လုချန်က မြို့တော်ကို ဖြတ်ကျော်ပြေးလွှားသွားရင်း ဒီလိုမြို့ကြီးပြကြီးမှာ နေထိုင်ရတာ ဘယ်လောက်တောင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလိုက်သလဲဆိုတာကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
သူ၏ အပြင်ထွက်ခွင့် အချိန်များက တဖြည်းဖြည်း လျော့ကျလာနေပြီ ဖြစ်သည်။ ကျယ်ဝန်းလှသော မြေနေရာကို ယူထားပြီး လုံခြုံရေး အထပ်ထပ် ချထားသော ယင်စံအိမ်ကို သူ လှမ်းမြင်နေရပြီဖြစ်သည်။ 'အမတ်ချုပ်' ဟူသော စာတန်းက ၎င်း၏ အဆင့်အတန်းကို ကိုယ်စားပြုနေ၏။
လုချန်က ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ အမြန်တက်သွားလိုက်သည်။
"ဘယ်သူကများ အမတ်ချုပ်စံအိမ်ကို ကျူးကျော်ဝင်ရောက်ရဲတာလဲ..."
အမတ်ချုပ်စံအိမ်မှ အစောင့်များက သူ၏ လမ်းကို ပိတ်ဆို့လိုက်ကြသည်။
လုချန်က စိုးရိမ်ပူပန်နေသဖြင့် သူတို့နှင့် စကားအများကြီးပြောမနေတော့ဘဲ သူ၏ စွမ်းရည်များကို ထုတ်သုံးလိုက်သည်။
သို့သော် ဤအခြေအနေတွင် သူ၏ စနစ်စွမ်းရည်များက အသုံးမဝင်လှပေ။ အမတ်ချုပ်စံအိမ်တွင် အစောင့်များ အလွန်များပြားလှပြီး သူ့ကို လုံးဝ ဝန်းရံပိတ်ဆို့သွားကြသည်။
ထိုအရေးကြီးသော အချိန်လေးတွင် ဖေ့ယွမ်က အနောက်ဘက်မှ အပြေးအလွှား ရောက်လာသည်။
"သူဌေးလု... ခင်ဗျားကို ကူညီဖို့ ကျုပ်တို့ ရောက်လာပြီ..."
ဖေ့ယွမ်က အရာသိခန်းမမှ တပည့်များကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ အချို့မှာ သွေးများ စိမ့်ထွက်နေသော ပတ်တီးဖြူများ စည်းနှောင်ထားရဆဲဖြစ်သည်။ ဖေ့ယွမ်ကိုယ်တိုင်လည်း ထိုနည်းတူပင်။ အရာသိခန်းမရှေ့တွင် လုချန်ကို ဆီးကြိုရန် လေထဲမှ လမ်းလျှောက်လာနိုင်ခဲ့သော်လည်း အရာသိခန်းမမှ ယင်စံအိမ်သို့ အပြေးအလွှား လာရုံဖြင့် သူ၏ ဒဏ်ရာများက ပြန်လည် ဖောက်ပြန်လာခဲ့သည်။
သူသာ ပြင်းထန်စွာ ဒဏ်ရာရပြီး သတိလစ်မသွားခဲ့ဘူးဆိုလျှင် ရှောက်ချင်းတစ်ယောက် အရာသိခန်းမထဲမှနေ၍ မည်သို့လုပ် ဖမ်းဆီးခံရပါမည်နည်းဆိုသည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။
ယင်ချင်ချင်က စံအိမ်ထဲတွင် ထိုင်ရင်း လက်ဖက်ရည်ကို ဖြည်းညင်းစွာ သောက်ကာ သူမရှေ့ရှိ အဘွားအိုကို အမိန့်ပေးနေသည်။
"အဲဒီ ခွေးမကို အပြင်ဆွဲထုတ်သွားစမ်း... သူက အပျိုစင်လေး ဟုတ်တယ်မလား... အကျဉ်းထောင်ထဲသွားပြီး အကျဉ်းသား နည်းနည်းလောက် ခေါ်လာခဲ့... အဲဒီ ခွေးမကို လမ်းမပေါ်မှာ သူတို့နဲ့ အကြမ်းပတမ်း ကစားခိုင်းလိုက်မယ်..."
ထိုစကားကို ကြားသောအခါ အဘွားအို၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး အမိန့်ကို အကောင်အထည်ဖော်ရန် ထွက်သွားလေသည်။
မကြာမီမှာပင် အခြား အစေခံတစ်ဦးဖြစ်သော ယင်စံအိမ်၏ အိမ်တော်ထိန်းက အခန်းထဲသို့ ဝင်လာသည်။
"သခင်မလေး... ဒီလိုလုပ်တာ မသင့်တော်ဘူးထင်တယ်... တည်းခိုခန်းသူဌေးကို ရန်မစဖို့ သခင်ကြီးက မှာထားတယ်လေ..."
ယင်ချင်ချင်၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်လာသည်။
"အဖေပြောခဲ့တာက လွန်ခဲ့တဲ့ တစ်လက ကိစ္စလေ... တည်းခိုခန်းသူဌေးက ရိက္ခာနည်းနည်းပါးပါး ရှိတာကို အားကိုးပြီး မောက်မာနေခဲ့တာ... အခု မြို့တံခါးတွေလည်း ဖွင့်လိုက်ပြီဆိုတော့ သူ့မှာ ဘာအင်အားတွေများ ကျန်သေးလို့လဲ..."
"သတင်းပို့ပါတယ်..."
တံခါးဝမှ သတင်းပို့သူ၏ အသံ ထွက်ပေါ်လာသည်။
"သခင်မလေးကို သတင်းပို့ပါတယ်... တံခါးဝမှာ တိုက်ပွဲဖြစ်နေပါတယ်... လု မျိုးရိုးနာမည်နဲ့လူက အရာသိခန်းမက လူတွေနဲ့ ရောက်လာတာပါ..."
"အိုး..."
ယင်ချင်ချင်၏ မျက်နှာတွင် အံ့သြသွားသည့် အရိပ်အယောင်လေး ပေါ်လာသည်။
"သူက လာရဲသေးတယ်ပေါ့... အရာသိခန်းမကို အားကိုးပြီး သူ့မှာ ဘာအင်အား ရှိနေလို့လဲ... ဒါလည်း ကောင်းတာပဲ... သူ့ရှေ့မှာတင် အဲဒီခွေးမနဲ့ လူတွေကို ကစားခိုင်းလိုက်မယ်... သူ့မျက်နှာအမူအရာက တော်တော်လေး ကြည့်ကောင်းမှာပဲ... ဟားဟား..."
ယင်ချင်ချင်က လက်ဖက်ရည်ခွက်ကို ချလိုက်ရာ သူမ၏ မျက်နှာက မလိုမုန်းထားမှုများဖြင့် ရှုံ့မဲ့သွားလေသည်။
တံခါးရှေ့တွင် အရာသိခန်းမမှ လူများနှင့် ယင်စံအိမ် အစောင့်များ တိုက်ခိုက်နေကြသည်။ တည်းခိုခန်း၏ အထောက်အပံ့များ မရှိတော့သဖြင့် လုချန်မှာ နေရာတိုင်းတွင် ကန့်သတ်ခံနေရပြီး [ကောင်းကင်ကိုးဆင့် ကြယ်ဝတ်ရုံ] မှာလည်း သူ တည်းခိုခန်းသို့ ပြန်ရောက်စဉ်ကတည်းက စနစ်မှ ပြန်လည်သိမ်းဆည်းသွားခဲ့ပြီဖြစ်သည်။
"အားလုံး ရပ်လိုက်ကြစမ်း..."
ယင်ချင်ချင်၏ အသံက ထွက်ပေါ်လာသည်။ ယင်စံအိမ်၏ ပင်မတံခါးကြီး ပွင့်လာပြီးနောက် မင်းသမီးတစ်ပါးအလား ဟန်ပန်ဖြင့် သူမ ထွက်ပေါ်လာရာ သူမ၏ မျက်နှာပေါ်တွင် အောင်ပွဲခံသည့် အပြုံးတစ်ခု အထင်းသား ပေါ်လွင်နေ၏။
"အယ်မယ်လေး... ဒါ တည်းခိုခန်းသူဌေး မဟုတ်လား... မြို့တော်က ဘယ်အချိန်ကစပြီး ဒီလောက်တောင် စည်းကမ်းမဲ့သွားရတာလဲ... ခွေးလေခွေးလွင့် ကြောင်လေကြောင်လွင့်တွေတောင် ငါ့ရဲ့ အမတ်ချုပ်စံအိမ်ကို ကျူးကျော်ဝင်ရောက်ရဲနေပြီပဲ... ပြီးတော့ ဟို ဖေ့ မျိုးရိုးနာမည်နဲ့လူ... ရှင်က ကျွန်မတို့ မဟာရှအင်ပါယာကို ပုန်ကန်ချင်နေတာလား..."
ယင်ချင်ချင်ကို သူမ၏ ဘေးပတ်လည်ရှိ လူများက ကာကွယ်ပေးထားပြီး များပြားလှသော အစောင့်များက လုချန်၏ လမ်းကို ပိတ်ဆို့ထားကြသည်။
"ရှောက်ချင်း ဘယ်မှာလဲ..."
လုချန်က တိုက်ရိုက်ပင် မေးချလိုက်သည်။
"ဘာပြောလိုက်တာလဲ... ငါ သေချာမကြားလိုက်ဘူး..."
ယင်ချင်ချင်က နားကို လက်ဝါးဖြင့် ကာ၍ ဟန်ဆောင်ပန်ဆောင် လုပ်ပြလိုက်သည်။
"ငါ မေးနေတယ်... ရှောက်ချင်း ဘယ်မှာလဲလို့..."
"သူက ငါ့ကို မေးနေတာလား..."
ယင်ချင်ချင်က မသိချင်ယောင်ဆောင်ကာ အနီးနားရှိ အစောင့်ကို လှမ်းမေးလိုက်သည်။
အစောင့်က မသိကြောင်း ပြန်ဖြေလိုက်သည်။
ယင်ချင်ချင်က အော်ဟစ်ရယ်မောလိုက်သည်။
"ရယ်ရတယ်... တကယ်ကို ရယ်ရတယ်... အမတ်ချုပ်ကြီးရဲ့ သမီးဖြစ်တဲ့ ငါ့ကို သာမန်အရပ်သား တစ်ယောက်ကများ လာမေးခွန်းထုတ်နေတယ်ပေါ့လေ... သူက ကိုယ့်နေရာ ကိုယ်မသိဘူးလား..."
လုချန်၏ မျက်နှာက အုံ့မှိုင်းသွားသည်။
ယင်းကိုမြင်သောအခါ ယင်ချင်ချင်၏ အပြုံးက ပိုကျယ်လာသည်။
"ဘာလဲ... သာမန်အရပ်သားလေးက မကျေမနပ် ဖြစ်နေသေးတာလား... နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေလဲ... နင့်လိုပဲ အသုံးမကျတဲ့ နင့်အနောက်က အမှိုက်ကောင်တွေကို အားကိုးနေတာလား... အစောင့်တွေ... အဲဒီ ခွေးမကို ဒီကို ဆွဲခေါ်လာခဲ့စမ်း..."
ယင်ချင်ချင်၏ အမိန့်ပေးသံအဆုံးတွင် အမတ်ချုပ်စံအိမ် တံခါးရှေ့၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ညစ်ပတ်ပေရေနေပြီး သံခြေကျင်းများ ခတ်ထားသော အမျိုးသား အကျဉ်းသားအချို့ကို ခေါ်ဆောင်လာခဲ့ရာ သူတို့တစ်ယောက်ချင်းစီက ညစ်ညမ်းသော ရယ်မောသံများကို ထုတ်လွှတ်နေကြသည်။
ကြမ်းကြုတ်သော မျက်နှာထားဖြင့် အဘွားအိုတစ်ဦး ထွက်ပေါ်လာသည်။ သူမက အနက်ရောင် ဆံပင်တစ်ဆုပ်ကို ဆွဲကိုင်ထားရာ ထိုမြင်ကွင်းက လုချန်၏ မျက်လုံးများကို ဒေါသကြောင့် ကွဲထွက်မတတ် ဖြစ်သွားစေသည်။
ထိုအနက်ရောင် ဆံပင်များက ရှောက်ချင်း၏ ဆံပင်များပင် ဖြစ်သည်။
ယခုအချိန်တွင် ရှောက်ချင်း၏ ဂါဝန်ရှည်လေးမှာ စုတ်ပြတ်သတ်နေပြီဖြစ်သည်။ ဖော်ပြွတ်နေသော အသားအရေများမှာ ယခင်လို ဖြူဝင်းမနေတော့ဘဲ ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။
သူမ၏ လှပသော မျက်နှာလေးမှာ သွေးရောင် လုံးဝ မရှိတော့ဘဲ ပါးပြင်များပေါ်တွင် အနီရောင်အရာများ ဖုံးလွှမ်းနေသည်။ သူမ၏ လက်များမှာလည်း ဖောင်းအစ်နေပြီး အသက်ရှူသံမှာလည်း မီးခိုးငွေ့မျှင်လေးတစ်ခုလို သဲ့သဲ့လေးသာ ရှိတော့သည်။ ဤအချိန်အတောအတွင်း သူမ မည်မျှလောက် နှိပ်စက်ညှဉ်းပန်းခံခဲ့ရမည်ကို တွေးကြည့်ရန်ပင် ခက်ခဲလှပေသည်။
လုချန်၏ အသက်ရှူသံများက သိသိသာသာ ပြင်းထန်လာပြီး သူ၏ လက်သီးများကို အံတင်းတင်းကြိတ်ကာ ဆုပ်ထားလိုက်သည်။ ရင်ဘတ်ထဲမှ ဒေါသများက ပေါက်ကွဲထွက်လာရာ သူသည် ယခု ယင်စံအိမ်တစ်ခုလုံးရှိ လူအားလုံးကို သတ်ပစ်ချင်စိတ် ပေါက်နေပြီဖြစ်သည်။
"အယ်မယ်လေး... ကြည့်စမ်း... ခွေးပေါက်လေးက သဘောမကျဖြစ်နေတယ်... တို့တွေ ဘယ်လိုလုပ်ကြမလဲ..."
"တိုက်ခိုက်ကြ..."
ဖေ့ယွမ်၏ မျက်လုံးများကလည်း သွေးရောင်လွှမ်းနေသည်။ ရှောက်ချင်းနှင့် ဖေ့ယီရှန်တို့က ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ကြသူများဖြစ်ပြီး ဖေ့ယွမ်ကလည်း ရှောက်ချင်းကို သူ၏ သမီးတစ်ဝက်ကဲ့သို့ သဘောထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုနေ့က ရှောက်ချင်းကို မကာကွယ်နိုင်ခဲ့သည့်အတွက် သူ့ကိုယ်သူ အပြစ်တင်နေခဲ့ရသည်။ ယနေ့ ရှောက်ချင်းကို ဤအခြေအနေဖြင့် မြင်လိုက်ရသောအခါ သူ၏ နှလုံးသားက အလွန်အမင်း နာကျင်သွားရသည်။
သို့သော် သူ အလွန်အမင်း ပြင်းထန်စွာ ဒဏ်ရာရထားသည်။ အနည်းငယ် အားစိုက်လိုက်ရုံဖြင့် ရင်ဘတ်မှ ဒဏ်ရာက ပေါက်ကွဲထွက်သွားပြီး သွေးများ အများအပြား ပန်းထွက်လာသည်။ ဤအရာများက နန်းတွင်းကိုယ်ရံတော်များ ချန်ရစ်ထားခဲ့သော ဒဏ်ရာများဖြစ်သည်။
"အသုံးမကျတဲ့ အကောင်တွေကများ ငါ့ရဲ့ အမတ်ချုပ်စံအိမ်မှာ လာပြီး ရုတ်ရုတ်သဲသဲ လုပ်ရဲတယ်ပေါ့..."
အားကောင်းလှသော အရှိန်အဝါတစ်ခုက အမတ်ချုပ်စံအိမ်ထဲမှ ပျံ့နှံ့လာပြီး ဖေ့ယွမ်နှင့် အခြားသူများကို တောင်ကြီးတစ်လုံးအလား ဖိချလိုက်သည်။ စံအိမ်တံခါးဝမှနေ၍ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဖြည်းညင်းစွာ ထွက်လာသည်။ သူက ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း သူ၏ ကိုယ်ပေါ်ရှိ လျှပ်စီးကြောင်းနှစ်ခုက သူ၏ ထူးခြားလှသော သဘာဝကို ကိုယ်စားပြုနေ၏။ ဤသူမှာ ကပ်ဘေးကျော်ဖြတ်ခြင်း ဒုတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။
"ဒုတိယဦးလေး... ရောက်လာပြီပဲ..."
ယင်ချင်ချင်က တက်ကြွစွာ နှုတ်ဆက်လိုက်သည်။
"ဒီလူတွေက ဘယ်သူတွေလဲ..."
"စည်းကမ်းမဲ့တဲ့ သာမန်အရပ်သားတချို့ပါ..."
"စည်းကမ်းမဲ့တဲ့ သာမန်အရပ်သားတွေ ဟုတ်လား..."
ယင်ချင်ချင်၏ ဒုတိယဦးလေး အကြည့်များက မီးတောက်တစ်ခုအလား လူတိုင်းအပေါ် ဖြတ်ဆင်းသွားပြီးနောက် ရုတ်တရက် ဟိန်းဟောက်လိုက်သည်။
"စည်းကမ်းမဲ့တဲ့ သာမန်အရပ်သားတွေဆိုရင် ဘာလို့ ထွက်မသွားကြသေးတာလဲ..."
"ခင်ဗျားတို့ ယင်စံအိမ်က ကျုပ် ချစ်ရတဲ့သူကို ဖမ်းထားတာလေ..."
လုချန်က အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။ ဤကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်၏ အရှိန်အဝါက သူ့အပေါ်သို့ တောင်ငယ်တစ်လုံးအလား ဖိချထားသဖြင့် သူ၏ ခန္ဓာကိုယ်မှာ ကွေးညွတ်သွားရသည်။ သူ၏ နဖူးပေါ်တွင် ချွေးပေါက်ကြီးများ ထွက်လာသည်။
"ဒီမြို့တော်မှာ ငါတို့ အမတ်ချုပ်စံအိမ်က ဖမ်းချင်တဲ့လူကို ဖမ်းခွင့်ရှိတယ်... မင်း မကျေနပ်ရင် လာပြီး ရင်ဖွင့်လို့ရပါတယ်... ဒါပေမဲ့..."
ယင်ချင်ချင်၏ ဒုတိယဦးလေးက ရှေ့သို့ ခြေနှစ်လှမ်းတိုးလာပြီး သူ၏ အကြည့်က လုချန်ထံ ကျရောက်သွားသည်။
"မင်းမှာ အဲဒီလိုလုပ်နိုင်တဲ့ အရည်အချင်းရော ရှိလို့လား..."
ရုတ်တရက် ဧရာမ အင်အားကြီးတစ်ခုက လုချန်ထံသို့ ဝင်ဆောင့်လိုက်သည်။ လုချန်အတွက်မူ အရှိန်ပြင်းပြင်း မောင်းနှင်လာသော ကုန်တင်ကားတစ်စီးနှင့် တိုက်မိသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ အတွင်းကလီစာများပင် နေရာရွေ့သွားသလို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ အထိန်းအကွပ်မဲ့စွာ နောက်သို့ လွင့်စင်သွားကာ မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်း ပြုတ်ကျသွားလေသည်။
"ဒီလောကမှာ ခွန်အားကြီးတဲ့သူက အားနည်းတဲ့သူကို အနိုင်ကျင့်တာပဲ... မင်း မကျေနပ်ရင် ဝင်ပြောခွင့်ရှိတယ်... ဒါပေမဲ့ အဓိက လိုအပ်ချက်က သတ်မှတ်ထားတဲ့ ခွန်အားအဆင့်တစ်ခု ရှိဖို့ပဲ... မေးပါရစေ... မင်းမှာ အဲဒါ ရှိလို့လား..."
ဤကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်၏ ပတ်ပတ်လည်တွင် မျက်စိဖြင့် မမြင်နိုင်သော ချီစွမ်းအင်များ ရိုက်ခတ်နေသည်။ အလွန်အမင်း ပြင်းထန်စွာ ဒဏ်ရာရနေပြီးသားဖြစ်သော ဖေ့ယွမ်နှင့် အခြားသူများက သူ့ကို မည်သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။ သူတို့အားလုံး လုချန်ကဲ့သို့ပင် နောက်သို့ လွင့်စင်သွားကြသည်။
သူ၏ စကားတစ်ခွန်းတည်းဖြင့်ပင် ထိုနေရာရှိ လူအများစုကို ရှင်းလင်းဖယ်ရှားလိုက်နိုင်သည်။ ဤကပ်ဘေးကျော်ဖြတ်ခြင်း ဒုတိယအဆင့် ပညာရှင်သည် မည်မျှလောက်တောင် ဗိုလ်ကျစိုးမိုးနိုင်စွမ်း ရှိလိုက်သနည်း။
ယင်ချင်ချင်၏ စူးရှသော ရယ်မောသံ ထွက်ပေါ်လာသည်။
"လု မျိုးရိုးနာမည်နဲ့လူ... နင့်ရဲ့ အားကိုးရာက ဒီအသုံးမကျတဲ့ အရာသိခန်းမက လူတွေတော့ မဟုတ်ပါဘူးနော်... ဝိညာဉ်ပြောင်းလဲခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်သိုက်လောက်နဲ့ နင့်ကိုယ်နင် အရေးပါလှပြီ ထင်နေတာလား... အကြွင်းမဲ့ အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက်ရှေ့မှာ နင်တို့က ပုရွက်ဆိတ်လေးတွေပဲ... ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့်ဆိုတာ ဘာလဲ နင် နားလည်လား... အဲဒီ ခွေးမကို အရှေ့ပစ်ချလိုက်စမ်း..."
အဘွားအို၏ မကောင်းဆိုးဝါးဆန်သော ရယ်မောသံ ထွက်ပေါ်လာပြီး သူမက သတိလစ်နေသော ရှောက်ချင်းကို မြေပြင်ပေါ်မှနေ၍ ဆံပင်မှဆွဲကာ တရွတ်တိုက် ခေါ်ဆောင်လာသည်။ သတ်မှတ်ထားသော နေရာသို့ ရောက်သောအခါ သူမက တမင်တကာ အားစိုက်လိုက်ပြီး ရှောက်ချင်း၏ ခေါင်းကို မြေပြင်နှင့် အရှိန်ပြင်းပြင်း ဆောင့်မိစေလိုက်သည်။
*