လုချန်၏ အသံက ကျယ်လောင်မနေသော်လည်း ရှင်းရှင်းလင်းလင်း ကြားနိုင်လောက်အောင်တော့ ပြတ်သားသည်။
“သူ ဘာပြောလိုက်တာ။ မဟာရှအင်ပါယာကို ဖျက်ဆီးပစ်မယ် ဟုတ်လား။ ဒီကောင် ရူးနေတာလား”
“ဟားဟား… ငါတို့ရဲ့ မဟာရှဘိုးဘေးကြီးက ကပ်ဘေးကျော်ဖြတ်ခြင်း အဋ္ဌမအဆင့် ပညာရှင်ဆိုတာ ဘယ်သူမသိလို့လဲ။ ဒီလောကကြီး တစ်ခုလုံးမှာ ဘိုးဘေးကြီးရဲ့ ပြိုင်ဘက်ဖြစ်နိုင်တဲ့သူ ဘယ်နှယောက်များ ရှိလို့လဲ ငါ မေးချင်တယ်”
“တည်းခိုခန်းလေး ဖွင့်ထားတဲ့သူက လူနည်းနည်းသိရုံလေးနဲ့ ဒီလောက်တောင် မောက်မာနေရတာလား”
တည်းခိုခန်းကို ဝိုင်းရံထားသော တော်ဝင်ကိုယ်ရံတော်များထံမှ အထင်အမြင်သေးလှောင်ပြောင်သံ အမျိုးမျိုး ထွက်ပေါ်လာသည်။ လုချန်က အမတ်ချုပ်စံအိမ်ကို ဖျက်ဆီးပစ်လိုက်ရုံမျှဖြင့် ထောင်လွှားမောက်မာကာ မဟာရှအင်ပါယာ တစ်ခုလုံးကို စိန်ခေါ်ဝံ့လောက်အောင် ဘယ်ကများ ယုံကြည်ချက်တွေ ရနေသလဲဆိုတာ သူတို့ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
ဘာပဲဖြစ်ဖြစ် အမတ်ချုပ်စံအိမ်မှာ ကပ်ဘေးကျော်ဖြတ်ခြင်း ဒုတိယအဆင့် ပညာရှင် တစ်ယောက်တည်းသာ ရှိပြီး မဟာရှအင်ပါယာမှာတော့ အဲဒီလို ပညာရှင်မျိုးတွေ အများကြီး ရှိသည်မဟုတ်ပါလား။
တကယ့်ကို အသိအမြင်ကျဉ်းမြောင်းတဲ့ ကောင်စုတ်လေးပဲ။
ကောင်းကင်ယံထက်မှ ရှမိသားစု ဘိုးဘေးကြီး၏ အသံ ထွက်ပေါ်လာသည်။
“မင်းရဲ့ မောက်မာမှုတွေကို ငါ ကြားနေရတာ ကြာပြီ။ မဟာရှအင်ပါယာဆိုတာ မင်းလို အသိအမြင်ကျဉ်းမြောင်းတဲ့ ကလေးတစ်ယောက် ရမ်းကားချင်တိုင်း ရမ်းကားလို့ရတဲ့ နေရာမဟုတ်ဘူး”
“အသိအမြင်ကျဉ်းမြောင်းတာ ခင်ဗျားလေ၊ မဟုတ်ဘူးလား”
လုချန်က ခါးတွင်ချိတ်ထားသော လောက်လေးခွကို ဖြုတ်ယူလိုက်ပြီး တီးတိုးရေရွတ်ကာ သစ်တောက်ငှက်၏ ကျီးကန်းပါးစပ်စွမ်းရည်ကို အသက်သွင်းလိုက်သည်။
“ငါ လောက်လေးခွနဲ့ ကျောက်ထိုင်ခုံကို ပစ်ထုတ်နိုင်တယ်”
စွမ်းရည်အာနိသင် အသက်ဝင်သွားပြီ။
လုချန်က လက်တစ်ဖက်တွင် ကျောက်ထိုင်ခုံကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် လောက်လေးခွကို ကိုင်ထားသည်။ တည်းခိုခန်းအပြင်ဘက်တွင် ကျောက်ထိုင်ခုံက စူးရှသော အဖြူရောင်အလင်းတန်းကို ထုတ်လွှတ်နေ၏။
သူက ကျောက်ထိုင်ခုံ၏ ထောင့်တစ်ဖက်ကို လောက်လေးခွထိပ်တွင် ချိတ်လိုက်ပြီး အားကုန်ဆွဲလိုက်သည်။
ဒါက အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ်သည်။ ဤမျှသေးငယ်သော လောက်လေးခွလေးက ၎င်းထက် အဆပေါင်းများစွာ ကြီးမားသည့် ကျောက်ထိုင်ခုံကို ပစ်လွှတ်နိုင်လိမ့်မည်ဟု မည်သူကမျှ ယုံကြည်မည်မဟုတ်ပေ။
သို့သော် လုချန်ကတော့ ရနိုင်မှန်း သိသည်။
လူတစ်ယောက်သည် တည်မှီရာအမှတ်တစ်ခု ရှိရုံဖြင့် မိမိထက် အဆတစ်ရာလောက် လေးသော အရာကိုပင် မယူနိုင်ပေသည်။ တည်းခိုခန်း၏ အထူးပြုလုပ်ထားသော သားရေကွင်းနှင့် ဝူထုံသစ်ကိုင်းတို့ ပေါင်းစပ်ထားမှုကို အသုံးပြုပြီး အထွတ်အမြတ်တောင်မှ ကျောက်သားကို ဘာကြောင့် မပစ်လွှတ်နိုင်ရမည်နည်း။
ဒီကျောက်ထိုင်ခုံကို တည်းခိုခန်းထဲကနေ ယူထုတ်လာတုန်းက သာမန်လေး ပစ်ပေါက်လိုက်ရင်တောင် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ပညာရှင်ကို သွေးအန်သွားစေနိုင်သည်။ အကယ်၍ လောက်လေးခွဖြင့်သာ ပစ်လွှတ်လိုက်မည်ဆိုပါက ၎င်း၏စွမ်းအားသည် လုချန်ပင် မှန်းဆ၍မရနိုင်လောက်အောင် ကြီးမားလိမ့်မည် ဖြစ်သည်။
လုချန်၏ ရင်ထဲမှ ဒေါသကို ခံစားမိ၍လားမသိ၊ ဤတစ်ကြိမ်တွင်တော့ လောက်လေးခွက သူ့ကို စိတ်ပျက်မသွားစေခဲ့ပေ။ လုချန်၏ မြင်ကွင်းရှေ့တွင် X84 ဆိုသော ဂဏန်းလေး ပေါ်လာသည်။
ထို့နောက် သူ၏လက်ထဲရှိ ကျောက်ထိုင်ခုံသည် အမည်းရောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်ရှိ ရှမိသားစု ဘိုးဘေးကြီးဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားတော့သည်။
ကျောက်ထိုင်ခုံသည် လေနှင့်အတူ ကြီးထွားလာသည်။ ပစ်လွှတ်လိုက်သည့် အခိုက်အတန့်မှာပင် ကြိတ်ဆုံကျောက်တစ်ခုစာခန့် အရွယ်အစားရှိနေပြီဖြစ်ပြီး ထိုသို့ ကြီးထွားလာမှုက ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ ခေါင်မိုးပေါ်ကို ဖြတ်ကျော်သွားချိန်တွင်တော့ အိမ်တစ်လုံးစာခန့် ကြီးမားနေပြီဖြစ်သည်။
ကျောက်ထိုင်ခုံသည် အာကာသကို ဆွဲဖြဲပြီး ပုံပျက်သွားစေသောကြောင့် မည်းနက်နေခြင်း ဖြစ်သည်။
တိတိကျကျပြောရလျှင် ဒီအာကာသက ကျောက်ထိုင်ခုံကို မခံနိုင်တော့ခြင်းပင်။
မူလကတည်းက ဤအရာသည် သာမန်လောကနှင့် သက်ဆိုင်သည့်အရာ မဟုတ်ပေ။ လောက်လေးခွ၏ ရှစ်ဆယ့်လေးဆသော စွမ်းအားသည် အထွတ်အမြတ်တောင် ကျောက်သားစွမ်းအား၏ ဆယ်ရာခိုင်နှုန်းကိုပင် ထုတ်ဖော်နိုင်စွမ်း မရှိသော်လည်း ထိတ်လန့်စရာ ကောင်းနေဆဲပင်။
ဒီကောင်းကင်နှင့် မြေကြီးကတောင် ကျောက်ထိုင်ခုံအတွက် လမ်းဖယ်ပေးရသည်ဆိုတော့ ရှမိသားစု ဘိုးဘေးကြီးကရော ဘာတတ်နိုင်မည်နည်း။
မြေပြင်ပေါ်ရှိ လှောင်ပြောင်မှုများနှင့် အထင်အမြင်သေးသံများသည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ လူတိုင်းက ထိတ်လန့်တကြား မော့ကြည့်နေကြပြီး ‘သေခြင်းတရား’ ဟုခေါ်သော ခံစားချက်တစ်ခုက သူတို့၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ တုန်ယင်သွားစေသည်။
တည်းခိုခန်းရှေ့ရှိ ပထမအဆင့် ဂိုဏ်းချုပ်များသည်လည်း ကောင်းကင်ပေါ်သို့ ပျံတက်သွားသော ကျောက်ထိုင်ခုံကို ကြည့်နေကြသည်။ ရှမိသားစု ဘိုးဘေးကြီး ရိုက်ချလိုက်သော ဧရာမလက်ကြီးသည် အမည်းရောင်အလင်းတန်းကြောင့် လုံးဝ ပျက်စီးသွားလေပြီ။
ကျောက်ထိုင်ခုံ၏ စွမ်းအားက အလွန်ထိတ်လန့်ဖွယ်ကောင်းလှသဖြင့် ရှမိသားစု ဘိုးဘေးကြီးသည် ထိုပြင်းထန်လှသော တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ဖိအားပေးခံလိုက်ရသည်။
သူ၏ ရှောင်တိမ်းမှုကြောင့် သူ၏အနောက်ရှိ လူများမှာ အသေအပျောက် များသွားရသည်။ ထိုသူတို့သည် ခုနလေးတင် လုချန်ကို လှောင်ပြောင်နေခဲ့သော တော်ဝင်ကိုယ်ရံတော်များဖြစ်ကြပြီး ယခုအခါတွင်မူ အသက်ချမ်းသာပေးရန် တောင်းပန်နေကြရသည်။
ကျောက်ထိုင်ခုံသည် အသံတစ်ချက်မျှပင် မထွက်ဘဲ မြေပြင်ပေါ်သို့ ကျရောက်သွားပြီး ဖုန်မှုန့်များပင် ထမလာခဲ့ပေ။
ပထမဆုံးအနေဖြင့် အမည်းရောင်အလင်းတန်း တစ်ခု ဖြတ်သန်းသွားပြီးနောက် ကျောက်ထိုင်ခုံ ဖြတ်သန်းသွားသော လမ်းကြောင်းတစ်လျှောက်ရှိ အိမ်များ၊ လူများ၊ မြေကြီးပါမကျန်... အရာအားလုံး... တစ်ခါမှ မတည်ရှိခဲ့ဖူးသည့်အလား လုံးဝ ပျောက်ကွယ်သွားလေသည်။
ဟာလာဟင်းလင်း ပြောင်ရှင်းနေသော မြေပြင်ကြီးသာ။
ဤမြင်ကွင်းက ရှမိသားစု ဘိုးဘေးကြီးကိုပင် ထိတ်လန့်သွားစေသည်။
ဒါက အစအနမကျန် အမြစ်ဖြတ် သုတ်သင်ပစ်လိုက်တာပင်။
နက်ရှိုင်းသော တွင်းကြီးတစ်ခုသာ ကျန်ရှိပြီး ထိုအထဲတွင် ကျောက်ထိုင်ခုံက တိတ်ဆိတ်စွာ လဲလျောင်းနေသည်။
ယခုအချိန်အထိပင် ကျောက်ထိုင်ခုံပတ်လည်ရှိ မြေကြီးများ ဖြည်းညှင်းစွာ အရည်ပျော်ကျနေပြီး ဤလောကမှ လုံးဝထွက်ခွာကာ အာကာသလေစီးကြောင်းထဲသို့ ဝင်ရောက်သွားသည်ကို မြင်တွေ့နိုင်သေးသည်။
ရှမိသားစု ဘိုးဘေးကြီးသည် ကောင်းကင်ပေါ်မှနေ၍ သဲသဲကွဲကွဲ မြင်လိုက်ရသည်။ တစ်ချိန်က လူများ ပြည့်နှက်နေခဲ့သော လမ်းမကြီးသည် ယခုအခါ ပန်ကိတ်တစ်ချပ်ကို ဖဲ့ယူလိုက်သကဲ့သို့ ဟာလာဟင်းလင်း ဖြစ်နေသည်။
တိုက်ခိုက်လိုက်သော်လည်း လွဲချော်သွားသည့်အတွက် လုချန်က နောင်တရစွာဖြင့် ခေါင်းယမ်းလိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး သေမတတ် တိတ်ဆိတ်သွားပြီး တစ်စုံတစ်ယောက်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သည်။
“ဟားဟားဟား… ညီလေးရေ၊ နောက်ဆုံးတော့ မင်းကို ငါ ရှာတွေ့ပြီကွ”
ကောင်းကင်ယံတွင် လူတစ်ယောက်က အဆောက်အအုံတစ်ခုကို ထမ်းလျက် ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် အဆောက်အအုံက ‘ဝုန်း’ ခနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
‘ရတနာစစ်ဆေးရေး ခန်းမ’ ဆိုသည့် စာလုံးကြီးသုံးလုံးကို လူတိုင်း မြင်လိုက်ရသည်။
ထို့နောက် အဘိုးကြီးကုသည် ထိုအဆောက်အအုံထဲမှ ခါးသီးသော မျက်နှာထားဖြင့် လျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူ့နောက်တွင် ချောင်ရွဲ့လျန်နှင့် ထောင်ယွီတို့ ပါလာသည်။
“အဘိုးကြီးကု”
ထိုနေရာတွင် အဘိုးကြီးကုနှင့် ရင်းနှီးသောသူများ ရှိနေသည်။
“ဟီးဟီး… မတွေ့ရတာ ကြာပြီပဲ။ ငါက မင်းတို့နဲ့အတူ အရက်လေးဘာလေး သောက်ရမလားလို့ လာခဲ့တာ”
အဘိုးကြီးကုက အနေခက်စွာ ပြုံးလိုက်သည်။
“ဒါပေမဲ့ သူဌေးလုရဲ့ ဒီအစ်ကိုကြီးက အရမ်းကို ပွင့်လင်းလွန်းနေတော့ ငါတောင် ချက်ချင်းကြီး လက်မခံနိုင်ဖြစ်သွားရတယ်”
စကားပြောလိုက်သော သူသည် မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ သူ၏ကိုယ်ပေါ်တွင် ဖုန်တွေပေကျံနေပြီး ဆံပင်တွေကလည်း စုတ်ဖွားနေသည်။ သူတောင်းစားအဘိုးအိုမှလွဲ၍ ဘယ်သူဖြစ်နိုင်ဦးမည်နည်း။
သူသည် မြေပြင်ပေါ်သို့ ဆင်းသက်လာသည်နှင့် လုချန်အနားသို့ ပြေးသွားကာ တင်းကြပ်စွာ ဖက်လိုက်သည်။
“ညီလေး… ငါ သိသားပဲ။ မင်း မသေသေးဘူးဆိုတာကို ဟားဟားဟား။ ဟင်… လူတွေအများကြီးပဲ။ သူတို့အားလုံးက မင်းနဲ့အတူ အရက်သောက်ဖို့ လာကြတာလား ညီလေး”
“စီနီယာ”
ထိုပထမအဆင့် ဂိုဏ်းချုပ်များသည် သူတောင်းစားအဘိုးအိုကို မြင်သည်နှင့် ချက်ချင်းပင် လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ကြသည်။
“နေပါဦး။ လေထုက မမှန်ပါလား”
သူတောင်းစားအဘိုးအိုက နှာခေါင်းရှုံ့လိုက်ပြီးနောက် သတိဝင်လာကာ ဂိုဏ်းချုပ်တစ်ယောက်၏ ကော်လာကို ဆွဲကိုင်လိုက်သည်။
“ပြောစမ်း။ မင်းတို့ကောင်တွေ ငါ့ညီလေးကို ဒုက္ခပေးနေပြန်ပြီလား”
“စီနီယာ၊ ခင်ဗျား ထင်နေတာ လွဲနေပါပြီ။ ကျွန်တော်တို့အားလုံးက သူဌေးလုရဲ့ သူငယ်ချင်းတွေပါ။ သူဌေးလုကို တကယ်ဒုက္ခပေးနေတာက ဟိုလူပါ”
ဂိုဏ်းချုပ်က ကမန်းကတန်း လက်ကာပြလိုက်ပြီးနောက် ကောင်းကင်ပေါ်ရှိ ရှမိသားစု ဘိုးဘေးကြီးကို လက်ညှိုးထိုးပြကာ လွန်ခဲ့သည့် နှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သမျှကို သူတောင်းစားအဘိုးအိုအား ပြောပြလိုက်သည်။
“သူဌေးလုရဲ့ အနောက်က ကောင်မလေးကို ကြည့်လိုက်ပါ။ သူတို့က အဲဒီကောင်မလေးကို ဒီလိုအခြေအနေရောက်အောင် လုပ်ခဲ့တာ။ ရှလို့ နာမည်ရတဲ့ အဲဒီကောင်က သူ့အာဏာကိုသုံးပြီး တခြားသူတွေကို ဖိနှိပ်နေတာ၊ ကျွန်တော်တို့ကို မောင်းထုတ်ပြီး ဒီကိစ္စကို ဖုံးကွယ်ချင်နေတာလေ”
“ဘာ။ ငါ့ခယ်မလေးကိုများ အနိုင်ကျင့်ရဲတယ်ပေါ့”
သူတောင်းစားအဘိုးအို ချက်ချင်း မကျေမနပ်ဖြစ်သွားပြီး သူ၏အကြည့်များက ရှမိသားစု ဘိုးဘေးကြီးထံ စူးစိုက်သွားသည်။
“ကလေးပေါက်စ… မင်းမိသားစုက ငါ့ခယ်မလေးကို ဒီလိုအခြေအနေရောက်အောင် လုပ်ခဲ့တာလား”
ကလေးပေါက်စ...
သူတောင်းစားအဘိုးအို၏ စကားကို ကြားပြီးနောက် လူတိုင်း ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
ရှမိသားစု ဘိုးဘေးကြီး ပထမဆုံး ပေါ်လာစဉ်က ကပ်ဘေးကျော်ဖြတ်ခြင်း စတုတ္ထအဆင့် ပညာရှင်တစ်ယောက်က သူ့ကို ‘အင်မော်တယ်အိုကြီး’ ဟု ခေါ်ဆိုခဲ့သည်။
ကပ်ဘေးကျော်ဖြတ်ခြင်း စတုတ္ထအဆင့် ပညာရှင်တွေက အသက်ဘယ်လောက် ရှိနေပြီလဲ။ အငယ်ဆုံးတောင်မှ အသက်တစ်ရာကျော်နေပြီ။ သူတို့ကတောင် အင်မော်တယ်အိုကြီးလို့ ခေါ်ရတယ်ဆိုတော့ ရှမိသားစု ဘိုးဘေးကြီးက ဘယ်လောက်တောင် အသက်ကြီးနေပြီလဲဆိုတာ ထင်ရှားသည်။
ဒါပေမဲ့ အခုတော့... သူတောင်းစားအဘိုးအိုရဲ့ ပါးစပ်ထဲမှာ သူက ကလေးပေါက်စလေး ဖြစ်သွားရသည်။
“မင်းက ဘယ်သူလဲ”
ကောင်းကင်ယံတွင် ရှမိသားစု ဘိုးဘေးကြီး၏ မျက်နှာက တင်းမာနေသည်။ လုချန်၏ ယခင်တိုက်ခိုက်မှုက သူ့ကို ချွေးအေးတွေ ပျံသွားစေခဲ့သည်။ ယခုတော့ နောက်ထပ်လူတစ်ယောက် ရုတ်တရက် ပေါ်လာပြန်သည်။ ရူးသွပ်နေပုံရသော်လည်း သူ့ကို ကလေးပေါက်စဟု ခေါ်ဝံ့နေသည်။
“ငါက မင်းရဲ့ အဘိုးလေ”
သူတောင်းစားအဘိုးအိုက ပြုံးဖြဲဖြဲလုပ်လိုက်သည်။
“မြေးလေး… မြန်မြန်လာပြီး မင်းအဘိုးရှေ့မှာ ဒူးထောက်စမ်း”
“မင်း ဘာပြောလိုက်တယ်”
“မင်းက မြေးလေးလို့ ပြောတာလေ။ မင်းက မင်းအဘိုးရဲ့ မြေးလေး မဟုတ်လို့လား”
သူတောင်းစားအဘိုးအိုက ကလေးတစ်ယောက်လိုပင် ပေါက်ကရတွေ ပြောနေသည်။
“သေချင်နေတာပဲ”
ရှမိသားစု ဘိုးဘေးကြီး ဒေါသထွက်သွားပြီး ပြင်းထန်စွာ ပြေးဝင်လာသည်။
“သတိထား”
သူတောင်းစားအဘိုးအို၏ စစ်မှန်သော စွမ်းအားကို မသိသည့် ကပ်ဘေးကျော်ဖြတ်ခြင်း စတုတ္ထအဆင့် ပညာရှင်တစ်ယောက်က သူ့ကို ဆွဲဖယ်ရန် ရှေ့တိုးလာသော်လည်း အနားမကပ်နိုင်မီမှာပင် အင်အားတစ်ခု၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။ သူတောင်းစားအဘိုးအိုက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
“ကလေးပေါက်စ၊ မင်းက စိတ်ထားကောင်းတယ်။ နောက်မှ မင်းကို ငါ လမ်းညွှန်မှု နည်းနည်းပေးမယ်”
အနောက်သို့ လွင့်စင်သွားသော ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်၏ မျက်နှာမှာ အနေခက်သွားသည်။
နောက်တစ်စက္ကန့်တွင်တော့ ဒေါသတကြီး ပြေးဝင်လာသော ရှမိသားစု ဘိုးဘေးကြီးသည် လမ်းမပေါ်မှနေ၍ အနောက်သို့ လွင့်စင်သွားပြီး မရေမတွက်နိုင်သော အဆောက်အအုံများကို ပြိုကျပျက်စီးသွားစေသည်ကို မြင်လိုက်ရသည်။
*