“သမက်တော်၊ ကြွပါခင်ဗျာ။”
အိမ်တော်အပြင်ဘက်တွင် အိမ်တော်ထိန်းအိုကြီးသည် ဝမ်ပေါင်လဲ့နှင့် အခြားသူများကို ရိုသေသော အမူအရာဖြင့် ဖိတ်ခေါ်လိုက်သည်။
ယခင်ကမူ သူသည် ခိုကပ်စားသောက်နေသည့် ဤသမက်တော် ဝမ်ပေါင်လဲ့ကို အထင်အမြင်သေးခဲ့သည်မှာ အမှန်ပင်။ သို့သော် ယနေ့ သူနှင့်အတူ လိုက်ပါလာသူများကမူ သူ့ကို ဖော်ပြမတတ်နိုင်သော ဖိအားများကို ပေးနေသည်။ အထူးသဖြင့် ထိုသန်မာထွားကြိုင်းသော လူကြီးက ပိုဆိုးသည်။
ထိုလူက သူ့ကို လက်ညှိုးတစ်ချောင်းတည်းဖြင့်ပင် ချေမှုန်းပစ်နိုင်မည်ဟု အိမ်တော်ထိန်းအိုကြီး ခံစားနေရ၏။ ဤသို့သော အဖော်များ ပါလာသောကြောင့်သာ သူသည် သခင်မဖြစ်သူထံ အထူးတလည် သွားရောက် အကြောင်းကြားခဲ့ခြင်းပင်။
ကံဆိုးသည်မှာ သခင်မက ဝမ်ပေါင်လဲ့ကို အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ပေ။
“အင်း။”
ဝမ်ပေါင်လဲ့က ခပ်အေးအေးပင် ပြန်ထူးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဤအဘိုးကြီးက သူ့ကို အမြဲတမ်း အခက်တွေ့အောင် လုပ်ခဲ့သူ မဟုတ်ပါလား။ ဝမ်မျိုးနွယ်စု အကြီးအကဲသာ ရှိမနေလျှင် ဤမြေခွေးအိုကြီးကို သူရိုက်နှက်ဆုံးမခဲ့သည်မှာ ကြာလှပြီ။
“သမက်တော်၊ ဒီတစ်ခေါက် ဘယ်လောက်ကြာကြာ နေမှာလဲဆိုတာ သိပါရစေလားခင်ဗျာ။”
အိမ်တော်ထိန်းအိုကြီးက စပ်စုသည့်သဘောဖြင့် မေးလိုက်သည်။
“အဘိုးနဲ့ ယွီလင်ကို တွေ့ပြီးရင် ပြန်မှာပါ။” ဝမ်ပေါင်လဲ့က သူ၏ရည်ရွယ်ချက်ကို ဖုံးကွယ်မထားပေ။
အိမ်တော်ထိန်းအိုကြီးမှာ ဆွံ့အသွား၏။ “ သခင်ကြီးရဲ့ အသက်ရှစ်ရာပြည့် မွေးနေ့ပွဲကို မတက်တော့ဘူးလားခင်ဗျာ။ နောက်ခုနစ်ရက်နေရင် ကျင်းပတော့မှာလေ။”
ဝမ်ပေါင်လဲ့က သူ၏နဖူးကို ပုတ်လိုက်သည်။ “ဒါကို ငါမေ့တော့မလို့။ မွေးနေ့ပွဲပြီးမှပဲ ပြန်တော့မယ်။”
ထိုအခါအိမ်တော်ထိန်းအိုကြီးက ဆက်လက်၍ ပြောလာသည်။ “ဒါဆိုရင် သမက်တော်ရဲ့ သူငယ်ချင်းတွေအတွက် ဧည့်သည်ဆောင်တွေ ပြင်ခိုင်းလိုက်ပါ့မယ်။”
ဝမ်ပေါင်လဲ့က တစ်ခွန်းတည်းနှင့်ပင် ငြင်းပယ်လိုက်သည်။ “မလိုဘူး။ ငါ့ရဲ့ အိမ်ဟောင်းမှာပဲ နေမယ်။”
အိမ်တော်ထိန်းအိုကြီးက တစ်ခုခု ထပ်ပြောချင်သော်လည်း ထိုလူကောင်ကြီး၏ ပြူးကြည့်နေသော မျက်လုံးများကို မြင်သောအခါ စကားလုံးများကို ပြန်မျိုချလိုက်ရတော့သည်။
အားလုံးသည် ရှေ့ဝင်းကို ဖြတ်ကျော်လာခဲ့ကြပြီး ခဏအကြာတွင် အိမ်တော်၏ တိတ်ဆိတ်လှသော အပိုင်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ချောင်ရို့ချန်က အိမ်ငယ်လေးသုံးလုံးသာရှိပြီး ပေါင်းပင်များ ထူထပ်နေသော၊ လူမနေသည်မှာ ကြာလှပြီဖြစ်သော ထိုခြံဝင်းကို ကြည့်ကာ မရေရွတ်ပဲ မနေနိုင်တော့ချေ။ “ဝမ်ညီလေး၊ မင်း အရင်က ဒီခွေးအိမ်ထဲမှာ နေခဲ့တာလား”
ရှောင်ယန်က ခပ်အေးအေးပင် ဆိုလိုက်သည်။ “ဒုတိယညီလေး၊ ခွေးတွေကို မစော်ကားပါနဲ့။ ငါငယ်ငယ်က ငါ့အိမ်က မီးလျှံခွေး သုံးကောင်နေတဲ့ အဆောင်ကတောင် ဒါထက် ပိုကောင်းသေးတယ်။”
ဘေးနားရှိ အမျိုးသမီးနှစ်ဦးက စကားမပြောသော်လည်း အနည်းငယ် တွန့်ချိုးသွားသော မျက်ခုံးများက သူတို့၏ မကျေနပ်မှုကို ဖော်ပြနေသည်။
အိမ်တော်ထိန်းအိုကြီး : “……”
မီးလျှံခွေး သုံးကောင်ဆိုသည်မှာ စစ်မှန်ကံကြမ္မာ အဆင့်ရှိသော သားရဲကြီးများ ဖြစ်သည်။ အိမ်မှာ ထိုကဲ့သို့သော သားရဲဆိုးကြီးများကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးနိုင်သည်ဆိုတော့ ဤလူက ဘယ်သူများပါလိမ့်။
ဝမ်ပေါင်လဲ့က ရယ်မောလိုက်ကာဆိုသည်။ “အခုက အများကြီး သာယာသွားပါပြီ။ ကျွန်တော် ဒီကို စရောက်တုန်းက နို့ထိန်း တွေနဲ့တောင် အတူနေခဲ့ရတာ။”
ချောင်ရို့ချန်က သူ၏ပုခုံးကို ပုတ်လိုက်သည်။ “မင်း ဝမ်မျိုးနွယ်စုကနေ ဘာလို့ ထွက်သွားချင်တာလဲဆိုတာ နားလည်သွားပြီ။ ငါသာဆိုရင် ဒီနေရာကို လက်သီးတစ်ချက်တည်းနဲ့ မှုန့်မှုန့်ညက်ညက် ကြေအောင် လုပ်ပစ်လိုက်မှာ။”
ရှောင်ယန်က နောက်ပြောင်လိုက်သည်။ “ဒုတိယညီလေး၊ မင်းရဲ့ မျိုးနွယ်စုအကြီးအကဲက မင်းကို ဘယ်တော့မှ သမက်အဖြစ် အောက်ကျနောက်ကျ နေခိုင်းမှာ မဟုတ်ပါဘူး။ မင်းက အရင်က နည်းနည်း ဗရုတ်ကျခဲ့ပေမဲ့ ဆေးဘုရင်ရွှမ်ဟော့ ရဲ့ အသည်းကျော်လေးပဲလေ။”
“ဒါတော့ ဟုတ်သားပဲ” ချောင်ရို့ချန်က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ၊ ဒါကို ဘဝအတွေ့အကြုံသစ် တစ်ခုလို့ပဲ သဘောထားလိုက်ကြတာပေါ့။ ဂူထဲမှာ အိပ်ရတာထက်စာရင်တော့ နေစရာရှိတာက ပိုကောင်းပါသေးတယ်။”
ဝမ်ပေါင်လဲ့က အိမ်တော်ထိန်းအိုကြီးဘက်သို့ လှည့်ကာ ပြောသည်။ “ခင်ဗျား သွားလို့ရပြီ။ ဒါနဲ့ အဘိုးကို တွေ့ချင်တယ်လို့ သတင်းပါးပေးပါဦး။”
အိမ်တော်ထိန်းအိုကြီးက ခက်ခဲသော အမူအရာဖြင့် ဖြေသည်။ “သမက်တော်၊ ကျွန်တော် မလုပ်ပေးချင်တာ မဟုတ်ပါဘူး၊ သခင်ကြီးက တံခါးပိတ် ကျင့်ကြံနေတာမို့ ဘယ်ဧည့်သည်ကိုမှ မတွေ့ပါဘူး။ မွေးနေ့ပွဲနေ့ကျမှပဲ ထွက်လာမှာပါ။ အိမ်တော်သခင်တောင် တွေ့ခွင့်မရတာ၊ ကျွန်တော့်လို လူဆိုရင်တော့ ပြောမနေပါနဲ့တော့။”
“ကောင်းပြီလေ၊ ဒါဆိုရင်လည်း နောက်ရက်အနည်းငယ်လောက် စောင့်ရတာပေါ့။”
ဝမ်ပေါင်လဲ့သည် အဘိုးကို ကြိုတင်နှုတ်ဆက်ကာ သူ၏ စီနီယာ အစ်ကို၊ အစ်မများကို ဧည့်ဝတ်မပျက်စေရန် တောင်းဆိုချင်ခဲ့သော်လည်း ဖြစ်နိုင်ပုံမရတော့ချေ။
သူ၏ ယောက္ခမဟု ခေါ်ရမည့်သူမှာလည်း သူ့ကို လုံးဝ တွေ့မည့်သူ မဟုတ်ပေ။
“ဒါဆို ကျွန်တော် သွားပါရစေဦး။”
အိမ်တော်ထိန်းအိုကြီးသည် ဦးညွှတ်ကာ ထွက်သွားသည်။ သူ ခေတ္တစဉ်းစားပြီးနောက် သမက်တော် ပြန်ရောက်လာသည့်အကြောင်းကို အိမ်တော်သခင်ထံ အကြောင်းကြားရန် ဆုံးဖြတ်လိုက်သည်။ သို့မဟုတ်လျှင် နောင်တွင် သူသာ အပြစ်တင်ခံရမည် မဟုတ်ပါလား။
အိမ်တော်ထိန်းအိုကြီး ထွက်သွားပြီးနောက် ဝမ်ပေါင်လဲ့နှင့် အခြားသူများသည် ဝင်းအတွင်းကို စတင်ရှင်းလင်းကြလေ၏။
မိနစ်သုံးဆယ်ခန့်အကြာတွင် ဝင်းတံခါးအပြင်ဘက်မှ သာယာနာပျော်ဖွယ်ကောင်းသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
“ခဲအို၊ ပြန်လာပြီလား”
အားလုံး တံခါးဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ဟောင်းနွမ်းနေသည့် ဝတ်စုံရှည်လေးကို ဝတ်ဆင်ထားပြီး ဆံပင်ကို သပ်ရပ်စွာ ထုံးဖွဲ့ထားသော၊ လှပပြီး တက်ကြွလှုပ်ရှားနေသည့် မိန်းကလေးငယ်တစ်ဦး တံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။
သူမ၏ မျက်ခုံးများက ကွေးညွှတ်နေပြီး ပြုံးလိုက်လျှင် ပါးချိုင့်လေးနှစ်ဖက် ထင်သွားသည်။ ဝမ်ပေါင်လဲ့ကို ကြည့်နေသော သူမ၏ မျက်ဝန်းလေးများမှာလည်း တောက်ပနေ၏။
ရှောင်ယန်နှင့် ချောင်ရို့ချန်တို့သည် ဝါရင့်သူများဖြစ်ကြရာ သူတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ ဝမ်ပေါင်လဲ့ကို ကြည့်ရန် မဟုတ်ဘဲ၊ ဘေးနားရှိ နန်းကုန်းယွီကို လှမ်းကြည့်လိုက်ခြင်းပင်။
နန်းကုန်းယွီသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ဝမ်ပေါင်လဲ့နှင့် ဝေခွဲမရနိုင်သော အကွာအဝေးတစ်ခုတွင် ရပ်လိုက်သည်။
လွီယွဲ့အာက ထိုသူနှစ်ဦး၏ အကြည့်ကို သတိပြုမိသွားကာ မျက်စောင်းထိုးလိုက်သည်။ ‘ဒါမျိုးက... ဇာတ်လမ်းကို စိတ်ဝင်တစားနဲ့ ကြည့်နေကြတဲ့ စီနီယာတွေပါလား’
ဝမ်ပေါင်လဲ့ကမူ နန်းကုန်းယွီ၏ အမူအရာ ပြောင်းလဲသွားသည်ကို လုံးဝ သတိမထားမိပေ။ သူသည် တံခါးဝတွင် ရပ်နေသော မိန်းကလေးကို ကြည့်ကာ လုပ်လက်စများကို ရပ်တန့်လိုက်ပြီး ပြုံးလျက် နှုတ်ဆက်လိုက်သည်။ “ယွီဖေး၊ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ”
ဝမ်ယွီဖေးက ခေါင်းလေးစောင်းကာ ပြော၏။
“ခဲအို ပြန်ရောက်နေတယ်လို့ လူတွေပြောသံကြားလို့ လာရှာတာပါ”
“ယွီဖေး၊ ဒီကို လာခဲ့ဦး။ ငါ့ရဲ့ စီနီယာ အစ်ကို၊ အစ်မတွေနဲ့ မိတ်ဆက်ပေးမယ်။”
ဝမ်ပေါင်လဲ့က သူမကို ကြိုဆိုကာ မိတ်ဆက်ပေးတော့သည်။
“ယွီဖေး၊ ဒါက ငါ့ရဲ့ စီနီယာ အစ်ကိုကြီး ရှောင်ယန်။”
ရှောင်ယန် ဟူသော အမည်ကို ကြားလိုက်ရသောအခါ ဝမ်ယွီဖေး၏ မျက်လုံးများ ပြူးသွားပြီး ပါးစပ်လေး ဟသွားသည်။ “ခဲအို… သူ့နာမည်က ဝမ်တောက်ကျောင်းတော် က အဲ့ဒီ ပါရမီရှင်နဲ့ အတူတူပဲနော်”
ဝမ်ပေါင်လဲ့က ခေါင်းကို ကုတ်ကာ ရှက်ကိုးရှက်ကန်းနှင့် ပြောသည်။
“ငါ့ရဲ့ စီနီယာ အစ်ကိုကြီးက တကယ်ပဲ ဝမ်တောက်ကျောင်းတော် ရဲ့ နံပါတ်တစ် ပါရမီရှင်ပဲလေ”
“ဟင်”
ဝမ်ယွီဖေးမှာ ပို၍ပင် အံ့အားသင့်သွားသည်။ “ခဲအို၊ ရှင်… ရှင် တကယ်ပဲ ဝမ်တောက်ကျောင်းတော်ကို ဝင်နိုင်ခဲ့တာလား”
လွန်ခဲ့သော နှစ်အနည်းငယ်က ခဲအိုဖြစ်သူ ဝမ်မျိုးနွယ်စုမှ ထွက်သွားစဉ်က ဝမ်တောက်ကျောင်းတော် ကို မဖြစ်မနေ ဝင်မည်ဟု ပြောခဲ့သည်ကို သူမ မှတ်မိနေသေးသည်။
ထိုစဉ်က ဝမ်မျိုးနွယ်စုဝင် အားလုံးထံမှ လှောင်ပြောင်သံများကိုသာ သူ ရရှိခဲ့သည်။ သူ တကယ်ပဲ ဝမ်တောက်ကျောင်းတော် ၏ တပည့် ဖြစ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
“ဟုတ်တယ်လေ။”
ဝမ်ပေါင်လဲ့က မလိမ်ညာဘဲ ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။
“ဒါဆိုရင်… ဒီတစ်ခေါက် ပြန်လာတာက ကျွန်မ အစ်မနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းဖို့လား”
ဝမ်ယွီဖေးက ဤမေးခွန်းကို မေးလိုက်သောအခါ သူမ၏ မျက်ဝန်းများက ခဲအိုဖြစ်သူကို စိုးရိမ်တကြီး ကြည့်နေရှာသည်။
ဝမ်ပေါင်လဲ့က “အင်း၊ ဝမ်ယွီလင်နဲ့ စေ့စပ်ထားတာကို ဖျက်ဖို့ ပြန်လာတာပါ”
ထိုစကားကို ကြားသောအခါ ဝမ်ယွီဖေး၏ မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်များ ဖြတ်ပြေးသွားသည်။
သူမသည် ခဲအိုဖြစ်သူ၏ ဘေးနားရှိ နတ်သမီးလေးကဲ့သို့ လှပသော အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီး အားတင်းကာ ပြောလိုက်သည်။
“ခဲအို၊ ပျော်ရွှင်ပါစေနော်။ နောင်မှာ အားရင်လည်း ကျွန်မဆီ လာလည်ဖို့ မမေ့နဲ့ဦး။ ကျွန်မ ကိစ္စလေးရှိလို့ သွားလိုက်ပါဦးမယ်၊ မနှောင့်ယှက်တော့ဘူးနော်။”
ပြောပြီးသည်နှင့် သူမ လှည့်ထွက်သွားတော့သည်။ သူမ ထွက်သွားသည်ကို ကြည့်ရင်း ယနေ့ ယွီဖေး တစ်ခုခု ထူးခြားနေသည်ဟု ဝမ်ပေါင်လဲ့ ခံစားနေရသည်။
နန်းကုန်းယွီက စကားစလိုက်သည်။ “ မောင်လေးဝမ်၊ သူ့နောက်ကို လိုက်မသွားဘူးလား”
“ဘာလို့ လိုက်သွားရမှာလဲ” ဝမ်ပေါင်လဲ့က ကြောင်တောင်တောင်နှင့် ပြန်မေးသည်။
အားလုံးသည် ချက်ချင်းပင် တိတ်ဆိတ်သွားကြ၏။
ချောင်ရို့ချန်က သူ၏ပုခုံးကို ပုတ်လိုက်သည်။ “ဂျူနီယာညီလေး၊ မင်း အဲ့ဒီမိန်းကလေးအပေါ် ဘာစိတ်မှ မရှိဘူးဆိုတာ သေချာရဲ့လား”
ဝမ်ပေါင်လဲ့၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားသည်။ “စီနီယာ၊ ဘယ်လိုလုပ် သိတာလဲ”
ချောင်ရို့ချန်က စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေသည်။ “ဘယ်လိုလူပဲဖြစ်ဖြစ် ဒါကို မြင်နိုင်တာပဲ။ ငါက မိန်းမလိုက်စားတဲ့သူ မဟုတ်ပေမဲ့ ဘဝအတွေ့အကြုံရှိတဲ့လူ တစ်ယောက်အနေနဲ့ အကြံပေးပါရစေ။ နောင်တရမယ့်အလုပ်မျိုး မလုပ်မိစေနဲ့။”
ဝမ်ပေါင်လဲ့က ခေါင်းညိတ်လိုက်သည်။ “စိတ်ချပါ စီနီယာ။ ကျွန်တော် ဝမ်ယွီလင် နဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းပြီးတာနဲ့ ယွီဖေး ကို လက်ထပ်ခွင့် တောင်းမှာပါ။”
ရှောင်ယန်နှင့် ချောင်ရို့ချန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ပြိုင်တူ ပြောလိုက်ကြသည် “ဒါဆိုရင်တော့ ဒီတစ်ခေါက် အရာရာကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ကြရအောင်။ မင်းအတွက် မျက်နှာပန်းလှရုံတင်မကဘဲ ဒီကိစ္စကို အပြီးအပိုင် အပြတ်အသတ် ရှင်းပစ်ကြတာပေါ့။”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားသည်။ “ကျေးဇူးတင်ပါတယ် စီနီယာတို့။ ကျွန်တော် ဘာလုပ်ရအုံးမလဲ”
ရှောင်ယန်က ပြုံးလိုက်ကာ “မွေးနေ့လက်ဆောင်တစ်ခုသာ ပြင်ထားလိုက်။ ကျန်တာကို ငါတို့အပေါ်မှာပဲ ပုံအပ်ထားလိုက်စမ်း”
ချောင်ရို့ချန်က ဆက်လက်၍ ပြောသည်။“မှန်တာပေါ့။ အခုက ဝမ်ပေါင်လဲ့ ဆိုတဲ့ နာမည်ကို တစ်ကမ္ဘာလုံး သိစေရမယ့် အချိန်ပဲ”
***