“ဘာရှင်းပြရမှာလဲ”
ချူဖုန်းက လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရင်း ဘာမှမသိနားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။
မြို့စားရီရှန်းက မေးသည်။ “မင်းက အရင်တုန်းက သာမန်လူတစ်ယောက်ပဲ မဟုတ်လား။ ဝမ်တောက်ကျောင်းတော်ကို ရောက်တာတောင် ဆယ်နှစ်မပြည့်သေးဘူး။ အသက်ကလည်း သုံးဆယ်တောင်မရှိသေးဘဲနဲ့ ဘယ်လိုလုပ်ပြီးသူတော်စင်တစ်ပိုင်းဖြစ်လာတာလဲ”
ချူဖုန်းက အေးအေးဆေးဆေးပင် လက်ဖက်ရည် ဆက်သောက်နေသော်လည်း စိတ်ထဲတွင်တွေးနေသည်။
‘ဒီမြေခွေးအိုကြီးတွေကို ငါဘယ်လိုလှည့်စားရပါ့မလဲ’
ထိုခဏ၌ ဘုရင်ဟန်ကျန်းက စကားဆိုလာသည်။ “ကြည့်ရတာ အဲဒီတုန်းက ကျောင်းအုပ်ကြီးနဲ့ အကြီးအကဲခုံ ပြောခဲ့တာတွေက တကယ်ပဲကိုး။”
…
အကြီးအကဲအားလုံးက စူးစမ်းသော အကြည့်များဖြင့် ဘုရင်ဟန်ကျန်းဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ချူဖုန်းသည် တွေးလိုက်၏။ ‘ဘုရင်ဟန်... ခင်ဗျားကတော့ ကျုပ်ရဲ့ ထာဝရမိတ်ဆွေစစ်ကြီးပဲ’
‘ကျုပ်တောင် အကြောင်းပြချက်တစ်ခုခု လုပ်ကြံပြောဖို့ အချိန်မရသေးဘူး၊ ခင်ဗျားက ကူညီလိုက်ပြန်ပြီ။’
ဘုရင်ဟန်ကျန်းက ဆက်ပြောသည်။ “ခင်ဗျားတို့အားလုံး မေ့သွားကြပြီလား။ ဌာနမှူးချူ ဝမ်တောက်ကျောင်းတော်ကို စဝင်တုန်းက ကျောင်းအုပ်ကြီးရော အကြီးအကဲခုံပါ သူ့ကို ဧကရာဇ်တစ်ပါးရဲ့ အရှိန်အဝါရှိတယ်လို့ ချီးကျူးခဲ့ကြတာလေ။”
၎င်းကိုကြားတော့ ချူဖုန်း ချမ်းစိမ့်စိမ့်ဖြစ်သွားပြီး တိီးတိုးလေး ရေရွတ်လိုက်သည်။ “တော်သေးတာပေါ့... ငါ့မျိုးရိုးက ဝမ်မဖြစ်လို့။”
လူတိုင်းက အတိတ်ကအကြောင်းအရာများကို ပြန်သတိရရင်း စဉ်းစားတွေးတောကုန်ကြသည်။
အတန်ကြာသော် မြို့စား ရီရှန်းက တီးတိုးဆိုသည်။
“ဟုတ်သားပဲ။ အဲဒီတုန်းက ကျင့်ကြံခြင်းကလွဲရင် သောင်းပြောင်းပညာရပ်ဌာနမှာ ဌာနမှူးချူက အတတ်ပညာမျိုးစုံကို ကျွမ်းကျင်ခဲ့တာ။ ဂီတ၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီ၊ လက်ဖက်ရည်ဖျော်တာ၊ ချက်ပြုတ်တာ၊ နောက်ဆုံး စိုက်ပျိုးရေးလုပ်တာနဲ့ ဝက်မွေးတာအဆုံး။ သူက တစ်ခါမြင်လိုက်ရုံနဲ့ အကုန်လုံးကို တတ်မြောက်ခဲ့တာ။ တစ်နှစ်အတွင်းမှာတင် အတတ်ပညာအားလုံးမှာ အကြီးအကဲကိုတောင် ကျော်တက်သွားခဲ့တာလေ။”
ဘုရင်ဟန်ကျန်းကလည်း ထပ်လောင်းပြောသည်။ “ဒါတင်မကသေးဘူး၊ ဌာနမှူးချူမှာက ကိုယ်ပိုင်သဘောပေါက် နားလည်နိုင်စွမ်းတွေလည်း ရှိတယ်။ ကျင့်စဉ်တစ်ခုတည်းကိုပဲ သူက ရှင်းပြလိုက်ရင် အမြဲတမ်း အမြင်သစ်တွေ ရစေတာ။”
ချူဖုန်းမှာ ထိုချီးကျူးစကားများကြောင့် အနည်းငယ် မျက်နှာပူသွားကာ ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။ “အကြီးအကဲတွေက ကျုပ်ကို အမွှမ်းတင်လွန်းနေပါပြီ။ ကျုပ်က တခြားသူတွေထက် နည်းနည်းလေး ပိုမြန်မြန် သင်ယူနိုင်ရုံပါပဲ။”
အကြီးအကဲများအားလုံး အသိအမှတ်ပြုသည့်သဘောဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ချူဖုန်း၏ အတိတ်က အောင်မြင်မှုများကို ကြားဖူးကြသော်လည်း အချိန်အတော်ကြာအောင် မကျင့်ကြံနိုင်ခဲ့ခြင်းနှင့် ဝမ်တောက်ကျောင်းတော်တွင် ပါရမီရှင်များ ပေါများလွန်းခြင်းတို့ကြောင့် သူ၏ ထူးချွန်မှုများမှာ လျင်မြန်စွာပင် မှေးမှိန်သွားခဲ့ရခြင်းဖြစ်သည်။
တဖြည်းဖြည်းနှင့် လူတိုင်းက ချူဖုန်းသည် မကျင့်ကြံနိုင်သူအဖြစ်သာ မှတ်မိနေကြပြီး သူပြုခဲ့သော ဒဏ္ဍာရီဆန်သည့် စွမ်းဆောင်မှုများကို မေ့လျော့နေခဲ့ကြခြင်းပင်။
ရုတ်တရက် အကြီးအကဲပင်းက လက်ထောင်ကာ မေးလိုက်သည် “ဌာနမှူးချူ... ရှင်က ဘယ်လိုလုပ် ရုတ်တရက် ဉာဏ်ပွင့်လင်းသွားပြီး ကျင့်ကြံနိုင်သွားတာလဲ”
ချူဖုန်း ပြုံးပြီး ရှင်းပြသည်။ “ဒါကတော့ စာအုပ်တွေ အများကြီးဖတ်ပြီး စာပေရဲ့ ဝိညာဉ်ကို နားလည်သဘောပေါက်သွားလို့ပေါ့။ နောက်ပိုင်းမှာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းရမဲ့ စာပေတစ်ခုကို ရေးသားနိုင်ခဲ့ပြီးတဲ့နောက်မှာပဲ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို ရောက်ခဲ့တာပါ။”
‘ဘာပဲဖြစ်ဖြစ် အခု ငါက အားအကောင်းဆုံးပဲလေ၊ ငါပြောသမျှ အဟုတ်ပေါ့။’
ဘုရင်ဟန်ကျန်းက သူ၏ မုတ်ဆိတ်ကို သပ်ရင်း ပြောသည်။ “အဲဒီတုန်းက အကြီးအကဲပြောတာ မှန်နေတာပဲ။ ခင်ဗျားက ကောင်းကင်ဘုံကို ပျံတက်ဖို့အတွက် ဉာဏ်အလင်းပွင့်လိုက်ဖို့ပဲ လိုအပ်တာလို့ သူပြောခဲ့တာလေ။ ရက်တစ်ရာအတွင်း သူတော်စင်အဆင့်ရောက်ဖို့ဆိုတာ ခင်ဗျားအတွက် မခဲယဉ်းဘူးတဲ့။ ဒါကြောင့်လည်း ခင်ဗျား ဉာဏ်အလင်းပွင့်ဖို့အတွက် သူက အစွမ်းကုန် အရင်းအနှီးစိုက်ပြီး အင်မော်တယ်ဆေးဝါးတွေကို ရှာပေးခဲ့တာကိုး။”
‘အမယ်လေး... အရင်တုန်းက အဲဒီလူကြီးတွေ ဘာလို့ ငါ့အပေါ် ဒီလောက်ထိ ဖိအားပေးခဲ့ကြလဲဆိုတာ အခုမှပဲ နားလည်တော့တယ်။ အဲဒီအဖိုးကြီးက ငါ့ကို အဲဒီလောက်ကြီး အမွှမ်းတင်ထားတာကိုး။’
ချူဖုန်းက နေရခက်စွာဖြင့် လက်ဖက်ရည်ကို နောက်ထပ်တစ်ငုံ သောက်လိုက်သည်။
‘တော်သေးတာပေါ့၊ အဲဒီအဖိုးကြီးက လွန်လွန်ကျူးကျူးကြီး ချီးမွမ်းထားလို့။ မဟုတ်ရင် ငါ့မှာ ဆင်ခြေတွေစဉ်းစားရင်း ဦးနှောက်ခြောက်နေဦးမှာ။’
‘ဒါပေမဲ့ တကယ်တမ်းကျတော့ ငါ့ရဲ့တိုးတက်မှုက သူ့ရဲ့ အမွှမ်းတင်မှုတွေကို မမှီသေးပါဘူး။ ငါပြန်ရောက်ရင် ငါ့တပည့်တွေကို ပိုပြီး ဖိအားပေးမှဖြစ်မယ်၊ မဟုတ်ရင် နောင်ကျရင် ငါကြွားဖို့ ပုံပြင်တွေ မကျန်တော့ဘူး’
သူ စကားစလိုက်သည်။ “အကြီးအကဲတို့... တခြား မေးစရာရှိသေးလား”
အားလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ဘုရင်ဟန်ကျန်းက ပြောလိုက်သည်။ “ဘာမှမရှိတော့ပါဘူး။ ခင်ဗျား သူတော်စင်တစ်ပိုင်း ဖြစ်သွားတာကို မြင်ရတော့ ကျုပ်လည်း စိတ်အေးသွားပါပြီ”
“ဒါဆိုရင် ကျုပ်ကို သွားခွင့်ပြုပါဦး။”
ချူဖုန်းက ပြောပြီးသည်နှင့် မတ်တပ်ရပ်ကာ အားလုံးကို အရိုအသေပေးပြီး ထွက်ခွာသွားခဲ့သည်။
ထိုအခါမှသာ မြို့စားရီရှန်းက ဘုရင်ဟန်ကျန်းဘက်သို့ လှည့်ကာ မေးသည်။ “အစ်ကိုကြီး... ကျွန်တော်တို့ကို ဖုံးကွယ်ထားတာတွေ ရှိနေသေးတာလား”
“အင်း။”
ဘုရင်ဟန်ကျန်းက အလွယ်တကူပင် ဝန်ခံလိုက်ပြီး ဖြည်းဖြည်းချင်း ရှင်းပြသည်။ “ကျုပ် မပြောခဲ့တဲ့အချက် တစ်ခုတော့ ရှိသေးတယ်။ ကျောင်းအုပ်ကြီးနဲ့ အကြီးအကဲက ဌာနမှူးချူဟာ စာပေသူတော်စင်ရဲ့ လူဝင်စားလို့ အမြဲယုံကြည်ခဲ့ကြတာ။ သူ့ကို ကာကွယ်ဖို့အတွက် ဒါကို ဘယ်တော့မှ အပြင်ကို အသိမပေးခဲ့ကြဘူး “
“ အခု ချူဖုန်းက သူတော်စင်တစ်ပိုင်း ဖြစ်နေပြီဆိုတော့ အားလုံး သိသွားလည်း ကိစ္စမရှိတော့ပါဘူး။ ကျောင်းအုပ်ကြီးက သောင်းပြောင်းပညာရပ်ဌာနကို ဖျက်သိမ်းဖို့ သဘောတူခဲ့တာကလည်း ချူဖုန်းကို သူ့အနားမှာထားပြီး ကျင့်ကြံပေးချင်လို့ပဲ “
“ ဒါပေမဲ့ ဒီကလေးက ငါတို့ကို ဒီလောက်အထိ အံ့အားသင့်စရာတွေ ပေးလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ”
“ဒါဆိုရင် ငါတို့တော့ ဒုက္ခပဲ။ အရင်တုန်းက ငါတို့က ဌာနမှူး ချူကို အမြဲတမ်း လှောင်ပြောင်ခဲ့ကြတာလေ” သားရဲထိန်းကျောင်းရေးဌာနမှ အကြီးအကဲတစ်ဦးက စိတ်ဓာတ်ကျစွာ ပြောသည်။
ဘုရင်ဟန်ကျန်းက ရယ်မောလိုက်၏။ “ချူဖုန်းက အငြှိုးထားတတ်တဲ့ လူမျိုး မဟုတ်ဘူး။ မင်းတို့ စိတ်ထဲ မကောင်းဘူးဆိုရင်လည်း သူ့ဆီ ကိုယ်တိုင်သွားပြီး တောင်းပန်လိုက်ကြပေါ့။”
အားလုံးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့အချင်းချင်း နားလည်မှုတစ်ခု ရသွားကြသည်။
ချူဖုန်း သူ့ကိုယ်ပိုင်တဲသို့ ပြန်ရောက်သောအခါ ရှောင်ယန် နှင့် တခြားသူများက စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
သူတို့၏ ဆရာမှာ အစွမ်းထက်ကြောင်း သိထားကြသော်လည်း ဆရာကိုယ်တိုင် တိုက်ခိုက်သည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်မှာ ဤတစ်ကြိမ်သည် ပထမဆုံးပင် ဖြစ်သည်။
သူတော်စင်တစ်ပိုင်းတစ်ဦး၏ စွမ်းအားမှာ ဤအောက်ခြေ ကျင့်ကြံသူများအတွက် အလွန်ပင် အားကျဖွယ် ဖြစ်နေ၏။
“ကျွန်တော်တို့ ဆရာ့ကို ဂါရဝပြုပါတယ်။”
“အပိုတွေ လုပ်မနေကြနဲ့တော့။”
ချူဖုန်းက ပြောပြီးနောက် အဓိကနေရာတွင် ဝင်ထိုင်လိုက်သည်။
ချောင်ရို့ချန် က သူ့အနားသို့ အပြေးအလွှားလာပြီး ပခုံးများကို နှိပ်ပေးလေသည်။
ချူဖုန်းက သူ့ကို စိတ်ပျက်သလို ကြည့်လိုက်၏။ “ဒီကောင်လေး... မင်းက ဘယ်တော့မှ အတည်အတံ့မနေဘူးလား”
ချောင်ရို့ချန်: “...”
‘ဒါပေမဲ့ ဆရာ... အရင်တုန်းက ဆရာလည်း ဒီလိုပဲ မဟုတ်ဘူးလား။’
အားလုံးက ဝိုင်းရယ်ကြသဖြင့် ချောင်ရို့ချန်လည်း ဘာမှမပြောတော့ဘဲ နောက်သို့ ဆုတ်သွားရသည်။
ရယ်မောသံများ ငြိမ်သွားပြီးနောက် ချူဖုန်းက ပြောသည်။
“ဒီတစ်ခေါက် ထိုက်ရွှီလျှို့ဝှက်နယ်မြေ စမ်းသပ်မှုမှာ မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို ငါအရမ်းကျေနပ်တယ်”
ရှောင်ယန်က မေးလိုက်သည်။ “ဆရာ... သူတော်စင်တစ်ပိုင်း အဆင့်မှာ ဆရာ ဘယ်လောက်အထိ တိုးတက်သွားပြီလဲ”
ချူဖုန်းက ပြန်ဖြေသည်။ “ငါကတော့ တာအိုအနှစ်သာရ နှစ်ဆယ်ကျော်လောက်ကိုပဲ ရထားသေးတာပါ။ နတ်ဘုရားဘုရင် အဆင့်ရောက်ဖို့ လိုပါသေးတယ်။”
သူ့ရှေ့က တပည့်လေးဦးထဲမှာ ရှောင်ယန်နှင့် ချောင်ရို့ချန်ဆီကနေ တာအိုအနှစ်သာရ(အမှန်တရား) ခုနစ်ခုစီ ရရှိခဲ့ပြီး၊ ရှောင်ဝမ် နဲ့ ချင်းချင်းဆီကတော့ သုံးခုစီ ရရှိခဲ့သည်။
၎င်းမှာ သူ၏ ချက်ပြုတ်ခြင်းနှင့် ဂီတအတတ်ပညာများ ပြည့်စုံသွားခြင်းကြောင့်လည်း ပါဝင်သည်။
အကြီးအကဲပင်းထံမှ ရရှိသော အနှစ်သာရ သုံးခုနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း (၂၃) ခု ဖြစ်လာသည်။
သောင်းပြောင်းပညာရပ်ဌာနရှိ စာအုပ်များအရ တာအိုလမ်းစဉ်ထဲသို့ အပြည့်အဝ ဝင်ရောက်နိုင်ရန် တာအိုအနှစ်သာရ (၁၀၀) လိုအပ်သဖြင့် နတ်ဘုရားဘုရင်အဆင့်နှင့် ဝေးသေးသည်ဟု သူပြောခြင်းမှာ လုံးဝမှန်ကန်ပါသည်။
သူက ဆက်မေးသည်။ “မင်းတို့ နောက်ထပ် ဘာဆက်လုပ်ဖို့ စီစဉ်ထားကြလဲ”
ရှောင်ယန်က အရင်ဆုံး ရှေ့ထွက်လာသည်။ “ကျွန်တော်ကတော့ ကျင့်ကြံခြင်းအတွက် လောကပတ်ပြီး ဆက်လက် ခရီးနှင်ဖို့ စီစဉ်ထားပါတယ်။”
ချောင်ရို့ချန်က ပြောသည်။”ကျွန်တော်လည်း အတူတူပါပဲ”
ချင်းချင်းက ရိုသေစွာ ဆိုသည်။ “ကျွန်မကတော့ ဆရာ့အနားမှာပဲ နေပြီး ဆက်လက် ကျင့်ကြံခြင်ပါတယ်”
“ကောင်းပြီ။”
ချူဖုန်း၏ အကြည့်က နောက်ဆုံးတွင် ဝမ်ပေါင်လဲ့ ဆီသို့ ကျရောက်သွားသည်။ “ရှောင်ဝမ်... မင်းကော ဘယ်လိုလဲ”
ဝမ်ပေါင်လဲ့က ခေါင်းကို ကုတ်လိုက်သည်။ “ကျွန်တော်ကတော့ ဝမ်မိသားစုဆီ ခဏလောက် ပြန်ချင်ပါတယ်။ အိမ်နဲ့ ခွဲနေရတာ ကြာပြီဆိုတော့ အိမ်ကို လူကိုယ်တိုင် တစ်ခါလောက်သွားတွေ့သင့်တယ်ထင်လို့ပါ”
ချူဖုန်းက ပြောသည်။ “ကောင်းပြီ။ အခု မင်းက စစ်မှန်ကံကြမ္မာအဆင့် ကို ရောက်နေပြီဆိုတော့ အိမ်ပြန်ကြည့်တာလည်း ကောင်းပါတယ်။”
“ကျေးဇူးတင်ပါတယ် ဆရာ။”
ဝမ်ပေါင်လဲ့က ကိုယ်ကိုကိုင်းကာ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
“ကဲ... အားလုံး သွားကြတော့။ ငါ နည်းနည်း ပင်ပန်းနေပြီ”
ချူဖုန်းက လက်ဝှေ့ယမ်းကာ သူ့တပည့်များကို ထွက်ခွာခိုင်းလိုက်သည်။
“ဟုတ်ကဲ့ပါ။”
သူတို့အားလုံး တစ်ပြိုင်နက်တည်း ပြန်ထူးကာ ထွက်ခွာသွားကြ၏။
တဲအပြင်ဘက်ရောက်သော် ရှောင်ယန်က ဝမ်ပေါင်လဲ့ဘက်သို့ လှည့်ကာ ပြော၏။ “စတုတ္ထညီလေး... မင်း ဝမ်မိသားစုဆီ ပြန်ရင် တာ့ချန်၊ ညီမလေးလွီနဲ့ ငါပါ အတူလိုက်ခဲ့ရမလား”
ဝမ်ပေါင်လဲ့က မျက်နှာဝင်းပသွား၏။ “ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”
ရှောင်ယန်က ပြုံးလျက်ပြောသည်။ “ငါတို့အချင်းချင်း ကျေးဇူးတင်နေဖို့ မလိုပါဘူး။ မင်း တစ်ယောက်တည်း ပြန်သွားရင် ဝမ်မိသားစုက မင်းမှာ ဝမ်တောက်ကျောင်းတော်ရဲ့ ထောက်ခံမှုမရှိဘူးလို့ ထင်နေဦးမယ်။”
ချောင်ရို့ချန်ကလည်း ဝင်ပြောလိုက်သည်။
“ဟုတ်တယ်”
ဝမ်ပေါင်လဲ့ “အစ်ကိုကြီး နှစ်ယောက်လုံး ကူညီပေးမယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ ဝမ်မိသားစု ခရီးစဉ်က အဆင်ပြေမှာ သေချာပါတယ်”
နောက်တစ်နေ့တွင် အင်အားကြီးအဖွဲ့အစည်းများ အားလုံးသည် မိမိတို့၏ ဂိုဏ်းများရှိရာသို့ အသီးသီး ပြန်လည် ထွက်ခွာခဲ့ကြ၏။
ဤတစ်ကြိမ် ထိုက်ရွှီလျှို့ဝှက်နယ်မြေ ခရီးစဉ်မှာ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပြီး ဝမ်တောက်ကျောင်းတော်မှာ လူပြောအများဆုံး ဖြစ်လာခဲ့သည်။
လှေပျံကြီး ပြန်မရောက်ခင်မှာပင် ဝမ်တောက်ကျောင်းတော် မှ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် ကျောင်းသားများအားလုံး သတင်းကို လက်ခံရရှိပြီးသား ဖြစ်နေသည်။
ကျောင်းတော်တစ်ခုလုံးမှာလည်း ဆူညံပွက်လောရိုက်နေပြီး လူတိုင်းက ချူဖုန်း သူတော်စင်တစ်ပိုင်း ဖြစ်လာသည့်အကြောင်းကိုသာ ပြောနေကြ၏။
အကြီးအကဲ နေရာရှစ်ခုမှ ပုဂ္ဂိုလ်များသည် ငှက်ဖြူလေးသယ်ဆောင်လာသော သတင်းစကားကို ကြည့်ကာ မှင်သက်နေကြသည်။
ဓားဘုရင်ကျန်းဝူက တိုးတိုးလေး ရေရွတ်လိုက်သည်။
“အဲဒီ ချူဖုန်းဆိုတဲ့ ကောင်စုတ်လေးက တကယ်ပဲ သူတော်စင်တစ်ပိုင်း ဖြစ်သွားတာလား”
(ဓားဘုရင်က နှစ်ပါးရှိတာ သိတယ်မလား။ ဓားဘုရင်ကျန်းဝူက ဓားပညာဌာနက၊ ဓားဘုရင်ရှောင်ယောင်က ကောင်းကင်စိတ်ဝိညာဉ်ဌာနက)
ဓားဘုရင် ရှောင်ယောင်၏ မျက်လုံးများမှာမူ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။ “နောက်ဆုံးတော့ အကြီးအကဲတွေထဲမှာ ယှဉ်ပြိုင်ရကျိုးနပ်တဲ့ ပြိုင်ဘက်တစ်ယောက် ပေါ်လာပြီပေါ့။ ဒီနေ့ကစပြီး ငါလည်း သူတော်စင်တစ်ပိုင်းနယ်ပယ်ကို တက်လှမ်းနိုင်ဖို့အတွက် တံခါးပိတ် ကျင့်ကြံတော့မယ်”
ကျောင်းအုပ်ကြီးက ပြုံးလိုက်ပြီး မိမိကိုယ်ကိုယ် ရေရွတ်လိုက်သည်။ “ညီနောင် ခုံ... ငါတို့ ထင်တာ လုံးဝမှန်တယ်။ ဝမ်တောက်ကျောင်းတော်မှာ နောက်ထပ် ဧကရာဇ်တစ်ပါး ထွက်လာတော့မယ်”
***