ဝမ်ပေါင်လဲ့သည် မိမိရှေ့တွင် ဒူးထောက်နေကြသူများကို စဉ်းစားဆင်ခြင်ဟန်ရှိသော မျက်နှာပေးဖြင့် ကြည့်နေမိ၏။ ခဏအကြာမှ သူက နောက်ဆုံးတွင် စကားစပြောလာသည်။
“ဘိုးဘေးရဲ့ ကြင်နာမှုရယ်၊ ဝမ်မိသားစုက ကျွန်တော့်ကို တစ်ချိန်က ခေါ်ယူစောင့်ရှောက်ခဲ့တာရယ်ကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ ခင်ဗျားတို့ကို လွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ခါ ကျွန်တော့်ကိုဖြစ်ဖြစ်၊ ယွီဖေးကိုဖြစ်ဖြစ် ထပ်ပြီးစော်ကားမယ်ဆိုရင်တော့ ဘိုးဘေးကိုယ်တိုင် လာပြီးအသနားခံရင်တောင်မှ တစ်ယောက်မကျန် သတ်ပစ်မယ်”
ထိုစကားကို ကြားလိုက်ရသည့်အခါ အားလုံးက ကျေးဇူးတင်စကားဆိုရင်း ဦးညွှတ်လိုက်ကြတော့၏။
“ကျေးဇူးတင်ပါတယ် ပေါင်လဲ့”
“ကျေးဇူးတင်ပါတယ် ယောက်ဖ”
…
ဝမ်ပေါင်လဲ့က လက်ယမ်းပြလိုက်သည်။ “အားလုံး သွားကြတော့။”
“ဟုတ်ကဲ့”
ထိုအခါမှသာ လူတိုင်းသည် ကြောက်ရွံ့တုန်လှုပ်နေကြဆဲ ဖြစ်သော်လည်း ခန်းမထဲမှ ထွက်ခွာသွားကြတော့သည်။
ဝမ်မိသားစု ဘိုးဘေးကို နှုတ်ဆက်ပြီးနောက် ဝမ်ပေါင်လဲ့သည် ဝင်းအတွင်းမှ ထွက်လာခဲ့သည်။
ဘိုးဘေးသည် ထွက်ခွာသွားသော ဝမ်ပေါင်လဲ့၏ ကျောပြင်ကို ကြည့်ရင်း တွေးလိုက်မိ၏။
‘နက်ရှိုင်းလှတဲ့ ချောက်ထဲက ထွက်လာတဲ့ နဂါးတစ်ကောင်လိုပါလား... ပေါင်လဲ့ဟာ မကြာခင် ကောင်းကင်ယံမှာ ပျံသန်းတော့မှာပဲ’
ဝမ်တောက် မြို့တော်၊ မြို့စားမင်း၏ စံအိမ်တော်အတွင်း၌ ဖြစ်သည်။
မျက်လုံးများမှုန်ရီနေသော အမျိုးသားတစ်ဦးသည် ဝိုင်ကရားကို ကိုင်ထားပြီး တစ်ငုံသောက်ရန် ပြင်လိုက်သော်လည်း အထဲတွင် ဘာမှမရှိတော့သည်ကို တွေ့လိုက်ရ၏။
သူက မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ဖရိုဖရဲဖြစ်နေသော ဆံပင်များနှင့်အတူ အပြင်သို့ လျှောက်ထွက်လာခဲ့သည်။
သူ အပြင်သို့ လှမ်းလိုက်သည်နှင့် ဝမ်တောက်ကျောင်းတော်မှ တပည့်တစ်ဦးက နှုတ်ဆက်လိုက်သည်။ “ဦးလေးနျဲ့ ၊ အကြီးအကဲပိုင်က အစည်းအဝေးခန်းမကို လာခဲ့ဖို့ ဖိတ်ခေါ်နေပါတယ်ခင်ဗျ။”
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက ပျင်းရိစွာ ပြန်ဖြေသည်။ “သိပြီ။ ငါ နောက်ထပ် ဝိုင်တစ်ကရား သွားယူပြီးရင် လာခဲ့မယ်လို့ ပြောလိုက်။”
“ဟုတ်ကဲ့။”
အတွင်းစည်းတပည့်က ပြန်ဖြေပြီး လှည့်ထွက်သွားသည်။ သူ့အမြင်တွင်မူ ဤဦးလေးနျဲ့ကို ဘယ်တုန်းကမှ အထင်မကြီးခဲ့ပေ။
သူ့မျက်လုံးထဲတွင် ဦးလေးနျဲ့ကဲ့သို့ မိမိကိုယ်မိမိ အလိုလိုက်နေသော လူမျိုးမှာ ဝမ်တောက်ကျောင်းတော် တွင် ရှိနေရန်ပင် မထိုက်တန်။ ကျင့်ကြံခြင်းကို အာရုံမစိုက်ဘဲ တစ်နေ့လုံး ဝိုင်ချက်ဖို့ကိုပဲ စိတ်ဝင်စားနေသည်မှာ ဘာသဘောနည်း။
မကြာမီမှာပင် နျဲ့ရှို့ယွမ်သည် အစည်းအဝေးခန်းမသို့ ရောက်ရှိလာသည်။ ထိပ်ဆုံးတွင် ထိုင်နေသော အကြီးအကဲပိုင်ကို တစ်ချက်ကြည့်ကာ အသာအယာ ဂါရဝပြုလိုက်သည်။ “ဦးလေးပိုင်ကို ဂါရဝပြုပါတယ်။”
အကြီးအကဲပိုင်က ပြုံးလိုက်၏။ “ညီလေးနျဲ့... ဒီမှာ လူစိမ်းတွေ မရှိပါဘူး။ အဲဒီလောက် ယဉ်ကျေးပြီး ငါ့ကို ဦးလေးလို့ ခေါ်မနေပါနဲ့။”
နျဲ့ရှို့ယွမ်က ထိုစကားအတိုင်းပင် ဝင်ထိုင်လိုက်သည်။ “အစ်ကိုကြီးပိုင်... ဝိုင်ကုန်သွားပြန်ပြီလား”
“မဟုတ်ပါဘူး။”
အကြီးအကဲပိုင်က လက်ယမ်းပြလိုက်သည်။ “ဒီတစ်ခါတော့ မင်းအတွက် အခွင့်အရေးကောင်းတစ်ခုအကြောင်း ပြောမလို့ ခေါ်လိုက်တာပါ။”
နျဲ့ရှို့ယွမ်၏ အမူအရာက လုံးဝမပြောင်းလဲပေ။ သူသည် ငတုံးမဟုတ်ပါ။ ပြင်ပရေးရာခန်းမမှ အကြီးအကဲအတော်များများက သူ့ကို မကြည်ကြသည်မှာ ကြာပြီဖြစ်ကြောင်း သူသိသည်။ အကယ်၍ သူသည် အထူးထောက်ခံချက်တိုကင် တစ်ခုကို ကိုင်ဆောင်ပြီး ဝမ်တောက်ကျောင်းတော် သို့ ဝင်မလာခဲ့လျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက နှင်ထုတ်ခံရပြီး ဖြစ်ပေလိမ့်မည်။
“ဒါဆိုရင် ဒီတစ်ခါရော ကျွန်တော့်ကို ဘယ်ပို့ဖို့ ကြံနေကြတာလဲ။”
အကြီးအကဲပိုင်၏ မျက်နှာက ပျက်သွားသည်။ “ညီလေးနျဲ့... အဲဒါ ဘာစကားလဲ။ ငါ ရှိနေသရွေ့ မင်းကို ဝမ်တောက်ကျောင်းတော် ကနေ အနှင်ထုတ်ခံရအောင် ငါ ခွင့်ပြုပါ့မလား”
နျဲ့ရှို့ယွမ်က ဇဝေဇဝါ ဖြစ်သွားသည်။ မှန်ပါသည်။ ဟိုးအရင်တုန်းက အစ်ကိုကြီးပိုင်ကို သူ ဝိုင်များစွာ တိုက်ခဲ့ဖူးသော်လည်း ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော ရာစုနှစ်များစွာကတည်းက ဖြစ်၏။
“အစ်ကိုကြီး... ဒါဆိုရင် ဝမ်တောက်မြို့ထက် ကျွန်တော့်အတွက် ပိုသင့်တော်တဲ့နေရာ ဘယ်မှာ ရှိနိုင်ဦးမှာလဲ။ အနည်းဆုံးတော့ ဒီမှာ ဘယ်သူမှ ကျွန်တော့်ကို လာမနှောင့်ယှက်ကြဘူးလေ။”
အကြီးအကဲပိုင်က ရယ်မောလိုက်သည်။ “သဘာဝကျတာပေါ့... အဲဒီနေရာက မင်း စိတ်ကြိုက် ဝိုင်ချက်နိုင်တဲ့ နေရာပဲ။ အရင်နေ့က ငါ မူးမူးနဲ့ ကတိမပေးခဲ့မိရင် မင်းကို ထောက်ခံပေးဖို့တောင် နှမြောမိဦးမှာ။”
နျဲ့ရှို့ယွမ်မှာ ပို၍ပင် ဝေခွဲမရ ဖြစ်သွားသည်။ ကျင့်ကြံခြင်းကိုသာ အဓိကထားသော ဝမ်တောက်ကျောင်းတော် တွင် စိတ်ကြိုက် ဝိုင်ချက်နိုင်သောနေရာမျိုး ဘယ်တုန်းက ရှိခဲ့သနည်း။
“အစ်ကိုကြီး... ခင်ဗျား နောက်နေတာ မဟုတ်ဘူးမလား။ တကယ်လို့ အဲဒီလိုနေရာမျိုး ရှိရင် ခင်ဗျား ဖိတ်စရာတောင် မလိုဘူး၊ ကျွန်တော်ဘာသာ ပြောင်းသွားမှာ။”
“စကားတွေ အများကြီး မပြောနဲ့တော့။ အထုပ်ပြင်ပြီး ငါနဲ့ လိုက်ခဲ့။ မင်း စိတ်ပျက်ရမှာ မဟုတ်ဘူး။”
အကြီးအကဲပိုင်သည် နျဲ့ရှို့ယွမ်၏ ဖရိုဖရဲ ဖြစ်နေသော ပုံစံကို ကြည့်ရင်း သောင်းပြောင်းပညာရပ်ဌာန ရှေ့တွင် သူ့မျက်နှာကို အရှက်ခွဲမိမှာကို စိုးရိမ်နေမိသည်။
“ကောင်းပါပြီ... လက်ဖက်ရည်တစ်ခွက်စာ အချိန်လောက် ပေးပါ။”
အကြီးအကဲပိုင်က သူ့ကို ဘယ်ကို ခေါ်သွားမည်ဆိုသည်ကို နျဲ့ရှို့ယွမ်လည်း စိတ်ဝင်စားသွားမိသည်။
နာရီဝက်ခန့် ကြာပြီးနောက်။
နျဲ့ရှို့ယွမ်သည် သူ့ရှေ့ရှိ လူသူကင်းမဲ့နေသော မြောင်မြောင်တောင် ကို ကြည့်ပြီး အကြီးအကဲပိုင်ဘက်သို့ လှည့်လိုက်သည်
“အစ်ကိုကြီး... ကျွန်တော့်ရဲ့ တိုက်ခိုက်လိုစိတ်တွေကို ပြန်နိုးကြားလာအောင်လို့ ဌာနမှူးချူရဲ့ တပည့်အဖြစ် သွားထားဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်။”
ထိုအခါ အကြီးအကဲပိုင်က မျက်လုံးလှန်ကြည့်လိုက်သည်။ “မင်းကတော့ အမြဲတမ်း အများကြီး တွေးတာပဲ။ ဌာနမှူးချူက ဝိုင်ချက်ပေးမဲ့သူတစ်ယောက် လိုအပ်နေရုံသက်သက်ပါ။ မင်းက ဝိုင်ဝါသနာပါတာနဲ့ ငါက ထောက်ခံပေးလိုက်တာ။ ဌာနမှူးချူသာ ရှိနေရင် မင်း တစ်သက်လုံး ဝမ်တောက်ကျောင်းတော် နေ အနှင်ထုတ်ခံရမှာကို စိုးရိမ်စရာ မလိုတော့ဘူး။”
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ခင်ဗျားရဲ့ ကျေးဇူးကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး။”
နျဲ့ရှို့ယွမ်သည် အမြဲတမ်း ထုံထိုင်းထိုင်းနှင့် ဘာကိုမျှ ဂရုမစိုက်သလို ပုံစံမျိုး ပေါက်သော်လည်း တကယ်တမ်းတွင် သူသည် အရာရာကို သိနားလည်သူ ဖြစ်သည်။
သူ့အပေါ် မည်သူက ကောင်းသနည်းဆိုသည်ကို သူ ကောင်းကောင်း သိသည်။
“စကားစမနေနဲ့တော့။ မင်း အခု ဌာနမှူးချူနဲ့ တွေ့တော့မှာ။ ငါ့ကို အရှက်မကွဲအောင် အဲဒီ ငါးသေလိုမျက်လုံးကြီးနဲ့ ပုံစံမျိုး မလုပ်နဲ့ဦး”
အထူးသဖြင့် သူ၏ ညီငယ်မှာ ရည်မှန်းချက်အားလုံး ပျောက်ဆုံးနေပြီး ဝိုင်ကလွဲ၍ ဘာကိုမျှ ဂရုမစိုက်တော့သည်ကို သိထားသောကြောင့် ဖြစ်၏။
အကယ်၍ ယနေ့ အစကတည်းက ဝိုင်အကြောင်းကိုသာ ထုတ်မပြောခဲ့လျှင် နျဲ့ရှို့ယွမ်သည် လိုက်လာလိမ့်မည် မဟုတ်ပေ။
“သိပါတယ်” နျဲ့ရှို့ယွမ်က ပြန်ဖြေရင်း တိုးတိုးလေးရေရွတ်လိုက်သည်။ “ဌာနမှူးချူက ကျုပ်နဲ့ ဝါသနာတူလိမ့်မယ်လို့ မထင်ထားမိဘူး”
“ဟမ်”
အကြီးအကဲပိုင်က သူ့ကို စိုက်ကြည့်လိုက်၏။
‘မင်းကိုယ်မင်းလည်း ကြည့်ဦးလေ၊ အဲဒီလို စကားမျိုး ဘယ်လိုများ ပြောထွက်ရတာလဲ။’
သူတို့နှစ်ဦးသည် ချူဖုန်း၏ ခြံဝင်းထဲသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့ကြသည်။ ဝင်ပေါက်သို့ ရောက်သည်နှင့် ချင်းချင်းနှင့် တိုးတော့သည်။
“အကြီးအကဲပိုင်”
“ တူမလေးချင်း... ငါတို့ လာတဲ့အကြောင်း အကြောင်းကြားပေးပါဦး။ ငါ ဝိုင်ချက်ကျွမ်းကျင်တဲ့ တပည့်တစ်ယောက်ကို ခေါ်လာတယ်လို့ပဲ ပြောလိုက်ပါ”
အကြီးအကဲပိုင်က သူမရှေ့တွင် ဟန်ဆောင်မှုကင်းစွာ ပြုံးရယ်လျက် ပြောလိုက်သည်။
အမြဲတမ်း သီးသန့်နေတတ်သော နျဲ့ရှို့ယွမ်မှာမူ အနည်းငယ် မျက်စိလည်သွားသည်။ သူ၏ အစ်ကိုကြီးသည် ဘယ်တုန်းက ဤမျှအထိ ပွင့်လင်းဖော်ရွေသွားရသနည်း။ မည်သို့ပင်ဖြစ်စေ... ဒါတွေက သူနှင့် မသက်ဆိုင်ပေ။
မကြာမီမှာပင် အကြီးအကဲပိုင်နှင့် နျဲ့ရှို့ယွမ်တို့သည် ဝင်းထဲသို့ ဝင်လာခဲ့ကြ၏။
ချူဖုန်း၏ အကြည့်သည် နျဲ့ရှို့ယွမ်ဆီသို့ ချက်ချင်း ရောက်ရှိသွားသည်။အကြီးအကဲပိုင်၏ ဘေးရှိ ဝတ်ရုံဖြူဝတ် ဆံပင်ရှည်နှင့် ကျင့်ကြံသူဆီသို့ပင်။
ထိုလူသည် လူလတ်ပိုင်းအရွယ် ဖြစ်နေပြီး အကြည့်များမှာ လောကကြီးကို ငြီးငွေ့နေသကဲ့သို့ ရှိသော်လည်း သူ၏ လှုပ်ရှားမှုတိုင်းတွင် အရိုင်းဆန်ခြင်း၊ အတားအဆီးမဲ့ခြင်းနှင့် လွတ်လပ်မှုကို မြတ်နိုးခြင်း စသည့် ထူးခြားသော စိတ်ဓာတ်များ ကိန်းအောင်းနေသည့်ပုံ။
သူ၏ ထက်မြက်သော မျက်နှာသွင်ပြင်နှင့် ထူးခြားသော ရုပ်ရည်တို့ ပေါင်းစပ်လိုက်သောအခါ ချူးဖုန်း စိတ်ထဲမှ မတွေးဘဲ မနေနိုင်တော့ချေ။ ‘ငါသာ ဒီလူကို လူငယ်ဘဝတုန်းက တွေ့ခဲ့ရင် ငါတောင် ဘေးဖယ်ပေးရလိမ့်မယ်... သူက တကယ်ကို ချောလွန်းတာပဲ။’
“ထိုင်ပါဦး အကြီးအကဲပိုင်။”
“ကျေးဇူးတင်ပါတယ် ဌာနမှူးချူ”
အကြီးအကဲပိုင်က နျဲ့ရှို့ယွမ်ကို ထိုင်ရန် သတိပေးသည့်အနေဖြင့် သူ့လက်ကို ဆွဲလိုက်သည်။
ထိုအခါမှသာ နျဲ့ရှို့ယွမ်သည် သူ၏အာရုံကို ပြန်လည်စုစည်းနိုင်တော့သည်။ သူ့ရှေ့ရှိ လူငယ်ဌာနမှူးက မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်ကို သူ သတိထားမိသွား၏။
သန်မာသည်၊ ချောမောသည် ဝမ်တောက်ကျောင်းတော် တစ်ခုလုံးတွင် သူ လူငယ်ဖြစ်စဉ်က ပုံစံမျိုးမှသာ ဤလူနှင့် ခန့်ညားမှုတွင် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
ချူဖုန်းသည် ထိုတိတ်တဆိတ် ချီးကျူးနေမှုများကို မသိဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။ “အကြီးအကဲပိုင်... ဒါက...”
အကြီးအကဲပိုင်က ပြုံးလိုက်၏။ “ဌာနမှူးချူ... ဒါကတော့ ကျွန်တော်တို့ ပြင်ပရေးရာခန်းမက ဝိုင်ချက်ဆရာကြီးပါ။ ဝမ်တောက်ကျောင်းတော် တစ်ခုလုံးမှာ သူတော်စင် အဆင့်အောက်မှာဆိုရင် စိတ်ဝိညာဉ်ဝိုင်ချက်တဲ့ နေရာမှာ သူ့ကို ယှဉ်နိုင်သူ မရှိပါဘူး။”
“တကယ့် ပါရမီရှင်ပဲ”
ချူဖုန်းက တိုက်ရိုက်ပင် ချီးကျူးလိုက်သည်။ “ဒီလောက် ပါရမီရှိတဲ့သူကို ကျွန်တော့်ရဲ့ သောင်းပြောင်းညာရပ်ဌာနဆီ ပို့လိုက်လို့ ဘုရင်ဟန်ကျန်းက စီနီယာဝမ် စိတ်ဆိုးမှာကို မကြောက်ဘူးလား။”
“…”
အကြီးအကဲပိုင်သည် ပြောစရာစကားမဲ့သွားသော်လည်း ပြုံးပြလိုက်သည်။ “စိတ်မပူပါနဲ့ ဌာနမှူးချူ။ စီနီယာသာ ရှို့ယွမ် မင်းရဲ့ ဌာနထဲ ဝင်သွားတာကို ကြားရင် သူ့အတွက် ဝမ်းသာနေမှာပါ။ ရှို့ယွမ်... ဌာနမှူးချူကို နှုတ်ဆက်လိုက်ဦး။”
နျဲ့ရှို့ယွမ်က ချက်ချင်းပင် မတ်တတ်ရပ်ကာ ဦးညွှတ်လိုက်သည်။ “ရှို့ယွမ်... ဌာနမှူးချူကို ဂါရဝပြုပါတယ်ခင်ဗျ။”
***