ပိုင်သခင်ကြီးနဲ့ တန်းတူအဆင့်အတန်း ရှိနေတာတဲ့လား...
စွန်းဝမ်၏ စကားသံက လုချန် မည်သူမည်ဝါမှန်း မသိကြသူများအားလုံးကို တုန်လှုပ်သွားစေသည်။
ထိပ်တန်းအထက်တန်းလွှာ မိသားစုကြီးတစ်ခုအနေဖြင့် ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင် အနည်းငယ်ခန့် ပိုင်ဆိုင်ထားရုံဖြင့် အရပ်မျက်နှာအသီးသီးမှ မျက်နှာသာပေးမှုကို ရရှိနိုင်စွမ်း ရှိကြသည်။
သို့သော်လည်း ထိုကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်များပင်လျှင် ပိုင်သခင်ကြီးရှေ့မှောက်၌ ၎င်းတို့ကိုယ်၎င်းတို့ ဂျူနီယာများအဖြစ်သာ သတ်မှတ်ပြီး ပိုင်သခင်ကြီးကို အလွန်အမင်း ရိုသေလေးစားကြရသည်။
သို့ပါလျက် သူတို့ရှေ့မှောက်က ဒီလူငယ်လေးက ပိုင်သခင်ကြီးနဲ့ တန်းတူအဆင့်အတန်း ရှိနေသည်တဲ့လား...
ဒါ... ဒါက လုံးဝ ယုံကြည်နိုင်စရာ မရှိဘူး...
သို့တိုင် သူတို့မျက်စိရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းက သူတို့ကို မယုံမရှိ ယုံကြည်လာစေရန် ဖိအားပေးနေ၏။
ဤမျှများပြားလှသော ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်များ တစ်ပြိုင်နက်တည်း ပေါ်လာကြသည်အထိ ဘယ်သူကများ ဒီလောက် မျက်နှာကြီးနိုင်ပါမည်နည်း...
ခုနလေးတင် လုချန်နှင့် တိုက်ခိုက်ခဲ့သော စုမိသားစုမှ ပညာရှင်မှာ ပွန်းပဲ့ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ လုချန် ရပ်တန့်လိုက်ပြီးနောက်မှသာ သူ၏ စိတ်ဝိညာဉ်ချီများ ပြန်လည်စီးဆင်းနိုင်တော့သည်။ လုချန်ကို ပြန်ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးများထဲ၌ နက်ရှိုင်းသော ထိတ်လန့်ကြောက်ရွံ့မှုများသာ ကိန်းအောင်းနေတော့၏။
ဒီလူငယ်က သူ့ကို ဘာလို့ သတ်မပစ်ခဲ့သလဲဆိုတာ သူ နားမလည်နိုင်ပေ။ သို့သော် စောစောက အခြေအနေအရသာဆိုလျှင် လုချန်သာ အလိုရှိခဲ့ပါက သူ အသက်ရှင်နိုင်မည့် အခွင့်အရေး လုံးဝရှိမည် မဟုတ်ပေ။
“ငါ လိုချင်တာက ငါတို့နဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေပဲ... ဒီနေ့ဖြစ်ပျက်ခဲ့တာတွေ အားလုံးက မဖြစ်သင့်ခဲ့ဘူး... ဒါတွေအကုန် မင်းတို့ဘာသာ ကိုယ့်အပြစ်ကိုယ်ရှာတာပဲ”
လုချန်က လေထဲတွင် ရပ်နေရင်း ပြောလိုက်သည်။
သေချာကြည့်မည်ဆိုလျှင် သူက လူအုပ်ကြီး၏ အလယ်ဗဟိုတည့်တည့်တွင် ရှိနေသည်။ အနက်ရောင်ဝတ်ရုံနှင့် တစ်ကိုယ်တည်း ရပ်တည်နေသော လုချန်သည် ကောင်းကင်ကိုးဆင့်အထက်မှ ကြယ်တာရာမြစ်ကြီးအလား... သူ၏ စကားတစ်ခွန်းက သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်သည့် နတ်ဘုရင်ငယ်လေးတစ်ပါးအလား ထင်မှတ်ရသည်။
စွန်းဝမ်က လေပေါ်မှ ဆင်းသက်လာပြီး စုမိသားစုခေါင်းဆောင်ထံမှ အင်မော်တယ်လက်နက်ကို တောင်းခံလိုက်သည်။ စုမိသားစုခေါင်းဆောင်က ပေးရမည်ကို တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေဆဲပင်။
“စုမိသားစုကို ဖျက်ဆီးပစ်လိုက်”
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ထက်ရှိ လူနှစ်ဆယ်ကျော်သည် စုမိသားစု တောင်ထွတ်ဆီသို့ ပြေးဝင်သွားကြသည်။
“မလုပ်ကြပါနဲ့”
စုမိသားစုခေါင်းဆောင်မှာ တကယ်ကို ကြောက်လန့်သွားပြီဖြစ်သည်။ ဤမျှ ကြီးမားခမ်းနားသော အခင်းအကျင်းမျိုးကို သူ၏ စုမိသားစုက မည်သို့မျှ ခုခံနိုင်စွမ်း မရှိပေ။ ရတနာက ကောင်းသော်လည်း ခံစားစံစားရန် အသက်ရှင်နေဖို့က ပိုအရေးကြီးသည်မဟုတ်ပါလား... ထို့ကြောင့် သူက ရတနာကို နာခံမှုရှိစွာဖြင့် လွှဲပြောင်းပေးလိုက်ရတော့သည်။
“သခင်မလေးရှောင်... ဒါ သခင်မလေးရဲ့ ပစ္စည်းတွေပါ”
စွန်းဝမ်က အင်မော်တယ်လက်နက် နှစ်ခုကို ကိုင်ထားသော်လည်း သူ၏ မျက်လုံးများထဲတွင် မက်မောလိုချင်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်စွန်း”
“သခင်မလေးရှောင် ဒီလိုစကားတွေ ပြောစရာမလိုပါဘူး... ဒါတွေက မူလကတည်းက သခင်မလေးပိုင်တဲ့ အရာတွေပဲလေ... တစ်လောကလုံးမှာ ဒီလို ရက်ရက်ရောရော ပေးကမ်းနိုင်တာ သူဌေးလုနဲ့ သခင်လေးတုကူးတို့ပဲ ရှိတယ်”
တုကူးဖူကွေ့က သူ၏ ဝတုတ်ကြီး ခန္ဓာကိုယ်ကြီးကို ယိမ်းထိုးလျက် လျှောက်လာသည်။ သူ ဖြတ်လျှောက်လာသည့် နေရာတစ်လျှောက်တွင် စိတ်ဝိညာဉ်ကျောက်တုံး အစအနများ ကျန်ရစ်ခဲ့၏။ သူက ကောင်းကင်ထက်မှ လုချန်ကို မော့ကြည့်ကာ အော်ပြောလိုက်သည်။
“သူဌေးလု... ခင်ဗျား ကျုပ်ကို အသုံးချသွားတာပဲ... ဒီအချိန်တစ်လျှောက်လုံး ခင်ဗျားမိန်းမ အကျိုးအမြတ်ရဖို့ ခင်ဗျား အကွက်ချနေခဲ့တာကိုး”
“ဝတုတ်ကြီး... ခင်ဗျားကို တစ်ခုပြောပြမယ်... ဒီနှစ်လအတွင်းမှာ ကျုပ် ဟင်းပွဲအသစ်တွေ အများကြီး ရှာဖွေစမ်းသပ်ထားတယ်”
“အဟမ်း အဟမ်း... သူဌေးလု... ခယ်မလေးဆီ ပစ္စည်းလာပို့ပေးရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါဗျာ”
ဤဝတုတ်ကြီး၏ မျက်နှာပြောင်းလဲမှုနှုန်းက မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်လွန်းလှသည်။
သူတို့၏ ယခုလို ပြောဆိုဆက်ဆံပုံမျိုးက တည်းခိုခန်းထဲတွင် အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးသည်။
သို့သော် အခြားသူများ၏ မျက်စိထဲတွင်တော့ ထိုအရာက ကွဲပြားခြားနားနေ၏။ တုကူးဖူကွေ့ဆိုသည်မှာ ဘယ်သွားသွား သူ့ကိုယ်သူ သခင်လေးဟုသာ သမုတ်တတ်ပြီး လူတိုင်းကို အထင်အမြင်သေးတတ်သူဖြစ်သည်။ သို့တိုင်အောင် ယနေ့တွင် 'ဝတုတ်ကြီး' ဟု အခေါ်ခံရသည်ကိုပင် ဒေါသမထွက်သည့်အပြင် မျက်နှာချိုသွေးသည့် ဟန်ပန်ကိုပင် ထိန်းသိမ်းထားသေးသည်။
အလယ်ပိုင်းကုန်းမြေတိုက်မှာ ဒီလို ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်မျိုး ဘယ်တုန်းက ပေါ်လာတာလဲ... ဘာလို့ သတင်းအစအနလေးတောင် မကြားရတာလဲ...
တစ်ချိန်တည်းမှာပင် လုချန်က ကောင်းကင်ထက်သို့ လက်နှစ်ဖက်ယှက်လိုက်သည်။
“ဒီနေ့ ကူညီပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်... မငြင်းဆန်ဘူးဆိုရင် အားလုံးပဲ မဟာရှအင်ပါယာရဲ့ မြို့တော်ကို ကြွလှမ်းခဲ့ကြပါ... ကျွန်တော် လုချန်မှာ ကြီးကျယ်ခမ်းနားတဲ့ လက်ဆောင်တစ်ခု ပေးစရာရှိပါတယ်”
“သူဌေးလုက သိပ်ကို ယဉ်ကျေးလွန်းနေပါပြီ... ကျုပ်တို့ မဟာရှအင်ပါယာ မြို့တော်ကို အလည်အပတ် သေချာပေါက် လာခဲ့ပါ့မယ်”
ကောင်းကင်ပေါ်မှ ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ရယ်မောရင်း ပြောလိုက်သည်။
လုချန် စုမိသားစုထံ ရောက်လာမည့်ကိစ္စက အေးချမ်းစွာ ပြီးဆုံးမည်မဟုတ်ကြောင်း ကြိုတင်ခန့်မှန်းမိသဖြင့် စွန်းဝမ်က ဂိုဏ်းကြီးအသီးသီးမှ လူများကို လိုက်လံဖိတ်ခေါ်ရန် ခုနစ်ရက်တိတိ အချိန်ယူခဲ့ရခြင်းဖြစ်သည်။
ထို့နောက် လုချန် မြေပြင်သို့ ဆင်းသက်လာပြီး လူတိုင်းနှင့် အတိတ်ဟောင်းများအကြောင်း ရင်းရင်းနှီးနှီး စကားစမြည် ပြောဆိုနေလေသည်။
လူအုပ်ကြီးက စုမိသားစု၏ ပင်မတံခါးပေါက်မှတစ်ဆင့် ထွက်ခွာသွားကြသော်လည်း စုမိသားစုကမူ တစ်ခွန်းမျှပင် ဝင်မပြောရဲကြပေ။ ယနေ့ သူတို့ စုမိသားစု၏ မျက်နှာမှာ လုံးဝ ပျက်စီးသွားခဲ့ပြီဖြစ်သည်။
“သူဌေးလု... ခင်ဗျားက သခင်မလေးရှောင် တစ်ယောက်တည်းကိုပဲ အာရုံစိုက်မနေသင့်ဘူး... ဒီကောင်မလေးလည်း မကြာသေးခင်က ခင်ဗျားအတွက် မျက်ရည်တွေ အများကြီး ကျခဲ့ရတာ”
တုကူးဖူကွေ့က ကျင်ကျောင်းကို ဆွဲခေါ်လာရင်း ပြောလိုက်သည်။
ကျင်ကျောင်းကို မြင်လိုက်ရသောအခါ လုချန်၏ စိတ်ထဲတွင်လည်း အတွေးပေါင်းများစွာ ဝင်ရောက်လာသည်။
ပြီးခဲ့သည့် နှစ်လအတွင်း ကျင်ကျောင်းတစ်ယောက် တရားခံကို နေ့ရောညပါ အနားမယူဘဲ လိုက်လံရှာဖွေနေခဲ့ကြောင်း စွန်းဝမ်ထံမှ သူ ကြားသိထားပြီးဖြစ်သည်။ မူလက သူမသည် အလိုလိုက်ခံထားရပြီး မေတ္တာတွေ အပြည့်အဝရရှိထားသော မီးတောက်တိုင်းပြည်၏ မင်းသမီးလေး ဖြစ်သည်။ သို့သော် ယခုတော့ သူမမှာ အလွန်အမင်း ပိန်ချုံးနေလေပြီ။ သူမသည် အရင်က သူမြင်တွေ့ခဲ့ဖူးသော၊ သားရေကြာပွတ်ကို ဝှေ့ယမ်းကာ မီးတောက်တိုင်းပြည်မှ စာပညာရှင်လူငယ်များအားလုံးကို စာမေးပွဲခန်းထဲ မဝင်ရဲအောင် ခြောက်လှန့်နိုင်စွမ်းရှိသည့် ထိုမီးတောက်မလေး ဟုတ်ပါသေးရဲ့လား...
ကျင်ကျောင်းက ခေါင်းငုံ့ကာ ချဉ်းကပ်လာပြီး လုချန်ကို မြင်သော်လည်း စကားမပြောရဲပေ။ သူမ၏ တစ်ကိုယ်လုံး အားနည်းနေဆဲဖြစ်ကြောင်း ခံစားနေရသည်။
ထိုစဉ် တောင်အောက်မှနေ၍ ရင်းနှီးနေသော ပုံရိပ်တစ်ခု အပြေးအလွှား တက်လာသည်။
“သူဌေးလု”
ထိုပုံရိပ်က အလွန်လျင်မြန်လှပြီး သူမ၏ စိုးရိမ်တကြီးဖြစ်နေသော မျက်နှာပေါ်တွင် ဖုန်မှုန့်များပေကျံနေသည်။
“နောက်ထပ် အမျိုးသမီးတစ်ယောက်ပါလား... သူဌေးလုက တကယ်ကို မိန်းမကိစ္စမှာ ကံကောင်းတာပဲ”
ပထမအဆင့်ဂိုဏ်းမှ ဂိုဏ်းချုပ်တစ်ဦးက ပြုံးရင်း ပြောလိုက်သည်။
“ဖေ့ယီရှန်... မင်း ဘာလို့ ဒီရောက်နေတာလဲ”
ဟုတ်ပေသည်။ တောင်ပေါ်သို့ ပြေးတက်လာသော ဤအမျိုးသမီးမှာ မဟာရှအင်ပါယာ မြို့တော်မှ လုချန်နှင့် သိကျွမ်းခဲ့သော ဖေ့ယီရှန်ပင် ဖြစ်သည်။ သူမ၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ရသည်မှာ နေ့မနား ညမနား ခရီးနှင်လာပုံရပြီး မျက်နှာပေါ်က ဖုန်မှုန့်များကိုပင် ရေဆေးရန် အချိန်မရခဲ့သလို အဝတ်အစားများတွင်လည်း အစွန်းအထင်းများဖြင့် ပြည့်နှက်နေသည်။ အရေးကြီးကိစ္စတစ်ခုခု ရှိနေသည်မှာ သေချာလှသည်။
ဖေ့ယီရှန်က အပြေးအလွှား ရောက်လာပြီးနောက် လူတိုင်းကို မြင်တွေ့လိုက်ရသလို လုချန်ဘေးနားရှိ ရှောင်ရွှီကိုပါ မြင်လိုက်ရသည်။
တကယ်ကို အရမ်းလှလွန်းသည်။ သူမ၏ ထိုနတ်သမီးလေးတစ်ပါးအလား ဟန်ပန်က ဖေ့ယီရှန်ကိုပင် သိမ်ငယ်သွားသလို ခံစားလိုက်ရစေသည်။ ဖေ့ယီရှန် စကားပြောရန် ပြင်လိုက်စဉ် သူမ၏ အကြည့်က စွန်းဝမ်ထံသို့ ကျရောက်သွားပြီး တွန့်ဆုတ်သွားလေသည်။
“မလောနဲ့... ဘာဖြစ်လာတာလဲဆိုတာ ငါ့ကို သေချာပြောပြ”
“ရှောက်ချင်း... ရှောက်ချင်းကို ဓာတ်ကြီးငါးပါးခန်းမက ပထမတပည့် ဖမ်းသွားပြီ”
“ဘာ...”
စွန်းဝမ်က ရုတ်တရက် ရှေ့သို့ ထွက်လာသည်။
“မင်းဆိုလိုတာက ကျန်းယိက သခင်မလေးရှောက်ကို ဖမ်းသွားတယ်ပေါ့”
“ဟုတ်တယ်... ဒီတစ်ခါ နတ်ဆိုးအရှင်သခင်ကို အနိုင်ယူပြီးတဲ့နောက် အရှင်မင်းကြီးက အောင်ပွဲရသူတွေကို ဆုချီးမြှင့်ခဲ့တယ်... ရှင် ထွက်သွားပြီး နောက်တစ်နေ့မှာပဲ သူက ရှောက်ချင်းကို လက်ထပ်ဖို့ အရှင်မင်းကြီးဆီမှာ တောင်းဆိုခဲ့တာ... အရှင်မင်းကြီးက သဘောတူလိုက်ပြီး ရဲမက်အမြောက်အမြားနဲ့ နန်းတွင်းက ပညာရှင်တွေကို စေလွှတ်ခဲ့တယ်... ကျွန်မတို့ အရာသိခန်းမက ဘယ်လိုမှ မခုခံနိုင်ခဲ့ဘူး... အဲဒီ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အချိန်တွင်းမှာပဲ ရှောက်ချင်း အဖမ်းခံလိုက်ရတာ”
လုချန်၏ ပြုံးရွှင်နေသော မျက်နှာက ချက်ချင်းဆိုသလို အုံ့မှိုင်းသွားသည်ကို တွေ့လိုက်ရသည်။ ဖေ့ယီရှန် ပြောနေသည့် ကိစ္စမှာ လွန်ခဲ့သော ငါးရက်ခန့်က ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ဤငါးရက်ကြာပြီးနောက် ရှောက်ချင်း ဘာတွေများ ဖြစ်နေမည်ကို မည်သူမှ မသိနိုင်ပေ။
“ဂိုဏ်းချုပ်စွန်း... ခင်ဗျားတို့ ဂိုဏ်းက ကျန်းယိအကြောင်းကို ကျုပ် ခင်ဗျားဆီ အရင်ကတည်းက ပြောဖူးသားပဲ... ဒီတစ်ခါတော့ သူ ပြဿနာကြီးကြီး ရှာလိုက်ပြီ”
စွန်းဝမ်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ဂိုဏ်းချုပ်တစ်ဦးက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“သူဌေးလု... ဒါက ကျုပ်ရဲ့ ဆုံးမမှု ညံ့ဖျင်းတာကြောင့်ပါ... တကယ်လို့များ ပြင်ဆင်လို့မရတော့တဲ့ ကိစ္စတစ်ခုခုသာ ဖြစ်ခဲ့ရင် ကျုပ်...”
“ဘာမှ ဆက်မပြောပါနဲ့တော့... ကျွန်တော် အရင်သွားမယ်... ရှောင်ရွှီ... သူတို့နဲ့ အတူတူ ပြန်လိုက်သွား”
လုချန်က စကားပြောပြီးနောက် ဂိုဏ်းချုပ်များကို လက်နှစ်ဖက်ယှက်လိုက်သည်။
“အားလုံးပဲ... ကျွန်တော် အရင် နှုတ်ဆက်ခဲ့ပါရစေ”
လုချန် စကားပြောပြီးနောက် သူ၏ စိတ်ထဲရှိ စနစ်စခရင်ပေါ်မှ မစ်ရှင်ကို အဆုံးသတ်ရန် ရွေးချယ်လိုက်သည်။
တည်းခိုခန်း၏ တယ်လီပို့တ် အသံ ထွက်ပေါ်လာပြီး စက္ကန့်ဆယ်စက္ကန့် ရေတွက်အပြီးတွင် သူသည် လေထဲ၌ပင် ပျောက်ကွယ်သွားတော့သည်။
ဂိုဏ်းချုပ်အသီးသီးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဤအချိန်တွင် ဘာပြောရမှန်း မသိတော့ပေ။
“အားလုံးပဲ... ကျုပ်လည်း အရင်သွားမှ ဖြစ်မယ်”
စွန်းဝမ်၏ မျက်နှာမှာ ထိတ်လန့်နေပုံရသည်။ အကယ်၍ သူ၏ တပည့်သာ ပြင်ဆင်၍မရနိုင်သော ကိစ္စတစ်ခုခုကို တကယ်ကျူးလွန်ခဲ့မိလျှင် လုချန်ကို သူ မည်သို့ ရှင်းပြရမည်မှန်း မသိတော့ချေ။
အပေါ်စီးမှနေ၍ စွန်းဝေက လက်ယမ်းလိုက်သည်။
“လာ... ခင်ဗျားကို ကျုပ် ခေါ်သွားပေးမယ်”
“မလိုပါဘူး”
ပိုင်သခင်ကြီးက ဂျူနီယာဟု ခေါ်ဆိုခဲ့သော ကြယ်နှစ်ပွင့်အဆင့် အာကာသသခင်က ဆင်းသက်လာသည်။
“တာအိုရောင်းရင်းတို့... ကျုပ်ကို လက်တစ်ကမ်းလောက် ကူညီကြပါ... ကျုပ်တို့အားလုံး မြို့တော်ကို အတူတူ သွားကြတာပေါ့”
“ဟုတ်သားပဲ... အာကာသသခင် ဒီမှာရှိနေတာဆိုတော့ ကျုပ်တို့ အာကာသကိုဖြတ်ပြီး ပြန်သွားလို့ရတာပေါ့”
ငွေရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းသည် သူ၏ လက်များကို ဆက်တိုက် လှုပ်ရှားလိုက်သည်။ သူ၏ ငွေရောင်ဝတ်ရုံပေါ်ရှိ ကြယ်ပွင့်များက အလင်းရောင်များ ထုတ်လွှတ်လိုက်ပြီး သူ၏ ရှေ့လေဟာပြင်ထဲ၌ အခင်းအကျင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
“တာအိုရောင်းရင်းတို့... ကျုပ်ကို ကူညီကြပါဦး”
ချက်ချင်းဆိုသလိုပင် အားကောင်းသော စိတ်ဝိညာဉ်ချီ လှိုင်းဂယက်များစွာသည် သူ့ထံသို့ စုစည်းသွားပြီး သူတို့ရှေ့ရှိ အာကာသလွင်ပြင်ကြီးမှာ ရုတ်တရက် ဆုတ်ဖြဲခံလိုက်ရသည်။
ဖေ့ယီရှန်နှင့် စွန်းဝမ်တို့က အစိုးရိမ်ဆုံးဖြစ်နေသဖြင့် အရင်ဆုံး ဝင်ရောက်သွားကြသည်။
အခြားသော ဂိုဏ်းချုပ်များနှင့် ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်များလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြလေသည်။
“သွားကြစို့”
ရှောင်ရွှီက ကျင်ကျောင်း၏ လက်ကို တက်ကြွစွာ ဆွဲကိုင်လိုက်သည်။
“ဒီလောက် အချိန်အကြာကြီး ပြီးတဲ့နောက်မှာ သူ့ဘေးနားကို လူတွေ အများကြီး ရောက်လာကြပြီ... နောင်ကျရင်လည်း ပြိုင်ဆိုင်မှုတွေ ပြတ်လပ်သွားမှာ မဟုတ်ဘူး”
“နင်...”
ကျင်ကျောင်းက ရှောင်ရွှီ သူမကို ဤသို့သော စကားမျိုး ပြောလာလိမ့်မည်ဟု တကယ်ကို မထင်ထားခဲ့ပေ။
“သူ့အတွက် နင် လုပ်ပေးခဲ့တာတွေကို ငါ တကယ် လေးစားပါတယ်... နင့်ထက် သာနေတဲ့ ငါ့ရဲ့ အားသာချက်က သူ့ကို အရင်ဆုံး တွေ့ခဲ့ရတာလေး တစ်ခုတည်းပါပဲ”
ရှောင်ရွှီက သက်ပြင်းတိုးတိုးချကာ ကျင်ကျောင်းကို ဆွဲခေါ်ပြီး သူမတို့ရှေ့ရှိ ဆုတ်ဖြဲခံထားရသော အာကာသအက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားလေသည်။
*