကြည့်ပြီးနောက် ဝူယွမ်သည် လှုပ်ရှားရန် ပြင်ဆင်လိုက်လေသည်။
ဇာတ်လမ်းကို သူ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပြီး ၎င်းကို မြင်သောအခါ ကြေးဝါအိုး၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်မည့် နည်းလမ်းကို သူ မှတ်မိသွားခဲ့၏။
သူ၏ ယခင်က မသိချင်ယောင်ဆောင်နေခြင်းမှာ ပုံမှန်အတိုင်း ဟန်ဆောင်မှု တစ်ခုမျှသာ ဖြစ်လေသည်။
သို့သော် ဟန်ဆောင်မှုကတော့ ဆက်လုပ်သွားရဦးမည် ဖြစ်သည်။
သူက ကြေးဝါအိုးပေါ်သို့ သွေးတစ်စက် အရင်ချလိုက်ပြီးနောက် ၎င်းကို ထုနှက်ကာ ရေလောင်းချလိုက်သော်လည်း ကြေးဝါအိုးမှာ ပြောင်းလဲခြင်း မရှိပေ။
ယင်းဟွမ်ဟွမ်က ဝူယွမ် အချိန်အတော်ကြာ လှည့်ပတ် ကစားနေသော်လည်း ဘာမှ ဖြစ်မလာသည်ကို ကြည့်ရင်း ခေါင်းကို ကုတ်ကာ ပြောလိုက်လေသည်။
“မီးနဲ့စမ်းကြည့်ပါလား၊...”
‘မင်း အဲ့ဒီလို ပြောလာမယ့်အချိန်ကို ငါက စောင့်နေခဲ့တာ...’
“ဟုတ်တာပေါ့... ငါက ဘာလို့ မီးကို အသုံးမပြုခဲ့ရတာလဲ၊ ဒါက ကြေးဝါအိုးဆိုတော့ မီးနဲ့ဆိုရင် အသုံးဝင်မှာ သေချာတယ်...”
ဝူယွမ်က စိတ်လှုပ်ရှားဟန်ဆောင်ကာ ပြောလိုက်ပြီးနောက် ယင်းဟွမ်ဟွမ်၏ နဖူးလေးကို ရုတ်တရက် ခပ်ဖွဖွ နမ်းလိုက်လေသည်။
“အို... ဟွမ်ဟွမ်လေးက အရမ်းဉာဏ်ကောင်းတာပဲ...”
ထို့နောက် သူက ကြေးဝါအိုးကို လေးနက်သော အမူအရာဖြင့် ကောက်ကိုင်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် လေထဲတွင် ပျံဝဲနေစေကာ ကြေးဝါအိုးကို လွှမ်းခြုံရန် နှလုံးကြွေမီးတောက်ကို ထုတ်လွှတ်လိုက်လေသည်။
ယင်းဟွမ်ဟွမ်မှာ ဝူယွမ်၏ ခိုးကြောင်ခိုးဝှက် အနမ်းကြောင့် တွေဝေပြီး ပျော်ရွှင်နေဆဲဖြစ်ကာ ဝူယွမ်က ကြေးဝါအိုးကို အာရုံစိုက်ကာ အလုပ်လုပ်နေသည်ကို မျက်လုံးလေး ကလယ်ကလယ်ဖြင့် ကြည့်ရင်း သူမ၏ ဖြူဖွေးသော နဖူးလေးကို ရှက်ရွံ့စွာဖြင့် ကိုင်တွယ်နေခဲ့၏။
မီးတောက်များက ကြေးဝါအိုးကို လွှမ်းခြုံသွားသည်နှင့်အမျှ အနီရင့်ရောင် ကြေးနီအရည်များ ပိုမိုထွက်ပေါ်လာခဲ့သည်။
နောက်ဆုံးတွင် ကြေးဝါအိုးမှာ လုံးဝ လောင်ကျွမ်းသွားပြီး ဖြည်းညင်းစွာ စီးဆင်းနေသော အနီရင့်ရောင် ကြေးနီအရည်များသာ ကျန်ရစ်ခဲ့လေတော့သည်။
ထို့နောက် ကြေးနီအရည်များ စီးဆင်းနေစဉ် ရုတ်တရက် ၎င်းထံမှ အနီရင့်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် လေထုထဲ၌ အချင်းချင်း ယှက်နွယ်သွားကြလေသည်။
ယင်းဟွမ်ဟွမ် အာရုံစိုက်မိသွားခဲ့၏။ “တကယ်ကြီး အလုပ်ဖြစ်တာပဲ...”
သူမ အံ့ဩတကြီးဖြင့် ပြောလိုက်လေသည်။
သူမ ပေါ့ပေါ့ပါးပါး ပြောလိုက်သော နည်းလမ်းက အမှန်တစ်ကယ် အလုပ်ဖြစ်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။
‘ငါက တကယ်ကို ခင်ပွန်းသည်အတွက် ကံကောင်းစေတဲ့ အဆောင်လေးပဲ...’
အခန်း၏ အလယ်ဗဟိုတွင် အချင်းချင်း ယှက်နွယ်နေသော အနီရင့်ရောင် မျဉ်းကြောင်းများကို နှစ်ဦးစလုံးက ဝမ်းသာအံ့ဩစွာဖြင့် ကြည့်လိုက်ကြလေသည်။
“မဖျက်ဆီးဘဲနဲ့ ဘာကိုမှ တည်ဆောက်လို့ မရဘူး... ဒီအရာရဲ့ ပုံစံအစစ်အမှန် ဖော်ထုတ်ဖို့အတွက် အရင်ဆုံး အဲ့တာကို ဖျက်ဆီးပစ်ဖို့ လိုမယ်လို့ ဘယ်သူမှ ထင်ထားမှာ မဟုတ်ဘူး... အဲ့ဒီ ဆိုင်ရှင် မသိခဲ့တာလည်း အံ့ဩစရာ မဟုတ်ပါဘူး၊ ဘယ်သူက ဒါကို မီးရှို့ပစ်ဖို့ ဆန္ဒရှိမှာလဲ...” ဝူယွမ်က တီးတိုးရေရွတ်လိုက်လေသည်။
“ဟွမ်ဟွမ်က အံ့ဩစရာကောင်းတုန်းပဲ... နင်က တကယ်ကို ငါ့ရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ...”
ယင်းဟွမ်ဟွမ်က ဝူယွမ်၏ ခေါင်းကို အမြန် တွန်းဖယ်လိုက်ပြီး နောက်သို့ တစ်လှမ်း ဆုတ်သွားကာ ပြောလိုက်လေသည်။
“ရပ်လိုက်... ကျွန်မအနားကို မကပ်နဲ့၊ ရှင်စိတ်လှုပ်ရှားရင်လည်း လှုပ်ရှားပေါ့... ကျွန်မကို လာလာမနမ်းနဲ့...”
ဝူယွမ်က ပြန်ပြောလိုက်၏။ “ဟူး... ငါက ကျေးဇူးတင်ကြောင်း ပြသနေတာ မဟုတ်ဘူးလား...”
ယင်းဟွမ်ဟွမ်က ပြန်ဖြေလိုက်လေသည်။ “လုံးဝ မလိုပါဘူးနော်...”
“ကောင်းပြီ... ဒီအရာက ဘာလဲဆိုတာကို အရင် ကြည့်ကြတာပေါ့...”
သံသယ အနည်းငယ်ဖြင့် သူတို့နှစ်ဦးသည် လေထုထဲတွင် ယှက်နွယ်နေသော မျဉ်းကြောင်းများကို စိုက်ကြည့်နေကြလေသည်။
ထိုမျဉ်းကြောင်းများက အချင်းချင်း ရစ်ပတ်သွားကြပြီး နောက်ဆုံးတွင် ထူးဆန်းသော လမ်းကြောင်း ပုံစံအချို့ကို ဖန်တီးလိုက်ပုံ ရလေသည်။ ၎င်းမှာ မြေပုံတစ်ခုနှင့် တူသည်...။
ဝူယွမ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီးနောက် သူ၏ စိတ်အာရုံက လှုပ်ရှားသွားကာ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ထိုပုံစံများနှင့် မျဉ်းကြောင်းများ အားလုံးကို ကူးယူလိုက်ကာ နီ၀မ်နယ်ပယ်အတွင်း သိမ်းဆည်းလိုက်လေသည်။
ဝူယွမ်၏ ကူးယူခြင်း ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ထိုအနီရင့်ရောင် မျဉ်းကြောင်းများမှာ စတင် ကျုံ့ဝင်လာပြီး နောက်ဆုံးတွင် သူ၏ အကြည့်အောက်၌ လက်ဖဝါး တစ်ဝက်ခန့် အရွယ်အစားရှိသော အနီရင့်ရောင် အလင်းတန်း ကတ်ပြားတစ်ခုအဖြစ်သို့ စုစည်းသွားလေတော့သည်။
သူ လက်ကို ဆန့်တန်းလိုက်ရာ အနီရင့်ရောင် အလင်းတန်း ကတ်ပြားမှာ သူ၏ လက်ဖဝါးထဲသို့ ကျဆင်းလာခဲ့၏။
တစ်ချက် ကြည့်လိုက်ရုံဖြင့် အလင်းတန်း ကတ်ပြားပေါ်တွင် လည်ပတ်နေသော မီးတောက်ပုံစံများကို မြင်တွေ့နိုင်ပြီး ထိုပုံစံများ၏ အထက်တွင် အလွန်အမင်း ရှေးကျသော မီးတောက်အက္ခရာ လေးခုကို ခပ်ရေးရေး မြင်တွေ့နိုင်လေသည်။
“လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာသိုက်...”
“ငါ နောက်ထပ် စာရင်းသွင်းရမယ့် နေရာပဲ...” ဝူယွမ်က စိတ်ထဲ၌ တိတ်တဆိတ် တွေးလိုက်လေသည်။
“အို... တခြား တန်ဖိုးရှိတာ တစ်ခုခုများလားလို့ ငါ ထင်နေတာ...”
သို့သော် ယင်းဟွမ်ဟွမ်က သက်ပြင်းချလိုက်လေသည်။
“ဘာဖြစ်လို့လဲ...” ဝူယွမ်က သူမကို မေးလိုက်၏။
ယင်းဟွမ်ဟွမ်က ဖြေကြားလိုက်လေသည်။ “ကမ္ဘာခြားနတ်ဆိုး နယ်မြေထဲမှာ ရှေးဟောင်း ရတနာသိုက်တွေ အများကြီး ရှိတယ်... အဲ့ဒီအထဲမှာ လောင်ကျွမ်းခြင်း ကောင်းကင် ရှေးဟောင်းရတနာသိုက်က အကျော်ကြားဆုံးတွေထဲက တစ်ခုပဲ”
ဒီမြေပုံက သိပ်ပြီး တန်ဖိုးမရှိဘူး... ဘာလို့လဲဆိုတော့ လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာသိုက်ရဲ့ တည်နေရာကို လူအများကြီးက သိထားပြီးသားလေ... စူပါဂိုဏ်းကြီး ရှစ်ခုက လူတွေအားလုံး အခြေခံအားဖြင့် သိကြတယ်...”
“ဒါပေမယ့် တည်နေရာကို သိတာက တစ်ပိုင်းပေါ့... ဒီနေ့အထိ ဘယ်သူမှ လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာသိုက်ကို အောင်အောင်မြင်မြင် မဖွင့်နိုင်သေးဘူး...”
“ယွမ်ဂိုဏ်းကလည်း အဲ့ဒါကို နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့တာ၊ ဒါပေမယ့် သူတို့သူတို့လည်း မဖွင့်နိုင်သေးဘူး...”
“အဲ့ဒါကြောင့်မို့လို့ ဒါက ကြက်ဥနဲ့ ကြက်မ ဘယ်သူက အရင်ဖြစ်တာလဲ ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေတာပေါ့... ဒါပေမယ့် ဒီအရာက ဘာအတွက် အသုံးဝင်တာလဲ...”
ဝူယွမ်က အနီရင့်ရောင် အလင်းတန်း ကတ်ပြားကို ကြည့်ရင်း ပြောလိုက်လေသည်။
သူက လက်ထဲရှိ အလင်းတန်း ကတ်ပြားကို ဂရုတစိုက် သိမ်းဆည်းလိုက်၏။
“ဒီအရာမှာ အထူး လုပ်ဆောင်ချက် တစ်ခုခုတော့ သေချာပေါက် ရှိရမယ်... မဟုတ်ရင် ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားမှာ မဟုတ်ဘူး...”
ဤစကားကို ကြားသောအခါ ယင်းဟွမ်ဟွမ်၏ မျက်လုံးများလည်း လင်းလက်သွားခဲ့လေသည်။ “ဒါက ရတနာသိုက်ကို ဖွင့်ဖို့ သော့များ ဖြစ်နေမလား...”
တွေးကြည့်မည်ဆိုလျှင် ယင်းမှာ အမှန်တကယ် ဖြစ်နိုင်ချေ ရှိလေသည်။
ရတနာများကို ဖွင့်ရန်အတွက် အမျိုးမျိုးသော ထူးဆန်းသည့် အမှတ်အသားများကို ဝူယွမ် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။
“ငါတို့ အတွင်းထဲကို ဝင်သွားပြီးတာနဲ့ အတူတူ စမ်းကြည့်ပြီး ရှာဖွေကြတာပေါ့...”
“တကယ်လို့ အဲ့ဒါက လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာသိုက်ရဲ့ သော့သာ တကယ်ဖြစ်နေရင်တော့ အရမ်းကောင်းမှာပဲ... အင်း... ငါ့ကို အနမ်းလေး တစ်ပွင့်ပေး...”
“ဟွန့်...”
... ဂိုဏ်းအသီးသီးမှ လူများ ကမ္ဘာခြားနတ်ဆိုးမြို့တော်သို့ အုံလိုက်ကျင်းလိုက် ဝင်ရောက်လာကြသည်နှင့်အမျှ မြို့တော်မှာ ပိုမို၍ စည်ကားလာခဲ့လေသည်။
သုံးရက် ဆိုသော အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့၏။
ကမ္ဘာခြားနတ်ဆိုး မြို့တော် တစ်ခုလုံးမှာ လုံးဝကို ဆူညံပွက်လောရိုက်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ကောင်းကင်ယံ အထက်တွင် လေထုကို ခွင်းလာသော စူးရှသည့် အသံများမှာ လုံးဝ မရပ်တန့်တော့ပေ။
လူရိပ်များသည် ကျိုင်းကောင်များအလား ကောင်းကင်သို့ ပျံတက်သွားကြပြီး ကမ္ဘာခြားနတ်ဆိုးနယ်မြေအတွင်း ဝင်ရောက်မည့် နေရာဆီသို့ အလျင်စလို သွားရောက်နေကြလေသည်။
စူပါဂိုဏ်းကြီးအားလုံးမှ တပည့်များမှာ ထိုနေရာတွင် စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။
ဂိုဏ်းပြိုင်ပွဲကြီးသည် နောက်ဆုံးတွင် တရားဝင် စတင်တော့မည် ဖြစ်ပေသည်။