အလယ်ပိုင်းကုန်းမြေတိုက်၏ မြို့တော်ရှိ တည်းခိုခန်းအတွင်းတွင် လုချန် ချက်ချင်းဆိုသလို ပေါ်လာသည်။ သူက တစ်စက္ကန့်လေးမျှပင် မရပ်တန့်ဘဲ တည်းခိုခန်းတံခါးကို ဆွဲဖွင့်ကာ အပြင်သို့ ပြေးထွက်သွားလေသည်။
အပေါ်ဘက် ဘယ်ဘက်ထောင့်ရှိ အပြင်ထွက်ခွင့်ပြုထားသော အချိန်က စတင်လျော့ကျလာသည်။
သို့သော် ပြဿနာတစ်ခုကို သူ ချက်ချင်း သတိထားမိလိုက်သည်။ အရာသိခန်းမက ဘယ်နေရာမှာရှိမှန်း သူ လုံးဝ မသိပေ။ နေရာအနှံ့ လိုက်လံမေးမြန်းပြီးမှသာ နေရာအတိအကျကို အတည်ပြုနိုင်ခဲ့ပြီး လေထဲသို့ ပျံသန်းရန် [ရိတ်သိမ်းခြေလှမ်း] ကို အသုံးပြုလိုက်သည်။
‘နည်းနည်းတော့ ကွာခြားနေသလားလို့...’
လုချန် ကောင်းကင်ပေါ်သို့ ပျံတက်သွားစဉ် မြောက်ဘက်တောင်တန်းနှင့် နှိုင်းယှဉ်ပါက [ရိတ်သိမ်းခြေလှမ်း] ကို သုံးသည့်အခါ သူ၏ ခန္ဓာကိုယ်က ပိုမိုမြင့်မားစွာ တက်နိုင်ပြီး ခြေလှမ်းများလည်း ပိုကျယ်လာသည်ကို သတိပြုမိလိုက်သည်။
သို့ရာတွင် ယခုအချိန်သည် ဤအကြောင်းကို တွေးတောနေရမည့်အချိန် မဟုတ်သည်မှာ ထင်ရှားလှပေရာ သူက အရာသိခန်းမဆီသို့သာ တိုက်ရိုက် ဦးတည်သွားလိုက်သည်။
အဝေးမှကြည့်လိုက်လျှင်ပင် အရာသိခန်းမ၏ အနီရောင်နံရံများ ပျက်စီးနေသည်ကို သူ မြင်တွေ့နိုင်သည်။ အဆောက်အအုံများတွင်လည်း အပေါက်ကြီးများစွာ ဖြစ်ပေါ်နေပြီး လက်ရှိတွင် ပြုပြင်မှုများ လုပ်ဆောင်နေရဆဲဖြစ်သည်။
ဖေ့ယွမ်က အဝေးမှ လုချန်ကို မြင်သည်နှင့် လေထဲသို့ လှမ်းတက်ကာ ဆီးကြိုလိုက်သည်။
“သူဌေးလု... ကျုပ် ဖေ့ယွမ်ရဲ့ စွမ်းအားက အကန့်အသတ်ရှိနေလို့ ကောင်မလေး ရှောက်ချင်းရဲ့ လုံခြုံရေးကို မကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...”
“ရှောက်ချင်း အခု ဘယ်မှာလဲ...”
လုချန်က သူ့ကို အပြစ်မတင်ဘဲ မေးလိုက်သည်။ အနီးကပ် သေချာကြည့်လိုက်မှသာ အရာသိခန်းမ၏ ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုများကို သူ သတိပြုမိတော့သည်။ မြေပြင်ပေါ်ရှိ ကြီးမားလှသော သွေးအိုင်ကြီးများကို ဆေးကြော၍ပင် မရနိုင်တော့ရာ ဤနေရာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ အလွန်အမင်း ကြေကွဲဖွယ်ကောင်းလောက်မည်ကို ညွှန်ပြနေသည်။ သို့သော် ဖေ့မိသားစုက သူတို့ အစွမ်းကုန် ကြိုးစားခဲ့ကြသည်မှာ သိသာထင်ရှားလှပေသည်။
“အမတ်ချုပ်စံအိမ်မှာပါ...”
“အမတ်ချုပ်စံအိမ်မှာ...”
“ဓာတ်ကြီးငါးပါးခန်းမရဲ့ ပထမတပည့်က တော်ဝင်နန်းတွင်း ကိုယ်ရံတော်တွေနဲ့အတူ ရှောက်ချင်းကို အတင်းအဓမ္မ ခေါ်ဆောင်သွားပြီးတဲ့နောက်မှာ အမတ်ချုပ်စံအိမ်က သူတို့ကို ကြားဖြတ်ဟန့်တားခဲ့တယ်... သူမ အမတ်ချုပ်စံအိမ်မှာ ရှိနေတာ ငါးရက်ရှိသွားပြီ... ယင်ချင်ချင်တော့ ရူးသွပ်နေလောက်ပြီ...”
“ကျေးဇူးပဲ...”
လုချန်က စကားပြောပြီးသည်နှင့် အမတ်ချုပ်စံအိမ်ဆီသို့ တိုက်ရိုက် ဦးတည်ထွက်ခွာသွားလေသည်။
အမတ်ချုပ်စံအိမ်အတွင်း၌ ယင်ချင်ချင်၏ မျက်နှာတွင် မလိုမုန်းထားမှုများဖြင့် ပြည့်နှက်နေသည်။
“ဟို မိန်းမယုတ် ဘယ်လိုနေသေးလဲ...”
“ဒီနေ့ သုံးခါ မေ့လဲသွားပါတယ် သခင်မ...”
သူမရှေ့တွင် ဒူးထောက်နေသော အဘွားအိုတစ်ဦးက ပြန်ဖြေလိုက်သည်။
“ဟွန့်... ခွေးမလေး... အခု သူ့မှာ အထောက်အပံ့ ရှိနေပြီလို့ ထင်နေတာလား... မြို့တော်ကိုသာ ချိတ်ပိတ်မထားဘူးဆိုရင် သူမ သေသွားတာ တစ်လတောင် ရှိလောက်ပြီ...”
အမတ်ချုပ်စံအိမ်သည် နန်းတော်မှလွဲလျှင် မြို့တော်အတွင်း၌ လုံခြုံရေး အတင်းကျပ်ဆုံး နေရာတစ်ခု ဖြစ်သည်။
လက်ရှိတွင် လျှို့ဝှက်အခန်းတစ်ခုထဲ၌ ရှောက်ချင်းတစ်ယောက် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး သူမ၏ မျက်နှာပေါ်တွင်လည်း သွေးများ ပေကျံနေသည်။ သူမကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည်မှာ ရက်အတော်ကြာမြင့်နေပြီဖြစ်သည်။
ထိုအချိန်က ကျန်းယိသည် သူမကို တော်ဝင်နန်းတွင်း ကိုယ်ရံတော်များနှင့်အတူ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့သည်။ သို့သော် မြို့တော်မှ ထွက်ခွာသွားသည်နှင့် ယင်ချင်ချင်က ချုံခိုတိုက်ခိုက်ရန် စီစဉ်ထားသော လူများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကျန်းယိမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး တစ်ယောက်တည်း ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ရှောက်ချင်းကမူ အဖမ်းခံလိုက်ရပြီး ငါးရက်တိုင်တိုင် နှိပ်စက်ညှဉ်းပန်းမှုများကို ခံစားခဲ့ရလေသည်။
သတိလစ်နေစဉ်အတွင်း သူမက ပုစွန်တစ်ကောင်လို ကွေးကွေးလေး ဖြစ်နေရှာသည်။
အပြင်ဘက်တွင် လုချန် အရာသိခန်းမမှ ထွက်ခွာသွားသည်နှင့် မြို့တော်အထက် ကောင်းကင်ယံ၌ အက်ကွဲကြောင်းတစ်ခု ပွင့်ဟလာသည်။ အက်ကွဲကြောင်းထဲမှ ပုံရိပ်ဒါဇင်ပေါင်းများစွာ အလျင်စလို ထွက်ပေါ်လာပြီး ကောင်းကင်ကြီး၏ အရောင်က ချက်ချင်းဆိုသလို ပြောင်းလဲသွားလေသည်။
နန်းတော်အတွင်းရှိ အရှင်မင်းကြီးသည် ကောင်းကင်ထက်မှ ဖြာကျလာသော ဖိအားကို ချက်ချင်း ခံစားလိုက်ရသည်။
“အရှင်မင်းကြီး... မြို့တော်အထက်မှာ မရေမတွက်နိုင်တဲ့ ပညာရှင်တွေ စုဝေးနေကြပါတယ်...”
“ဘာတွေဖြစ်နေလဲ သွားကြည့်ချေ...”
အရှင်မင်းကြီးက အမိန့်ပေးလိုက်သည်။ သူသည် ယနေ့နံနက်စောစောကတည်းက စိတ်လေးလံနေခဲ့ခြင်းဖြစ်သည်။
မြို့တော်အထက် ကောင်းကင်ယံတွင်။
“ဂိုဏ်းချုပ်စွန်း... ခင်ဗျားရဲ့ တပည့်ကို အမြန်သွားရှာတော့...”
“အင်း...”
စွန်းဝမ်က တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပျံသန်းထွက်ခွာသွားသည်။
“ဒါဆို ကျုပ်တို့ ကျန်တဲ့လူတွေက ဘယ်သွားကြမလဲ...”
“နန်းတော်ဆီကို...”
နန်းတော်၏ နန်းတွင်းစာကြည့်ဆောင်၌ မိန်းမစိုးတစ်ဦးသည် အရှင်မင်းကြီး၏ အမိန့်ကိုခံယူပြီး အပြင်သို့ ထွက်လာလိုက်စဉ်မှာပင် ကောင်းကင်ထက်ရှိ များပြားလှသော ပညာရှင်များက နန်းတော်ဆီသို့ တိုက်ရိုက် ဦးတည်လာနေသည်ကို မြင်လိုက်ရသည်။
“အတင့်ရဲလှချည်လား... ဘယ်သူတွေကများ နန်းတော်အထက်ကို ကျူးကျော်ဝင်ရောက်ရဲတာလဲ...”
နန်းတွင်းကိုယ်ရံတော်များက ကောင်းကင်ပေါ်သို့ ပျံတက်သွားကြသည်။
“ထွက်သွားစမ်း...”
စွန်းဝေက အရှေ့ဆုံးမှနေ၍ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
“စီနီယာစွန်း... ခင်ဗျား ဘာလို့ ဒီလိုလုပ်ရတာလဲ...”
ကိုယ်ရံတော်တစ်ဦးက စွန်းဝေကို မှတ်မိသွားသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် သူတို့ အတူတူ အရက်သောက်ခဲ့ကြသေးသည်။
“ရှ မျိုးရိုးနာမည်နဲ့လူကို ထွက်လာခဲ့လို့ သွားပြောစမ်း...”
အဝီစိတောင်ကြား၏ မဟာအကြီးအကဲက လှမ်းပြောလိုက်ရာ သူ၏ အသံက နန်းတော်တစ်ခုလုံး၌ ရှင်းလင်းစွာ ပဲ့တင်ထပ်သွားလေသည်။
သူတို့က နန်းတွင်းစာကြည့်ဆောင်ရှေ့သို့ တိုက်ရိုက် ဆင်းသက်လိုက်ကြသည်။
အရှင်မင်းကြီးက နန်းတွင်းစာကြည့်ဆောင်ထဲမှ ထွက်လာရာ တံခါးရှေ့တွင် ရပ်နေကြသော လူဒါဇင်ပေါင်းများစွာကို ချက်ချင်း မြင်လိုက်ရသည်။ သူတို့ထဲမှ အများစုမှာ တံခါးပိတ်ကျင့်ကြံနေခဲ့ကြသော ပထမအဆင့်ဂိုဏ်းများမှ ပညာရှင်ကြီးများ ဖြစ်ကြသည်။ သို့ပါလျက် ယခုအခါ သူ့တံခါးရှေ့တွင် စုရုံးနေကြပြီး သူတို့၏ ပုံစံမှာ အလွန် ရန်လိုနေပုံရသည်။
“စီနီယာတို့... ဘာကိစ္စကြောင့် ဒီကို ရောက်လာကြတာလဲလို့ မေးပါရစေ...”
“အပိုတွေ ပြောမနေနဲ့... ကျုပ် မေးမယ်... သခင်မလေးရှောက်ချင်းကို ဖမ်းဖို့ ခင်ဗျား လူလွှတ်ခဲ့တာလား...”
တုကူးဖူကွေ့က ရှေ့သို့ အရင်ဆုံး ထွက်လာပြီး မည်သည့် ရိုသေမှုမျိုးမှ မပြဘဲ ပြောလိုက်သည်။
“ရိုင်းစိုင်းလှတဲ့ ကောင်... အရှင်မင်းမြတ်ကို ဒီလိုပြောရအောင် မင်းက ဘယ်သူမို့လို့လဲ...”
အနီးနားရှိ မိန်းမစိုးတစ်ဦးက တုကူးဖူကွေ့ကို ကြိမ်းမောင်းလိုက်သည်။
“မင်းကရော ဒီသခင်လေးကို ကြိမ်းမောင်းရအောင် ဘယ်သူမို့လို့လဲ...”
တုကူးဖူကွေ့က ပြန်လည်ပက်ချလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ ခါးမှ အဆောင်တစ်ခုကို ဖြုတ်ကာ ရှေ့သို့ ပစ်ချလိုက်သည်။
အဆောင်က မြေပြင်ပေါ်သို့ ကျသွားသည်။ ရိုးရှင်းပြီး အလှအပတန်ဆာဆင်မှု မပါသော်လည်း ၎င်းပေါ်ရှိ 'တုကူး' ဟူသော စာလုံးနှစ်လုံးက အရှင်မင်းကြီး၏ မျက်နှာကို သိသိသာသာ ပြောင်းလဲသွားစေသည်။
မိန်းမစိုး၏ မျက်နှာမှာလည်း ထိုအဆောင်ကို မြင်လိုက်ရသည်နှင့် ချက်ချင်း ဖြူရော်သွားတော့သည်။
တုကူးမိသားစုကို မသိသူဟူ၍ မရှိပေ။ ထို့ပြင် ရာထူးပိုမြင့်လေလေ ဤမိသားစု၏ အင်အားအကြောင်းကို ပိုသိလေလေဖြစ်သည်။ ဤသူမှာ အရှင်မင်းကြီး၏ ကိုယ်ပိုင် မိန်းမစိုးဖြစ်သောကြောင့် သာမန်လူများ မသိသည့် ကိစ္စများစွာကို သိရှိထားပြီး ထိုအထဲတွင် တုကူး အထက်တန်းလွှာမိသားစုအကြောင်း အချက်အလက်များလည်း အများအပြား ပါဝင်သည်။
‘ငါ အခုလေးတင် တုကူးမိသားစုက လူတစ်ယောက်ကို ဆူပူကြိမ်းမောင်းလိုက်မိတာလား...’
‘သူ့ရှေ့ကလူရဲ့ ပုံပန်းသဏ္ဍာန်ကို ကြည့်ရတာ ဒီလူက အပြင်မှာ ခရီးသွားနေတဲ့ တုကူးမိသားစုရဲ့ ပြောရေးဆိုခွင့်ရှိသူ မဟုတ်ဘူးလား...’
ဤအချိန်တွင် မိန်းမစိုးမှာ သူ့ကိုယ်သူသာ ပါးရိုက်ပစ်ချင်စိတ် ပေါက်သွားတော့သည်။
“သခင်လေးတုကူး ရောက်လာတာကို ကျုပ် သတိမထားမိလိုက်ဘူး... ဒါပေမဲ့ ဒီလောက် ရန်လိုနေတဲ့ အရှိန်အဝါကြီးနဲ့ဆိုတော့ ကျုပ် ရှမျိုးရိုးက တစ်ခုခုများ အမှားလုပ်မိလို့လား...”
ဤမျှများပြားလှသော ပညာရှင်များရှေ့တွင် အရှင်မင်းကြီးက သူ၏ အမည်ခံ ဂုဏ်သိက္ခာကို စွန့်လွှတ်လိုက်ရသည်။
မဟာရှ ဆိုသည်မှာ အင်ပါယာမင်းဆက်တစ်ခု မှန်သော်လည်း ပွင့်ပွင့်လင်းလင်း ပြောရလျှင် လောကီကမ္ဘာကို အုပ်ချုပ်နေသော ထိပ်တန်း အထက်တန်းလွှာ မိသားစုကြီးတစ်ခုမျှသာ ဖြစ်သည်။ ဤဂိုဏ်းချုပ်များနှင့် ပညာရှင်ကြီးများက စုမိသားစုကို အညံ့ခံအောင် ဖိအားပေးနိုင်လျှင် ရှအင်ပါယာကိုလည်း အညံ့ခံအောင် ဖိအားပေးနိုင်စွမ်း ရှိကြပေသည်။
“ကျုပ် မေးမယ်... သခင်မလေးရှောက်ချင်းကို ဖမ်းဖို့ ခင်ဗျား လူလွှတ်ခဲ့တာလား...”
“သခင်လေးတုကူး ပြောတဲ့ ‘ဖမ်းတယ်’ ဆိုတာ ဘာကိုဆိုလိုမှန်း ကျုပ် နားမလည်ပါဘူး... ဓာတ်ကြီးငါးပါးခန်းမက ကျုပ်တို့ ရှအင်ပါယာအပေါ်မှာ ကျေးဇူးရှိတယ်... ပထမတပည့် ကျန်းယိက သူ့မင်္ဂလာဆောင်ကို ကြီးမှူးပေးဖို့ ကျုပ်ကို တောင်းဆိုခဲ့တယ်... ပြီးတော့ သူနဲ့ ရှောက်ချင်းဆိုတဲ့ အမျိုးသမီးကြားမှာလည်း လက်ထပ်စာချုပ် ရှိနေတယ်... ဒါကို ရှောက်ချင်းရဲ့ မိသားစုဆီကနေလည်း ကျုပ် အတည်ပြုထားပြီးသားပါ... အရာသိခန်းမက သူတို့ရဲ့ အင်အားကိုသုံးပြီး ရှောက်ချင်းကို အနိုင်ကျင့် ဖမ်းဆီးထားလို့ သူမကို ကယ်ထုတ်ဖို့ လူငယ်သူရဲကောင်းကျန်းယိကို ကျုပ်က လူလွှတ်ကူညီပေးခဲ့တာပါ... ဒါက ဘယ်လိုလုပ်ပြီး ဖမ်းဆီးတာ ဖြစ်သွားရတာလဲ...”
“ရှ မျိုးရိုးနာမည်နဲ့လူ... ခင်ဗျား အမှားလုပ်လိုက်ပြီ... သခင်မလေးရှောက်ချင်းက သူဌေးလုရဲ့ မိန်းမ... အရာသိခန်းမက သခင်မလေးရှောက်ချင်းရဲ့ မိတ်ဆွေတွေပဲ... ခင်ဗျားက အရာသိခန်းမနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ လူတွေလွှတ်ပြီး သခင်မလေးရှောက်ချင်းကို အတင်းအဓမ္မ ခေါ်ဆောင်သွားတယ်... အခုတော့ သခင်မလေးရှောက်ချင်း ဘာမှမဖြစ်ပါစေနဲ့လို့ ခင်ဗျား ဆုတောင်းနေသင့်ပြီ... အဲဒီလိုမှ မဟုတ်ရင် ခင်ဗျားရဲ့ အင်ပါယာတော့ ပြီးပြီပဲ”
အဝီစိတောင်ကြား၏ မဟာအကြီးအကဲက အေးစက်စွာ နှာမှုတ်ရင်း ပြောလိုက်သည်။
“သူဌေးလု ဟုတ်လား... ခင်ဗျားတို့က မြို့ထဲက တည်းခိုခန်းကို ပြောနေတာလား...”
“ဟုတ်တယ်... သူဌေးလုက ပိုင်သခင်ကြီးနဲ့ တန်းတူအဆင့်အတန်းနဲ့ ဆက်ဆံတဲ့ မိတ်ဆွေပဲ... တကယ်လို့များ သူ တကယ် ဒေါသထွက်သွားရင် အလယ်ပိုင်းကုန်းမြေတိုက်မှာ ခင်ဗျားကို ဘယ်သူမှ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး...”
ဂိုဏ်းချုပ်အသီးသီးသည် လုချန် မည်သည့်နေရာတွင် ရှိနေသည်ကို ရှာဖွေရန် ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။
ဂိုဏ်းချုပ်များ၏ စကားကို ကြားလိုက်ရသောအခါ အရှင်မင်းကြီးမှာ အချိန်အတော်ကြာအောင် ဆွံ့အသွားလေသည်။
‘ဟို တည်းခိုခန်းသူဌေးက ပိုင်သခင်ကြီးနဲ့ တန်းတူအဆင့်အတန်းနဲ့ ဆက်ဆံတယ် ဟုတ်လား...’
တကယ်တမ်းတော့ သူ၏ စိတ်ထဲတွင် အရာအချို့ကို သိရှိထားပြီးဖြစ်သည်။ ယခုလေးတင် သူ ပြောခဲ့သည်များက အရူးဟန်ဆောင်နေခြင်းသာ ဖြစ်၏။ မြို့တော်ကို ချိတ်ပိတ်ထားချိန်က အရှင်မင်းကြီးတစ်ပါးဖြစ်သော သူက ဂုဏ်သိက္ခာကို အောက်ချပြီး တစ်စုံတစ်ယောက်နှင့် ညှိနှိုင်းခဲ့သော်လည်း ရက်စက်စွာ ငြင်းပယ်ခံခဲ့ရသည် မဟုတ်ပါလား။ သူ ဘာမှမပြောခဲ့သော်လည်း အရှင်မင်းကြီးတစ်ပါးအနေဖြင့် မည်သို့မျှ မခံစားရဘဲ နေပါမည်လော။
ထို့ကြောင့် လွန်ခဲ့သော ငါးရက်က ကျန်းယိ သူ၏ထံ တောင်းဆိုလာချိန်တွင် တည်းခိုခန်းသူဌေးအား သတိပေးသည့်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ ပညာရှင်အချို့ကို စေလွှတ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ယနေ့ ဖြစ်ပျက်ခဲ့သည်များက သူ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်သွားခဲ့လေပြီ။
သူ၏ စိတ်ထဲရှိ စိုးရိမ်ပူပန်မှုက ဘယ်ကလာသလဲဆိုတာကို အခုတော့ သူ သဘောပေါက်သွားပြီဖြစ်သည်။
မြို့တော်ရှိ ရှောက်မိသားစု၌ကား ရှောက်ချင်း၏ ဒေါ်လေးသည် ပင်မခန်းမဆောင်ထဲတွင် ထိုင်နေရင်း သူမ၏ လက်ကောက်ဝတ်ရှိ ကျောက်စိမ်းလက်ကောက်ကို ပွတ်သပ်နေသည်။ လွန်ခဲ့သည့် နှစ်ရက်က ကျန်းယိက သူ့အတွက် စကားကောင်းလေး ပြောပေးရန် တောင်းဆိုရင်း ၎င်းကို သူမအား ပေးခဲ့ခြင်းဖြစ်သည်။
နန်းတော်မှ လူများသည်လည်း လုပ်ထုံးလုပ်နည်းအရ လာရောက်မေးမြန်းရုံသာဖြစ်ကြောင်း သူမ သိရှိထားသဖြင့် ရှောက်ချင်းနှင့် ကျန်းယိတို့ကြားတွင် အရင်ကတည်းက လက်ထပ်စာချုပ် ရှိခဲ့သည်ဟု ချက်ချင်း လိမ်လည်ပြောဆိုခဲ့လေသည်။
“ဟွန့်... ခွေးမလေး... နင်က ငါ့ကိုများ ဆန့်ကျင်ရဲတယ်ပေါ့လေ... အခုတော့ နင် တကယ့်ကို ကောင်းကောင်း ခံစားနေရလောက်ပြီ... ဟားဟား...”
*