ကမ္ဘာအရပ်ရပ်၌ သော်လည်းကောင်း၊ မြန်မာနိုင်ငံနေ ရာအနှံ့အပြားတို့ တွင် သော်လည်းကောင်း လူမျိုးအသီးသီးတို့ ရှိကြလေသည် ။
မြန်မာနိုင်ငံ၏ မှတ်တမ်းများ အရ မြန်မာနိုင်ငံတစ်ဝှမ်းတွင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း တစ်ရာကျော်ရှိကြောင်း သိရပေသည် ။
တိုင်းရင်းသားလူမျိုးစုတို့ မှာ မျိုးနွယ်တစ်ခုနှင့် တစ်ခု မတူကြသလို ကိုးကွယ်ရာဘာသာနှင့် ဓလေ့ထုံးစံများ လည်း မတူညီကြပေ။
အများအားဖြင့်တော့ ကိုးကွယ်ရာဘာသာအပေါ်မှာ အခြေတည်ပြီး တမလွန်နှင့် ပတ်သက်ပြီး ယုံကြည်မှုများကလည်း အမျိုးမျိုးရှိကြလေသည် ။
မည်သို့ပင် အယူအဆမတူကြသည် ဖြစ်စေ တမလွန်နှင့် ပတ်သက်ပြီး ကွဲပြားခြင်းမရှိလှပေ။
ဘဝတစ်ခုမှ တစ်ခုသို့ ကူးပြောင်းခြင်း၊ ဒါမှ မဟုတ် ဘဝ သစ်တစ်ခုသို့ ကူးပြောင်းခြင်း..ဟူသော ဝေါဟာရအမျိုးမျိုး ရှိသော်လည်း နောက်ဆုံးအဖြေကတော့ သေဆုံးခြင်းပင် ဖြစ်ပေသည် ။
တစ်ဘဝစာ အသုံးပြုခွင့်ရသော လက်ရှိရုပ်ခန္ဓာကိုစွန့် ၍ အခြားဘဝသို့ ကူးပြောင်းခြင်းမှာ တမလွန်ဘဝသို့ ကူးပြောင်း ခြင်းပင် ဖြစ်၏။
မူလရုပ်ခန္ခာမပါတော့ဘဲ နာမ်ခန္ဓာ(ဝိညာဉ်)သက်သက်ချည်း ဖြတ်သန်းရသော ခရီးဖြစ်သည် ။
ထိုခရီးကို သံသရာခရီးဟု လည်း ခေါ်ဆိုသတ်မှတ်ကြသည် ။ သံသရာဟူသည် တစ်ဘဝမှ တစ်ဘဝ အဖန်ဖန်ပြောင်း ရွှေ့ ဖြစ်ပျက်ခြင်းပင် ဖြစ်၏။
လူ့လောကတွင် မည်သည့် ဘာသာကို ကိုးကွယ်မှုဖြစ်စေ၊ မည်သည့် ယုံကြည်စွဲလန်းမှုများ ရှိသည် ဖြစ်စေ၊ တမလွန် လောကရောက်လျှင်တော့ သက်ဆိုင်ရာ ဘုံဘဝသို့ ရောက်ကြရမည်သာ ဖြစ်၏။
လူဖြစ်စေ တိရစ္ဆာန်ဖြစ်စေ သုံးဆယ့်တစ်ဘုံမှာ မလွဲ မသွေရောက်ကြရမည်သာ ဖြစ်၏။
သုံးဆယ့်တစ်ဘုံမှာ မြတ်ဗုဒ္ဓ၏ အယူဝါဒပင် ဖြစ်ပေသည် ။ သုံးဆယ့်တစ်ဘုံ ဆိုသည် မှာ ...
(၁) အပါယ်ဘုံ(၄)ဘုံ
(၂) လူဘုံ(၁)ဘုံ
(၃) နတ်ဘုံ(၆)ဘုံ
(၄) ရုပ်နာမ်နှစ်ပါးရှိ (ရူပ) ဗြဟ္မာဘုံ(၁၅)ဘုံ
(၅) ရုပ်သက်သက်သာရှိ (အသညသတ်) ဗြဟ္မာဘုံ(၁)ဘုံ
(၆) နာမ်သက်သက်သာရှိ (အရူပ) ဗြဟ္မာဘုံ(၄)ဘုံ
စုစုပေါင်း-(၃၁)ဘုံ
ရှိလေသည် ။
အပါယ်ဘုံလေးဘုံဟု ဖော်ပြရာတွင် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်ဘုံတို့ ဖြစ်သည် ။
ငရဲ (ချမ်းသာခြင်းကင်းသော)ဘုံသည် ရှစ်ဘုံရှိသည် ။ သိဉ္ဇိုမ်းငရဲ၊ ကာလသုတ်ငရဲ၊ သံဃာတငရဲ၊ ရောရုဝငရဲ၊ မဟာ ရောရုဝငရဲ ၊ တာပနငရဲ၊ မဟာတာပနငရဲ၊ အဝီစိငရဲတို့ ပင်ဖြစ်ကြလေသည် ။
ထိုငရဲ ရှစ်ဘုံကိုပေါင်းပြီး ငရဲဘုံဟု ပင် ခေါ်ဝေါ်ကြသည် ။
ထို့ပြင် ငရဲကြီးရှစ်ထပ်တွင် တစ်ထပ်စီတွင် ခြံရံနေကြသော ဥဿငရဲဟု ခေါ်သော ငရဲငယ်ပေါင်း (၁၂၈)မျိုးလည်း ရှိပေသေးသည် ။
အချို့ပါဠိတော်များ ၌ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဟု အပါယ်သုံးဘုံကိုသာ ဖော်ပြကြသည် ။
အသုရကာယ်ဘုံကို တာဝတိံသာနတ်တို့ နှင့် ရောသွင်း ရေတွက်၍ သော်လည်းကောင်း၊ ပြိတ္တာဘုံထဲတွင် ရောသွင်း၍ သော်လည်းကောင်း ထည့်သွင်းရေတွက် ကြသည် ကို တွေ့ရသည် ။
သို့သော် အရေအတွက်အားဖြင့်တော့ အပါယ်လေးဘုံဟု သာ ရေတွက်ကြသည် က များ လေသည် ။
ကမ္ဘာမြေပြင်မှ အောက်ယူဇနာ တစ်သောင်းငါးထောင် ကွာဝေးသောအရပ်၌ သိဉ္ဇိုမ်းငရဲတည်ရှိ၏။
ယင်းအောက် ယူဇနာတစ်သောင်းငါးထောင်စီ ကွာခြား၍ ကာလသုတ်စသော အခြားငရဲဘုံတို့ အဆင့်သင့် ရှိကြလေသည် ။
အပါယ်ဘုံအသီးသို့ရောက်ကြသော အပါယ်ဘုံသားတို့ မှာ သက်တမ်းသတ်မှတ်ချက် မရှိပေ။
မိမိတို့ ပြုလုပ်ခဲ့သော အကုသိုလ် အနည်းအများ အလိုက် အပြစ်ရှိသလောက် ခံကြရသည် ။
တိရစ္ဆာန်ဘုံမှာ သီးခြားမရှိပေ။
လူဘုံမှာ ပင် ရှိနေကြသည် ။ တိရစ္ဆာန်တို့ နေထိုင်ရာ အစုအဝေးကိုပင် တိရစ္ဆာန်ဘုံဟု ခေါ်ဝေါ်ကြသည် ။
ပြိတ္တာဆိုသည် ကတော့ ချမ်းသာသုခ ကင်းသောနေရာ၌ နေထိုင်ကြရသော ဘုံသားများ ပင် ဖြစ်ပေသည် ။
ပြိတ္တာတို့ မှာ ဘုံသီးခြားမရှိကြပေ။
တောတောင်၊ သုသာန်၊ သင်္ချိုင်း၊ ဇရပ်ပျက်၊ ကျောင်းအို၊ ကျောင်းပျက်များ ၌ သာ လှည့်လည်နေထိုင်ကာ အစဉ်သဖြင့် ဆာလောင်မွတ်သိပ်နေကြရသော ဘုံဘဝသားများ ပင်ဖြစ်ကြလေသည် ။
ပြိတ္တာဘုံသားတို့ မှာ လည်း ငရဲဘုံသားများကဲ့သို့ အစဉ်သဖြင့် ချမ်းသာခြင်းကင်းကာ ငရဲဘုံသားများကဲ့သို့ပင် အမျိုးမျိုးသော ဒုက္ခဆင်းရဲတို့ ကို ခံစားနေကြသူများ ပင် ဖြစ်ကြပေသည် ။
ကျွန်တော် ရေးချင်တဲ့ အဓိကအကြောင်းကတော့ လူ အပါအဝင် သက်ရှိသတ္တဝါတို့ သေဆုံးတဲ့ အခါ တမလွန်ဘဝ ရောက်ကြရတာချည်း ဖြစ်ပါသည် ။
တမလွန်လောက အကြောင်းကိုလည်း အားလုံးက စိတ်ဝင်စားမှုရှိကြသည် ။
လူမျိုးချင်းမတူသော်လည်း ၊ ယုံကြည်ကိုးကွယ်သည့် ဘာသာချင်း မတူကြသော်လည်း တမလွန်လောကအကြောင်းကိုတော့ စိတ်ဝင်စားကြသည် ။
ထိုနေရာမှာ လည်း အယူအဆချင်းက မတူကြပြန်ပေ။ ထိုကဲ့သို့ အယူအဆမတူကြသဖြင့် ပြုလုပ်ဆောင်ရွက်သော ကိစ္စများကလည်း ခြားနားကြရပေသည် ။
ကချင်ကလည်း ကချင်ဓလေ့ထုံးစံဖြင့် အသုဘ အခမ်းအနား၊ တမလွန်ကိစ္စများကို ဆောင်ရွက်ကြသည် ။
ရှမ်းကလည်း ရှမ်းဓလေ့၊ ချင်းကလည်း ချင်းဓလေ့ထုံးစံတို့ ဖြင့် တမလွန်နှင့် သက်ဆိုင်သော ဆောင်ရွက်မှုများကို ပြုလုပ်ပေးကြသည် ။
ထိုအယူအဆများ အကြောင်းကို တစ်ခုချင်းစီ၊ တစ်မျိုးချင်းစီ အသေးစိတ်ရေးမည်ဆိုပါက စိတ်ဝင်စားဖို့ ကောင်းသည် ဆိုသော်လည်း များ စွာရှည်လျားလှပေသည် ။
ယခုရေးသားမည့် ဝတ္ထုအမည်ကို ''လူသေရွာ''ဟု ပေးထားခဲ့ရာ ထိုအမည်မှာ ကျွန်တော်စိတ်ကူးသက်သက်ဖြင့် ပေးထားသော အမည်တစ်ခုတော့ မဟုတ်ပါချေ။
''လူသေရွာ''ဟူသော ဝေါဟာရမှာ ချင်းလူမျိုးတို့ သုံးစွဲသော ဝေါဟာရတစ်ခုသာ ဖြစ်သည် ။
ထိုအမည်နှင့် ပတ်သက်ပြီး ၎င်းတို့ ယုံကြည်စွဲလန်းမှုများ အကြောင်းကို ရေးသားဖော်ပြပေးပါမည်။
လူသေရွာအကြောင်း မရေးသားမီ လူသေတို့ ၏ ဝိညာဉ်များ ၏ တွေ့ဆုံနိုင်ပုံများ အကြောင်းကို ဦးစွာရေးသားဖော်ပြပါမည်။
အိပ်မက်ဖြင့် လူသေအား တွေ့ဆုံခြင်းမှာ ဖျားသော မိသားစုမှာ ဖျာကိုယူပြီး လိပ်၍ ထားရ၏။
လိပ်ထားသော ဖျာအထဲတွင် ပန်းကန်ခွက်နှင့် ဓါးမြှောင်ကိုထား၏။ ၎င်းကို ဖျားသူ၏ လက်နှင့် ထိစေ၏။
ထို့နောက် အရက်(သို့မဟုတ်)ခေါင်ရည်တစ်ပုလင်းကို ယူသွား၍ ဟောတတ်သူထံ သွားရောက်ပြီး ဖျားနာသည့် အကြောင်းကို ပြောပြ၏။
ထိုအခါ ဟောတတ်သူက ''သူငယ်ချင်းများ အဘယ့်ကြောင့် ဤသူ/သူမ ဖျားရသနည်း၊
မည်သည် ကို..အလိုရှိ၍ မည်သို့ ပြုလုပ်ရမည်နည်း၊ လာ၍ ကျွန်တော်/ကျွန်မအားပြောပြပါ''
ဟု ဆိုကာ အရက်ကိုသောက်၍ အိပ်လေ၏။
နောက်တစ်နေ့ရောက်သောအခါ အိပ်မက်မက်ဖြင့် အကျိုးအကြောင်းကို တွေ့မြင်ရကြောင်း၊ မည်သူက ပြုစားသည် ။ မည်သည် ကို အလိုရှိသည် ဟု ပြောပြသည် ။
ထိုသူပြောသည့် အတိုင်း တိရစ္ဆာန်ဖြင့် ပူဇော်ရ၏။
အိပ်မက်မက်တတ်သူများ သည် လူသေ၏ ဝိညာဉ်ကိုလည်း ခေါ်နိုင်၍ စကားလည်း ပြောနိုင်သည် ။
ထို့ကြောင် ရှင်သူလူများက သေလူများအား ထိုအိပ်မက် မက်တတ်သူမှ တဆင့် ပစ္စည်းလည်း ပေးပို့နိုင်၏။
သေသူများကလည်း မိမိသည် မည်သို့သေဆုံးရကြောင်း၊ ပို့သောပစ္စည်းကို ရရှိကြောင်း၊ မည်သည် ကို အလိုရှိကြောင်း ပြန်၍ ပြောဆိုနိုင်၏။
ထိုသို့ လူသေဝိညာဉ်အားခေါ်၍ စကားပြောနိုင်ခြင်းကို လူသေသို့ ''အလည်သွားခြင်း'' ဟု ခေါ်ဆို၏။
ဤအကြောင်းနှင့် ပတ်သက်၍ ပြေပြမှုများ စွာထဲတွင် ဇဲဖိုင်ရွာမှ ဒေါ်ရွှေမိယာန်၏ ကိုယ်တွေ့ကို ကောက်နှုတ်ဖော်ပြပါမည်။
အမျိုးသမီးတစ်ဦးသည် သေရွာသို့ ခရီးသွားလိုသောကြောင့် ဟောနိုင်သူ၏ ဘေးတွင် ဝင်ရောက်အိပ်၏။
ထိုအမျိုးသမီးကို သွားနိုင်သူအမျိုးသမီးက ခေါ်သွား၍ ဝိညာဉ်ဖြင့် သေရွာသို့ရောက်၏။
မိမိတို့ မျက်မှောက်ရှေ့တွင် သေရွာရောက်သည် ဟု ထင်ပါသည် ။
လမ်းပေါ်တွင် တွေ့သူတိုင်းကို နှုတ်ဆက်စကား ပြောသည့် အတိုင်း တစ်ယောက်ပြီးတစ်ယောက်ကို နာမည်ခေါ်၍ စကားပြော၏။
ထိုနာမည်ခေါ်၍ စကားပြောသည့် လူများ သည် သေပြီးသော သူများ ဖြစ်ကြ၏။
ထိုသူများကို အစ်ကို၊ ညီမ၊ ဦးလေး စသဖြင့် ခေါ်သည့် အပြင် နာမည်တပ်၍ ခေါ်သောသူများ လည်း ဖြစ်ကြ၍ .. မာကြောင်း၊ သာကြောင်းစကားကို မြိန်ရည်ရှက်ရည် စကားလည်း ပြောလျက်ရှိကြ၏။
အဆိုပါ အမျိုးသမီး နိုးလာသောအခါ အကြောင်းကို မေးမြန်းရာ သူမနှင့် တွေ့သောသူများ ၊ နှုတ်ဆက်သောသူများ ၊ မှာ သောစကားများကို မိမိတို့ အား ပြန်ပြောပြ၏။
သူမပြန်ပြောပြသော စကားများ နှင့် သူမအိပ်ပျော်နေစဉ်က ပြောသောစကားလုံးများ သည် တစ်ထေရာတည်း ဖြစ်လေသည် ။
ဤအချင်းအရာများကို လေ့လာသောအခါ သေရွာသို့ သွားနိုင်သူသည် ၎င်းတို့ တစ်ဦးတည်းသာမက အခြားသူများကိုပါ ခေါ်ဆောင်သွားနိုင်ကြောင်း သိနိုင်ပါသည် ။
အိပ်မက်ထဲတွင် သေပြီးသူများ နှင့် တွေ့ဆုံနိုင်၊ လိုအပ်သော စကားများကိုပါမှာ နိုင်ကြောင်း သိရှိရသည် ။
ထို့ကြောင့် အလောင်းကို သင်္ဂြိုလ်စဉ်က ယူသွားရန်မေ့ ကျန်သော ပစ္စည်းများကိုလည်း နောက်လူသေမှ တဆင့် ပေးပို့နိုင်၊ လူကြုံပါးနိုင်သည် ။
သေပြီးသော ဝိညာဉ်ကို ခေါ်ပုံနှင့် ပတ်သက်၍ ဆရာတော် ထန်သင်ဆွမ်၏ ရေးသားထားသည် ကို ကောက်နှုတ်ဖော် ပြပါဦးမည်။
နှိာရ်သင်တီာလ်သည် တလာအိုမွှန်ရွာမှ ခုပ်နှင်း၏ ညီမချောချောလှလှလေး ဖြစ်သည် ။
(၁၉၄၅)ခုနှစ် တစ်နေ့တွင် အမေနှင့် အတူ တောင်ယာ သို့သွားသည် ။
တောင်ယာတွင် အလုပ်လုပ်စဉ် သူမသည် ခေါင်းကိုက် သည် ဟု ဆို၏။
သားအမိ အိမ်ပြန်ရောက်သောအခါ သူမသည် အပြင်းဖျား၍ မျက်နှာတစ်ခုလုံး နီရဲပြီး နောက်တစ်နေ့တွင် ဆုံးပါးသွားသည် ။
သူမ၏ သေဆုံးပုံကို လေ့လာသောအခါ... နတ်ဆိုးကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သေချာသည် ဟု ယူဆကြသောကြောင့် ကျဲရ်မွန်ရွာမှ ငွန်ဇမ်း၏ အဘွားထံ သွားကြသည် ။
ပထမ ခေါင်အိုးသေးသေးကိုတည်၍ ကြက်မနီကို သွားပေး၏။ ခေါင်ရည်ကို ကြက်ခေါင်းသို့ မှုတ်ထွေး၏။
ကြက်ကို ခေါင်အိုးနှုတ်ခမ်းတွင် ရပ်စေ၏။ ကြက်သည် ခေါင်အိုးနှုတ်ခမ်းတစ်လျှောက် ပတ်ပတ်လည်သွား၏။
ထို့နောက် ကြက်ကိုယူ၍ တောင်းဖြင့်အုပ်၏။
ခေါင်အိုးကို ရေလောင်း၍ ငွန်ဇမ်းအဖွားကို သောက်စေ၏။
ထိုအခါ နတ်များ ရောက်ရှိလာကြ၍ ခေါ်ရခြင်း၏ အကြောင်းကိုမေးမြန်း၏။
''ဆုံးပါးသွားသော နှိာရ်သင်တီာလ်ကို ခေါ်ပေးပါ''ဟု ခိုင်း၏။ ထိုအခါ နှိာရ်သင်တီာလ်သည် အသံဖြင့်ပေါ်လာ၍ ငိုကြွေး၏။
ဖခင်က ''တိတ်တော့၊ စကားမေးလိုသည် '' ဟု ပြော၏။
ထိုအခါ သေသူကလေးမက...
''အသင်တို့ နှင့် နေ၍ မရတော့၊ အိမ်ရှေ့မျက်နှာစာထိပ်မှ အစ်ကို ငွန်ဒွန်စောင့်နေ၏ ''
ဟု ပြော၏။
ငွန်ဒွန်သည် သေဆုံးပြီးသောသူ ဖြစ်၏။
''သမီးလေးရဲ့ သေဆုံးပုံကို ပြောပြပါ''
ဟု မေးပြန်သည် ။
''ဗုံပါချောင်း နတ်တို့ က ခဲနှင့် ပေါက်၍ အသေသတ်၏ .. တော်ပြီ''
ဟု ပြော၍ ပျောက်သွား၏။
ထို့နောက် ဆန်ဆွမ်းဆိုသောနတ် ပြန်ပေါ်လာ၏။
''ဗုံပါချောင်းမှ နတ်များကို ခေါ်ပေးပါ''
ဟု မေတ္တာရပ်ခံကြ၏။
ဗုံပါချောင်းမှ နတ်များ ပေါ်လာကြ၏။ ထိုအခါ...
''အဘယ်ကြောင့် နှိာရ်သင်းတီာလ်ကို သတ်သနည်း'' ဟု မေးခွန်းထုတ်ကြ၏။
''မိမိတို့ ကို တခြားသူများက စေခိုင်းသည် ''
ဟု ပြန်ဖြေကြ၏။
အွီကိယူတောင်ဘက်သို့ လက်ညှိုး ထိုးပြသည် ။
ထိုအခါ ဆန်ဆွမ်းအား...
''အွီကိယူနတ်ကို ခေါ်ပေးပါ''
ဟု တောင်းဆိုကြ၏။
''ကျွန်တော် မခေါ်နိုင်ဘူး၊ အထက်မြင့်က ခေါင်းနှလုံး ပိုင်ရှင်ကိုခိုင်းပါ''
ထိုအခါ..
''ခေါ်ပေးပါ'' ဟု တောင်းဆိုသောအခါ အထက်ခေါင်း နှစ်လုံးပိုင် ပေါ်လာ၍ ...
''ဘာအလိုရှိသလဲ''
ဟု မေး၏။
ထိုအခါ...
''အွီကိယူကို ခေါ်ပေးပါ''
အွီကိယူနတ်များ ပေါ်လာသောအခါ...
''အဘယ့်ကြောင့် အထက် ခေါင်းနှစ်လုံးပိုင်ကို အခေါ်ခိုင်းသနည်း၊ ကျွန်တော်တို့ အလွန်ကြောက်သည် ''
ဟု ပြောကြ၏။
''အဘယ်ကြောင့် နှိာရ်သင်တီာလ်ကို သတ်သနည်း'' ဟု မေးမြန်းကြ၏။
''ခင်ဗျားပြော..ခင်ဗျားပြော..''
ဟူ၍ အော်သံများ စွာ ထွက်ပေါ်လာ၏။
''ကျွန်တော်တို့ သူမကို သိပ်ချစ်လို့ ယူတာပါ၊ အခုလည်း ကျွန်ုပ်တို့ နဲ့ အတူ အွီကိယူမှာ ရှိပါတယ်''
ဟု ဖြေကြ၏။
အတန်ကြာသောအခါ ငွန်ဇမ်း အဖွားသည် သန်းဝေနိုးထ၍ မျက်နှာရွှင်လန်းစွာဖြင့်...
''တစ်စုံတစ်ခု ပြောပေးကြတာ ရှိပါသလား''
ဟု သတင်းမေးသူတို့ ကို မေးမြန်း၏။
ထိုအကြောင်းကို သုံးသပ်သောအခါ ငွန်ဇမ်နူသည် ဤအဖြစ်အပျက်များအားလုံးကို လုံးဝမသိရှိသည် မှာ ထင်ရှား၏။
သူ၏ သူငယ်ချင်းနတ်တို့ ၏ ဝိညာဉ်တစ်ခုခုက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလှုပ်ရှားကြကြောင်း သိသာနိုင်ပါသည် ။
ထို့ကြောင့် ဘိုးဘေးတို့ သည် ဤသို့ သေသူ၏ ဝိညာဉ်များကို ခေါ်ယူစကားပြောခဲ့ကြသည် ဟု ဆိုနိုင်သည် ။
ဆက်လက်ဖော်ပြမည့် အကြောင်းအရာမှာ လူသေရွာ ဖြစ်သည် ။
လူသည် သေသောအခါ လူသေရွာသို့ သွားသည် ဟု ယုံကြည်ကြ၏။
လူသေရွာသည် မည်သည့် နေရာ၊ မည်သည့် အရပ်တွင် ရှိသည် ဟု မပြောနိုင်စေကာမူ.. တစ်နေရာတွင် ရှိသည် ဟု ယုံကြည်ကြ၏။
လူသေသောအခါ ရီကျင်းတောင်(လူသေနှင့် လူရှင်များ ခြားနားသောတောင်)သို့ ရောက်ရှိသောအခါ ဆာနူက သွားရန်ညွှန်ပြသော ရီဘွန်သွာလ်(သေ-ရှင် နယ်နိမိတ် )တစ်နေရာသို့ ရောက်ရှိကြကြ၏။
လူသေရွာတွင် လင်မယားနှစ်ဦးစလုံးသေ၍ ရောက်ရှိသောအခါ ရှင်လူဘဝ၌ ပေါင်းသင်းသကဲ့သို့ သေလူဘဝတွင် လည်း အတူတကွ ပေါင်းသင်းနေထိုင်၍ တောင်ယာခုတ်စား ဘဝဖြင့် အသက်မွေးကြသည် ဟု ယုံကြည်ကြ၏။
''လူသေရွာသည် တစ်နေရာရာတွင် ရှိ၏ '' ဟု ယုံကြည်ကြ၏။ လူသေသောအခါ ရီကျင်းတောင် (လူသေနှင့် လူရှင်များ ခြားနားသောတောင်)သို့ ရောက်သည် ဆိုသော်လည်း လူသေရွာသည် အထက်အောက် မည်သည့် နေရာတွင် ရှိသည် ကိုမူ မည် သူကမျှ မပြောနိုင်ကြပေ။
လူသေရွာသို့ သွားရာလမ်း၌ ရှင်လူနှင့် သေလူတို့ ၏ နယ်နိမိတ်ရှိ၏။
၎င်းကို ''နယ်နိမိတ်တောင်'' ဟူ၍ ခေါ်ကြ၏။
ထိုနေရာ၏ တစ်ဖက်တွင် ချောင်းကလေးရှိ၏။
၎င်းနေရာကို လွန်လျှင် လမ်း(၈ဝဝ)ဆုံဆည်းရာ အရပ်ရှိ၏။
ထိုနေရာသည် ..''အပျော်ဆုံးနှင့် အခက်ခဲဆုံးနေရာ လမ်းခွဲတို့ ၏ ဆုံဆည်းရာအရပ်''ဟု ခေါ်ကြ၏။
ထိုနေရာတွင် အသားဖြူဖြူ ဗိုက်ရွှဲရွှဲ၊ အလွန်မောက်မာသော ''ဆာနူ'' ဟု ခေါ်သည့် မိန်းမကြီးသည် ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့် ထိုင်နေသည် ။
လူသေသည် အသက်ထင်ရှားရှိစဉ်အခါက ပွဲပြုလုပ်စဉ် သတ်ခဲ့သော တိရိစ္ဆာန်၏ ဦးခေါင်းများ သည် သူ၏ ဝိညာဉ် ရှေ့မှ ရှေ့ဆောင်လျက် ဆာနူးရှေ့တွင် အတူရောက်ရှိကြသည် ဟု ယုံကြည်ကြ၏။
ထိုတိရစ္ဆာန်ဦးခေါင်းများ တွင် အကောင်ကြီးသော ကျွဲ၊ နွားနောက်၊ နွားစသော ခေါင်းများများ ပါလျှင် ဆာနူသည် ဝမ်းမြောက်၍ ပျော်စရာကောင်းသောလမ်းမှ လူသေရွာသို့ ပို့ဆောင်၏။
အဆိုပါ တိရစ္ဆာန်ခေါင်းများ တွင် အကောင်ငယ်များ ဖြစ်သော ကြက်၊ ဝက်၊ ဆိတ်၊ ခွေးစသော ခေါင်းများ ပါက.. ဆာနူသည် ဝမ်းမသာနိုင်သဖြင့် ထိုသေသူကို ခက်ခဲသောလမ်းမှ လူသေရွာသို့ ပို့ဆောင်၏။
ထို့ကြောင့် လူသားများ သည် အသက်ထင်ရှား ရှိစဉ် ကာလတွင် ပွဲမပြုလုပ်နိုင်သော သူများ သည် ပင် အသုဘနေ့များ တွင် တတ်နိုင်သလောက် တိရစ္ဆာန်များများ သတ်ပေးရခြင်းဖြစ်သည် ။
လူသေရွာတွင် အသက်ထင်ရှား ရှိစဉ်သကဲ့သို့ လင်မယား၊ သားသမီးများ နှင့် အတူ ပျော်ပျော်ပါးပါး နေကြပုံ၊ တောလည်ခြင်း၊ ချောင်းထဲတွင် ငါးဖမ်းသွားခြင်း စသည် များ ပြုလုပ်ကြသည် ။
ဇောလ်တလိန်းနှင့် ငန်ဘောမ်၊ ဟရန်သူးနှင့် ဒါရ်ဇမဲင်း၊ သိုင်နမ်ကောင်နှင့် မဲန်ရီဟေစသော ရှင်ကွဲကွဲကြသည့် ချစ်သူတို့ ၏ ပုံပြင်များ အပြင် အခြားသောပုံပြင်များ စွာက အထောက်အထားအဖြစ် ဖော်ပြသည် ။
အဆိုပါ ပုံပြင်များ အရ သေလူနှင့် ရှင်လူတို့ ခေတ္တအတူ နေနိုင်သော်လည်း အမြင်ချင်း၊ စရိုက်ချင်းမတူနိုင်ပါ။
ညအိပ်၍ နံနက်ထသောအခါ သေလူ၏ ခေါင်းသည် ပုံမှန်အားဖြင့် ခေါင်းအုံးဖက်တွင် ရှိရန် ဖြစ်သော်လည်း ရှင်လူ၏ ခေါင်းသည် ဆန့်ကျင်ဘက် ခြေထားရာဘက်တွင် ထားရှိ၏။
ရှင်လူသည် သေလူ၏ ရွာသို့ အလည်သွားနိုင်၏။
ဥပမာ အပွေးရှိပိုးကို သေလူ၏ အမြင်တွင် ဝက်ဝံဖြစ် ၍ ဝါးရွက်ကို ငါးဟု မြင်ကြ၏။
လူသေရွာတွင် သေလူများ သည် အသက်ထင်ရှားရှိစဉ်က နေထိုင်သကဲ့သို့ နေထိုင်ကြသည် ဟု ယုံကြည်ရသည့် အကြောင်းတစ်ခုမှာ သေလူက လိုအပ်သောပစ္စည်းများကို ရှင်လူကို မှာ ယူနိုင်၏။
သူ၏ ခံစားပုံကိုလည်း သီချင်းဖြင့် ပြောနိုင်၏။
ရှင်လူကလည်း သေလူထံ ပစ္စည်းများ ပေးပို့နိုင်၏။
ထို့သို့ သေလူထံပစ္စည်းများ ပေးပို့ရာတွင် နတ်ကတော် မှ တဆင့် ပေးပို့ရခြင်းဖြစ်သည် ။
ဦးတီာလ်လိန်း ရေးသားသော စာအုပ်မှ ကောက်နှုတ်ဖော်ပြပါမည်။
ထန်တလန်းရွာမှ လျန်ဗိုင်သည် သေဆုံးသဖြင့် ရှင်လူများက သီချင်းရေးစပ်၍ ပေးပို့၏။
ထိုသီချင်းကို ရရှိသောကြောင့် သီချင်းဖြင့် ပြန်လည်၍ ရှင်လူများ ထံသို့ ပေးပို့၏။
ထိုသေလူကမှ ပေးပို့သောသီချင်းကို အိပ်မက်ဖြင့် ပြောတတ်သူမှ တဆင့် ကြားသိရ၏။
သေလူ လျန်ဗိုင်၏ သီချင်းတွင် ပါသော အကြောင်းအ ရာအချို့ကို ဖော်ပြပါမည်။
''မွှေးလှသော သားသားလေး လက်ရာဖြင့် ပေးပို့သော ပစ္စည်းများကို အရင်နမ်းရှုံ့ကြည့်ဦးမည်၊
ပေးပို့သော မောင်ငယ်များ နှင့် သေနတ်ကို ပုခုံးပေါ် ထမ်းကာ အတော်အသင့် နာမည်ရနေသော ကျွန်တော်..သွား ပေဦးမည်၊
အထက်သခင်ဆီသို့- နွေဦး ဗိယာခ်ဖိုင်းရော့(ခ်) ငှက် ကလေးများ အသံသာသောမြေတွင် စမ်းရေအနား မျိုးစေ့ကျဲသော အပင်များ ၊ နွယ်ကဲ့သို့ ပွားများ မည့် အပင်များ မောနေလျက် မသိရှိတော့ပါ၊
တောကြီးထဲ တောလည်၍ သစ်ပင်များ အောက်တွင် မိမိအလိုရှိသောအရာ စုံလင်ခဲ့သော ကျွန်တော်၊ တဖြည်းဖြည်း အကုန်ဖက်သို့ ခြေလှမ်းစပြုလေပြီတည်း''
လူသေရွာသည် မည်သည့် အရပ်တွင် ရှိသနည်းဟူသော မေးခွန်းနှင့် ပတ်သက်၍ ဆင်ထန်းနယ်ဘက်က လက်ရှိ ချွန်ကျုံးရွာ၏ အပေါ်တွင် ရှိသော ဇိန်မှုတောင်သည် လူသေနှင့် ရှင်လူတို့ ၏ နယ်နိမိတ်ဖြစ်သည် ဟု ယူဆကြ၏။
မိရမ်နယ်ဖက်၏ အမြင်ကို ဦးဟရန်အုပ်က ရေးသားထားသည် ကို ဖော်ပြပါမည်။
လူသေတို့ ၏ သွားရာလမ်းတွင် ရေတွင်းငယ်ကလေး တစ်ခုရှိရာ ထိုနေရာသည် လူသေတိုင်း မရောက်မနေရ အရပ်တွင် ရှိ၏။
၎င်းသည် ငါဖိုင်ပီ၊ ငါဖိုင်သဲနှင့် လုံကျွေးပီးရွာများ ၏ နယ်နိမိတ် ဆုံဆည်းရာတွင် ရှိသည့် တောင်အမြင့်ကြီးဖြစ်သည် ။
ထိုအရပ်တွင် တောင်ဇလပ်ပန်းများ အလွန်များ ပြား သောကြောင့် ''သေလူတို့ အား လွမ်းဆွတ်ရာမြေ'' ဟု ခေါ်ဆို ကြ၏။
ထိုအရပ်မှ လုံကျွေးပီးရွာဖက်သို့ နှစ်မိုင်ခန့်ဝေးသည့် အရပ်တွင် လဲနေသော သစ်တုံးကြီးရှိပါသည် ။
ထိုအပင်သည် ယခုအခါ ဆွေးနေပြီဖြစ်သည် ။
ထိုသစ်တုံးကြီးမှ သုံးဖါလုံခန့် ဝေးသောအရပ်တွင် မည်သည့် အခါမှ မခမ်းသည့် ရေတွင်းကလေးရှိ၏။
ထိုရေတွင်းကလေးနှင့် သစ်တုံးကြီးတို့ သည် အဓိပ္ပါယ် ရှိကြ၏။
လူကြီးတို့ သေဆုံး၍ သေရွာသို့သွားသောအခါ လမ်းတွင် ရှိ သစ်တုံးကြီးကို ခွကျော်နိုင်သော်လည်း ၊ ကလေးငယ်များ သည် ခွ၍ မကျော်နိုင်ပါ။
ထို့ကြောင့် ထိုသစ်တုံးကို ကျော်နိုင်ရန်အတွက် အမြီးကိုင်၍ ဆွဲခေါ်သူ ခွေးထီး(သို့မဟုတ်)ခွေးမ လိုအပ်သည် ။
သို့ဖြစ်၍ လူငယ်သေလျှင် ခွေးကိုလည်း သတ်ပေးရ၏။
ထိုခွေး၏ အမြီးကိုကိုင်လျက် သစ်တုံးကို ကျော်နိုင်ပေမည်။
ထို့ပြင်..လူသေတို့ ၏ ဝိညာဉ်များ သည် အလွန်မတ်စောက်သော တောင်မြင့်ကြီးသို့ တက်သောအခါ အလွန်မောပြီး ရေငတ်ကြ၏။
ထိုအရပ်သည် လက်ရှိခွါဘုံးရွာဟောင်းနှင့် ရွာသစ်၊ လှမ်ဖေတို့ အကြား တောင်ကမ်းပါးကြီးကို ဆိုလိုကြ၏ ၊ ရေငတ်သောအခါ သောက်ရေထည့်ရန်အတွက် ဘူးခါးဗူးကိုလည်း အလောင်းရှိနေစဉ် အနား၌ ထားပေးရ၏။
ထိုရေဗူးဖြင့် ရေတွင်းငယ်ကလေး၌ ခပ်ပြီး ယူသွားရ မည်ဖြစ်သည် ။
ယောကန်အဝင်ဝဟု ခေါ်သောအရပ်သည် ထိုရေ တွင်းမှ (၅)ဖါလုံ ဝေးသောအရပ်၌ ရှိ၏။
၎င်းသည် လုံကျွေးပီးနှင့် လုံကျွေးသဲရွာအကြားတွင် ရှိ၏။
ထိုအဝင်ဝဂိတ်သည် ရေတွင်းငယ်ကလေးမှ စ၍ တက်လျှင်တောင်ထိပ်၌ ရှိ၏။
ထိုဂိတ်(အဝင်ဝ)မှာ ကျဉ်းမြောင်း၍ လူတစ်ယောက် ဝင်စာသာ ရှိသော ကျောက်ဂူရှိ၏။
ထိုဂူ၏ ဝဲနှင့် ယာ တစ်ဖက်တစ်ချက်တွင် ပုဆိန်၏ ခုတ်ရာ အရာများ ရှိကြ၏။
လူကြီးရောကလေးပါ ဝင်ဆံ့စွာ လွတ်လွတ်လပ်လပ် သွားနိုင်ဝင်နိုင်၏။
သို့သော် ကလေးလွယ်မိခင် (ကိုယ်ဝန်သည် )သည် ဝင်၍ မဆံ့သောကြောင့် ပုဆိန်ဖြင့် ကျောက်များကို ခုတ်ဆစ်၍ ဝင်သွားရင်း၊ ထို့ကြောင့် ပုဆိန်သွား၏ အရာများ ကျန်ရစ်ခြင်း ဖြစ်၏။
ထိုဂိတ်၊ ကျောက်ဂူ၏ အဝင်ဝနှင့် ပုဆိန်အရာများ ၊ ရေတွင်းကလေးသည် ယနေ့တိုင် ရှိနေပါသေးသည် ။
အချို့ မှတ်တမ်းများ တွင် လူသေရွာနှင့် ပတ်သက်သည့် မှတ်တမ်းများကို မြေပုံလမ်းညွှန်များ ရေးဆွဲပြီး ပြသထားသည် မျိုးလည်း ရှိသည် ။
လူသေရွာရှိသောနေရာကို ဗဟိုပြုလျက် ဝင်လမ်းထွက်လမ်းများကို မြေပုံလမ်းညွှန်ဖြင့် အတိအကျရေးသားထားသည် မျိုး ဖြစ်သည် ။
မည်သို့ပင်ရှိစေ ရှေ့ပိုင်းတွင် ရေးသားဖော်ပြထားသည့် အတိုင်း ကမ္ဘာပေါ်ရှိကြသော လူမျိုးအသီးသီးတို့ တွင် ထူးဆန်းသော ယုံကြည်မှုဓလေ့ထုံးစံများ ရှိကြသည် ။
ထိုကဲ့သို့ပင် မြန်မာပြည် နေရာအနှံ့အပြားတို့ တွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုး အသီးသီးတို့ မှာ လည်း ယုံကြည်မှု ဓလေ့ထုံးစံအမျိုးမျိုး ရှိကြလေသည် ။
ထိုအထဲမှာ မှ ချင်းတောင်တန်းပေါ်ရှိ ချင်းလူမျိုးတို့ ၏ ''လူသေရွာ'' နှင့် ပတ်သက်သည့် ဓလေ့ထုံးစံသည် လည်း တစ်ခုအပါအဝင် ဖြစ်ပေတော့သည် ။
***