တောင်တန်းများအကြားတွင် အချိန်သည်ကုန်မှန်းမသိ ကုန်လွန်သွားခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချူဖုန်း တစ်ယောက် မိမိအခန်းအပြင်သို့မထွက်ဘဲ အောင်းနေခဲ့သည်မှာ ခုနစ်ရက်နှင့် ခုနစ်ည တိုင်ခဲ့လေပြီ။
ထိုခုနစ်ရက်အတောအတွင်း သူသည် ထမင်းစားချိန်၌ပင် မျက်နှာပြခြင်း မရှိပေ။ စောင့်ကြပ်နေသော အကြီးအကဲပင်း ပင်လျှင် ချူဖုန်း တစ်ယောက် အခန်းထဲ၌ အသည်းအသန် စာရေးနေသည်ကို တစ်ချက်တစ်ချက်သာ လှမ်းမြင်ရုံမျှ ရှိသည်။
ချူဖုန်းသည် တပည့်အငယ်ဆုံးအတွက် တစ်ခုခု ရေးပေးနေမှန်း အားလုံးက သိကြသော်လည်း သူတို့၏ ဆရာက မိမိကိုယ်ကိုယ် ဤမျှအထိ ပင်ပန်းခံသည်ကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။
အမြဲတမ်း တည်ငြိမ်လှသော ရှောင်ယန် ပင်လျှင် ဇဝေဇဝါ ဖြစ်လာရသည်။ ယနေ့ နံနက်စောစော ကျင့်စဉ်ကျင့်ကြံပြီးနောက် သူတို့သည် အကြီးအကဲ ပင်း ထံသို့ သွားရောက်ခဲ့ကြ၏။
“ဆရာကတော်... ဆရာက ဘယ်လိုမျိုး ကမ္ဘာကျော်မဲ့ ပညာရပ်တွေကို ရေးနေလို့ ဒီလောက်တောင် အခန်းအောင်းနေရတာလဲ”
ဆရာကတော် ဆိုသည့် စကားကို ကြားလိုက်ရသောအခါ အကြီးအကဲ ပင်း၏ မျက်နှာပေါ်တွင် ရှက်သွေးဖြန်းသွားလေသည်။
“လျှောက်မပြောနဲ့ဦး၊ ငါက နင့်ဆရာရဲ့ ဇနီး မဖြစ်သေးဘူး”
“ခွင့်လွှတ်ပါ အကြီးအကဲ၊ ကျွန်တော်က ဆရာ့အတွက် စိုးရိမ်မိလို့ပါ” ရှောင်ယန်က ယဉ်ကျေးစွာ ပြန်လည်ဖြေကြားသဖြင့် အကြီးအကဲ ပင်းမှာ သူ့ကို ဆူပူရန် အကြောင်းမရှိတော့ပေ။
သူမက တည်ငြိမ်စွာဖြင့် ပြောသည်။
“နင့်ဆရာက ပန်းချီဆွဲနေတာ။ အသေးစိတ်ကိုတော့ ငါလည်း ထုတ်မပြောနိုင်ဘူး”
ချူဖုန်း ဆွဲနေသည့် ထိုပန်းချီကားမှာ မည်မျှ ထူးဆန်းသည်ကို အကြီးအကဲ ပင်း မှတ်မိနေဆဲပင်။
ရှင်းရှင်းလင်းလင်း ကြည့်မည်ဆိုလျှင် ကွန်ဖြူးရှပ် ပညာရှိကြီး တစ်ဦးကို ဆွဲနေခြင်းဖြစ်သော်လည်း သူမအမြင်တွင်မူ တစ်စုံတစ်ယောက်က လူသားခန္ဓာကိုယ်ဖြင့်ပင် သူတော်စင်ဖြစ်သွားသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။
အားလုံးက ထိုအကြောင်းကို ဆွေးနွေးနေကြစဉ် အခန်းအတွင်း၌မူ ချူဖုန်းသည် နောက်ဆုံးတွင် စုတ်တံကို ချလိုက်ပြီး ပန်းချီကားထဲရှိ သူတော်စင် ခုံဖန်မာ၏ ပုံတူကို အလေးအနက် ဦးညွှတ်လိုက်သည်။
“ပညာရှိကြီး ခုံ... ကျွန်တော်မျိုးက အရှင်ကြီး မြို့တံခါးကို လက်ဗလာနဲ့ မတင်ခဲ့တဲ့ မြင်ကွင်းကိုပဲ ရေးဆွဲခဲ့တာပါ။ မသင့်တော်တာ ရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ပန်းချီကားထဲမှ စာပေလမ်းစဉ်တာအို၏ သန့်စင်သော အလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားလေသည်။
ထို စာပေလမ်းစဉ် အလင်းတန်းသည် အမြင့် ကိုးဆယ်ကိုးပေ အထိ ရောက်ရှိသွားပြီး ဝမ်တောက် ကျောင်းတော် ရှိ မရေမတွက်နိုင်သော လူများ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်လေတော့သည်။
“ဒီလောက် မြင့်မားတဲ့ စာပေလမ်းစဉ် အလင်းတန်းပါလား။ အကြီးအကဲချူ က စာပေလမ်းစဉ်မှာ နောက်ထပ် တစ်ဆင့်တက်သွားပြန်ပြီ ထင်တယ်”
“မြန်မြန်... အကြီးအကဲဆီ သွားသတင်းပို့ကြ”
“…”
တပည့်များနှင့် အကြီးအကဲများစွာတို့သည် ဌာနမှူးချူ ထံသို့ သွားရောက် ဂါရဝပြုလိုကြသော်လည်း ဌာန အသီးသီးမှ ခေါင်းဆောင်များ ကမူ ချက်ချင်းပင် တံခါးပိတ် ကျင့်ကြံတော့မည်ဖြစ်ကြောင်း ကြေညာလိုက်ကြသည်။
ဆေးပညာဌာန၏ ဌာနမှူး ဆေးဘုရင်ရွှမ်ဟော့က ဘေးနားရှိ မြို့စား ရီရှန်း ကို လှည့်ကြည့်ကာ ပြောလိုက်သည်။ “ရီရှန်း၊ ဆေးတာအို ဌာနရဲ့ ကိစ္စတွေကို ခင်ဗျားပဲ ခေတ္တ တာဝန်ယူထားလိုက်ပါဦး။ ကျုပ်ကတော့ သူတော်စင်တစ်ပိုင်း အဆင့်ကို တက်လှမ်းဖို့အတွက် သုံးနှစ်ကနေ ငါးနှစ်လောက် တံခါးပိတ် ကျင့်ကြံတော့မယ်”
ရီရှန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။ “အကြီးအကဲ၊ ဒါက နည်းနည်း စောမနေဘူးလား။ အစက နောက်ထပ် ဆယ်နှစ်ကြာမှ တံခါးပိတ် ကျင့်ကြံမယ်လို့ စီစဉ်ထားတာ မဟုတ်လား”
ဆေးဘုရင်လရွှမ်ဟော့က စိတ်မရှည်စွာဖြင့် ပြန်ဖြေသည်။ “ငါကတောင် နောက်ကျနေပြီ။ အဘိုးကြီးကျန့်ဝူ လည်း တံခါးပိတ် ကျင့်ကြံဖို့ သွားပြီဆိုတာ မသိဘူးလား။ “
“အကယ်၍ သူသာ ရှောင်ဖုန်း အတွက်နဲ့ ရှောင်ယန်ကို တိုက်ခိုက်တုန်းက လျှော့မပေးခဲ့ရင်၊ ရှောင်ဖုန်းရဲ့ စရိုက်အတိုင်းဆိုရင် အဲ့ဒီအဘိုးကြီးကို သွားရိုက်ပြီးလောက်ပြီ”
မြို့စားရီရှန်းက ပြောသည်။
“အကြီးအကဲ၊ ကျွန်တော် သိသလောက်တော့ ဌာနမှူးချူ က နှိမ့်ချပြီး သဘောကောင်းပါတယ်။ သူက အားနည်းသူကို နှိပ်စက်တာမျိုး၊ တစ်ပါးသူကို အနိုင်ကျင့်တာမျိုး လုပ်မှာ မဟုတ်ပါဘူး”
“ဟမ့်”
ဆေးဘုရင်ရွှမ်ဟော့က နှာခေါင်းရှုံ့လိုက်၏။ “ခင်ဗျားက အသက်ကြီးလေ ကြောင်လေ ဖြစ်နေပြီ။ သစ္စာတရားကို တန်ဖိုးထားတဲ့ လူငယ်မျိုးကို မြင်ဖူးလို့လား”
မြို့စားရီရှန်း “...”
သူ တကယ်ပင် ပြန်ပြောစရာ စကားမရှိတော့ပေ။ သူ၏ စိတ်ထဲတွင်မူ တွေးနေမိသည်။
‘အံ့သြစရာ မရှိပါဘူး... ဟိုလူတွေ အကုန်လုံး ဌာနမှူးချူ ဆီ ပြေးပြီး လက်ဆောင်တွေ သွားပေးနေကြတာ၊ အမှန်တော့ အသမခံရမှာ ကြောက်နေကြတာကိုး’
ဌာနခေါင်းဆောင် ကိုးဦးစလုံး တံခါးပိတ် ကျင့်ကြံသွားပြီဟူသော သတင်းသည် ကျောင်းအုပ်ကြီးထံသို့ ချက်ချင်း ရောက်ရှိသွားသည်။
ထိုသတင်းကို ကြားလိုက်ရသောအခါ ကျောင်းအုပ်ကြီး၏ နှုတ်ခမ်းများ ကွေးညွှတ်ကာ ပြုံးလိုက်မိသည်။ “ရှောင်ဖုန်း တစ်ယောက် ဒီတစ်ခါတော့ ကောင်းတာလေး လုပ်လိုက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ နောက်ဆယ်နှစ်အတွင်းမှာ ငါတို့ ဝမ်တောက်ကျောင်းတော်မှာ သူတော်စင်တစ်ပိုင်း တွေ အများကြီး ထွက်လာတော့မှာပဲ”
ဘေးနားရှိ အကြီးအကဲတစ်ဦးက ပြောသည်။ “ဒါပေမဲ့ ကျောင်းအုပ်ကြီး၊ အဲ့ဒီလိုသာ ဆိုရင် ဌာနအကြီးအကဲ ကိုးနေရာက လစ်လပ်သွားမှာပေါ့။ မူလနယ်မြေက လူတွေ လွှတ်ပြီး တာဝန်ယူခိုင်းမှာ သေချာတယ်။ အဲ့ဒီအခါကျရင် ကျောင်းအုပ်ကြီးလည်း ဘေးဖယ်ခံရနိုင်တယ်။ ပြီးတော့ အဲ့ဒီ မြင့်မြတ်နယ်မြေ က ပါရမီရှင်တွေကလည်း အင်မတန် ထိန်းရခက်တာ”
ကျောင်းအုပ်ကြီးက ပြုံးလိုက်သည်။ “ရှောင်ဖုန်း ရှိနေတာပဲ မဟုတ်လား။ သူတို့သာ ငါ့ကို ဒုက္ခပေးချင်ရင်၊ အရင်ဆုံး ရှောင်ဖုန်းကို သွားပြီး ပြဿနာ ရှာခိုင်းလိုက်ပေါ့”
ထိုအကြီးအကဲက တိုးတိုးလေး ရေရွတ်မိသည်။ “ကျောင်းအုပ်ကြီးကတော့ တကယ့်ကို မြေခွေးအိုကြီးပါပဲ”
“ဟမ်”
ကျောင်းအုပ်ကြီးက ထိုအကြီးအကဲကို ချက်ချင်း စိုက်ကြည့်လိုက်သဖြင့် အကြီးအကဲမှာ ပါးစပ်ပိတ်ကာ နောက်ထပ် တစ်လုံးမှ မဟရဲတော့ပေ။
…
ဤကိစ္စအားလုံး၏ တရားခံဖြစ်သူ ချူဖုန်းကမူ သူ၏ ပန်းချီကားက ဝမ်တောက်ကျောင်းတော်တွင် မည်မျှအထိ လှုပ်ခတ်သွားသည်ကို လုံးဝ မသိရှာပေ။
ရှေ့ရှိ ပန်းချီကားကို ကြည့်ကာ သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ဒါနဲ့ဆိုရင်တော့ ငါ့ရဲ့ ပုံရိပ်ကို ဘယ်သူမှ သံသယ မရှိတော့ဘူး။ ချိုက်ချန်တော့ စောင့်နေရရှာပြီ ထင်တယ်”
ထို့နောက် ချူဖုန်းသည် ပန်းချီလိပ်ကို သိမ်းလိုက်ရာ ကောင်းကင်ယံရှိ ထူးခြားသော ဖြစ်စဉ်များလည်း ပျောက်ကွယ်သွားလေသည်။
သူသည် စာအုပ်ငယ်တစ်အုပ်နှင့် ပန်းချီလိပ်ကို ကိုင်ဆောင်ကာ တံခါးကို တွန်းဖွင့်၍ ဝင်းထဲသို့ ထွက်လာခဲ့၏။
သူ အပြင်သို့ လှမ်းလိုက်သည်နှင့် ကြောင်တောင်တောင် ဖြစ်နေသော အကြီးအကဲ ပင်း နှင့် တပည့်တစ်စုကို မြင်လိုက်ရသည်။
တံခါးပွင့်သံကို ကြားလိုက်ရသည်နှင့် အားလုံး၏ အကြည့်များသည် ချူဖုန်း ထံသို့ အလိုအလျောက် ရောက်ရှိသွားကြပုံပင်။
“ကျွန်တော်တို့ ဆရာ့ကို ဂါရဝပြုပါတယ်”
“အားနာစရာ မလိုပါဘူး”
ချူဖုန်းက ပြောရင်းနှင့် ရွှီချိုက်ချန် ကို ကြည့်လိုက်သည်။
“ချိုက်ချန်၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မင်းရဲ့ ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် လုပ်ထားရဲ့လား”
ရွှီချိုက်ချန်က ဦးညွှတ်လိုက်သည်။ “ဆရာ့ကို တင်ပြပါတယ်၊ ကျွန်တော် စီနီယာတွေဆီကနေ ထိုက်ချီကို သင်ယူနေပါတယ်”
“ကောင်းပြီ”
ချူဖုန်းက ထိုသို့ပြောကာ လက်ထဲရှိ စာအုပ်ငယ်ကို အသာအယာ ဝှေ့ယမ်းလိုက်၏။
ထိုစာအုပ်ငယ်သည် ရွှီချိုက်ချန် ထံသို့ လွင့်ပျံသွားပြီး သူ၏ ရှေ့တည့်တည့်တွင် ရပ်တန့်သွားသည်။
ရွှီချိုက်ချန်က စာအုပ်ကို အသေအချာ လက်ခံရယူကာ ရိုသေစွာပြောလိုက်သည်။ “ပညာရပ်တွေကို ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ”
“အရင်ဆုံး ဖတ်ကြည့်ဦး။ နားမလည်တာ ရှိရင် ငါ့ကို မေးနိုင်တယ်”
ထို့နောက် ချူဖုန်းသည် ကျောက်စားပွဲတွင် ထိုင်လိုက်သည်။ သူ ခုနစ်ရက် ခုနစ်ည တိုင်တိုင် မအိပ်ခဲ့ရသော်လည်း လန်းဆန်းတက်ကြွနေဆဲပင်။ ဤသည်မှာ ညလုံးပေါက် ကျင့်စဉ်ကျင့်ရခြင်း၏ ပျော်ရွှင်မှုပေလော။
သို့သော် ဤသည်မှာ ခန္ဓာကိုယ်အတွက် ပင်ပန်းလွန်းသည်ဟု သူ နားလည်သွားပြီး နောက်တစ်ကြိမ်တွင် မလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ရှောင်ယန်နှင့် အခြားသူများသည် ရွှီချိုက်ချန်၏ လက်ထဲမှ စာအုပ်ငယ်ကို စူးစမ်းစွာ ကြည့်နေကြသည်။
ပထမဆုံးစာမျက်နှာ၏ ပထမဆုံးစာကြောင်းကို မြင်လိုက်ရသောအခါ သူတို့ အားလုံး တောင့်ခဲသွားကြသည်။
ပညာရှိကြီးက ဆိုသည်။ “အသက်၃၀တွင် အခိုင်အမာ ရပ်တည်နိုင်ရမည်၊ ၄၀တွင် သံသယ ကင်းရှင်းရမည်၊ ၅၀တွင် ကံကြမ္မာကို နားလည်ရမည်၊ ၆၀တွင် ကြားရသမျှကို စိတ်အေးချမ်းစွာ လက်ခံနိုင်ရမည်၊ ၇၀တွင် မိမိစိတ်အလိုအတိုင်း လိုက်နိုင်ရမည်”
မှတ်ချက် - ပညာရှိကြီးက ပညာတတ်တစ်ဦး၏ ကျင့်စဉ်အဆင့်များကို ဤသို့ ရှင်းပြထားသည်။
အခိုင်အမာ ရပ်တည်နိုင်သည့် အဆင့် : လူအယောက် ၃၀နှင့် တိုက်ခိုက်ပြီးနောက်တွင်ပင် လဲမကျဘဲ ဆက်လက် ရပ်တည်နိုင်ခြင်း။
သံသယ ကင်းရှင်းသည့် အဆင့် : လူအယောက် ၄၀နှင့် ရင်ဆိုင်ရချိန်တွင် တုံ့ဆိုင်းမှုမရှိဘဲ ပြတ်ပြတ်သားသား တိုက်ခိုက်နိုင်ခြင်း။
ကံကြမ္မာကို သိမြင်သည့် အဆင့် : လူအယောက် ၅၀နှင့် ရင်ဆိုင်ရချိန်တွင် မိမိက မလွဲမသွေ အနိုင်ရမည်မှာ ကံကြမ္မာပင် ဖြစ်ကြောင်း သိမြင်ခြင်း။
စိတ်အေးချမ်းသည့် အဆင့် : လူအယောက် ၆၀ နှင့် ရင်ဆိုင်ရလျှင်ပင် အခြားသူများက သင့်၏ အကြောင်းပြချက် များကို နားထောင်လိုစိတ် ရှိလာခြင်း။ (မှတ်ချက် - အရိုက်ခံရမှာ ကြောက်လို့ နားထောင်တယ် ပြောခြင်တာဖြစ်ပါလိမ့်မယ်)
စိတ်အလိုအတိုင်း ဖြစ်သည့် အဆင့် : တစ်ဖက်တွင် လူအယောက် ၇၀ ကျော် ရှိနေစေကာမူ မိမိ စိတ်ကြိုက် တိုက်ခိုက်နိုင်ခြင်း။
ဤကဲ့သို့သော ဖွင့်ဆိုချက်များကို မြင်လိုက်ရရုံနှင့် လူတိုင်းသည် လက်ရှိ ကမ္ဘာကြီးကိုပင် သံသယဝင်လာကြတော့သည်။
ချောင်ရို့ချန် က ဇဝေဇဝါဖြင့် မေးလိုက်၏။
“ဆရာ... ကျွန်တော်တို့က စာသင်ဖူးပါတယ်။ ဒါက ကွန်ဖြူးရှပ်ကျမ်း ရဲ့ မှန်ကန်တဲ့ ရှင်းလင်းချက် ဟုတ်ရဲ့လား”
အခြားသူများက စကားမပြောသော်လည်း အားလုံးက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြကြသည်။
ရွှီချိုက်ချန်မှာမူ သူ၏ ဦးရေပြားများပင် ထုံကျင်သွားသလို ခံစားရသည်။ ဤသည်မှာ သူ ကျောင်းတွင် သင်ယူခဲ့ရသည်များနှင့် လုံးဝ တခြားစီ ဖြစ်နေသည်။
ချူဖုန်းက ပြုံးလိုက်၏။ “ငါက မင်းတို့ကို လိမ်ပါ့မလား။ ဒီကျမ်းကို တကယ် နားလည်ချင်ရင်၊ ပညာရှိကြီးရဲ့ ပုံတူပန်းချီကို နေ့တိုင်း လေ့လာရမယ်။ ချိုက်ချန်... ဖမ်းလိုက်”
သူ ပြောပြောဆိုဆိုနှင့် ပန်းချီလိပ်ကို ညွှန်ပြလိုက်ရာ ပန်းချီလိပ်သည် ရွှီချိုက်ချန် ထံသို့ ပျံထွက်သွားသည်။
ရွှီချိုက်ချန်သည် ကြောင်တောင်တောင်ဖြင့် ပန်းချီကားကို ဖမ်းလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ ဝေခွဲမရ ဖြစ်နေဆဲပင်။ အဓိကမှာ ဆရာဖြစ်သူ၏ ပညာဖြန့်ဝေပုံက တကယ့်ကို တုန်လှုပ်စရာ ကောင်းလွန်းနေသောကြောင့် ဖြစ်သည်။
ချောင်ရို့ချန်က မအောင့်နိုင်တော့ပေ။
“ညီလေး... အဲ့ဒါကို ဖြန့်လိုက်ပါဦး၊ ငါတို့လည်း အမြင်ကျယ်သွားအောင် ကြည့်ရအောင်”
“ဟုတ်ကဲ့”
ရွှီချိုက်ချန်က သတိပြန်ဝင်လာပြီး ပန်းချီလိပ်ကို အသေအချာ ဖြန့်လိုက်သည်။
သူ၏ မျက်စိရှေ့တွင် တစ်ကိုယ်လုံး ပညာရှိ အငွေ့အသက်များ ထွက်ပေါ်နေသော သန်မာထွားကြိုင်းသည့် အဘိုးအိုတစ်ဦး ပေါ်လာသည်။
အကယ်၍ ပန်းချီကားထဲမှ ပြင်းထန်သော စာပေလမ်းစဉ်၏ တာအိုအရှိန်အဝါသာ ထွက်မနေပါက၊ ရွှီချိုက်ချန် တစ်ယောက် သူ့ဆရာက သူ့ကို နောက်နေသည်ဟုပင် ထင်မိတော့မည်။
သူ၏ နောက်ကွယ်မှ လူများမှာမူ ပန်းချီကားထဲရှိ အဘိုးအိုကို ကြည့်ကာ ဒူးများပင် တုန်သွားကြသည်။
အကြီးအကဲပင်း ၏ စိတ်ထဲတွင်လည်း အလွန် ထိတ်လန့်သွားရသည်။ ဤပန်းချီကားထဲတွင် မဟာတာအို၏ စစ်မှန်သော အနှစ်သာရများ ပါဝင်နေသည် မဟုတ်ပါလား။
ရွှီချိုက်ချန်က ပန်းချီလိပ်ကို ဖြည်းညှင်းစွာ ပြန်သိမ်းပြီး မေးလိုက်သည်။ “ဆရာ၊ ကွန်ဖြူးရှပ် ပညာရှိကြီးက မေတ္တာ၊ တရားမျှတမှု၊ ယဉ်ကျေးမှု၊ အသိပညာ၊ သစ္စာတရားနဲ့ ပြည့်စုံတဲ့သီလတွေကို ဟောပြောခဲ့တယ်လို့ ကျွန်တော် ကြားဖူးပါတယ်။ ဒါပေမဲ့ ဒီပန်းချီကားထဲမှာ အဲ့ဒီအငွေ့အသက်တွေကို ဘာလို့ မတွေ့ရတာလဲ”
ချူဖုန်းက ပြုံး၏။ “ဒီပန်းချီကားထဲမှာ အဲ့ဒီ သီလတွေ မရှိဘူးလို့ ဘယ်သူပြောလဲ။ မင်းသာ ဒီကျမ်းစာတွေကို နားလည်အောင် ကျင့်ကြံနိုင်ရင်၊ ကွန်ဖြူးရှပ်က ဘာတွေကို ဆိုလိုခဲ့လဲဆိုတာ အလိုလို သိလာလိမ့်မယ်။ အဲ့ဒီအဆင့်ကို ရောက်သွားတဲ့နေ့ကျရင် မင်း ကမ္ဘာပတ်ပြီး ဘယ်နေရာကိုမဆို သွားနိုင်ပြီ”
ထိုစကားကို ကြားသောအခါ ရွှီချိုက်ချန်သည် ချက်ချင်း ဒူးထောက်လိုက်သည်။
“ဒီပညာရပ်တွေကို သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ”
***