တိတ်ဆိတ်ခြင်းများ လွှမ်းမိုးသွားသည်။ ဝမ်မိသားစု၏ ခန်းမကြီး တစ်ခုလုံး ရုတ်ချည်း ငြိမ်သက်သွားတော့၏။
ဘေးပတ်ဝန်းကျင်ရှိ ဧည့်သည်များကလည်း ဝမ်မိသားစုဝင်များ၏ အမူအရာများ ပျက်ယွင်းသွားသည်ကို သတိထားမိလိုက်ကြသည်။
ဤနေရာသို့ လာနိုင်သူ မည်သူမဆို လူအများမဟုတ်ကြပေ။ ဝမ်မိသားစုအကြောင်းကိုလည်း အနည်းနှင့်အများ သိထားကြသည်။ ဝမ်မိသားစုတွင် ‘ဝမ်ပေါင်လဲ့’ အမည်ရှိသော အိမ်ပါ သမက်တစ်ဦး ရှိသည်ကိုလည်း အားလုံး ကြားဖူးနားဝ ရှိကြသည်။
ဝမ်ပေါင်လဲ့က ဝမ်တောက်ကျောင်းတော် မှ လူများကို ခေါ်ဆောင်လာပြီး စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန် လာခြင်းလော။
အမှန်စင်စစ် ကျောင်းတော်၏ ထိပ်သီးပါရမီရှင်တစ်ဦးအနေဖြင့် မိသားစုငယ်လေးတစ်ခု၏ သမက်အဖြစ် အမည်တွင်နေခြင်းမှာ နားထောင်လို့ ကောင်းလှသည်တော့ မဟုတ်ပေ။
“ဟူး...”
ဝမ်မိသားစု ဘိုးဘေးကြီးသည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ “ပေါင်လဲ့... မင်း ဘာကြောင့် ရောက်လာရတယ်ဆိုတာ ပြောပါဦး။”
ဝမ်ပေါင်လဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ဂါရဝပြုလိုက်သည်။ “ဘိုးဘေး... ကျွန်တော် ရောက်လာတာက ဘိုးဘေးကြီးရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့အပြင် ဝမ်ယွီလင်နဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းဖို့ပါပဲ။”
လူအုပ်ထဲတွင် ရှိနေပြီး အာရုံများ ထုံထိုင်းနေခဲ့သည့် ဝမ်ယွီလင်မှာမူ ထိုစကားကို ကြားလိုက်ရသည့် ခဏ၌ပင် ကြမ်းပြင်ပေါ်သို့ ခွေခေါက်လဲကျသွားတော့သည်။
ဝမ်ကတော်က သမီးဖြစ်သူထံ အပြေးအလွှား သွားရောက်တွဲထူကာ ငိုတော့သည်။ “ယွီလင်...ယွီလင်... ဘာဖြစ်တာလဲ။ မေမေ့ကို မခြောက်ပါနဲ့ဦး”
ဝမ်ချုံယီ၏ မျက်နှာမှာ မည်းမှောင်သွား၏။ ရှောင်ယန်နှင့် ချောင်ရို့ချန်တို့ ရှိနေသော်လည်း သူသည် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဝမ်ပေါင်လဲ့... မင်း ကျေးဇူးကန်းတဲ့ ကောင် ငါတို့ ဝမ်မိသားစုကို မင်း ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ရဲတာလဲ။”
“တော်စမ်း”
ဝမ်မိသားစု ဘိုးဘေးကြီးက ဝမ်ချုံယီကို တိုက်ရိုက် ငေါက်ငမ်းလိုက်၏။ ထို့နောက် သူသည် ရုတ်တရက် အိုမင်းရင့်ရော်သွားသည့်ပုံစံမျိုး ဖြစ်သွားကာ မျက်နှာပေါ်ရှိ သွေးရောင်များပင် ဆုတ်ယုတ်ကုန်သည်။
“ပေါင်လဲ့... မင်း တကယ်ပဲ ဆုံးဖြတ်ပြီးပြီလား။”
ဝမ်ပေါင်လဲ့က လက်ဆုပ်ကာ ဂါရဝပြုလျက် “ဘိုးဘေး... ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ”
“ဒါဆိုရင်လည်း စေ့စပ်မှုကို ဖျက်သိမ်းလိုက်ပြီ။ စေ့စပ်ကြောင်းလမ်းတဲ့ စာချုပ်ကို နောက်မှ ငါ ပို့ပေးလိုက်မယ်။ ဝမ်တောက်ကျောင်းတော်က ပေးတဲ့ လက်ဆောင်တွေကိုတော့ ဒီအဖိုးကြီး မယူရဲပါဘူး။ ပြန်ယူသွားလိုက်ပါ။”
ဝမ်မိသားစု ဘိုးဘေးသည် အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သည်။ အကယ်၍ သူသည် ထိုအရာများကို ယနေ့ လက်ခံလိုက်လျှင်ပင် ဝမ်တောက်ကျောင်းတော် ၏ အကာအကွယ်မရှိဘဲ သူ မည်သို့ ထိန်းသိမ်းထားနိုင်မည်နည်း။
အခြားအင်အားစုများ၏ ဝိုင်းဝန်းဖဲ့ယူခြင်းကို ခံရမည့်အစား အစကတည်းက ငြင်းပယ်လိုက်ပြီး ဝမ်မိသားစုကို ကာကွယ်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ရှောင်ယန်က ရယ်မောလိုက်၏။ “အဖိုးဝမ်... လောကမှာ တင်တောင်းလက်ဆောင် မပါတဲ့ စေ့စပ်ပွဲဆိုတာ ဘယ်မှာ ရှိလို့လဲဗျ”
ဘိုးဘေးကြီးအပါအဝင် ဝမ်မိသားစုတစ်စုလုံးသာမက ဧည့်သည်များပါ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
ဘိုးဘေးက ရှောင်ယန်ကို ဇဝေဇဝါဖြင့် ကြည့်ကာပြော၏။ “သခင်လေးရှောင်... ကျေးဇူးပြုပြီး ဒီအဖိုးကြီးကို မနောက်ပါနဲ့”
ရှောင်ယန်က ပြုံးလိုက်သည်။ “ကျွန်တော့်ညီလေးက ဝမ်ယွီလင်နဲ့ စေ့စပ်ထားတာကိုပဲ ဖျက်သိမ်းချင်တာလို့ ပြောခဲ့တာပါ။ ဝမ်မိသားစုနဲ့ အဆက်အသွယ် ဖြတ်ချင်တယ်လို့ တစ်ခါမှ မပြောခဲ့ဖူးပါဘူး”
ထိုနေရာရှိ လူအားလုံးမှာ ထက်မြက်သူများ ဖြစ်ကြရာ ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားကြ၏။
ဝမ်မိသားစု ဘိုးဘေး၏ မျက်နှာမှာ ဖြူရော်နေရာမှ ချက်ချင်းပင် နီမြန်းသွားသည်။ မြန်ဆန်လွန်းလှသဖြင့် စီချွမ်းပြဇာတ်မှ မျက်နှာဖုံးလဲသည့် အတတ်ပညာနှင့်ပင် တူနေတော့သည်။
ဝမ်မိသားစုဝင်များ၏ ခံစားချက်မှာလည်း ရိုလာကိုစတာ စီးနေရသလိုပင်။ တစ်ခုခု ပြောချင်သော်လည်း ရင်ထဲမှ အတိုင်းအထက်အလွန် ဝမ်းသာပီတိဖြစ်မှုကြောင့် စကားပင် မထွက်နိုင်ကြတော့ချေ။
“ဒါ... ဒါ တကယ်လား။”
ဝမ်မိသားစု ဘိုးဘေးကြီးမှာ သူ့နားကိုပင် သူ မယုံနိုင်သေးပေ။
ချောင်ရို့ချန်က ဝမ်ပေါင်လဲ့၏ ပုခုံးကို ပုတ်လိုက်သည်။
“ညီလေး... မင်း အလှည့်ရောက်ပြီနော်”
ဝမ်ပေါင်လဲ့က ရှေ့သို့ လှမ်းထွက်လာသည်။ “ဘိုးဘေး... ကျွန်တော် အမြဲတမ်း သဘောကျခဲ့ရတာက ယွီဖေးပါ။ သူမကို လက်ထပ်ဖို့ စီစဉ်ပေးပါခင်ဗျာ။”
သူက နာမည်ခံဇနီး အဖြစ် မဟုတ်ဘဲ လက်ထပ်ယူမည် ဟု အလေးအနက် ဆိုခြင်းပင်။
သို့သော် ဘိုးဘေးကြီးအဖို့မှာမူ မည်သို့ပင်ဖြစ်စေ ထူးခြားမှု မရှိပေ။ ဝမ်မိသားစုသည် ဝမ်ပေါင်လဲ့နှင့်သာ ပတ်သက်မှုရှိနေလျှင် ဤမိသားစုသည် နောင်နှစ်ပေါင်း တစ်ထောင်တိုင်အောင် ခိုင်မြဲနေမည် မဟုတ်ပါလား။
“ကောင်းတယ်၊ ကောင်းတယ် အခုချက်ချင်းပဲ ငါ ဆုံးဖြတ်ပေးမယ်။ ကံကောင်းချင်တော့ စေ့စပ်စာချုပ်ပေါ်မှာ ယွီလင်ရဲ့ နာမည်ကို မထည့်ရသေးတော့ ဘာပြဿနာမှ မရှိဘူး။”
သူက ဝမ်ချုံယီကို လှည့်ကြည့်ကာ ပြောလိုက်သည်။ “ချုံယီ... ယွီဖေးက ဘယ်သူ့သမီးလဲဆိုတာ မင်း သိတယ်မလား”
ဝမ်ချုံယီမှာ ကြောင်တောင်တောင် ဖြစ်နေဆဲပင်။ ဘိုးဘေးကြီးပြီးလျှင် သူသည် ဤအခန်းထဲ၌ စိတ်အလှုပ်ရှားဆုံးသူ ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ လုပ်ရပ်က သူ့ကို တိမ်တိုက်ပေါ်မှ ချောက်ထဲသို့ တွန်းချလိုက်ပြီး ယခုတစ်ဖန် အထက်သို့ ပြန်ဆွဲတင်လိုက်သလို ခံစားနေရ၏။
“ဘိုး... ဘိုးဘေး... ယွီဖေးကလည်း ကျွန်တော့်သမီးပါပဲ။”
ဘိုးဘေးက ပြောလိုက်၏။ “ဒါဆိုရင် မင်း ဘာလုပ်ရမလဲဆိုတာ သိတယ်မဟုတ်လား”
“နားလည်ပါပြီ ဘိုးဘေး။”
ဝမ်ချုံယီ စိတ်လှုပ်ရှားနေမိသည်။ မည်သည့်သမီးနှင့်ပင် လက်ထပ်သည်ဖြစ်စေ ဝမ်ပေါင်လဲ့ကဲ့သို့ ပါရမီရှင်နှင့် လက်ထပ်ရခြင်းမှာ ကောင်းမြတ်လှသည်။ သမီးတွေ များလေ ပိုကောင်းလေပင်။ အကယ်၍ သူ့သမီးအားလုံးသာ ပါရမီရှင်များနှင့် လက်ထပ်ကြလျှင် သူသည် သူရဲကောင်းတို့၏ ယောက္ခမကြီး ဖြစ်လာပေလိမ့်မည်။
လူအုပ်ထဲတွင် ဝမ်ယွီဖေးမှာ ခံစားချက်များကြောင့် မျက်ရည်ကျနေမိ၏။ သူမ၏ ခဲအို...မဟုတ်ဘူး၊ အစ်ကိုပေါင်လဲက သူမအတွက် ဘိုးဘေးထံတွင် တောင်းဆိုပေးလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူမ၏ ငယ်ဘဝ အိမ်မက်လေးမှာ နောက်ဆုံးတွင် အကောင်အထည် ပေါ်လာခဲ့ပြီ ဖြစ်သည်။
လွီယွဲ့အာက နန်ကုန်းယွီကို တစ်ချက်ကြည့်လိုက်၏။
နန်ကုန်းယွီကမူ ဘာကိုမျှ ဂရုမစိုက်ဟန်ဖြင့် ဝမ်ယွီဖေးကို တစ်ချက်မျှသာ ကြည့်လိုက်သည်။
လွီယွဲ့အာက မေးလိုက်သည်။
“ညီမလေး... အဆင်ပြေရဲ့လား”
နန်ကုန်းယွီက ပြုံးလိုက်သည်။ “ဘာမှမဖြစ်ပါဘူး။ယောက်ျားတစ်ယောက်မှာ မယားကြီးတစ်ယောက်နဲ့ မယားငယ်တွေ ရှိတာက သဘာဝပဲ မဟုတ်လား။ နောင်တစ်ချိန်မှာ ကျွန်မလည်း သခင်လေးဝမ်ရဲ့ နံဘေးမှာ သေချာပေါက် ရှိနေမှာပါ”
လွီယွဲ့အာ: “...”
မကြာမီမှာပင် ခန်းမကြီးတစ်ခုလုံး ရယ်မောသံများနှင့် ပျော်ရွှင်မှု အတိ ဖြစ်သွားတော့သည်။
လူတိုင်းက ဝမ်မိသားစု ဘိုးဘေးကြီးကို ဂုဏ်ပြုစကား ဆိုကြတော့သည်။
“ ဒီလောက် တော်တဲ့ သမက်ရတဲ့အတွက် ဂုဏ်ယူပါတယ် အဖိုးဝမ် “
“အစ်ကိုကြီးဝမ်... ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်။”
…
အဖိုးဝမ်က တဟားဟား ရယ်မောရင်း ပြော၏။ “အားလုံးပဲ... အခု မွေးနေ့စားပွဲကို တရားဝင် စတင်ပါပြီ”
ရှောင်ယန်တို့ အဖွဲ့သည် ဝမ်မိသားစု ဘိုးဘေးနှင့်အတူ အဓိက စားပွဲတွင် ထိုင်ကြသည်။
စားပွဲတစ်လျှောက်တွင် လူအများအပြားက ရှေ့သို့ တိုးလာကာ အရက်ဖြင့် ဂုဏ်ပြုကြသည်။ ထိုကျင်းပမှုကြီးမှာ ညဦးပိုင်းတိုင်အောင် ကြာမြင့်ခဲ့၏။
ဝမ်ပေါင်လဲ့နှင့် သူ၏ အပေါင်းအသင်းများ ဧည့်ဂေဟာသို့ ပြန်ရောက်ပြီးနောက် သူ ပထမဆုံး လုပ်သည့်အလုပ်မှာ ရှောင်ယန်နှင့် ချောင်ရို့ချန်ကို ဦးညွှတ်လိုက်ခြင်းပင်။
“ပေါင်လဲ့... စီနီယာအစ်ကိုကြီးတို့ ဒီနေ့ ကူညီပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ်။ တန်ဖိုးတူညီတဲ့ ရတနာတွေကို နောက်မှ ကျွန်တော် ပြန်ပေးပါ့မယ်။”
ရှောင်ယန်က ဘာမှမဟုတ်သလို လက်ယမ်းပြလိုက်သည်။
“မလိုပါဘူး။ မင်းရဲ့ စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ မင်းရဲ့ တင်တောင်းလက်ဆောင်တွေအတွက် နည်းနည်းပါးပါး ကူညီပေးတာက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲ။ ဓားဘုရင် ရဲ့ အမွေအနှစ်ဆိုတာမျိုးက ငါတို့ရဲ့ သောင်းပြောင်းပညာရပ်ဌာနမှာဆိုရင် အနိမ့်ဆုံး အဆင့်အတန်းပါပဲ။”
ချောင်ရို့ချန်က ဝမ်ပေါင်လဲ့၏ ပုခုံးကို ဖက်လိုက်၏။ “မင်းရဲ့ ဒုတိယစီနီယာအစ်ကိုက ဘယ်ဌာနက လာတာလဲဆိုတာ မင်း မေ့နေပြီလား။ ဝိညာဉ်ဆေးလုံးတွေဆိုတာ ငါ့အတွက် မုန့်လို စားနေကျအရာတွေပါကွ”
သူတို့နောက်တွင် လျှောက်လာသော ဝမ်ယွီဖေးမှာ ထိုနှစ်ဦး၏ စကားကြောင့် အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ဓားဘုရင် အမွေအနှစ်က အနိမ့်ဆုံးအဆင့်လား။ ဝိညာဉ်ဆေးလုံးတွေက မုန့်လိုပဲလား။ ဤစီနီယာအစ်ကို နှစ်ဦးမှာ တကယ်ပင် မယုံနိုင်စရာ ကောင်းလှသည်။
ဝမ်မိသားစု၏ မွေးနေ့ပွဲမှ ဖြစ်ရပ်များသည် နောက်တစ်နေ့ နံနက်တွင်ပင် ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့၏။
ကြီးကြီးငယ်ငယ် အင်အားစုအားလုံးသည် ထိုအဖြစ်အပျက်ကို ကြားရသည့်အခါ မနာလိုစိတ်များသာ ဖြစ်ပေါ်နေကြသည်။
သူတို့သည် ဘာကြောင့် ဝမ်တောက်ကျောင်းတော်ကို ဝင်နိုင်မည့် အိမ်ပါသမက်တစ်ဦး မရှာထားခဲ့မိကြပါလိမ့်။ ဖြစ်နိုင်လျှင် သူတို့လည်း ကလေးအချို့ကို ယခုပင် စတင် မွေးစားထားသင့်သည်။
မည်သူ သိနိုင်မည်နည်း။ နောက်ဆယ်နှစ်ခန့်ကြာလျှင် သူတို့လည်း သူတော်စင်တစ်ပိုင်း တစ်ဦးနှင့် ခမည်းခမက် ဖြစ်လာနိုင်သည် မဟုတ်ပါလား။
ဝမ်မိသားစုတွင် ရက်အနည်းငယ် ကြာပြီးနောက် ရှောင်ယန်နှင့် ချောင်ရို့ချန်တို့သည် ထွက်ခွာရန် ပြင်ဆင်ကြသည်။
“ဒုတိယညီလေး... မင်း နောက် ဘယ်ကို သွားဖို့ ရှိလဲ”
ချောင်ရို့ချန်က ပြုံးစစဖြင့် ပြောသည်။ “တောင်ပိုင်း ယွင်လန်ဂိုဏ်း ဆီ တစ်ခေါက်လောက် သွားမလို့ပဲ”
ရှောင်ယန်က မေးလိုက်သည်။ “မင်းရဲ့ ခရမ်းရောင် ညီမလေး ဆီ သွားမလို့လား”
“သူ့နာမည်က ရှောင်ယီ ပါဗျာ။”
ချောင်ရို့ချန်သည် ရှောင်ယန်ကို စိတ်မရှည်သလို လက်ဟန်ခြေဟန် ပြုလိုက်သည်။
ရှောင်ယန်က ပြုံးသည်။ “ကောင်းပြီ၊ ကောင်းပြီ... ခရမ်းရောင် ရှောင်ယီပေါ့”
“ဟင်း။”
ချောင်ရို့ချန်က နှာမှုတ်လိုက်သည်။ “အစ်ကိုကြီးနဲ့ စကားအများကြီး မပြောတော့ဘူး။ နောက်တစ်ခါ တွေ့ရင် ကျွန်တော့်ရဲ့ ပြင်းထန်တာအိုနတ်ဘုရားလက်သီး ကို ပြပေးမယ်”
ရှောင်ယန်က အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ... နောက်တစ်ခါ မင်း အရှုံးမပေးခင် ငါ့ရဲ့ ဓားကွက်တွေကို နောက်ထပ် အချက်အနည်းငယ်လောက် ပိုခံနိုင်ရည် ရှိပါစေလို့ မျှော်လင့်ပါတယ်”
“စီနီယာအစ်ကိုကတော့လေ” ချောင်ရို့ချန်က ပြန်လည်အော်ဟစ်ပြီး လှည့်ထွက်သွားတော့သည်။
ထို့နောက် ရှောင်ယန်သည် လွီယွဲ့အာကို ခေါ်ကာ အရှေ့ဘက်အရပ်ဆီသို့ ခရီးဆက်လိုက်သည်။
ဝမ်ပေါင်လဲ့က သူ့နောက်ရှိ ဝမ်ယွီဖေးနှင့် နန်ကုန်းယွီတို့ကို ကြည့်ကာ ပြောသည်။ “ငါ အရင်ဆုံး ဘိုးဘေးကို သွားနှုတ်ဆက်လိုက်ဦးမယ်။ ငါတို့လည်း ခရီးထွက်ပြီး လေ့ကျင့်ဖို့ အချိန်တန်ပြီ “
“အင်း” မိန်းကလေးနှစ်ဦးက တစ်ပြိုင်နက်တည်း ပြန်ဖြေကြသည်။
ဝမ်ပေါင်လဲ့သည် မကြာမီမှာပင် ဝမ်မိသားစု ဘိုးဘေးကို ရှာတွေ့ကာ နှုတ်ဆက်လိုက်သည်။
ဝမ်ပေါင်လဲ့ ထွက်ခွာတော့မည်ကို ကြားသည့်အခါ ဘိုးဘေးကြီးက မတားဆီးပေ။ ထိုအစား သူသည် ယုံကြည်ရသော လက်ထောက်တစ်ဦးကို ခေါ်ကာ အသံတိုးတိုးဖြင့် ညွှန်ကြားချက်အချို့ ပေးလိုက်သည်။
မကြာမီမှာပင် ဝမ်ကတော်၊ ဝမ်ယွီလင်၊ ဝမ်ခိုင်ရွှမ်းနှင့် အခြားသူများ ခန်းမထဲသို့ ရောက်ရှိလာကြသည်။
သူတို့ ဝင်လာသည်နှင့် ဘိုးဘေးကြီးက ပြောလိုက်သည်။ “မင်းတို့အားလုံး ဒူးထောက်ပြီး ပေါင်လဲ့ကို တောင်းပန်လိုက်ကြစမ်း။ တကယ်လို့ သူ့ဆီက ခွင့်လွှတ်မှု မရဘူးဆိုရင် မင်းတို့ကို ဝမ်မိသားစုကနေ နှင်ထုတ်မယ်”
ထိုစကားဆုံးသည်နှင့် လူတိုင်း၏ နှလုံးသားမှာ ပြင်းထန်သော ရိုက်ခတ်မှုကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားကြတော့သည်။
“ပေါင်လဲ့... ငါတို့ မှားသွားပါတယ်”
“ ယောက်ဖ... ကျွန်တော် နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
***