တစ်ချက်တည်း။
ကပ်ဘေးကျော်ဖြတ်ခြင်း အဋ္ဌမအဆင့် ပညာရှင်တစ်ယောက်က ချက်ချင်းပင် ဘေးသို့ လွင့်စင်သွားရသည်။
သူတောင်းစားအဘိုးအိုကို ပြန်ကြည့်လိုက်တော့ ထိုပြုံးဖြဲဖြဲ မျက်နှာပေးနှင့်ပင်။
“ကလေးပေါက်စ၊ မင်းရဲ့ စွမ်းအားက အားနည်းလွန်းတယ်။ သက်စောင့်ဝိညာဉ်စွမ်းအင်တွေ ဖန်တီးပြီးသွားရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ ဒီအဘိုးကြီးက သင်ပေးမယ်”
သူတောင်းစားအဘိုးအိုက လက်ကို ပေါ့ပေါ့ပါးပါး ဆန့်ထုတ်ကာ လက်သီးဆုပ်လိုက်သည်။
ထို့နောက် တစ်စက္ကန့်ခန့် အကြာတွင် လူတိုင်းက သူတို့၏ ခန္ဓာကိုယ်များ သိသိသာသာ အောက်သို့ နိမ့်ဆင်းသွားသလို ရုတ်တရက် ခံစားလိုက်ရသည်။ အဝေးမှ တော်ဝင်နန်းတော်ရှိရာ အရပ်တွင် ကြီးမားလှသော မီးခိုးလုံးကြီးများ ထောင်းခနဲ ထသွားပြီး ကြီးကျယ်ခမ်းနားလှသော ရွှေရောင်အဆောက်အအုံကြီးများမှာ ထိုအချိန်လေးအတွင်းမှာပင် ဝုန်းခနဲ ပြိုကျပျက်စီးသွားလေတော့သည်။
ဤမြင်ကွင်းကြောင့် ဂိုဏ်းချုပ်အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူဌေးလု၏ အစ်ကိုဖြစ်သူက စွမ်းအားကြီးမားမှန်း သူတို့ သိထားပြီးဖြစ်သော်လည်း ဤမျှလောက်အထိ အစွမ်းထက်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ ခပ်ဖွဖွလေး လက်သီးဆုပ်လိုက်ရုံနဲ့ တော်ဝင်နန်းတော်ကြီး ပြိုကျသွားရတယ်ပေါ့။
အစ်ကိုကြီးရေ… အဲဒီနေရာက အစီအရင်တစ်ခုနဲ့ ကာကွယ်ထားတဲ့ နေရာပါဗျာ။
ထို့နောက် သူတောင်းစားအဘိုးအိုက ကောင်းကင်ယံသို့ ထပ်မံပျံတက်သွားပြန်သည်။
“ဟားဟား… မဆိုးဘူး။ နဂါးသွေးကြောတစ်ခုလည်း ရှိသေးတာပဲ”
သူက လေထဲတွင် လက်ညှိုးကို ဆက်တိုက် ဝှေ့ယမ်းနေသည်။
နဂါးဟိန်းသံကြီး ထွက်ပေါ်လာပြီး မြို့တော်တစ်ခုလုံးကို ကသောင်းကနင်း ဖြစ်သွားစေသည်။ ချက်ချင်းဆိုသလိုပင် ကြီးမားလှသော ရွှေရောင်ပုံရိပ်ယောင်ကြီးတစ်ခုသည် တော်ဝင်နန်းတော်အောက်မှနေ၍ ကောင်းကင်ယံသို့ ထိုးထွက်လာပြီး မရေမတွက်နိုင်သော ကံကြမ္မာကြိုးမျှင်များနှင့် ရစ်ပတ်ထားလေသည်။ ဤသည်မှာ ရှအင်ပါယာ တစ်ခုလုံး၏ နဂါးသွေးကြောဖြစ်သော်လည်း ယခုအခါ တစ်စုံတစ်ယောက်၏ အတင်းအဓမ္မ ဆွဲထုတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
ရှမိသားစု ဘိုးဘေးကြီး၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားသည်။
အင်ပါယာတစ်ခုအတွက် ကံကြမ္မာသည် အရေးအကြီးဆုံးအရာ ဖြစ်သည်။ အကယ်၍ နဂါးသွေးကြောသာ ဤကဲ့သို့ အလွယ်တကူ အဆွဲထုတ်ခံလိုက်ရမည်ဆိုလျှင် သူ၏ ရှအင်ပါယာသည် တကယ်ကို ပျက်စီးလုနီးပါး ဖြစ်သွားလိမ့်မည်။
တစ်ချက်တည်းသော တိုက်ခိုက်မှုမှာပင် သူတောင်းစားအဘိုးအို၏ စွမ်းအားကို သူ ခံစားလိုက်ရပြီးဖြစ်သည်။ သူ့အတွက်တော့ စကားလုံးလေးခွန်းတည်းနှင့်သာ ဖော်ပြနိုင်သည်။ အလုံးစုံ ပြိုင်ဘက်ကင်း။
ဘာလုပ်ရမလဲ။
ကောင်းကင်ပေါ်ရှိ ရွှေရောင်ပုံရိပ်ယောင်ကြီးကို ကြည့်ရင်း ဖိနှိပ်ခံထားရသော ကံကြမ္မာများက ဆက်တိုက်ဆိုသလို ပျောက်ကွယ်သွားနေသည်။ ဒါတွေအားလုံးက သူ၏ ရှအင်ပါယာ အခြေခံအုတ်မြစ်ကို စားသုံးနေခြင်းပင်။
စောင့်ကြည့်နေသော ဂိုဏ်းချုပ်များသည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ကြသည်။ သူဌေးလု၏ အစ်ကိုက စွမ်းအားကြီးမားရုံတင်မကဘူး၊ တကယ့်ကို ရူးသွပ်နေတာပဲ။ မျက်စိတစ်မှိတ်အတွင်းမှာ နဂါးသွေးကြောကို ဆွဲထုတ်ပစ်လိုက်တာကတော့ တကယ်ကို မိုက်လွန်းတယ်။
ရှအင်ပါယာ၏ လက်ရှိအရှင်သခင်သည် ရွှေရောင်ပလ္လင် ခန်းမဆောင်၏ အပျက်အစီးများပေါ်တွင် အားအင်ကုန်ခမ်းစွာ ထိုင်နေသည်။ သူက အစကတည်းက နိမိတ်မကောင်းတာကို ကြိုသိနေခဲ့သည်၊ သို့မဟုတ်လျှင် ဘိုးဘေးကြီးကို ပင့်ဖိတ်ခဲ့မည် မဟုတ်ပေ။ သို့သော် ယခုအခါ ဘိုးဘေးကြီး ပေါ်လာလျှင်တောင် အသုံးမဝင်တော့ကြောင်း သူ နားလည်သွားပြီဖြစ်သည်။ သူ၏ ဘဝတစ်သက်တာတွင် အကြီးမားဆုံးသော အမှားကြီးကို သူ ကျူးလွန်မိခဲ့လေပြီ။
နဂါးသွေးကြောသည် သူတောင်းစားအဘိုးအို၏ လက်ထဲတွင် ရောက်နေပြီး နှစ်သက်ရာ အရုပ်တစ်ခု ရရှိထားသော ကလေးတစ်ယောက်လိုမျိုး ဆွဲလိုက်ဆန့်လိုက်နှင့် အဆက်မပြတ် ကစားနေသည်။
ရှမိသားစု ဘိုးဘေးကြီးက ဤမြင်ကွင်းကို မြင်သောအခါ သူ၏ရင်ထဲတွင် အလွန်နာကျင်သွားရသည်။ ဒါက သူ၏ ရှမိသားစု ကံကြမ္မာလေ။ ဒီနဂါးသွေးကြောအတွက် သူတို့ ပေးဆပ်ခဲ့ရတဲ့ တန်ဖိုးတွေက အလွန်ကြီးမားလွန်းလှသည်။ ဒါက ရှမိသားစု၏ အဖိုးတန်ဆုံး ပိုင်ဆိုင်မှုလို့ ပြောလို့ရပေမယ့် ယခုအခါမှာတော့ ဒီလိုမျိုး အဖျက်ဆီးခံနေရပြီ ဖြစ်သည်။
ဒီလူက တကယ်တော့ ဘယ်သူလဲ။ လက်တစ်ဖက်တည်း ဝှေ့ယမ်းရုံဖြင့် နဂါးသွေးကြောကို ဆွဲထုတ်နိုင်သည့်သူမျိုး အကြောင်းကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ။
တကယ်လို့သာ ရှမိသားစု ဘိုးဘေးကြီးအနေဖြင့် ဤသူသည် အရက်ကောင်းတစ်ပုလင်းအတွက် နဂါးသွေးကြောပေါင်းများစွာကို လှန်လှောပစ်နိုင်သော ရက်စက်သည့်လူတစ်ယောက်မှန်း သိခဲ့လျှင် အနည်းငယ်မျှပင် မလေးမစား လုပ်ဝံ့မည် မဟုတ်ပေ။
သူ၏ နှလုံးသားက သွေးထွက်နေသော်လည်း ယခုအချိန်တွင်တော့ သူ ဘာမှမတတ်နိုင်တော့ပေ။
ဒါက ဒုက္ခရောက်ရမယ့်အချိန်ပင်။
ရှမိသားစု ဘိုးဘေးကြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပင် ကောင်းကင်ယံ၌ အက်ကွဲကြောင်းတစ်ခု ပွင့်လာပြီး ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး ထိုအက်ကွဲကြောင်းထဲမှ လျှောက်ထွက်လာသည်။
“သခင်ကြီးပိုင်။ သခင်ကြီးပိုင်ပဲ”
ထိုအဘိုးအို ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် သူ့ကို မှတ်မိသွားကြသည်။
ရှမိသားစု ဘိုးဘေးကြီး၏ မျက်နှာပေါ်တွင် အတိုင်းမသိ ဝမ်းသာသွားသော အရိပ်အယောင်များ ပေါ်လာသည်။ သူက ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး သခင်ကြီးပိုင်အား လေးစားစွာ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ပြီးနောက်—
“သခင်ကြီးပိုင်… ကျွန်တော်မျိုးရဲ့ ရှအင်ပါယာကို ကူညီပါဦး”
သခင်ကြီးပိုင်က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ပြန်မဖြေဘဲ နဂါးသွေးကြောနှင့် ကစားနေသော သူတောင်းစားအဘိုးအိုထံသို့ ဖြည်းညှင်းစွာ ပျံသန်းသွားသည်။
ဤမြင်ကွင်းကြောင့် တည်းခိုခန်းရှေ့ရှိ ဂိုဏ်းချုပ်အားလုံး အသက်ရှူမှားသွားကြသည်။ ဘာတွေဖြစ်နေတာလဲ။ သခင်ကြီးပိုင်က ရှအင်ပါယာအတွက် ဝင်ပါတော့မလို့လား။
သူတို့အမြင်တွင် ထိုသူနှစ်ဦးသည် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အကယ်၍ သူတို့သာ တကယ်တိုက်ခိုက်ကြမည်ဆိုလျှင် ကောင်းကင်နဲ့မြေကြီးတောင် တုန်လှုပ်သွားလိမ့်မည်မှာ သေချာသည်။
သို့သော်လည်း လက်တွေ့အခြေအနေက သူတို့၏ နားလည်နိုင်စွမ်းကို ထပ်မံကျော်လွန်သွားပြန်သည်။
သူတောင်းစားအဘိုးအိုသည် သခင်ကြီးပိုင် သူ့ထံသို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ မည်သည့် စိုးရိမ်ထိတ်လန့်မှုမျှ မရှိဘဲ ပေါ့ပေါ့ပါးပါး လေသံဖြင့်ပင်
“ကလေးပေါက်စ… မင်းက တခြားသူအတွက် ဝင်ပါပေးချင်လို့လား”
ကလေးပေါက်စ။
သေစမ်း။ ဘာတွေဖြစ်နေတာလဲ။ သူက သခင်ကြီးပိုင်ကို ကလေးပေါက်စတဲ့လား။ ကုန်းမြေတိုက်ငါးခုလုံးမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကို ကလေးပေါက်စလို့ ခေါ်လိုက်တာလား။ အစ်ကိုကြီး၊ ခင်ဗျားကတော့ တကယ်ကို ရက်စက်လွန်းတယ်။ သခင်ကြီးပိုင်က လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်ကတည်းက မဟာယာနအဆင့် ပညာရှင်တစ်ယောက် ဖြစ်နေပြီလေ။
ဒီလို အခေါ်ခံရတဲ့အတွက် သခင်ကြီးပိုင် သေချာပေါက် ဒေါသထွက်လိမ့်မည်ဟု သူတို့ တွေးလိုက်ကြသည်။
သို့သော် သူတို့ကို အံ့အားသင့်သွားစေမည့် မြင်ကွင်းတစ်ခု ထပ်မံဖြစ်ပေါ်လာပြန်သည်။ သခင်ကြီးပိုင်က ဒေါသမထွက်သည့်အပြင် လေးစားစွာ လက်နှစ်ဖက်ဆုပ်ကာ
“စီနီယာ” ဟု ခေါ်ဆိုလိုက်လေသည်။
သခင်ကြီးပိုင်၏ အသံက ကျယ်လောင်မနေသော်လည်း လူတိုင်း၏ ရင်ထဲတွင်တော့ ဧရာမလှိုင်းလုံးကြီးများ ရိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားရသည်။
သခင်ကြီးပိုင်က သူ့ကို စီနီယာလို့ ခေါ်လိုက်တယ်။
ဘုရားရေ… ငါပဲ ရူးသွားတာလား၊ ဒီကမ္ဘာကြီးပဲ ရူးသွားတာလား။
ဂုဏ်သရေရှိလှတဲ့ မဟာယာနအဆင့် ပညာရှင်တစ်ယောက်က တခြားလူတစ်ယောက်ကို စီနီယာလို့ ခေါ်လိုက်တာလား။ အဲဒါကိုမှ လိုလိုလားလားကြီးကို ခေါ်လိုက်တာ။
သူဌေးလုရဲ့ ဒီအစ်ကိုကြီးက တကယ်တော့ ဘယ်သူကြီးလဲ။
ဂိုဏ်းချုပ်များသည် မသိမသာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ကြသည်။ အရင်တုန်းက သူတို့သည် သူတောင်းစားအဘိုးအိုကို တိုက်ခိုက်ရန်ပင် စဉ်းစားခဲ့ဖူးသည်။ ယခု ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိုသို့တွေးခဲ့မိခြင်းအတွက် သူတို့ အလွန်ထိတ်လန့်သွားကြသည်။ သခင်ကြီးပိုင်ကိုယ်တိုင် စီနီယာဟု လိုလိုလားလား ခေါ်ဆိုရသူတစ်ယောက်ကို တိုက်ခိုက်ဖို့ စဉ်းစားခဲ့မိရအောင် အဲဒီတုန်းက သူတို့ဦးနှောက်တွေ အဆီဖုံးနေခဲ့တာများလား။
ရှမိသားစု ဘိုးဘေးကြီးအနေဖြင့်မူ သူသည် လုံးဝ မှင်တက်သွားပြီး အခြေအနေကို နားမလည်နိုင်အောင် ဖြစ်နေသည်။
“စီနီယာ… ရှမိသားစုကို ခွင့်လွှတ်ပေးနိုင်မလားလို့ ကျွန်တော် တောင်းဆိုပါရစေ”
“ဟွန့်… သူတို့က ငါ့ခယ်မလေးကို ဒုက္ခရောက်အောင် လုပ်ထားပြီးတော့ အခုမှ ခွင့်လွှတ်ပေးရမယ် ဟုတ်လား။ ငါ့ညီလေး သဘောတူမတူ သွားမေးကြည့်လိုက်”
သူတောင်းစားအဘိုးအိုက နဂါးသွေးကြောကို လက်ဝါးအရွယ်အစားခန့် အထိ ကျုံ့သွားအောင် လုပ်လိုက်ပြီးနောက် အဆက်မပြတ် ဆွဲလိုက်ဆန့်လိုက် လုပ်နေကာ ဆော့ကစားရသည်ကို အလွန်စွဲလမ်းနေပုံရသည်။
သခင်ကြီးပိုင်က အောက်ဘက်ရှိ လုချန်ကို လှမ်းကြည့်လိုက်သည်။ သူ၏မျက်နှာထားမှာ အနည်းငယ် ရှုပ်ထွေးနေပြီးနောက် အောက်သို့ ဆင်းလာခဲ့သည်။
“သူဌေးလု… ကျွန်တော့်မျက်နှာကို ထောက်ပြီး ရှမိသားစုကို ခွင့်လွှတ်ပေးလို့ ရနိုင်မလား”
သခင်ကြီးပိုင်၏ အပြုအမူက ဂိုဏ်းချုပ်များကို ထပ်မံအံ့အားသင့်သွားစေပြန်သည်။ အစပိုင်းက သူတို့ထင်ထားသည်မှာ သခင်ကြီးပိုင်က လုချန်ကို မျက်နှာသာပေးရုံသာ ဖြစ်ပြီး လုချန်၏ အကြံပြုချက်တစ်ခုကြောင့် သခင်ကြီးပိုင်က သူ့ကို တန်းတူသဘောထားကာ ကျေးဇူးအနည်းငယ် တင်နေခြင်းဖြစ်မည်ဟု တွေးခဲ့ကြသည်။
ဒါပေမဲ့ အခုတော့... သခင်ကြီးပိုင်က အောက်ကျို့ပြီး ညှိနှိုင်းနေတာ သိသာလွန်းနေပြီ။
“နတ်ဆိုးအရှင်သခင် ပေါ်လာပြီ။ တကယ်လို့ ရှအင်ပါယာသာ ကျဆုံးသွားမယ်ဆိုရင် ဒီလောကကြီးက သေချာပေါက် ကသောင်းကနင်း ဖြစ်သွားလိမ့်မယ်။ သာမန်ပြည်သူတွေရဲ့ အကျိုးကို ထောက်ထားပြီး ကိုယ်ရေးကိုယ်တာ ရန်ငြိုးတွေကို ဘေးဖယ်ထားပေးဖို့ သူဌေးလုကို ကျွန်တော် တောင်းဆိုချင်ပါတယ်။ သူဌေးလုရဲ့ ဇနီး ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ပတ်သက်ပြီးတော့ ရှမိသားစုဘက်က လျော်ကြေးပေးဖို့ ကျွန်တော် သေချာပေါက် တာဝန်ယူပါတယ်”
အထက်ရှိ သူတောင်းစားအဘိုးအို ဒေါသထွက်မည်ကို စိုးရိမ်သောကြောင့် သခင်ကြီးပိုင်က သတိထားပြီး စကားပြောနေရသည်။
တကယ်တမ်းပြောရလျှင် သူလည်း ဤကဲ့သို့ မပြုမူချင်သော်လည်း ရွေးချယ်စရာ မရှိပေ။ သူ ရောက်လာသည့်အချိန်ကတည်းက သူတောင်းစားအဘိုးအိုထံမှ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ထိုအရှိန်အဝါက ရိုးရိုးလေး လှုပ်ရှားလိုက်ရုံဖြင့် ဤလောကတစ်ခုလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်မည့် အလားပင်။ သူ့ရှေ့တွင် အသက်ရှူရန်ပင် ခက်ခဲလှသည်။
လုချန်က သူ့ကို ကြည့်လိုက်ပြီး ခဏမျှ တိတ်ဆိတ်နေပြီးနောက် စကားစလိုက်သည်။
“သခင်ကြီးပိုင်ကိုယ်တိုင် ပြောလာမှတော့ ဒီမျက်နှာကို မထောက်ဘဲ မနေနိုင်ပါဘူးလေ။ ဒါပေမဲ့ အခုကစပြီး ရှမိသားစုက သူတို့ရဲ့ အာဏာကိုသုံးပြီး တခြားသူတွေကို အနိုင်ကျင့်ရဲသေးတယ်ဆိုရင်တော့ သာမန်ပြည်သူတွေကို ငဲ့ညှာမနေဘူးလို့ အပြစ်မတင်နဲ့နော်”
“တစ်လောကလုံး ကိုယ်စား သူဌေးလုကို ကျေးဇူးတင်ပါတယ်”
လုချန်က အပေါ်ဘက်သို့ လက်ယမ်းပြလိုက်သည်။
“အစ်ကိုကြီး… ဆင်းလာခဲ့တော့။ ဒီနေ့တော့ ရှမိသားစုကို အသက်ချမ်းသာပေးလိုက်ပါ”
“ဟားဟားဟား… ညီလေးရာ၊ မင်းစကားကို ငါ နားထောင်ရမှာပေါ့”
လုချန်၏ စကားကို ကြားပြီးနောက် သူတောင်းစားအဘိုးအိုက ရယ်မောလိုက်သည်။ ထို့နောက် ရှမိသားစု ဘိုးဘေးကြီးကို ပြန်ကြည့်လိုက်ပြီး ဖိနှိပ်လွှမ်းမိုးနိုင်သော မျက်မြင်မရ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သော ရှမိသားစု ဘိုးဘေးကြီးမှာ ထိုမျက်မြင်မရ အင်အားကြောင့် ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြန်လည်ရိုက်ချခံလိုက်ရသည်။ သူတောင်းစားအဘိုးအို၏ အေးစက်စက် အသံကို သူ ကြားလိုက်ရသည်။
“ငါ့ညီလေးက မင်းတို့အသက်ကို ချမ်းသာပေးလိုက်ဖို့ ပြောတဲ့အတွက် ဒီနေ့တော့ မင်းတို့ ကံကောင်းသွားတယ်လို့ပဲ မှတ်လိုက်တော့”
စကားပြောပြီးနောက် သူတောင်းစားအဘိုးအိုက သူ၏လက်ထဲရှိ ပုံရိပ်ယောင်ကို အောက်သို့ ပစ်ချလိုက်သည်။
“ညီလေး… အရက်သွားသောက်ကြရအောင်”
*