အချိန်ကာလမှာ ဂျပန်များ မြန်မာပြည်မှ ပြန်လည်ထွက်ပြေးနေသော အချိန်ဖြစ်သည် ။
(၁၉၄၅)ခုနှစ်တွင် ဂျပန်တပ်များ မြန်မာပြည်မှ ပြန်လည်ဆုတ်ခွာပြေးကြရပြီး ဗြိတိသျှတပ်များ တစ်ကျော့ပြန်ဝင် ရောက်လာသော အချိန်ဖြစ်ပေရာ တစ်ပြည်လုံး စစ်ဘေးစစ် ဒဏ်များ ဒဏ်ကို မရှုမလှခံနေရသော အချိန်မျိုးလည်း ဖြစ်သည် ။
ဂျပန်တပ်များကလည်း မစားရသည့် အမဲ သဲဖြင့်ပက် သဘောမျိုးဖြင့် ၎င်းတို့ ပြေးရာ လမ်းတစ်လျှောက်မှာ ရှိသော မြို့များ ၊ ရွာများကို ဖျက်ဆီးပစ်ကြလေသည် ။
ထို့ကြောင့် နေရာအတော်များများမှာ နေထိုင်ကြသူတို့ မှာ စစ်ဘေးစစ်ဒဏ် လွတ်ကင်းသောနေရာများ သို့ ရွှေ့ပြောင်း ပြေးကြရသည် ။
အချို့ မိသားစုများ ချည်း ပြောင်းရွှေ့ကြသည် ။
အချို့ကြတော့ ကိုယ်နှင့် ခင်မင်သော မိတ်ဆွေများ ၊ ဆွေမျိုးသားချင်းတို့ နှင့် အတူ ပြောင်းရွှေ့ကြသည် ။
အချို့နေရာများမှာ တော့ ရွာလုံးကျွတ်၊ မြို့လုံးကျွတ် ပြောင်းရွှေ့ပြေးကြရသည် ။
ထိုရွာများ ထဲမှာ ကျွန်းတောရွာလည်း တစ်ရွာအပါအဝင် ဖြစ်ပေသည် ။
ကျွန်းတောရွာမှာ ရွှေဘိုနယ်အတွင်းမှာ ပါဝင်ပြီး.. မြောက်ဘက်တွင် ရွှေလီသစ်တောကြီးများ ရှိလေသည် ။
ရွာလူကြီး ဦးဘတူကပင် ဦးဆောင်ပြီး ရွှေလီသစ်တောများ ရှိသော နေရာဘက်သို့ ရွှေ့ပြောင်းပြေးကြလေသည် ။
ထိုအချိန်အခါက ရွှေလီသစ်တောများ ရှိသော နေရာဘက်တွင် လူနေရွာများများ မရှိသေးဘဲ သစ်တောအလုပ်သမားများ နေသော ရွာငယ်အချို့လောက်သာ ရှိကြလေသည် ။
ရွာဟု သာပြောရသော်လည်း အချို့နေရာများမှာ တဲငယ်ကလေးများ စုဝေးနေသည် မျိုး ဖြစ်သည် ။
အဘယ်ကြောင့် ဆိုသော် ရွှေလီမြစ်ရိုး တစ်လျှောက်တွင် ရှိသော သစ်တောကြီးများမှာ ရာသီဥတုကြမ်းခြင်း..၊ သားရဲတိရစ္ဆာန် ပေါများ ခြင်းနှင့် ငှက်ဖျားရောဂါ နှိပ်စက်မှုကြမ်းသောကြောင့် ဖြစ်သည် ။
အချို့အန္တရာယ်များ နှင့် တွေ့သောအခါ တစ်ယောက်ချင်း နှစ်ယောက်ချင်း သေကြရသည် မျိုးလောက်သာ ရှိသည် ။
ကာလရောဂါဟု ခေါ်သော ဝမ်းရောဂါနှင့် ငှက်ဖျားရောဂါတို့ နှိပ်စက်ပြီဆိုလျှင်တော့ တစ်ရွာလုံး သေကြေပျက်စီးမှုမျိုးများ နှင့် ကြုံတွေ့ကြရပေသည် ။
ထို့ကြောင့် ထိုနေရာများ တွင် ရွာတည်ပြီး မနေဝံ့ကြခြင်း ဖြစ်ပေသည် ။
ယခုလို စစ်ဘေးစစ်ဒဏ်သင့်နေသည့် အချိန်များမှာ တော့ ရှေ့မှာ မတွေ့ရသေးသော အန္တရာယ်ထက် နောက်မှ လိုက်လာသော အန္တရာယ်က ပိုပြီး ကြောက်စရာကောင်းနေသောကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရင်းမှ ထိုနေရာ တစ်ဝိုက်သို့ ရောက်လာကြခြင်း ဖြစ်ပေသည် ။
ထိုဒုက္ခသည် များ ထဲတွင် ကျွန်းတောရွာမှ ရွာသူရွာသားများ လည်း ပါဝင်လေသည် ။
၎င်းတို့ သည် မြစ်နှင့် မဝေးသော နေရာတစ်ခုတွင် ယာယီတဲများ ထိုးပြီး နေကြလေသည် ။
ထိုနေရာတစ်ဝိုက်တွင် တောင်ကုန်းများ ရှိသည် ။ ဘုရား၊ စေတီ အပြိုအပျက်များ ရှိနေကြသည် ။
ထို့ပြင် အခြားတစ်နေရာမှာ လည်း သူတို့ အရင်ရောက် နေကြပြီး ရွာတည်နေကြသူများ လည်း ရှိပေသည် ။
ထိုနေရာရောက်တော့ လောလောဆယ်တွင် စစ်ဘေးအန္တရာယ်များ လွတ်ကင်းသည် ဟု ဆိုနိုင်သော်လည်း အခြားအန္တရာယ်ဒုက္ခများ နှင့် တော့ တွေ့ကြရသည် ။
စားနပ်ရိက္ခာများ ရှားပါးခြင်း၊ သောက်သုံးရေမကောင်းသည့် အပြင် တောတိရစ္ဆာန်များကလည်း မကြာခဏ ရောက် လာပြီး အန္တရာယ်ပေးတတ်ကြသည် ။
တောဆင်ရိုင်းများ အန္တရာယ်နှင့် ကိုးတောင်ကျားကြီးများက မကြာခဏ ရောက် လာလေ့ရှိကြသည် ။
ထိုနေရာတစ်ဝိုက်မှာ စေတီ၊ ဘုရားအပြိုအပျက်အချို့ ရှိနေသောကြောင့် ယခင်ကလူများ နေခဲ့သော နေရာတစ်ခုဖြစ်ကြောင်းတော့ သိကြသည် ။
ရွာလူကြီး ဦးဘတူခေါင်းဆောင်သော ကျွန်းတောရွာ သူရွာသားများမှာ ထိုနေရာသို့ရောက်ကြပြီး မကြာခင်မှာ ပင် ကျတ်တစ္ဆေတို့ ၏ ခြောက်လှန့်နှောင့်ယှက်မှုကို ခံကြရလေသည် ။
''ဒီနေရာက ငါတို့ နေတဲ့ ရွာ၊ ဒီနေရာမှာ မနေနဲ့ ထွက် သွားကြ''
''ငါတို့ နေတဲ့ နေရာမှာ နေရင် အားလုံးဖမ်းစားပစ်မယ်''
ဟု ပြောနေသံများကိုလည်း ကြားကြရသည် ။
နေ့ဘက်အချိန်များ တွင် ဘာမှ ထူးခြားမှု မရှိကြသော်လည်း နေဝင်ရီတရော အချိန်ရောက်သည့် အခါ ကျတ်တစ္ဆေများ သရဲသဘက်များ ရောက် လာပြီး နည်းအမျိုးမျိုးဖြင့် ခြောက်လှန့်နှောင့်ယှက်ကြသည် ။
အချို့ကတော့ မကြောက်တတ်သဖြင့် ဥပေက္ခာပြုပြီး နေမြဲနေကြသည် ။
အချို့မိန်းမနှင့် ကလေးများကတော့ များ စွာကြောက် ရွံ့ထိတ်လန့်မှု ဖြစ်ကြရသည် ။
နောက်ပိုင်းရက်မှာ တော့ လူအသေအပျောက်များ ပင် ဖြစ် လာလေသည် ။
ထို့ကြောင့် ရွာလူကြီး ဦးဘတူနှင့် ရွာသူရွာသားများမှာ အချင်းချင်း ခေါင်းချင်းဆိုင်ကာ တိုင်ပင်ကြရလေတော့သည် ။
'' ရွာလူကြီး ဒီပုံအတိုင်း ဆိုရင်တော့ ကျုပ်တို့ ဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ဘူး၊ ကြာရင် ကျတ်တစ္ဆေတွေ ခြောက်လှန့်တာနဲ့ တစ်ရွာလုံး သေကုန်ကြလိမ့်မယ် ''
ထိုအခါ ဦးဘတူက...
''မင်းတို့ က ပြောတော့လွယ်တာပဲ၊ ငါတို့ က ရွာလုံးကျွတ် ပြောင်းပြေးလာကြတာဆိုတော့၊ တစ်အုပ်တစ်မကြီးနဲ့ တစ်နေရာကနေ တစ်နေရာပြောင်းရွှေ့ဖို့ မလွယ်ဘူးကွ'' ဟု ပြန်ပြောလေသည် ။
''ဒါဖြင့် ဘယ်လိုလုပ်ကြမှာ လဲ..၊ ဒီနေရာမှာ ပဲနေပြီး အသေခံကြရမှာ လား''
စိတ်မရှည်တော့သဖြင့် ရွာသားတစ်ယောက်က မေးလေသည် ။
''ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ၊ ကျတ်တစ္ဆေတွေက ငါတို့ ကို မနေစေချင်လို့ လာပြီးခြောက်လှန့်နေကြတယ်၊ ဒီတော့ သူတို့ ဒီနေရာမှာ မနေအောင် ငါတို့ က ပြန်နှင်ပစ်ရမှာ ပေါ့''
''ခင်ဗျားပြောပုံက ကြောင်ကိုခြူဆွဲခိုင်းသလို ဖြစ်နေပြီ၊ ဒီလောက်ကြမ်းတဲ့ သရဲတစ္ဆေတွေ၊ ကျတ်တွေကို ခင်ဗျားနှင်ထုတ်ပေးမှာ လား''
ဟု မေးပြန်သည် ။
''ငါကတော့ ဒီပညာတွေကို မတတ်ပါဘူး၊ ဒါပေမယ့် ဒီအနီးတစ်ဝိုက်မှာ ရှိတဲ့ ဆရာတွေကို စုံစမ်းရှာဖွေပြီး ခေါ်လာရမှာ ပေါ့၊ ဒီအတွက်တော့ စိတ်မပူကြပါနဲ့ ၊ ဒီတစ်ရက်နှစ်ရက်အတွင်း အဆင်ပြေအောင် ငါကြည့်ပြီး စီစဉ်ပေးပါ့မယ်''
ဟု ကတိပေးတော့မှ ရွာသူရွာသားများ လည်း စိတ်ကျေနပ်မှု ရှိသွားကာ ပြန်သွားကြလေသည် ။
နောက်သုံးရက်ခန့်ကြာသောအခါ ရွာလူကြီး ဦးဘတူသည် အခြားနေရာမှ ဆရာကြီးတစ်ယောက်ကို ပင့်ခေါ် လာလေသည် ။
ဆရာကြီးမှာ အသက်အရွယ် အတော်ပင်ကြီးလှပေပြီ။ ဦးဘတူတို့ နေသောနေရာရောက်တော့ သူကပြောပြလေသည် ။
''ဒီနေရာမှာ ခြောက်လှန့်ခံကြရတာ ဘာများ ဆန်းပါ့မလဲ''
''ဘယ်လိုကြောင့် လဲ ဆရာကြီး''
''အရင်က ဒီနေရာမှာ ရွာတစ်ရွာရှိတယ်၊ ကျွန်းကုန်းရွာလို့ ခေါ်တယ်၊ နောက်တော့ ဝမ်းရောဂါဖြစ်ပြီး ရွာလုံးကျွတ် သေသွားခဲ့ကြတယ်''
ထိုစကားကြားတော့ အံ့သြသွားကြလေသည် ။
''ဒါပေမယ့် သူတို့ က မကျွတ်မလွတ်တဲ့ ဘဝ ရောက်ခဲ့ကြပြီးနောက် ဒီနေရာမှာ ပဲ ဆက်နေခဲ့ကြတယ်၊ အရင်ကတော့ ကျွန်းကုန်းရွာပေါ့၊ အခုတော့ ကျတ်ကုန်းရွာဖြစ်နေပြီလေ..၊ ခင်ဗျားတို့ အခုနေတဲ့ နေရာက သူတို့ နေတဲ့ နေရာပဲ၊ ဒါကြောင့် ခြောက်လှန့်နေကြတာပါ''
ဟု ပြောပြလေသည် ။
ဦးဘတူတို့ လည်း ထိုအခါမှ ပင် သူတို့ တစ်တွေမှာ ကျတ်ကုန်းအပေါ်နေရာတည့်တည့်တွင် ရွာတည်နေမိကြကြောင်း သဘောပေါက်ကြရပေတော့သည် ။
''ကျုပ်တို့ ကတော့ တခြားနေရာလည်း မရွေ့ချင်တော့ဘူး၊ ဒါကြောင့် သူတို့ ကိုသာ နေရာရွှေ့ခိုင်းပေးပါ ဆရာကြီး''
ဟု ဦးဘတူက ပြောသည် ။
''ဒါကတော့ မခက်ခဲပါဘူး၊ ကျုပ်က ဆရာတစ်ယောက်ဆိုတော့ ကျုပ်သဘောနဲ့ တော့ နှင်လို့ မဖြစ်ဘူး၊ ခင်ဗျားတို့ က နှင်ပေးပါ ဆိုရင်တော့ နှင်ပေးပါ့မယ်''
ဟု ကတိပေးလေသည် ။
ထို့နောက် ဆေးဆရာကြီးက ရောဂါဖြစ်ပွားနေသူများအား သက်သာပျောက်ကင်းအောင် အရင်ကုသပေးလေသည် ။ ဆရာကြီး၏ နာမည်မှာ ဦးဘိုးလူဖြစ်ပြီး အသက်(၆ဝ)ကျော်ခန့် ရှိပေသည် ။
ဆေးဝါး၊ မန္တရားနှင့် အထက်လမ်း အတတ်ပညာများကို အတော်ပင်ပေါက်မြောက်သူ ဖြစ်သောကြောင့် စုန်း၊ နတ်ကဝေ၊ တစ္ဆေမှ င်စာတို့ အား နှိမ်နှင်းရာတွင် များ စွာအစွမ်းထက်သူ တစ်ဦးဖြစ်ပေသည် ။
ကျတ်များကို မနှင်မီ ရောဂါရနေသူများကို ဆေးကုသ ပေးနေစဉ်မှာ ဦးဘတူက သိချင်သောအချက်များကို မေးလေသည် ။
''ဆရာကြီးကို မေးချင်တာရှိပါတယ်၊ ကျတ်တစ္ဆေတွေက ဒီလိုပဲရွာတွေနဲ့ နေကြတာပဲလား''
''ပရလောကသားတွေထဲမှာ အသုရကာယ်ဘုံသားတွေ နဲ့ ကျတ်တစ္ဆေတွေက လူတွေနဲ့ အတော်ကလေး နီးစပ်မှုရှိတယ်ဗျ၊ အသုရကာယ်ဘုံသားတွေဆိုရင်လည်း စံစရာရှိရင် ဘုံဗိမာန် တွေနဲ့ စံကြရပြီး၊ ခံစရာရှိတဲ့ အချိန်ကျရင်တော့လည်း ခံကြရတာပေါ့ဗျာ''
''ဟုတ်ကဲ့ စာပေကျမ်းဂန်တွေထဲမှာ တော့ တွေ့သင့်သလောက် တွေ့ဖူးဖတ်ဖူးပါတယ် ဆရာကြီး''
''ကျတ်တွေကတော့ ပြိတ္တာလောကသားတွေထဲမှာ စာရင်းပါကြပေမယ့် တစ္ဆေ သရဲသဘက်၊ မှ င်စာတွေနဲ့ မတူကြဘူး၊ သူတို့ က တစုတမည်းတည်း ရွာတည်ပြီး နေလေ့ရှိကြတယ်''
''ဟုတ်ကဲ့''
''သူတို့ နေတဲ့ ရွာကို ကျတ်ရွာလို့ ခေါ်ကြတယ်၊ တချို့ကျတော့လည်း လူသေရွာလို့ ခေါ်ကြတယ်ဗျ''
''တစ်ခါမှ တော့ မကြားမိသေးဘူး''
''လူသေရွာဆိုတာ ချင်းလူမျိုးတွေ သုံးစွဲကြတဲ့ အခေါ်အဝေါ်ပါ၊ သဘောကတော့ တမလွန်ဘဝရောက်ပြီးကြတဲ့ လူတွေ တစ်နေရာမှာ စုဝေးပြီး နေကြတဲ့ နေရာပါပဲ..၊ ကျတ်ရွာပဲ ပြောပြော..လူသေရွာလို့ ပဲခေါ်ခေါ် ဝိညာဉ်လောကသားတွေ စုဝေးပြီး နေကြတဲ့ နေရာမျိုးပါပဲ''
ဆရာကြီးက ပါးစပ်ထဲမှ တမြုံမြုံဝါးနေသော ကွမ်းဖပ်များကိုထွေးထုတ်ပြီး လက်ဖက်ရည်တစ်ပန်းကန်ငှဲ့ယူပြီး သောက်နေလေသည် ။
''သူတို့ က တခြားပရလောကသားတွေနဲ့ ဘယ်လိုကွာ ခြားမှုတွေ ရှိကြသလဲ ဆရာကြီး''
''ပရလောက ရောက်နေကြတယ်ဆိုပေမယ့် ကျတ်တွေ အသုရကာယ်ဘုံသားတွေက လူတွေနဲ့ နီးစပ်မှုရှိတယ်၊ လူအသွင်မျိုးနဲ့ အယောင်ဆောင်ပြီး နေနိုင်ကြတယ်''
''ဥစ္စာစောင့်တွေလို လူယောင်ဆောင်နိုင်ကြတာကို ပြောတာမဟုတ်လား''
''ဟုတ်ပါတယ် ဥစ္စာစောင့်တွေဆိုရင် လူအသွင်ပြောင်း ပြီးတော့ လူသားတွေနဲ့ နှစ်ပေါင်းများ စွာကြာအောင် အတူနေနိုင်ကြတယ်''
''ဥစ္စာစောင့်နဲ့ လူနဲ့ ညားပြီး၊ သားသမီးတွေ ဘာတွေ ရတာမျိုးလည်း ကြားဖူးပါရဲ့ ၊ ကျတ်တွေကလည်း အဲသည် လိုမျိုး နေနိုင်ကြသလား ဆရာကြီး''
''ကျတ်တွေကတော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံပြီး အတူမနေနိုင်ကြဘူး၊ ဥစ္စာစောင့်တွေကကသာ အသုရကာယ် ဘုံသားတွေလို ဝေမာနိကပြိတ္တာဘုံသားတွေမို့ လူသားတွေနဲ့ အတူတူနေနိုင်ကြတာပေါ့''
ဆရာကြီးက စကားပြောရင်းနှင့် ..လက်ဖက်ရည် သောက်နေရာမှ ပန်းကန်ကို ပြန်ချထားလိုက်သည် ။
''အတော်ကလေးတော့ ဆန်းကြယ်တာပဲ''
''လောကကြီးမှာ ဆန်းကြယ်မှုတွေကတော့ အများကြီး ရှိတာပေါ့ဗျာ၊ ကိုယ့်မျက်စိနဲ့ မမြင်ရလို့ သာ မကြောက်ကြတာပါ၊ ခင်ဗျားတို့ သာ ကျတ်တွေကို မြင်ရတွေ့ရမယ်ဆိုရင် ဒီနေရာမှာ ဘယ်နေဝံ့ပါမလဲ''
''ဒီနေရာမှာ ရှိနေတဲ့ ကျတ်ရွာကြီးက ခင်ဗျားတို့ ရွာထက် နှစ်ဆသုံးဆလောက်ကြီးတယ်၊ နေတဲ့ လူတွေကလည်း အများကြီးပဲ''
''ဟင်''
ဆေးဆရာကြီး ဦးဘိုးဘူစကားကြောင့် ရွာလူကြီးမှာ အတော်ပင် အံ့သြသွားလေသည် ။
''ဒါ..ဒါဖြင့် ဘယ်လိုလုပ်ရမလဲ ဆရာကြီး''
ဟု မေး လိုက်လေသည် ။
''လုပ်စရာကတော့ ထွေထွေထူးထူး သိပ်မရှိလှပါဘူး၊ ခင်ဗျားတို့ ကလူတွေ သူတို့ က ကျတ်လောကသားတွေဆိုတော့ အတူနေလို့ မှ မရတော့..ခင်ဗျားတို့ က နေရာရွှေ့ပေးရင်ပေး၊ ဒါမှ မဟုတ်ရင်တော့ သူတို့ ကို နေရာရွှေ့ပေးဖို့ ပြောရတော့မှာ ပေါ့၊ ဒီလိုမှ ပြောမရရင်တော့ ဆေးဝါးအစီအရင်တွေသုံးပြီး နေရာရွှေ့အောင် လုပ်ကြရမှာ ပေါ့''
ထိုစကားကြားသောအခါ အတော်ပင်အားရှိ လာလေသည် ။
''ဒီလို ဆိုရင်တော့ ကျတ်တွေကိုသာ နေရာရွှေ့အောင် လုပ်ပေးပါတော့၊ ကျုပ်တို့ က ဒီနေရာမှာ နေရာထိုင်ရတာ အတော်ကလေး အဆင်ပြေနေကြလို့ ပါ''
ဟု တောင်းပန်ပြောဆိုလေသည် ။ ဆရာကြီးကလည်း ပြုလုပ်ပေးမည်ဟု ကတိဝန်ခံမှု ပြုလေသည် ။
ထို့နောက်မှာ တော့ ကျတ်ရွာကြီးအား ထိုနေရာအရပ် ဒေသမှ အခြားနေရာ အရပ်ဒေသတစ်ခုသို့ ပြောင်းရွှေ့ရန် အစီအရင်များ ပြုလုပ်လေတော့သည် ။
အတန်အသင့် သတ္တိကောင်းသော ရွာသားအချို့ကိုခေါ်ပြီး လူများ နေထိုင်သော နေရာတဝိုက်အား ရာဇမတ်များကာရံခြင်း၊ ရွာနယ်နိမိတ်သတ်မှတ်ကာ လေးဖက်လေးတန် တိုင်များ စိုက်ခြင်း၊ ပရိတ်ရေ ပရိတ်ကြိုးများ ဖြင့် တားဆီးခြင်းများကို ကြိုတင်ပြုလုပ်ကြလေသည် ။
ပြီးမှ ကျတ်ရွာရှိသောနေရာတစ်ဝိုက်တွင် လေးဖက်လေးတန် ဖယောင်းတိုင်ကြီးများ ထွန်းကာ ညအချိန်ရောက်သောအခါ ကျတ်ရွာမှ ခေါင်းဆောင်များကို ခေါ်ယူလေသည် ။
ညအချိန်ရောက်တော့ လူကြီးတစ်ယောက်နှင့် မိန်းမ ကြီးတစ်ယောက်တို့ ရောက်လာကြလေသည် ။
''ဘယ်သူတွေလဲ''
''ကျုပ်တို့ က ဒီနေရာနဲ့ သက်ဆိုင်တဲ့ လူတွေပဲ''
''ဘာကြောင့် လူတွေကို အနှောင့်အယှက်ပေးတာလဲ''
''ကျုပ်တို့ နေတဲ့ နေရာကိုရောက် လာပြီး အနှောင့်အယှက်ပေးကြလို့ နှောင့်ယှက်ရတာပါ''
''ဒါဖြင့် ဒီနေရာကနေ နေရာရွှေ့ပေးကြပါ''
''ဒီနေရာက ကျုပ်တို့ ဘိုးဘွားတွေ လက်ထက်ကတည်းက နေလာကြတာမို့ နေရာမရွှေ့ပေးနိုင်ပါဘူး''
''ဒီလို ဆိုရင်တော့ ကျုပ်ကိုအဆိုးမဆိုနဲ့ တော့၊ ကျုပ်ကတော့ လူတွေအတွက် လုပ်သင့်လုပ်ထိုက်တာ လုပ်ပေးရမှာ ပါ''
''မလုပ်ပါနဲ့ ၊ ကျုပ်တို့ က ဒီနေရာမှာ နှစ်ပေါင်းများ စွာကတည်းက နေလာကြတာပါ၊ ဒီနေရာမှာ နေကြတဲ့ မိသားစုတွေကလည်း အတော်များ ပါတယ်၊ ဒါကြောင့် တခြားနေရာမသွားပါရစေနဲ့ ''
''ခင်ဗျားတို့ က ပရလောကသား ဘဝရောက်နေကြပြီ၊ ဒါကြောင့် လူတွေနဲ့ ဝေးဝေးနေရာကိုသာ သွားနေကြပါ၊ ဒီနေရာတွေက နောက်ပိုင်းအချိန်ကာလတွေရောက်လာရင် နောက်ထပ်နေမယ့်သူတွေလည်း ရောက်လာကြပေဦးမှာ ၊ ဒါကြောင့် ဘေးလွတ်ရာကိုသာ ရွှေ့ပြောင်းပေးကြပါ''
ဟု ပြောသောအခါ တော်တော်နှင့် မသွားသေးဘဲ.. ဆရာကြီးဦးဘိုးလူအား မကျေမနပ်ဖြင့် ကြည့်နေကြလေသည် ။
အတော်ကြာတော့မှ ထိုနေရာမှ ထွက်သွားလေတော့သည် ။
ဆရာကြီးလည်း နောက်တစ်နေ့ရောက်သောအခါမှာ တော့ ကျတ်များ နေထိုင်သော နေရာပတ်လည်သို့ ဆေးဖယောင်းတိုင်ကြီးများ ထွန်းခြင်း၊ ပရိတ်ရေများ ဖြင့် ပက်ဖျမ်းခြင်း၊ ပရိတ်ကြိုးချည်များ တားခြင်း၊ အင်းချပ်များ မြှုပ်နှံခြင်းများ ပြုလုပ်လေတော့သည် ။
***