ယခုရေးသားမည့် အခန်းမှာ တော့..လူသေရွာသို့ ရောက်ခဲ့ဖူးသူတို့ အကြောင်းကို ဆက်လက်ရေးသားမည် ဖြစ်ပေသည် ။
လူသေရွာမှ ပြန်လည်ရောက်လာကြသူများကိုတော့ ''သေရွာပြန်'' များ ဟု သတ်မှတ်ကြသည် ။
''သေရွာပြန်'' ဟူသော ဝေါဟာရမှာ သေပြီးမှ ဒါမှ မဟုတ် အများက သေပြီဟု သတ်မှတ်ပြီးကာမှ တစ်ဖန်အသက် ပြန်ရှင်လာကြသူများ ပင် ဖြစ်၏။
သေရွာပြန်များကတော့ လူမျိုးအသီးသီး၊ နေရာဒေသ အသီးသီးတို့ တွင် ရှိကြပေသည် ။
ချင်းလူမျိုးများ သည် လူသေရွာရှိသည် ဟု ယုံကြည်ကြသလို သေရွာရောက်ပြီးမှ အနေမပျော်သဖြင့် အသက်ရှင်သူ လူများ (ရှင်လူ)များ ရှိရာသို့ ပြန်လည်ရောက်ရှိသည် ဟု လည်း ယုံကြည်မှုရှိကြသည် ။
အသက်ငယ်ရွယ်စဉ် သေဆုံးသွားသော ကလေးငယ်ကို မိခင်ဖြစ်သူမှ ကြေကွဲစွာ ငိုကြွေးသောအခါ...
''ကလေးရယ် မေမေရင်နာလွန်းလှတယ်၊ မေမေ့ဆီကိုပဲ ပြန်လာပါ'' ဟု ပြောဆိုကာ ငိုကြွေးကြသည် ။
ထို့ပြင် တစ်ဖန်ပြန်လည် အသက်ရှင်လာသောအခါ မှတ်မိစေရန် ကလေးခန္ဓာကိုယ်၏ တစ်နေရာတွင် အမှတ်အသားတစ်ခုခု ပြုလုပ်ပေးလိုက်ကြသည် ။
ထိုနေရာမှာ တော့ လူဝင်စားတို့ နှင့် ပတ်သက်သည့် အယူအဆတို့ နှင့် အတော်ပင် ဆင်တူလှပေသည် ။
တစ်ခါတစ်ရံ ကလေးငယ်တစ်ဦးသည် စကားပြောတတ်စအချိန်၌ ဘဝဟောင်းမှ အဖြစ်အပျက် အကြောင်းအရာတို့ ကို ပြန်လည်ပြောပြတတ်ကြလေသည် ။
သူနေခဲ့သောနေရာ၊ ရွာ၊ နေအိမ်၊ ဘဝဟောင်းမှ မိဘဆွေမျိုးသားချင်းများ ၊ သူပိုင်ဆိုင်ခဲ့သော ပစ္စည်းဥစ္စာများ ၊ ဇနီးမယား၊ လင်သားနှင့် သားသမီးများ ကျန်ခဲ့လျှင်လည်း ထိုအကြောင်းများကို နာမည်နှင့် တကွ ပြန်လည်ပြောပြနိုင်ကြလေသည် ။
ထို့ပြင်..ဘယ်နေရာတွင် ဘယ်လိုအကြောင်းကြောင့် သေခဲ့ရသည် ကိုပါ ပြောပြတတ်သည် ။
ဥပမာ..ကျားကိုက်၊ မြွေကိုက်၍ သေသည် ။ သေနတ် မှန်သဖြင့် သေသည် ။
ဓား၊ လှံတို့ လက်ချက်ကြောင့် သေသည် ။
အခြားသူ သတ်သဖြင့် သေရသည် ။ သို့မဟုတ် မတော်တဆဖြစ်သဖြင့် သေခဲ့ရသည် များကို နေရာနှင့် တကွ ပြန်လည် ပြောပြနိုင်ကြလေသည် ။
ချင်းလူမျိုးတို့ ၏ ဓလေ့ထုံးစံက ထိုသို့ပြောသည် ကို မနှစ်သက်ကြပေ။ ထို့ကြောင့် ဆက်၍ မပြောစေရန်၊ အတိတ်ဘဝမှ အကြောင်းများကို မမှတ်မိတော့စေရန် ကြက်ဥကိုပေး၏။
ကြက်ဥပေးသော်လည်း ဆက်မပြောတော့သည့် ကလေးရှိသလို အချို့ကလေးများကတော့ ကြက်ဥပေးသော်လည်း ဆက်ပြောနေကြသည် မျိုးလည်း ရှိကြသည် ။
ရွာတစ်ရွာတွင် ချင်းအမျိုးသမီးတစ်ဦးမှာ သမီးငယ်တစ်ယောက်ရှိလေသည် ။
စကားပြောတတ်သော အရွယ်ရောက်သောအခါ ဘဝဟောင်းမှ အကြောင်းများကို ပြန်လည်ပြောပြတတ်လေသည် ။
၎င်းသည် ဘဝဟောင်း ဟားခါးမြို့နယ်အတွင်းမှ ရွာတစ်ရွာမှ ဖြစ်ကြောင်း..၊ သူ့ဘဝဟောင်းမှ မိဘများကိုလည်း ကောင်းစွာမှတ်မိနေကြောင်း ပြောပြတတ်သည် ။
ထိုမိန်းကလေး၏ ဘဝဟောင်းမှ မိခင်သည် ဟားခါးသို့ စျေးရောင်း လာလေ့ရှိသည် ။
ပလိုင်းတစ်လုံးဖြင့် ဟင်းသီးဟင်းရွက်များ ထည့်ယူ လာပြီးနောက် လာရောက်ရောင်းချလေ့ရှိသည် ။
မိန်းကလေးက ဘဝဟောင်းမှ မိခင်ကိုမြင်သောအခါ ကောင်းစွာမှတ်မိသဖြင့် နောက်မှ ငိုကြွေးမြည်တမ်းကာ လိုက်သွားလေ့ရှိသည် ။
ထိုအကြောင်းကို လက်ရှိဘဝမှ မိခင်က သိသော်လည်း တားဆီးပိတ်ပင်ခြင်းမပြုပေ။
ကျောင်းပိတ်သောရက်များ တွင် ဘဝဟောင်းမှ မိခင်ထံသို့ ညအိပ်ညဉ့်နေပင် သွားရောက်နေထိုင်ခွင့် ပြုထားခဲ့ပေသည် ။
မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြားတွင် ဘဝဟောင်းမှ အကြောင်းအရာများကို မှတ်မိကြသောလူဝင်စားများ ရှိကြလေသည် ။
လူဝင်စားဟူသော ဝေါဟာရမှာ ဘဝဟောင်းမှ သေဆုံးသွားပြီး ဘဝသစ်သို့ ချက်ချင်းကူးပြောင်း ရောက်ကြခြင်းကို ဝင်စားသည် ဟု ခေါ်ဝေါ်ကြလေသည် ။
ချင်းလူမျိုးများကတော့ သေပြီးခဲ့သော လူသေသည် လူရှင်တို့ နေရာသို့ တစ်ဖန်ပြန်ရောက်လာသည် ဟု ယုံကြည်ကြလေသည် ။
ထို့ကြောင့် ချင်းလူမျိုးတို့ သည် ''လူသေရွာ'' ရှိခြင်းကို ယုံကြည်လက်ခံထားကြခြင်း ဖြစ်ပေသည် ။
၎င်းတို့ သည် လူသေရွာ အမှန်ပင်ရှိသည် ဟု လက်ခံထားကြသော်လည်း မည်သည့် နေရာ၌ ရှိကြောင်းကိုတော့ သိရှိသူ အတော်ပင် နည်းပါးလှသည် ။
အချို့ကလည်း လူသေရွာ ရှိသောနေရာအား မြေပုံ လမ်းညွှန်အမှတ်အသားများ ဖြင့် ရေးသားဖော်ပြကြသည် ။
လူသေရွာသို့ သွားရာလမ်းတွင် ရှင်လူနှင့် သေလူတို့ လမ်းခွဲကြသော နယ်နိမိတ်တောင် (Ricin tlang hring Lang tlang) ရှိသည် ။
ထိုနေရာ၏ တစ်ဖက်တွင် ချောင်းကလေးရှိသည် ။ ၎င်း နေရာလွန်လျှင် လမ်း''၈ဝဝ'' ဆုံဆည်းရာ အရပ်ရှိသည် ။
ထိုနေရာသည် အပျော်ဆုံးနှင့် အခက်ခဲဆုံးတို့ ၏ နေရာအရပ်ဟု ခေါ်ကြသည် ။
ထိုနေရာရောက်သော သေလူတို့ အား သင့်တော်သည့် နေရာသို့ ပို့ပေးရသော မိန်းမကြီးဆာနူ(Sanu)နှင့် တွေ့ရသည် ။
ဒီနေရာမှာ တော့ လူသေတို့ တွေ့ရသူတို့ မှာ ယုံကြည် ကိုးကွယ်ရာဘာသာအလိုက် ကွဲပြားခြားနားမှု ရှိကြလေသည် ။
ဗုဒ္ဓဘာသာဝင်တို့ က ယမမင်းနှင့် တွေ့ရသည် ဟု ယုံကြည်မှုရှိသည် ။
အီဂျစ်တို့ က အိုစီရစ်စျာန်ဘုရားရှေ့မှောက်သို့ ရောက်ပြီး ကောင်းမှုမကောင်းမှုတို့ ကို အစစ်ဆေးခံကြရသည် ဟု ယုံကြည်ကြသည် ။
အခြားဘာသာဝင်များကလည်း ၎င်းတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာအလိုက် အယူအဆအမျိုးမျိုး ရှိကြလေသည် ။
အိုစီရစ်အား ယမမင်းကြီးဟု လည်း ခေါ်ဝေါ်ကြရာ ယမမင်းဟူသော ဝေါဟာရမှာ လူသေတို့ အား စစ်ဆေးသော ပုဂ္ဂိုလ်ဟု ယူဆနိုင်ပေသည် ။
ချင်းလူမျိုးတို့ ၏ အယူအဆ လူသေရွာ (Mithikhua) အဝင်၌ စောင့်နေသော ၎င်းတို့ အခေါ် မိန်းမကြီး ''ဆာနူ''သည် တစ်နည်းအားဖြင့် ယမမင်းလိုပင် ဖြစ်ပေလိမ့်မည်။
အသားဖြူဖြူ ဗိုက်ရွှဲရွှဲ၊ ရက်စက်ကြမ်းကြုတ်သော အကြည့်မျိုးဖြင့် မျက်လုံးအစုံကိုဖွင့်ပြီး ကြည့်နေသော ဆာနူ၏ အကြည့်မှာ ကြောက်စရာကောင်းလှပေ၏။
ထိုနေရာသို့ ရောက်သွားကြသော လူသေ(ဝိညာဉ်)တို့ သည် အသက်ရှိစဉ်က ၎င်းတို့ သတ်ဖြတ်ခဲ့သော တိရစ္ဆာန်တို့ ၏ ဦးခေါင်းတို့ ကိုပါ တစ်ပါတည်း ယူဆောင်သွားပြီး ဆာနူအားပြသရသည် ။
တိရစ္ဆာန်တို့ ဦးခေါင်းများ တွင် အကောင်အရွယ်အစား ကြီးမားသော ကျွဲ၊ နွားနောက်၊ နွားစသော တိရစ္ဆာန်အကောင်ကြီးများ ၏ ဦးခေါင်းများများ ပါသွားလျှင် ဆာနူက ဝမ်းမြောက်ဝမ်းသာဖြစ်သည် ။ ထိုသူအား ဝမ်းမြောက်ခြင်းနှင့် အတူ ပျော်ရွှင်စရာကောင်းသော လမ်းမှ လူသေရွာသို့ ပို့ဆောင်ပေး၏။
အကယ်၍ လူသေ(ဝိညာဉ်)သည် အသက်ရှင်စဉ်ကာလက တိရစ္ဆာန်အကောင်ငယ်ကလေးများ ဖြစ်သော ကြက်၊ ဝက်၊ ဆိတ်၊ ခွေး စသော တိရစ္ဆာန်တို့ ၏ ဦးခေါင်းများ သော် ဆာနူက မနှစ်သက်ပေ။
ထိုလူသေအား ခက်ခဲသောလမ်းမှ သွားစေလျက် လူသေရွာသို့ ရောက်ရှိအောင် ပို့ပေးတတ်ပေသည် ။
ထို့ကြောင့် ချင်းလူမျိုးတို့ သည် အသက်ရှင်နေထိုင်စဉ် ကာလတွင် ပွဲများ မပြု လုပ်နိုင်ခဲ့ကြစေကာမူ သေသောအခါမှာ တော့ ၎င်းတို့ အတွက် ရည်စူးပြီး၊ အသုဘနေ့တွင် တိရစ္ဆာန်များများ သတ်ဖြတ်ပေးကြရခြင်း ဖြစ်ပေသည် ။
သည် နေရာမှာ တော့ လူသေရွာသို့ ရောက်ခဲ့သူများ အကြောင်းကို ဆက်လက်ရေးသားပါဦးမည်။
ချင်းလူမျိုးတို့ ၏ ဓလေ့ထုံးစံအရ လူတစ်ယောက် သေဆုံးခဲ့ပြီး နောက်ပိုင်းတွင် လူသေရွာသို့ မလွဲမသွေရောက်ကြရသည် ဟု ယုံကြည်မှုရှိကြသည် ။
လူသေရွာသည် ဝိညာဉ်ဘဝရောက်ပြီးနောက် မလွဲမသွေ ရောက်ကြရသည့် နေရာဖြစ်သည် ။
လူသေရွာသို့ ရောက်ခဲ့ကြပြီးမှ အခြားနေရာ၊ သို့မဟုတ် အခြားဘဝများ သို့ သွားကြရ ရောက်ကြရပေသည် ။
အခြားတစ်ဘဝသို့ ရောက်ကြရပြီးမှ လူသေရွာမှ အဖြစ်အပျက်များ ၊ အကြောင်းအရာများကို သတိရကြသူများ ၊ မှတ်မိနေကြသူအချို့လည်း ရှိကြသည် ။
ထိုလူများ ထဲတွင် ခွါပီရွာမှ ကျဲအိုမန်းနှင့် ရွှေမိယာဉ်ဟု ခေါ်သော လင်မယားနှစ်ယောက်အကြောင်းလည်း အပါအဝင် ဖြစ်ပေသည် ။
ကျဲအိုမန်းသည် လူဘဝမှာ နေစဉ်က နွားသတ်သော အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူတစ်ဦး ဖြစ်ပေသည် ။
၎င်းသည် နွားနောက်များ သတ်ဖြတ်ရာတွင် အခြားသူများ နှင့် မတူဘဲ များ စွာကျွမ်းကျင်လှသူ ဖြစ်ပေသည် ။
ချင်းလူမျိုးတို့ ဓလေ့ထုံးစံအရ မိန်းမတောင်းသည့် ပွဲ၊ နတ်ပူဇော်သည့် ပွဲများ တွင် နွားနောက်ကို သတ်ဖြတ်ကြသည် ။
နွားသတ်သမားတစ်ယောက်ဖြစ်ရန် လွယ်လွယ်ကူကူတော့မဟုတ်ပေ။
ရှေးကတည်းက နွားနောက်အကောင်ရေပေါင်းများ စွာ သတ်ဖြတ်ခဲ့ကြသော ဆရာကြီးများ ထံတွင် နည်းနာနိဿျှ ခံကြရသည် ။ ပညာသင်ယူကြရသည် ။
နွားသတ်သောနည်း မမှန်ပါက နတ်ဝင်ခြင်း၊ အပမှီခြင်း၊ သရဲသဘက်တို့ ဝင်ရောက်နှောင့်ယှက်ခြင်းများ ရှိတတ်ကြပေသည် ။
နွားသတ်သမားတစ်ယောက်ဘဝ ရောက် လာပြီး အတွေ့အကြုံများကာ ဝါရင့်လာသောအခါ၌ နွားတစ်ကောင်ကို မသတ်ခင်အချိန်ကတည်းက အကောင်အရွယ်အစားကိုကြည့်ပြီး အသားချိန် ဘယ်၍ ဘယ်မျှထွက်မည်၊ ရမည်ကိုပါ ခန့်မှန်းနိုင် ကြသည် ။
၎င်းတို့ ခန့်မှန်းသော ပိဿာချိန်အတိုင်းလည်း အသားထွက်ပေသည် ။
နွားသတ်သမားသည် အခြားတိရစ္ဆာန်များ ဖြစ်သော ကျွဲ၊ ဝက်၊ ဆိတ် စသောတိရစ္ဆာန်များကိုပါ သတ်ဖြတ်ပေးကြရသည် ။
ထိုသို့သတ်ဖြတ်ပေးသောအခါမှာ လည်း အကောင်အရွယ်အစား၊ အကြီးအသေးပေါ်မှာ မူတည်ပြီး သတ်ဖြတ်ပေးခ ရကြလေသည် ။
နွားသတ်သမားတစ်ယောက်ပိုင်ဆိုင်သော ပစ္စည်းများမှာ သားသတ်ဓား၊ ဓားမြှောင်၊ ကပ်ပါး (ရဲဒင်းအကြီးစား)၊ ထုသတ်သော ပေါက်ဆိန်၊ ကြိုး၊ နွားချည်ကြိုး၊ အသားချိန်သော ချိန်ခွင်၊ အလေး စသည် တို့ ဖြစ်ကြလေသည် ။
နွားသတ်သမားသည် အခြားသူများကခေါ်ပြီး သတ်ခိုင်းပါက သင့်တော်သော အဖိုးအခကိုယူပြီး လိုက်လံသတ်ဖြတ် ပေးသည် ။
မရှိလျှင်တော့...မွေးထားသော နွားကိုသော်လည်းကောင်း၊ ဒါမှ မဟုတ် အခြားမှ နွားကိုဝယ်ယူကာ သတ်ဖြတ်ရောင်းချခြင်း စသောအလုပ်တို့ ကို လုပ်လေသည် ။
ရှေ့၌ ရေးသားခဲ့သည့် အတိုင်း ခွာပီးရွာမှာ တော့ ကျဲအိုမန်းသည် ကျွမ်းကျင်သော နွားသတ်သမားတစ်ဦး ဖြစ်သည် ။
၎င်းတွင် မိန်းမရှိသည် ။ ကလေးနှစ်ယောက်ရှိသည် ။ မိန်းမနာမည်က ရွှေမိယာဉ် ဖြစ်သည် ။ အရွယ်မရောက်သေးသော ကလေးနှစ်ယောက်ကတော့..ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်တို့ ဖြစ်ကြသည် ။
ကျဲအိုမန်းက နွားသတ်သောအလုပ်ကို ဝါသနာပါသော်လည်း မိန်းမဖြစ်သူကတော့ စိတ်မပါလှပေ။
သူမကတော့ ကလေးနှစ်ယောက်နှင့် အတူ တောင်ယာစိုက်ပျိုးသောအလုပ်ကိုသာ လုပ်ကိုင်လေသည် ။
သို့သော် ယောက်ျားဖြစ်သူက နွားသတ်ပြီးသောအခါ အသားများကို ရောင်းချခိုင်းလျှင်တော့ အနီးအနားမှာ ရှိသော ရွာများကို လှည့်လည်ရောင်းချပေးရလေသည် ။
တစ်နေ့တော့ ရွှေမိယာဉ်တစ်ယောက် အခြားရွာတစ်ရွာသို့ အမဲသား သွားရောက်ရောင်းချရာမှ ပြန်လာသောအခါ လမ်း၌ သရဲသဘက်တို့ နှင့် တွေ့ကာ ခြောက်လှန့်ခြင်း ခံရလေသည် ။
ခွာပီးရွာနှင့် မဝေးလှသော အခြားရွာတစ်ရွာသို့ အမဲသား သွားရောက်ရောင်းချရာ မကုန်ခဲ့ပေ။
ထို့ကြောင့် ကျန်သေးသော အသားတွဲများကို တောင်းနှင့် ထည့်ပြီး ရွာသို့ပြန် လာလေသည် ။
အချိန်က ညနေပိုင်းအချိန် ရောက်နေလေသည် ။
နေဝင်သွားပြီဖြစ်သော မှောင်စပြုနေချေပြီ။
ရွာနှစ်ရွာကြားမှာ တော့ သစ်တောတစ်ခု ခြားနေသေးသည် ။
လမ်းတစ်နေရာရောက်တော့ သူမသွားမည့် လမ်းပေါ်မှာ လူတစ်ယောက်ရပ်နေသည် ကို လှမ်းမြင်ရသည် ။
ဆံပင်ရှည်များက..မျက်နှာပေါ်သို့ အုပ်ကျနေသောကြောင့် မည်သူမည်ဝါ မှန်းတော့ မသိရပေ။
အရပ်အမောင်းကတော့ သူမထက် ထက်ဝက်ခန့် ပိုမြင့်လေသည် ။
ရွှေမိယာဉ်က ကြောက်တတ်သူတော့ မဟုတ်ပေ။
တောလမ်းတောင်လမ်းများမှာ တစ်ယောက်တည်း သွားလာနေသူဖြစ်သဖြင့် ထိုကဲ့သို့ တွေ့ကြုံရခြင်းကတော့ အဆန်းတကြယ် မဟုတ်တော့ပေ။
အမဲသားထည့်သည့် တောင်းထဲမှာ တော့ အသားလှီး ဖြတ်သည့် ဓားတစ်ချောင်းပါလာသည် ။
အရပ်အမောင်း မြင့်လှသော လူမည်းကြီးက သူမသွားမည့် လမ်းပေါ်မှာ ပိတ်ရပ်နေခြင်း ဖြစ်၏။
''နင်..ဘယ်သူလဲ''
ရွှေမိယာဉ်က လှမ်းမေးလိုက်သော်လည်း လမ်းပေါ်မှာ ရပ်နေသူက ဘာမှ ပြန်မပြောပေ။
''ငါသွားမယ့်လမ်းက ဖယ်ပေးပါ''
ထိုသို့ပြောသော်လည်း ရပ်မြဲရပ်နေလေသည် ။
''နင်..ဘာလိုချင်လို့ လဲ''
ထိုသို့မေးတော့မှ အမဲသားထည့်ထားသော တောင်းကို လက်ညှိုးထိုးပြသည် ။
ပါးစပ်မှ လည်း ..''ဟင်း..ဟင်း'' ဟု အသံထွက်နေလေသည် ။
ဒီတော့မှ ရွှေမိယာဉ်လည်း သဘောပေါက်သွားပေတော့သည် ။
''အမဲသား စားချင်လို့ လား..မပေးနိုင်ဘူး၊ ဒီမှာ ကျန်တဲ့ အသားတွဲက ငါ့အိမ်သားတွေစားဖို့ ပြန်ယူလာတာ၊ နင့်ကို မပေးနိုင်ဘူး''
ထိုအခါ ရှေ့မှာ ရပ်နေသူထံမှ အဟင်းဟင်းနှင့် အသံများ ပိုကျယ် လာပြီး ရှေ့သို့တိုး လာလေသည် ။
ထိုအခြေအနေမျိုးတွင် နောက်သို့ပြန်လှည့်ပြေးသင့်သော်လည်း ရွှေမိယာဉ်က မပြေးပေ။ ပြေး၍ မလွတ်မှန်းလည်း သိသည် ။
ထိုကဲ့သို့ ရှေ့သို့တိုးလာသောအခါ တောင်းထဲမှာ ပါလာသော ဓားကိုထုတ်ပြီး ဆုပ်ကိုင်ထားသည် ။
အနားရောက်သည် နှင့် တောင်းကိုလာဆွဲသော လက်ကိုဓားဖြင့်ခုတ်သည် ။ သို့သော် အရာမထင်ပေ။
အနားရောက်လာသဖြင့် မျက်နှာကိုမြင်ရတော့မှ လူတစ်ယောက်မဟုတ်ဘဲ သရဲသဘက်တစ်ကောင်ဖြစ်မှန်း သိရလေသည် ။
ရွှေမိယာဉ်က ဓားဖြင့်ခုတ်မရတော့ တောင်းကိုဆွဲထားသည် ။
သို့သော်လည်း သရဲက တောင်းကိုရအောင်ဆွဲယူပြီး တောထဲသို့ ပြန်ဝင်သွားလေတော့သည် ။
ဘာမှ မတတ်နိုင်တော့ပေ။
သူမလက်ထဲမှာ ဓားတစ်လက်သာ ကျန်ခဲ့သဖြင့် အိမ်သို့ ပြန်လာခဲ့ရသည် ။
''နင် ဘာဖြစ်လာတာလဲ ရွှေမိယာဉ်''
အိမ်ရောက်တော့ ကျဲအိုမန်းကမေးသည် ။
''အမဲသားတောင်းကို သရဲဆွဲယူသွားတယ်''
''ဘယ်နေရာက အကောင်လဲ''
ရွှေမိယာဉ်က သရဲဆွဲသောနေရာကို ပြောပြလိုက်သည် ။ ကျဲအိုမန်းက ဒေါသတကြီးဖြင့် တူမီးသေနတ်ကိုယူပြီး အပြင်သို့ ထွက်သွားလေတော့သည် ။
ထိုအချိန်မှ စပြီး ကျဲအိုမန်း တစ်ယောက်အိမ်သို့ ပြန်မရောက်လာတော့ပေ။
ထိုအကြောင်းကို ရွာသူရွာသားများ သိသဖြင့် လိုက်လံရှာဖွေသောအခါ တောတွင်းတစ်နေရာ၌ အမဲသားထည့်သော တောင်းတစ်လုံးအနီးတွင် ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ အသက်ပျောက်နေသော ကျဲအိုမန်းကို ပြန်တွေ့ကြရလေသည် ။
၎င်းကိုင်နေကျ တူမီးသေနတ်မှာ လည်း ထိုနေရာတစ် ဝိုက်တွင် တစ်ပိုင်းတစ်စစီ ဖြစ်နေလေတော့သည် ။
ပြဿနာက ထိုမျှနှင့် တော့ မပြီးပေ။ ကျဲအိုမန်း တစ်ယောက်သေသွားပြီးနောက် မကျွတ်မလွတ်သော သရဲဘဝသို့ရောက်ကာ တစ်ရွာလုံးကို ခြောက်လှန့်ပေတော့သည် ။
နောက်ပိုင်းမှာ တော့ ခြောက်လှန့်ခံရသဖြင့် သေဆုံးသွားကြသူများ ရှိကြလေရာ သရဲသဘက်များ ပါ တိုးပွား လာလေတော့သည် ။
သရဲသဘက်များ လာလေလေ၊ ခြောက်လှန့်ခံရမှုများ လည်း ပိုမိုများ ပြားလာရာ ရွာထဲတွင် လူအသေအပြောက်ကလည်း ပိုများ လာလေတော့သည် ။
နောက်တော့ အခြားသူများ သာမကဘဲ ရွှေမိယာဉ်နှင့် ကလေးနှစ်ယောက်တို့ ပါ ရှေ့ဆင့်နောက်ဆင့်ဆိုသလို သေဆုံးသွားကြလေတော့သည် ။
ထိုအခြေအနေကြောင့် ရွာလူကြီးက ဦးဆောင်ပြီး ရွာတွင်းသို့ ဝင်ရောက်နေသော သရဲသဘက်တို့ ကို နှင်ထုတ်ရန် ပြင်ဆင်ကြလေသည် ။
အရပ်ဓလေ့မှာ တော့ ထိုသို့ပြုလုပ်ခြင်းကို တောထုတ် ခြင်းဟု ခေါ်ကြလေသည် ။
တူမီးသေနတ်များ ပစ်ဖောက်ခြင်း၊ သံပုံးများ တီးခြင်း၊ ဝါးလုံး၊ ဝါးလက်ခုပ်တို့ ကို အသံကျယ်လောင်စွာတီးခြင်း၊ ရိုက်ပုတ်ခြင်း၊ ရန်ပုံခွင်း ပစ်ဖောက်ခြင်း၊ တစ်ရွာလုံး သံပြိုင် ''ဟေး ဟေး..ဝါးဝါး'' အော်သံများ ပေးခြင်းများ ပြုလုပ်ကြခြင်း ဖြစ်သည် ။
တောထုတ်ကြခြင်းကို နေဝင်ရီတရော အချိန်မှာ ပင် တစ်ပြိုင်နက်တည်း ပြုလုပ်ကြခြင်း ဖြစ်လေသည် ။
သံပုံးတီးသံ၊ ဒန်အိုးဒန်ခွက်တီးသံတို့ မှာ နားကွဲမတတ် ဆူညံနေလေတော့သည် ။ အချို့နေရာများမှာ လည်း သံပြိုင်အော်သံများ ပေါ်ထွက်လာကြလေသည် ။
''ဟိုမှာ ..ဟိုမှာ မည်းမည်းကြီးတွေ သရဲသဘက်တွေ တောထဲဝင်ပြေးပြီဟေ့''
ထိုအသံများမှာ နေရာအနှံ့မှ ပေါ်ထွက် လာလေတော့သည် ။
ထိုသို့တောထုတ်ပြီးနောက် ရွာလူကြီးက ကျဲအိုမန်းတို့ နေခဲ့ကြသော တဲကိုပင် မီးရှို့ပစ် လိုက်လေတော့သည် ။
ထိုသို့ပြုလုပ်ပြီး နောက်ရက်မှာ တော့ ရွာထဲသို့ ဖုတ်ကောင်များ ၊ သရဲသဘက်တို့ မလာဝံ့ကြတော့ပေ။
ကျဲအိုမန်းနှင့် ရွှေမိယာဉ်တို့ မှာ သေဆုံးသွားခဲ့ကြပြီး လူသေရွာသို့ မရောက်ခင် မိန်းမကြီးဆာနူနှင့် တွေ့ကြရသေးသည် ။
ကျဲအိုမန်းကတော့ နွားသတ်သမားဘဝဖြင့် ကျွဲ၊ နွား အစရှိသော တိရစ္ဆာန်အကောင်ကြီးပေါင်း မြောက်များ စွာ သတ်ဖြတ်ခဲ့သူဖြစ်သောကြောင့် .. ၎င်းသတ်ဖြတ်ခဲ့သော တိရစ္ဆာန် ဦးခေါင်းတို့ ကို မိန်းမကြီးဆာနူအား ပြသနိုင်လေသည် ။
ရွှေမိယာဉ်ကတော့ သေးငယ်သော ကြက်ငှက်စသော တိရစ္ဆာန်ဦးခေါင်းများ လောက်သာ ပြနိုင်သည် ။
မိန်းမကြီးဆာနူက သဘောမကျပေ။
''နင်က တိရစ္ဆာန်တွေရဲ့ ဦးခေါင်းတွေ အတော်များများ ယူဆောင်လာနိုင်ခဲ့တဲ့ အတွက် ပျော်စရာကောင်းတဲ့ လမ်းကနေ လူသေရွာကို ရောက်အောင်ပို့ပေးမယ် ''
ထို့နောက် ရွှေမိယာဉ်ဘက်သို့ လှည့်လိုက်ပြီး...
''နင်ကတော့ ငါနှစ်သက်သဘောကျတဲ့ တိရစ္ဆာန် ဦးခေါင်းတွေ များများ မပြနိုင်ဘူး၊ ဒါကြောင့် ခက်ခဲတဲ့ လမ်းကနေ လူသေရွာသို့ ရောက်အောင်သွားပေတော့ ''
ဟု ပြောလေသည် ။
မိန်းမကြီးဆာနူ ထိုင်နေသောနေရာမှာ လမ်းခွဲရှိသော လမ်းဆုံနေရာ ဖြစ်ပေသည် ။
တစ်လမ်းက ပျော်စရာကောင်းသောလမ်းဖြစ်ပြီး၊ ကျန် တစ်လမ်းက ခက်ခဲသောလမ်းပင် ဖြစ်သည် ။
ကျဲအိုမန်းနှင့် ရွှေမိယာဉ်တို့ နှစ်ယောက်သည် တမလွန်ဘဝ ရောက်ခဲ့ကြပြီးနောက် မိမိတို့ သွားရမည့် လမ်းများမှ သွားကြရလေသည် ။
လူသေရွာသို့ရောက်သောအခါ ၎င်းတို့ နှစ်ယောက် ပြန်လည်တွေ့ဆုံကြသည် ။
ထို့နောက် သူတို့ နှစ်ယောက်မှာ လူသေရွာမှာ ပင် အတူတကွ နေထိုင်ခဲ့ကြလေသည် ။
တကယ်တော့ လူသေရွာဟု ခေါ်သောနေရာမှာ နာနာဘာဝတို့ နေသော ကျတ်ရွာပင် ဖြစ်ပေသည် ။
လူသေရွာနှင့် ကျတ်ရွာသည် အတူတူပင်ဖြစ်ကြောင်း သာဓကတစ်ခုကို ရေးသားဖော်ပြပေးပါမည်။
***