လုချန် စကားပြောပြီးနောက် တိတ်ဆိတ်သွားကာ ဤလူများအား အချက်အလက်များကို ခြေဖျက်လက်ခံနိုင်ရန် အချိန်ပေးလိုက်သည်။
မည်သို့ပင်ဆိုစေ ဤသတင်းက အလွန်အမင်း အံ့ဩတုန်လှုပ်ဖွယ် ကောင်းလွန်းလှသည်။ ၎င်းမှာ ခေတ်သစ်ကမ္ဘာရှိ လူတစ်ဦးအား ကမ္ဘာကြီးသည် သက်ရှိသတ္တဝါတစ်ကောင်မျှသာ ဖြစ်ပြီး သင်က ထိုသတ္တဝါ၏ ဆဲလ်တစ်ခုမျှသာ ဖြစ်ကြောင်း ပြောပြလိုက်သလိုမျိုးပင်။ ထို့ပြင် ဤသတင်းကို ကမ္ဘာမြေပြင်မှ ထွက်ခွာပြီး အခြားသော သက်ရှိများနှင့် မတူညီသော ဆဲလ်အမျိုးအစားများကို မြင်တွေ့ခဲ့ရသူတစ်ဦးက အတည်ပြုပေးနေခြင်းမျိုးနှင့် တူညီနေသည်။
ခေတ္တမျှကြာပြီးနောက် လူတိုင်းက ဤအကြောင်းကို အနည်းနှင့်အများ လက်ခံနိုင်သွားသည့်အခါ လုချန်က ဆက်ပြောသည်။
"ကျုပ် အခုဆက်ပြောမယ့် ကိစ္စက ကုန်းမြေတိုက်ငါးခုရဲ့ အပြင်ဘက်မှာ ရှိတဲ့အရာတွေနဲ့ ဘာမှမဆိုင်တော့ဘူး... မဟာယာနအဆင့်ဆိုတာ ဒဏ္ဍာရီလာ အဆင့်တစ်ခု မဟုတ်ဘဲ တခြားနည်းလမ်းတွေကနေတစ်ဆင့် အဲဒီအဆင့်ကို ရောက်ရှိနိုင်တယ်ဆိုတာကို ခင်ဗျားတို့ သိအောင်လို့ ခုနက စကားတွေကို ကျုပ် ပြောပြခဲ့တာပါ... ကဲ... အခု ဒီမြေပုံကို ကြည့်လိုက်"
လုချန်က သူ၏ လက်ညိုးဖြင့် မြေပုံပေါ်ရှိ နေရာများကို ဆက်တိုက် ထောက်ပြလိုက်သည်။
"ဒါက အဝီစိတောင်ပဲ... တောင်ခါးပန်းမှာ ဂူတစ်ဂူ ရှိတယ်... ဒါက ချန်ခွန်းဂိုဏ်း... မြေအောက် မီတာသုံးရာအနက်မှာ ရှေးဟောင်း ယဇ်ပလ္လင်တစ်ခု ရှိတယ်... ဒါက အလယ်ပိုင်းနဲ့ အရှေ့ပိုင်း ကုန်းမြေတိုက်နှစ်ခုရဲ့ ဆုံချက်နေရာ... ဒီနေရာမှာလည်း အခွင့်အရေးတစ်ခု ရှိတယ်..."
လုချန်က နေရာခုနစ်ဆယ့်နှစ်နေရာကို ထောက်ပြပြီး တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြလေသည်။
"ကုန်းမြေတိုက်ငါးခုလုံးက နောက်ထပ် လေးလအကြာမှာ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်... အဲဒီအချိန်ကျရင် ကုန်းမြေတိုက်ငါးခုက တောင်တန်းတွေအားလုံး ပြိုကျသွားပြီး မြေလွှာတွေ ရွေ့လျားလာကာ တိုက်ကြီးငါးတိုက်လုံး တစ်နေရာတည်းကို စုပေါင်းသွားလိမ့်မယ်... ကျုပ် အခုလေးတင် ပြောပြခဲ့တဲ့ နေရာတွေမှာလည်း တစ်ချိန်တည်းမှာပဲ ထူးခြားတဲ့ဖြစ်စဉ်တွေ ပေါ်ပေါက်လာပြီး သန့်စင်တဲ့ စိတ်ဝိညာဉ်ချီတွေ ကောင်းကင်ယံအထိ ထိုးထွက်လာလိမ့်မယ်... အဲဒီအခါကျရင် လူတစ်ယောက်က နေရာတစ်ခုကို နေရာယူလိုက်ရုံနဲ့ တစ်ရက်အတွင်း မဟာယာနအဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်လိမ့်မယ်"
ကုန်းမြေတိုက်ငါးခု ပေါင်းစည်းသွားသည့်အခါ မဟာယာနအဆင့် ပညာရှင် ခုနစ်ဆယ့်နှစ်ဦး ပေါ်ထွက်လာမည်ဖြစ်ကြောင်းနှင့် တစ်ချိန်တည်းမှာပင် နတ်ဆိုးအရှင်သခင်က ထိုကုန်းမြေတိုက်မှ သူရှာဖွေနေသော ရန်သူများကို ခေါ်ဆောင်လာမည်ဖြစ်ကြောင်း စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည်။ ၎င်းက ကုန်းမြေတိုက်ငါးခုပေါ်တွင် အရက်စက်ဆုံးသော စစ်ပွဲကြီးကို အစပြုပေးမည်ဖြစ်ပြီး ထိုစစ်ပွဲတွင် မဟာယာနအဆင့်အောက် ကျင့်ကြံသူများကိုမဆိုထားနှင့်၊ ကပ်ဘေးကျော်ဖြတ်ခြင်း နဝမအဆင့် ပညာရှင်များပင်လျှင် အမြောက်စာများ ဖြစ်သွားကြမည်ဖြစ်သည်။
ယခု သူတို့ကို ဤသတင်း ပြောပြလိုက်ခြင်းက သူတို့အတွက် အသက်ကယ်လမ်းစတစ်ခု ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုနိုင်ပြီး ပြီးခဲ့သည့် နှစ်ရက်အတွင်းက ကျေးဇူးကို ဆပ်ရန်အတွက် သေချာပေါက် လုံလောက်ပေသည်။
"ကျုပ်ရဲ့ အဝီစိတောင်ခါးပန်းမှာ ဂူတစ်ဂူ ရှိတယ် ဟုတ်လား..."
"သူဌေးလု... ခင်ဗျားက တကယ့်ကို နတ်ဘုရားတစ်ပါးပဲ"
ချန်ခွန်းဂိုဏ်း၏ ဂိုဏ်းချုပ်က အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
"ကျုပ် ဂိုဏ်းရဲ့ မြေအောက် မီတာသုံးရာအနက်မှာ တကယ်ပဲ ယဇ်ပလ္လင်တစ်ခု ရှိပါတယ်... ဒါပေမဲ့ ဒါကို မကြာသေးခင်ကမှ ရှာတွေ့ခဲ့တာပါ... ကျုပ်ရယ်၊ ကျုပ် အဖေရယ် နှစ်ယောက်တည်းပဲ ဒီအကြောင်းကို သိတာပါ... ခင်ဗျားက ဒီလောက်စောစောကတည်းက သိနေလိမ့်မယ်လို့ ကျုပ် တကယ် မယုံနိုင်ဘူး..."
"ကုန်းမြေတိုက်ငါးခုက နောက်လေးလနေရင် တကယ်ပဲ ပေါင်းစည်းသွားမှာလား..."
အချို့လူများက ယခုတိုင် မယုံနိုင်သေးပေ။ အကြောင်းမှာ ဤသတင်းများက ယုံကြည်နိုင်စရာ မရှိလွန်းသောကြောင့် ဖြစ်သည်။ သူဌေးလုက ပိုင်သခင်ကြီးနှင့် တန်းတူအဆင့်အတန်းဖြင့် စကားပြောနိုင်သည် မှန်သော်လည်း သူပြောနေသည့် ဤကိစ္စများကို ပိုင်သခင်ကြီးပင်လျှင် သိနိုင်မည်မထင်ပေ။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားတို့ကို တမင် လိမ်ပြောနေစရာ အကြောင်းမရှိပါဘူး... အမှန်လား၊ အမှားလားဆိုတာ လေးလနေရင် ခင်ဗျားတို့ သိရမှာပါ... ဒါပေမဲ့ ခင်ဗျားတို့အတွက် အမြန်အကျိုးအမြတ်ရနိုင်မယ့် နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်"
"ဘာကိစ္စများလဲ..."
"နတ်ဆိုးအရှင်သခင်က နောက်ထပ် ဆယ့်ငါးရက်လောက်နေရင် ပြန်ပေါ်လာဖို့ များတယ်... အဲဒီအချိန်ကျရင် ပိုင်သခင်ကြီးလည်း ထွက်လာပြီး ခင်ဗျားတို့ကို ဂိုဏ်းအစွဲတွေ ဖယ်ထားပြီး စည်းလုံးကြဖို့ ပြောလိမ့်မယ်... ဘာလို့လဲဆိုတော့ ဒီတစ်ခါ နတ်ဆိုးအရှင်သခင်က အပြည့်အဝ ပြင်ဆင်ပြီးမှ လာမှာမို့လို့ပဲ... နှစ်ခြောက်ဆယ်လောက် ပုန်းအောင်းနေခဲ့တဲ့ သူ့ရဲ့ နတ်ဆိုးဂိုဏ်းက အခုဆိုရင် တွေးကြည့်လို့တောင် မရနိုင်လောက်အောင် အင်အားကြီးမားနေပြီ... ကုစူးမိသားစုနဲ့ မုရုံမိသားစုက ပူးပေါင်းဦးဆောင်ပြီး ဒုတိယအဆင့်နဲ့ တတိယအဆင့် ဂိုဏ်းအသီးသီးကို သူတို့နဲ့ ပူးပေါင်းဖို့ ဆွဲဆောင်ကြလိမ့်မယ်... တကယ်လို့ ခင်ဗျားတို့သာ မစည်းလုံးဘူးဆိုရင် သူတို့ရဲ့ ဖြည်းဖြည်းချင်း ဝါးမျိုတာကို ခံရလိမ့်မယ်... အကောင်းဆုံးကတော့ နောက်ထပ် နှစ်ပတ်အတွင်းမှာ ခင်ဗျားတို့ စည်းလုံးလိုက်ကြတာ အကောင်းဆုံးပဲ"
လုချန်က မကြာမီ ဖြစ်လာမည့် အဖြစ်အပျက်များကို အသေးစိတ် ရှင်းပြပေးကာ အန္တရာယ်များကို ရှောင်ရှားနိုင်ရန် ကူညီပေးလိုက်သည်။ ဤသို့သော အနာဂတ်ဟောကိန်းများက လူတိုင်းကို လက်တွေ့မကျသလို ခံစားရစေသည်။ သူတို့အနေဖြင့် ယုံကြည်ရန် ခက်ခဲနေသော်လည်း အကယ်၍ သူဌေးလုက သူတို့ကို တကယ်လှည့်စားချင်သည်ဆိုပါက ဘာကြောင့် ဤမျှ ယုံကြည်နိုင်စရာမရှိသော စကားများစွာကို ပြောနေရသနည်းဆိုသည်ကိုမူ သူတို့ စဉ်းစား၍မရပေ။ လက်ဖက်ရည်တစ်ခွက်တည်းဖြင့် စိတ်ဝိညာဉ်စွမ်းအားကို တိုးတက်စေနိုင်သည့် သူ၏ အံ့ဖွယ်စွမ်းရည်ဖြင့်ဆိုလျှင် သူတို့အားလုံးကို အကြောင်းမဲ့သက်သက် လှည့်စားနေမည် မဟုတ်သည်မှာ သေချာလှသည်။
နန်းတော်အတွင်းရှိ ရွှေရောင်ပလ္လင် ခန်းမဆောင်၏ အနောက်ဘက်တွင် မြေပြင်ပေါ်မှ ကျောက်တောင်တစ်တောင် ရွေ့လျားသွားပြီး အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာသည်။
ရှအင်ပါယာ အရှင်မင်းကြီးက ထိုအက်ကွဲကြောင်းအပေါ်တွင် ရပ်နေပြီး ပွင့်သွားပြီးနောက် အထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်သွားလေသည်။
"ဘိုးဘေးကြီး... အင်ပါယာမှာ ဒုက္ခရောက်နေလို့ အကူအညီတောင်းဖို့ လာခဲ့တာပါ..."
"အင်း..."
ထို့နောက် ချက်ချင်းဆိုသလိုပင် နန်းတော်အထက်တွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။
တည်းခိုခန်းထဲရှိ လူများက လုချန်၏ စကားများကို တွေးတောနေကြဆဲအချိန်မှာပင် ကောင်းကင်ယံမှ မိုးခြိမ်းသံများကို ကြားလိုက်ရသည်။ စုစုပေါင်း အသံရှစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်ထက်တွင် လျှပ်စီးကြောင်း ရှစ်ခု စုစည်းလာကာ အဆက်မပြတ် လှုပ်ရှားသွားလာနေကြသည်။
"ကပ်ဘေးကျော်ဖြတ်ခြင်း အဋ္ဌမအဆင့်..."
လူတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး တည်းခိုခန်းအဝင်ဝသို့ လျှောက်သွားကာ နန်းတော်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"ရှ မိသားစုက အဘိုးကြီး ထွက်လာပြီထင်တယ်..."
လူတိုင်း၏ အကြည့်များက ထိုနေရာသို့ ရောက်ရှိသွားကြပြီး နန်းတော်အထက်ရှိ ရွှေရောင်အလင်းတန်းက သူတို့၏ မျက်စိများကို ကျိန်းစပ်သွားစေသည်။
ဟင်းလင်းပြင်ထဲသို့ ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။ ကောင်းကင်ထက်ရှိ အဆက်မပြတ် လှုပ်ရှားနေသော လျှပ်စီးကြောင်း ရှစ်ခုသည် ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားသည့်အလား ဟင်းလင်းပြင်ထဲရှိ ထိုပုံရိပ်ဆီသို့ ရူးသွပ်စွာ စီးဆင်းသွားကြသည်။
လျှပ်စီးများ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့်အမျှ ထိုပုံရိပ်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါက တဖြည်းဖြည်း ပိုမိုအားကောင်းလာလေသည်။
တဖြည်းဖြည်းနှင့် လျှပ်စီးများ လုံးဝ ပျောက်ကွယ်သွားပြီး ထိုပုံရိပ်သည်လည်း နန်းတော်မှ ဖြည်းညင်းစွာ ထွက်ခွာလာကာ တည်းခိုခန်းဆီသို့ ဦးတည်လာလေသည်။
"မြို့တော်အတွင်းမှာရှိတဲ့ ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့်အထက် ကျင့်ကြံသူတွေအားလုံး မြို့တော်ကနေ ချက်ချင်း ထွက်သွားကြဖို့ ငါ အမိန့်ပေးတယ်..."
ထိုပုံရိပ်က ပြောလိုက်ရာ သူ၏ အသံက ဟိန်းထွက်သွားပြီး တည်းခိုခန်းဆီသို့ တိုက်ရိုက် ဦးတည်နေ၏။
တည်းခိုခန်းထဲရှိ လူများက ဤစကားများသည် သူတို့ကို ရည်ရွယ်ပြောဆိုနေခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ နားလည်လိုက်ကြသည်။
တည်းခိုခန်းအပြင်ဘက် လမ်းအသွယ်သွယ်တွင် ဝန်းရံထားကြသော အစိုးရရဲမက်များသည် ကောင်းကင်ထက်ရှိ ပုံရိပ်ကို မြင်လိုက်ရသောအခါမှ စုပေါင်းသက်ပြင်းချနိုင်တော့သည်။ ဤမျှ အစွမ်းထက်သော ပညာရှင်ကြီးတစ်ဦး ကြီးကြပ်နေပြီဖြစ်၍ သူတို့ နောက်ဆုံးတော့ ဤမျှလောက် စိုးရိမ်ကြောက်လန့်နေစရာ မလိုတော့ပေ။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူတို့မှာ အလွန်အမင်း တင်းမာနေခဲ့ကြသဖြင့် ကြွက်တက်မတတ်ပင် ဖြစ်နေခဲ့ရသည်။
"အဘိုးကြီးရှ... ခင်ဗျား အခုမှ ထွက်လာတာကို တော်တော်လေး အာဏာပြနေပါလား... ကျုပ်တို့ အတူတူထိုင်ပြီး လက်ဖက်ရည်သောက် စကားပြောနေတာလေးကိုတောင် မရဘူးလို့ ပြောချင်တာလား..."
တုကူးဖူကွေ့က အထိန်းအကွပ်မဲ့စွာဖြင့် တည်းခိုခန်းထဲမှ ထွက်လာပြီး ပုံရိပ်ကို မော့ကြည့်ကာ အော်ပြောလိုက်သည်။
"တကယ်လို့ လက်ဖက်ရည်သောက်ပြီး စကားပြောနေရုံသက်သက်ဆိုရင်တော့ ဒီ အဘိုးကြီးရှက ဝင်စွက်ဖက်မှာ မဟုတ်ဘူး... ဒါပေမဲ့ အခု မြို့ထဲမှာ အပျက်အစီးတွေ နေရာတိုင်း ပြည့်နေတာကိုတော့ ဒီ အဘိုးကြီးရှက လက်ပိုက်ကြည့်မနေနိုင်ဘူး..."
"ဟက်... ဘယ်လောက်ပဲ အပျက်အစီးတွေများများ ဒါတွေက ခင်ဗျားရဲ့ အသုံးမကျတဲ့ သားမြေးတွေလုပ်လို့ ဖြစ်ရတာလေ... သူတို့ လူတွေကို ဒုက္ခပေးနေတုန်းကတော့ ခင်ဗျား ဝင်ပါတာ မတွေ့ရပါလား..."
"ဒီအဘိုးကြီး ဘာလုပ်တယ်ဆိုတာ မင်းလို ဂျူနီယာလေးတစ်ယောက်က ဝေဖန်ရမယ့်ကိစ္စ မဟုတ်ဘူး... မင်း တကယ် ပြောစရာရှိရင် မင်းမိသားစုက အကြီးအကဲတွေကို ခေါ်ပြီး ငါ့လာပြောခိုင်းလိုက်... အခု မြို့တော်ထဲမှာရှိတဲ့ ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့်အထက် ကျင့်ကြံသူတွေအားလုံး အသက်သုံးခါရှူချိန်အတွင်း ထွက်သွားကြ... အဲဒီလိုမှ မဟုတ်ရင်တော့ ဒီ အဘိုးကြီးရှ ရက်စက်တယ်လို့ မဆိုနဲ့..."
"စီနီယာရှ... ဖြစ်ခဲ့သမျှ အရာအားလုံးက အမတ်ချုပ်စံအိမ်က အရမ်း ရန်လိုလွန်းခဲ့လို့ပါ... ခင်ဗျား အခုလုပ်နေတာတွေက စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးနော်..."
ငွေရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းက တည်းခိုခန်းထဲမှ ထွက်လာပြီး ပြောလိုက်သည်။
"သုံး..."
ကောင်းကင်ပေါ်ရှိ လူက သူတို့ကို လျစ်လျူရှုကာ ရေတွက်မှု စတင်လိုက်သည်။
"ကျုပ်တို့ လုပ်ခဲ့တာတွေက မိတ်ဆွေတစ်ယောက်အတွက် ဒေါသထွက်ပြီး လုပ်ခဲ့တာသက်သက်ပဲ... အခု ကျုပ်တို့ အတူတူထိုင်ပြီး စကားပြောနေတာကိုတောင် ခင်ဗျားက ဝင်စွက်ဖက်ရဦးမှာလား..."
"နှစ်..."
"ခင်ဗျား ဒီလိုလုပ်တာက သိပ်ကို အာဏာရှင်ဆန်လွန်းနေပြီ..."
"တစ်..."
"ရှအင်ပါယာက ဒီလောက်တောင် အင်အားကြီးနေလို့ အာဏာရှင်လို ပြုမူချင်နေတာလား..."
"မင်းတို့ မထွက်သွားချင်မှတော့ ဒီမှာပဲ နေခဲ့ကြတော့... အဲဒီ တည်းခိုခန်းဆိုတာကလည်း မြို့တော်ထဲကနေ ပျောက်ကွယ်သွားသင့်ပြီ..."
ရှအင်ပါယာ ဘိုးဘေးကြီး၏ အသံက အေးစက်နေပြီး မည်သည့်ခံစားချက်မျှ မပါဝင်ချေ။
"ခင်ဗျားတို့ ရှမိသားစုက အမှားလုပ်ထားပြီးတော့ အဲဒါကို ဒီလိုကြီး အလွယ်တကူ ဖျောက်ဖျက်ပစ်ချင်နေတာလား..."
"ငါတို့ ဘယ်လိုလုပ်ရမယ်ဆိုတာ မင်းတို့ ဝင်စွက်ဖက်စရာ မလိုဘူး..."
ကောင်းကင်ယံမှ ဧရာမ လက်ဝါးကြီးတစ်ခု ဆင်းသက်လာပြီး တည်းခိုခန်းဆီသို့ တိုက်ရိုက် ရိုက်ချလိုက်သည်။ တစ်ဖက်လူက ပြတ်ပြတ်သားသားပင် တိုက်ခိုက်လာခြင်းဖြစ်သည်။
အောက်ဘက်ရှိ ဂိုဏ်းချုပ်များ၏ မျက်နှာများ ပြင်းထန်စွာ ပြောင်းလဲသွားပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကာ ၎င်းကို ရင်ဆိုင်ရန် ဧရာမ လက်ဝါးကြီးတစ်ခုကို ပူးပေါင်းဖန်တီးလိုက်ကြသည်။
သို့သော် ကပ်ဘေးကျော်ဖြတ်ခြင်း အဋ္ဌမအဆင့်နှင့် စတုတ္ထအဆင့်ကြားရှိ ကွာဟချက်ကို အရေအတွက်ဖြင့် အစားထိုး၍ မရနိုင်တော့ပေ။ ကောင်းကင်ထက်ရှိ ဧရာမ လက်ဝါးကြီး ဖြည်းညင်းစွာ ဆင်းသက်လာနေသည်ကို မြင်တွေ့နိုင်သည်။
လုချန်က အမြဲတမ်း စိတ်ကို ထိန်းချုပ်ထားခဲ့ပြီး နောက်ထပ် ပြဿနာများ မဖြစ်စေလိုသဖြင့် ရှအင်ပါယာကို ချက်ချင်း ပြဿနာမရှာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူက ပြဿနာမရှာလျှင်တောင် သူတို့က သူ့ဆီ ပြဿနာလာရှာနေကြပြီဖြစ်သည်။
သူတို့က သူတို့လုပ်ခဲ့သော အမှားများကို ဖျောက်ဖျက်ပစ်ချင်နေကြပြီး အခြေအနေကို ပြောင်းပြန်လှန်ကာ သူ့ကိုပင် ပြစ်ဒဏ်ပေးချင်နေကြသည်။
သူက ကျောက်ထိုင်ခုံကို မကာ တည်းခိုခန်းထဲမှ ထွက်လာခဲ့သည်။ သူ၏ အပြင်ထွက်ခွင့် အချိန်မှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။
"မင်းတို့ မဟာရှအင်ပါယာက မျိုးဆက်ပြုတ်ချင်နေတာလား..."
*