ယနေ့တွင် ချန်ယွင်မြို့ရှိ ဝမ်မျိုးနွယ်စုနေအိမ်မှာ မီးပုံးများ၊ အလံများဖြင့် ဝေဝေဆာဆာ တန်ဆာဆင်ထားပြီး အထူးပင် စည်ကားသိုက်မြိုက်နေသည်။
မျိုးနွယ်စုအကြီးအကဲ၏ မွေးနေ့ပွဲကို ဂုဏ်ပြုဆင်နွှဲရန်အတွက် အဖွဲ့အစည်းကြီးငယ် တစ်ရာနီးပါးခန့်သည် ချန်ယွင်မြို့သို့ စုရုံးရောက်ရှိနေကြလေပြီ။
ဝမ်မိသားစု၏ ဘိုးဘွားခန်းမရှေ့တွင် မျိုးနွယ်စု၏ အနာဂတ်ဆက်ခံသူဖြစ်သူ ဝမ်ချုံယီကိုယ်တိုင် ဂုဏ်ပြုသောအားဖြင့် တံခါးဝ၌ရပ်ကာ ရောက်ရှိလာသမျှ ဧည့်သည်တော်များကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုနှုတ်ဆက်နေ၏။
“လျှိုဟဲ မြို့စားကြီးအိမ်တော်က စီမာမိသားစုခေါင်းဆောင်၊ စီမာရင် ကြွရောက်လာပါပြီ။”
ကျယ်လောင်လှသော ကြေညာသံနှင့်အတူ စားသောက်ပွဲရှိ ဧည့်သည်အားလုံးသည် မတ်တတ်ရပ်လိုက်ကြပြီး ပင်မတံခါးမကြီးဆီသို့ မျက်တောင်မခတ် တကြည့်ကြည့် ဖြစ်သွားကြသည်။
ချပ်ဝတ်နက်ဆင်မြန်းထားသော စစ်သည်တစ်စု၏ ခြံရံမှုဖြင့် ခန့်ညားထည်ဝါသော လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် ဝမ်မိသားစုခြံဝင်းအတွင်းသို့ လျှောက်လှမ်းဝင်လာသည်။
စီမာမိသားစုမှ ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီး ကိုယ်တိုင်ကြွရောက်လာလိမ့်မည်ဟု ဝမ်ချုံယီ လုံးဝ မျှော်လင့်မထားခဲ့ပေ။ အကြောင်းမှာ ထိုသူသည် ဝမ်မျိုးနွယ်စုအကြီးအကဲထက်ပင် ပို၍အစွမ်းထက်သည့် မြို့စားကြီးအဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သောကြောင့်တည်း။
ဝမ်ချုံယီမှာ အံ့အားသင့်တုန်လှုပ်သွားပြီး အမြန်ပင် ရှေ့သို့ တိုးထွက်လိုက်သည်။ “ချုံယီက လျှိုယွဲ့မြို့စားမင်းကြီးကို ဂါရဝပြုပါတယ်။”
စီမာရင်က ပြုံးလျက် “ထွေထွေထူးထူး လုပ်မနေပါနဲ့ ချုံယီရာ။ ဒီနေ့တော့ ငါက သာမန်ဧည့်သည်တစ်ယောက်ပါပဲ။ မင်းရဲ့ တခြားဧည့်သည်တွေကိုပဲ သွားဂရုစိုက်ပါ”
ဝမ်ချုံယီက စိုးရိမ်တကြီးဖြင့် “မြို့စားမင်းကြီးကလည်း နောက်နေပြန်ပြီ။ အရှင် ကြွရောက်လာတာဟာ ကျွန်တော်တို့ ဝမ်မိသားစုအတွက် ဂုဏ်ယူမဆုံးစရာပါ။ အရှင်က ဒီနေ့ ကျွန်တော်တို့အိမ်ရဲ့ အမွန်မြတ်ဆုံး ဧည့်သည်တော်ပါပဲ”
ယင်းစကားကို ကြားရသော်လည်း ကျန်သော ဧည့်သည်များက ကန့်ကွက်လိုစိတ် မရှိကြပေ။ စီမာမိသားစုသည် နာမည်ဆိုးဖြင့် ကျော်ကြားသော်လည်း ၎င်းတို့၏ အင်အားမှာမူ ငြင်းဆို၍မရအောင်ပင် တောင့်တင်းလှသည်။
ဝမ်မိသားစုဆိုသည်မှာ လျှိုဟဲ မြို့စားကြီးအိမ်တော်၏ လက်အောက်ခံမျှသာ။
“ချုံယီ၊ လမ်းပြပေးပါဦး။”
စီမာရင်သည် အနည်းငယ် ဇဝေဇဝါဖြစ်နေသော်လည်း ထပ်မံမမေးမြန်းတော့ဘဲ လူအုပ်ကြားထဲတွင် ရှောင်ယန်နှင့် သူ၏အပေါင်းအပါများကိုသာ လိုက်လံရှာဖွေနေမိသည်။
အကယ်၍ ရှောင်ယန်နှင့် အခြားသူများသာ ဤနေရာတွင် မရှိပါက၊ ဝမ်မိသားစုသည် ဝမ်တောက်ကျောင်းတော် မှ ပါရမီရှင်များ၏ စွန့်ပယ်ခြင်းကို ခံလိုက်ရပြီဟု အဓိပ္ပာယ်ရပြီး သူ၏ ရပ်တည်ချက်ကိုလည်း ထိုအပေါ်မူတည်ကာ ဆုံးဖြတ်ရပေမည်။
“ကြွပါ မြို့စားမင်းကြီး။”
ဝမ်ချုံယီမှာ “ချုံယီ” ဟု အခေါ်ခံရသည်ကို လက်ခံရန်ပင် မဝံ့မရဲ ဖြစ်နေသည်။ စီမာရင်က သူ့အပေါ် အဘယ်ကြောင့် ဤမျှ ယဉ်ကျေးပျူငှာနေရသနည်းဆိုသည်ကိုလည်း သူ နားမလည်နိုင်။
ယခင်က သူ လျှိုဟဲအိမ်တော်သို့ သွားရောက်စဉ်အခါက ဤလူနှင့် တွေ့ဆုံခွင့်ရရန်ပင် မဖြစ်နိုင်ခဲ့သည်ကို သူ ကောင်းကောင်း မှတ်မိနေသေးသည်။
၎င်းတို့နှစ်ဦး လျှောက်လှမ်းရာတစ်လျှောက်ရှိ ဧည့်သည်များအားလုံးက လမ်းဖယ်ပေးကြပြီး ဦးညွှတ်ဂါရဝပြုနေကြသည်။
စီမာရင်သည် လူအုပ်ကို တစ်ချိန်လုံး လိုက်လံကြည့်ရှုနေစဉ် ထောင့်တစ်နေရာ၌ ထူးခြားသော လူငယ်အချို့ကို တွေ့လိုက်ရသည်။ တစ်ယောက်မှာ ရှောင်ယန်ဖြစ်ပြီး နောက်တစ်ယောက်မှာ ချောင်ရို့ချန်ပင်။
သူ၏အကြည့်များ ရှောင်ယန်အပေါ် ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် နောက်ကျောဘက်မှ ထိတ်လန့်ဖွယ် ကောင်းလှသော အရှိန်အဝါတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုသူ၏ မျက်နှာကို မမြင်ရသော်လည်း စီမာရင်၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည် ရှောင်ယန်၏ အစောင့်အရှောက်သည်လည်း ဤနေရာ၌ ရှိနေသည့်ပုံပင်။
ဝမ်တောက်ကျောင်းတော် ဆိုသည့်အတိုင်း သာမန်အစောင့်အရှောက်များတောင်မှ သူ့ထက်အစွမ်းထက်နေသေးသည်။
ရှောင်ယန်နှင့် အခြားသူများမှာမူ စီမာရင် ရောက်ရှိလာခြင်းကို သိသော်လည်း ထိုဘက်သို့ လှည့်ပင်မကြည့်ကြချေ။ ၎င်းတို့သည် ထောင့်တစ်နေရာရှိ စားပွဲတစ်ခု၌ အေးအေးဆေးဆေးပင် ထိုင်နေကြသည်။
အတူထိုင်နေကျဝမ်တောက်ကျောင်းတော် အဖွဲ့သားများအပြင် ဝမ်ယွီဖေးလည်း ၎င်းတို့နှင့်အတူ ရှိနေ၏။
ဝမ်ယွီဖေးတွင် အခြားရည်ရွယ်ချက် မရှိပါ။ ယနေ့ပြီးနောက်တွင် သူမ၏ ခဲအိုဖြစ်သူကို ထပ်မံတွေ့မြင်ခွင့်ရတော့မည် မဟုတ်ကြောင်း သူမ သိနေ၍သာ ဖြစ်သည်။
၎င်းတို့တစ်စု လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဆိုနေစဉ်မှာပင် မနီးမဝေးဆီမှ နားမခံသာသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ဟော... ဒါ ဝမ်တောက်ကျောင်းတော် ကို တက်ချင်နေတဲ့ သခင်လေးလဲ့ မဟုတ်လား။ ပြန်ရောက်နေတာတောင် ငါတို့ကို အကြောင်းမကြားပါလား၊ ဝမ်တောက်ကျောင်းတော် ရဲ့ မြင့်မြတ်တဲ့ ပညာရပ်တွေကို နည်းနည်းပါးပါးလောက် မြင်ဖူးအောင်လို့ပေါ့။”
အားလုံးက ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ဒုတိယမျိုးဆက်သခင်လေး အချို့နှင့်အတူ လူအုပ်ကြီးတစ်စုသည် လျှောက်လာနေကြသည်။
ဝမ်ပေါင်လဲ့သည် မည်သူမှန်း မြင်လိုက်သည်နှင့် အေးစက်စက် လေသံဖြင့် ပြော၏။ “ဝမ်ခိုင်ရွှမ်း၊ ဒီနေ့က မျိုးနွယ်စုအကြီးအကဲရဲ့ မွေးနေ့ပွဲ။ ငါ ပြဿနာ မတက်ချင်ဘူး။ မင်း အရိုက်မခံချင်ရင် အခုချက်ချင်း ထွက်သွားတာ အကောင်းဆုံးပဲ”
သူသည် ယခင်ကလို အနိုင်ကျင့်ခံ လူအမဟုတ်တော့သလို၊ ဤလူများအပေါ်တွင်လည်း ယဉ်ကျေးပြနေရန် ဆန္ဒမရှိတော့ပေ။
ဝမ်ယွီဖေးကလည်း ဝင်ပြောသည်။ “ဝမ်းကွဲအစ်ကို ခိုင်ရွှမ်း၊ အခုပဲ ထွက်သွားတာ ပိုကောင်းပါလိမ့်မယ်။”
“ဟမ့်”
ဝမ်ခိုင်ရွှမ်းက နှာခေါင်းရှုံ့သည်။
“နင်က ဘာကောင်မ မို့လို့လဲ။ မယားငယ်ရဲ့ သမီးကများ ငါ့ကို အမိန့်ပေးချင်သေးတယ်ပေါ့လေ”
ဝမ်ပေါင်လဲ့သည် မျက်မှောင်ကြုတ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ ချက်ချင်းပင် သူ၏ ကိုယ်မှ စစ်မှန် ကံကြမ္မာအဆင့် အရှိန်အဝါများ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာသည်။
“ငါ စကားကို နှစ်ခါ မပြောချင်ဘူး။”
“မင်း...”
ဝမ်ခိုင်ရွှမ်းသည် ဝမ်ပေါင်လဲ့၏ ပြင်းထန်သော အရှိန်အဝါကြောင့် ဖိအားများကို ခံစားလိုက်ရပြီး မျက်နှာပျက်သွားသော်လည်း၊ အရှက်ရမည်စိုးသဖြင့် အိမ်ပါသမက်တစ်ယောက်ကို အလျှော့မပေးလိုပေ။
“ကောင်းပြီလေ၊ တော်တော်ကောင်းတာပဲ။ မင်း ငါ့ကို ဒီနေ့ တကယ် လက်ဖျားနဲ့ ထိရဲလား ကြည့်ရသေးတာပေါ့။ မင်းမှာ သတ္တိရှိရင် ဒီမှာတင် ငါ့ကို ရိုက်စမ်းပါဦး၊ ကဲ... လာလေ”
ပြောပြောဆိုဆိုဖြင့် သူက သူ၏မျက်နှာကို ရှေ့သို့ တိုးပေးလိုက်သည်။
“ဖြန်း”
ဝမ်ပေါင်လဲ့သည် ဝမ်ခိုင်ရွှမ်း၏ ပါးကို အားရပါးရ ရိုက်ချလိုက်ရာ၊ ဝမ်ခိုင်ရွှမ်းမှာ မူးဝေပြီး တစ်ပတ်လည်သွားတော့၏။
“ငါ့တစ်သက်မှာ ဒီလောက် ရယ်စရာကောင်းတဲ့ တောင်းဆိုမှုမျိုး တစ်ခါမှ မကြားဖူးဘူး။”
ဝမ်ခိုင်ရွှမ်း၏ နောက်မှ ဝမ်မျိုးနွယ်စုဝင်များမှာ မြင်ကွင်းကြောင့် အံ့အားသင့်သွားကြပြီး ဒေါသတကြီး အော်ဟစ်ကြတော့သည်။
“မင်း ဘယ်လိုတောင် အတင့်ရဲတာလဲ”
“ဝမ်ပေါင်လဲ့၊ မင်း တော်တော် သတ္တိကောင်းနေတာပဲ။ အကြီးတွေကိုတောင် ပြန်ဆန့်ကျင်ရဲတယ်ပေါ့လေ”
“ဒီကောင့်ကို ဒီနေ့ အိမ်ပေါ်ကနေ မောင်းချပစ်ရမယ်”
ဝမ်ပေါင်လဲ့က လူတိုင်းကို အေးစက်စက် တစ်ချက်သာ ဝေ့ကြည့်လိုက်ရာ၊ သူ၏ကိုယ်မှ လူသတ်လိုသော အငွေ့အသက်များ အတားအဆီးမဲ့ ထွက်ပေါ်လာသည်။
ဤဝမ်မျိုးနွယ်စု တပည့်များသည် ရံဖန်ရံခါ အပြင်ထွက်၍ လေ့ကျင့်တတ်ကြသော်လည်း လူကြီးမိဘများ အမြဲတမ်း ပါလေ့ရှိသည်။
ယန်မန့်ရွှံ့ညွန် ထဲတွင် တစ်ကိုယ်တည်း တိုက်ပွဲဝင်ခဲ့သော ဝမ်ပေါင်လဲ့နှင့် ယှဉ်လျှင် ၎င်းတို့မှာ ဘာမှမဟုတ်ကြချေ။
ခဏချင်းမှာပင် ၎င်းတို့၏ မာနများမှာ သိသိသာသာ ဆုတ်ယုတ်သွားကြသည်။
၎င်းတို့သည် ထောင့်တစ်နေရာတွင် ရှိနေသော်လည်း ဖြစ်ပေါ်လာသော ရုတ်ရုတ်သဲသဲ အခြေအနေမှာ အတော်ပင် အာရုံစိုက်မှုကို ရရှိစေ၏။
လူအများအပြားက ထိုဘက်သို့ လှည့်ကြည့်လာကြရာ ဝမ်ချုံယီပင် သတိထားမိသွားသည်။
ဝမ်ချုံယီသည် စီမာရင်ကို တစ်ချိန်လုံး ဧည့်ခံနေခဲ့ခြင်းဖြစ်ပြီး၊ စီမာရင်၏ အကြည့်များက နေရာတစ်ခုဆီသို့ စူးစိုက်နေသည်ကို မြင်သောအခါ စပ်စုလိုစိတ်ဖြင့် သူပါ လှည့်ကြည့်လိုက်မိသည်။
ဝမ်ပေါင်လဲ့ လူတစ်ယောက်ကို ရိုက်နှက်လိုက်သည်ကို မြင်လိုက်ရသည့် ခဏတွင် သူ ဒေါသထွက်သွားပြီး ထိုကောင်လေးကို သင်ခန်းစာပေးရန် အပြေးအလွှား သွားချင်စိတ် ပေါ်လာသည်။
“မြို့စားမင်းကြီး၊ ကျွန်တော့်မိသားစုက လူငယ်လေးတွေ အဆင့်အတန်းမရှိတာကို ခွင့်လွှတ်ပေးပါခင်ဗျာ။”
စီမာရင်က ခေါင်းကို အသာအယာ ညိတ်လိုက်၏။ “မင်းတို့ မျိုးနွယ်စုက တပည့်တွေက အဆင့်အတန်း မရှိတာတင် မဟုတ်ဘူး၊ ဦးနှောက်ပါ မရှိကြတာ။ အခြေအနေသာ ပိုဆိုးလာရင် မင်းတို့ မျိုးနွယ်စုအကြီးအကဲ နေရာတောင် ထိန်းနိုင်မှာ မဟုတ်ဘူး”
စီမာရင်သည် မိုက်ရူးရဲဆန်သော လူငယ်များကို တွေ့ဖူးသော်လည်း ဝမ်မျိုးနွယ်စုဝင်များကဲ့သို့ ကိုယ့်သေတွင်းကိုယ်တူးနေသည့် လူအုပ်စုမျိုးကိုမူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
အကယ်၍ ရှောင်ယန်သာ အစအဆုံး တိတ်ဆိတ်မနေခဲ့ပါက၊ စီမာရင်သည် ဝမ်မိသားစု အကြီးအကဲကို မွေးနေ့ဆုတောင်းပေးရန်ပင် ဂရုမစိုက်တော့ဘဲ အခုပင် ထွက်သွားလိမ့်မည် ဖြစ်သည်။
ဝမ်ချုံယီကမူ စီမာရင်သည် ဝမ်ပေါင်လဲ့၏ အပြုအမူကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသည်ဟုသာ ထင်မှတ်ကာ ချက်ချင်းပင် ချော့မော့သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
“မြို့စားမင်းကြီး၊ အရှင့်ရဲ့ မျက်စိနောက်မခံရအောင် အဲ့ဒီသမက်ကို အခုချက်ချင်း အပြင်ကို မောင်းထုတ်ခိုင်းလိုက်ပါ့မယ်။”
“မလုပ်နဲ့။”
စီမာရင်မှာ ချက်ချင်းပင် ကျောချမ်းသွားပြီး သူ့ကို အလန့်တကြား တားလိုက်သည်။ “ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး။ မင်းတို့ ဧည့်သည်ကို မင်းတို့ ဘယ်လို ဆက်ဆံမယ်ဆိုတာက မင်းတို့ မိသားစုကိစ္စပဲ၊ ငါ့ကို ဆွဲမထည့်နဲ့။ အဲ့ဒီလို ကံကြမ္မာဆိုးမျိုးကို ငါ လက်မခံနိုင်ဘူး။”
ဝမ်ချုံယီမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားသည်။ “မြို့စားမင်းကြီး၊ ဘာကို ဆိုလိုတာလဲခင်ဗျ။ ကျွန်တော် တစ်လုံးမှ နားမလည်တော့ဘူး။”
စီမာရင်က သက်ပြင်းတစ်ချက်ချလိုက်သည်။ “ချုံယီ၊ ငါ မင်းကို စောစောက ညီအစ်ကိုလို့ ခေါ်ခဲ့မိတာမို့လို့ အကြံတစ်ခု ပေးပါရစေ။ ရတနာကို အမှိုက်လို့ မသတ်မှတ်မိပါစေနဲ့၊ မဟုတ်ရင် မင်း နောင်တရလိမ့်မယ်”
ဝမ်ချုံယီသည် ကြားရလေလေ၊ ပို၍ပင် ဇဝေဇဝါ ဖြစ်လာလေလေ ဖြစ်သည်။ သူက ဝမ်ပေါင်လဲ့တို့ အဖွဲ့ဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြီး ဦးညွှတ်လိုက်သည်။ “လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့စားမင်းကြီး။ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါပြီ။”
“ကောင်းပြီလေ။ တခြားဧည့်သည်တွေကို သွားနှုတ်ဆက်လိုက်ဦး။”
ထိုသို့ပြောပြီးနောက် စီမာရင်သည် ပြဿနာများထဲတွင် ပါဝင်ပတ်သက်လိုစိတ် မရှိတော့သဖြင့် မျက်လုံးများကို အသာအယာ မှိတ်ထားလိုက်သည်။
ထိုအခြင်းအရာကို မြင်သောအခါ ဝမ်ချုံယီလည်း ခွင့်တောင်းကာ ထွက်လာခဲ့သည်။ သူသည် ဝမ်ပေါင်လဲ့ကို သင်ခန်းစာသွားပေးရန် ဟန်ပြင်နေစဉ်မှာပင်၊ သြဇာညောင်းလှသော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
“မျိုးနွယ်စုအကြီးအကဲ ကြွရောက်လာပါပြီ။”
ထိုအော်ဟစ်သံသည် လူတိုင်း၏ အာရုံကို ချက်ချင်းပင် ဖမ်းစားသွားသည်။ ဝမ်ခိုင်ရွှမ်းသည် သူ၏မျက်နှာကို လက်ဖြင့်အုပ်ကာ ကြိမ်းလိုက်သည်။
“ဝမ်ပေါင်လဲ့၊ မင်း စောင့်နေလိုက်ဦး၊ ဒါက ဒီတင်တင် မပြီးသေးဘူး”
ထို့နောက် သူသည် ဝမ်ပေါင်လဲ့ကို နောက်မှ ပြန်ပေးဆပ်ခိုင်းမည်ဟု စိတ်ထဲမှ ကြုံးဝါးရင်း သူ၏လူများနှင့်အတူ အလျင်အမြန် ထွက်သွားတော့သည်။
ဝမ်ပေါင်လဲ့ကမူ သူ့ကို လှည့်ပင်မကြည့်တော့ဘဲ၊ နောက်ဘက်ခန်းမဆောင်မှ ဖြည်းညင်းစွာ လျှောက်လှမ်းလာသော အသက်ကြီးကြီး အမျိုးသားတစ်ဦးဆီသို့သာ အာရုံစိုက်လိုက်တော့သည်။
***