ဆရာကြီးဦးဘိုးလူနှင့် အတူ ရွာသားအချို့တို့ သည် နေ့ဘက်အချိန်ကတည်းက ပြုလုပ်သင့်သော ကိစ္စများကို ပြုလုပ်ထားခဲ့ပြီး ညအချိန်ရောက်တော့ အိမ်တစ်အိမ်ပေါ်မှာ လက်ဖက်ရည်သောက်ရင်းနှင့် စောင့်ကြည့်ကြလေသည် ။
နေ့ဘက်အချိန်ကတည်းက ညအချိန်ရောက်သည် နှင့် တစ်ရွာလုံး မီးမထွန်းကြရန်နှင့် အသံများ ဆိတ်ငြိမ်နေစေရန် သော်လည်းကောင်း၊ နေဝင်ရီတရောအချိန်ရောက်သည် နှင့် ပင် အကြောင်းကြီးငယ်မရှိကြဘဲ မည်သူမှ အိမ်အပြင်သို့ မထွက်ကြရန်လည်း ကြိုတင်မှာ ကြားထားပြီး ဖြစ်လေသည် ။
ထို့ကြောင့် နေဝင်သွားပြီး မှောင်စပျိုးသည် နှင့် တစ်ရွာလုံး မီးရောင်လည်း မမြင်ရ၊ လူသံသူသံလည်း မကြားရတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည် ။
ယုတ်စွအဆုံး ခွေးဟောင်သံပင် မကြားရဘဲ လူသူမရှိသော ရွာကြီးတစ်ရွာကဲ့သို့ ဖြစ်သွားပေတော့သည် ။
ဦးဘိုးလူနှင့် ဦးဘတူတို့ ကတော့ ရွာအစွန်ဘက်မှာ ရှိသော အိမ်တစ်အိမ်ပေါ်မှာ ရှိနေကြသည် ။
၎င်းတို့ နှင့် အတူ ရွာသားအချို့ကိုလည်း ခေါ်ထားသေးသည် ။
နေ့လည်ပိုင်းကတည်းက ကျိုပေးထားသော လက်ဖက်ရည်ကိုသောက်ရင်း အပြင်ဘက်မှာ အခြေအနေကို စောင့်ကြည့် နေကြလေသည် ။
ညဦးပိုင်းတလျှောက်လုံးမှာ တော့ ထူးထူးခြားခြား မရှိလှပဲ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည် ။
အချိန်က လမိုက်ရက်ဖြစ်သဖြင့် ကောင်းကင်ပေါ်မှာ လရောင်မရှိပေ။ ကောင်းကင်ပေါ်မှာ ကြယ်ရောင်များ ရှိသည် ဆိုသော်လည်း သစ်ပင်သစ်တောများကြောင့် အလင်းရောင်က မရှိသလောက် ဖြစ်နေသည် ။
နွေနှောင်းရာသီဖြစ်သောကြောင့် လည်း ကောင်းကင်ပေါ်မှာ တိမ်တိုက်များက ရွှေ့လျားသွားလာနေကြရာ လင်းတစ်လှည့် မှောင်တစ်ခါဖြစ်နေလေသည် ။
ညဉ့်နက်ပိုင်းအချိန်ရောက်တော့ တောနက်အတွင်းမှ တောခွေးများ အူသံ၊ ဟောင်သံများ ပေါ်ထွက်လာသည် ။
တိတ်ဆိတ်ငြိမ်သက်နေသည့် အချိန်မျိုးတွင် ထိုကဲ့သို့သော ခွေးတို့ ၏ အူသံ၊ ဟောင်သံများ ကြားရခြင်းကပင် ချောက်ချားဖွယ်ရာ ဖြစ်ပေတော့သည် ။
ဤသို့ဖြင့် အချိန်ကလည်း တဖြည်းဖြည်းနှင့် ညဉ့်နက် ပိုင်းအချိန် ကျော်လာပေပြီ။
သန်းခေါင်ယံအချိန်ကျော်တော့ ကြက်တွန်သံများ နေရာအနှံ့မှ ကြားကြရသည် ။ ကြက်တွန်သံများက ၎င်းတို့ နေသော ရွာဘက်မှ ကြားရခြင်းမဟုတ်ဘဲ တောထဲမှ ကြားရခြင်းဖြစ်သည် ။ တောထဲမှာ တော့ အိမ်မွေးကြက်များ မရှိပေ။
ရှိသည့် တောကြက်များက ကြက်တိန်ညင်များ သာ ဖြစ်ကြလေသည် ။ ကြက်တွန်သံများ ထူးထူးခြားခြားကြားတော့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြလေသည် ။
ဆရာကြီး ဦးဘိုးလူကတော့ ကွမ်းတမြုံမြုံဝါးရင်းနှင့် နားစွင့်နေလေသည် ။
သန်းခေါင်ယံအချိန်ကျော် လာပြီး အရုဏ်တက်ချိန်နီး လာသောအချိန်မှာ တော့ ကြက်တွန်သံများ သာမကတော့ဘဲ ခွေးဟောင်သံများ ၊ လူသံသူသံများ ပါ ကြားလာရသည် ။
''ထကြဟေ့၊ ထကြ၊ ဒီကနေ့ ဒီနေရာကနေ တခြားနေရာကို ပြောင်းကြရမယ်၊ ပြင်စရာရှိတာပြင်ကြ''
ဟူသော နှိုးဆော်သံများ ပေါ်ထွက်လာသည် ။
ထိုကဲ့သို့ နှိုးဆော်သံ ပေါ် လာပြီးသည့် နောက်မှာ တော့ လူကြီးသံများ အပြင်၊ ကလေးများ ငိုသံ၊ တစ်ဦးနှင့် တစ်ဦး ပြောဆိုနေသံများ ၊ ပစ္စည်းများ သိမ်းဆည်းနေသည့် အသံများ ပါ ကြားကြရသည် ။
အချို့လည်း အမှောင်ထဲတွင် မီးတိုင်ကြီးများကိုင်ကာ တစ်နေရာမှ တစ်နေရာ သွားလာနေကြသည် ကို ဝိုးတဝါး လှမ်းမြင်ရသည် ။
''ငါတို့ ဒီနေရာမှာ နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ၊ ဒီနေရာက ငါတို့ ရွာ ငါတို့ နေရာပဲ၊ ဘာကြောင့် နေရာရွှေ့ပေးရတာလဲ''
ဟု မကျေမနပ်ဖြင့်ပြောဆိုသံများ ပေါ်ထွက်လာသည် ။
''တောစောင့်နတ်က ရွှေ့ခိုင်းလို့ ရွှေ့ပေးရမှာ ''
''ငါတို့ နေတာပဲ ကြာလှပေါ့၊ တောစောင့်နတ်က တစ်ခါ မှ နှင်မထုတ်ဖူးပါဘူး၊ အခုမှ ...''
''တောစောင့်နတ်က နှင်တာ မဟုတ်ဘူး ၊ ဟိုဆရာက နှင်ခိုင်းလို့ နှင်ပေးရတာ''
''ငါတို့ တစ်ရွာလုံး အတိဒုက္ခ ရောက်အောင်လုပ်တဲ့ ဆရာတော့ နေနှင့် ဦးပေါ့၊ တစ်နေ့နေ့ကျလို့ ငါတို့ အလှည့်ကြုံလာရင်တော့ သေဖို့ သာပြင်ထားပေတော့''
ဟူသော ကြိမ်းဝါးသံများ အပြင် တောက်ခေါက်သံများ ၊ မကျေမနပ်ဖြင့် ပြောဆိုရေရွတ်နေသံများကိုလည်း အတိုင်းသားကြားကြရပေသည် ။
ထိုကဲ့သို့သောအသံများကို မကြားစဖူး ကြားကြရသောကြောင့် ရွာလူကြီး ဦးဘတူနှင့် ရွာသားများကတော့ ကြောက်ရွံ့နေကြသဖြင့် မျက်စိမျက်နှာပျက်နေကြလေသည် ။
ဆရာကြီးဦးဘိုးလူကတော့ ကွမ်းတမြုံ့မြုံ့ဝါးနေရင်းမှ နားစွင့်နေလေသည် ။
အရုဏ်တက်ချိန်ရောက်တော့..ကြက်တွန်သံများ ပျောက်သွားပြီ၊ ခွေးဟောင်သံ၊ နွားအော်သံများ ပေါ်ထွက်လာသည် ။
မရှေးမနှောင်းမှာ ပင် ပစ္စည်းများ တင်သံ၊ ချသံများ အပြင် လှည်းဝင်ရိုးမြည်သံများကိုပါ ကြားကြရသည် ။
''သွားကြမယ်ဟေ့..၊ နေမထွက်ခင် နောက်နေရာကို ရောက်အောင်သွားကြရမယ်''
ထိုသို့ပြောသံနှင့် မရှေးမနှောင်းမှာ ကလေးငိုသံများ ၊ မကျေမနပ်ဖြင့် ကြိမ်းဝါးသံ၊ တောက်ခေါက်သံများကိုပါ အတိုင်းသား ကြားကြရသည် ။
''တောက်..နေနှင့် ဦးပေါ့ကွာ၊ နိုင်တုန်းကတော့ လုပ်ထားဦးပေါ့၊ တစ်နေ့ ငါတို့ နိုင်ရတဲ့ အချိန်ရောက်ရင်တော့.. အသက်ကို ဖက်နဲ့ သာထုပ်ထားပေရော့''
ထိုကဲ့သို့သော ကြိမ်းမောင်းပြောဆိုသံများ ပျောက်သွားပြီး နောက်မှာ တော့ နွားငေါက်သံ၊ လှည်းဝင်ရိုးမြည်သံများ ပေါ်ထွက်လာသည် ။
လှည်းသံများ သည် တောင်ခြေဘက်မှာ ရှိသော တောနက်တစ်ခုရှိရာဘက်သို့ ဦးတည်လျက် သွားနေကြခြင်းဖြစ်သည် ။ တစ်နေရာရောက်တော့ ရှေ့ဆုံးမှ သွားနေသော လှည်းရှိရာမှ ဆူဆူညံညံအသံများ ပေါ်ထွက်လာပြန်သည် ။
''ရပ်..ရပ်ကြဦးဟ''
''ဘာဖြစ်လို့ လဲ''
''ဒီလမ်းက ဆက်သွားလို့ မရဘူး၊ ရှေ့မှာ ဘုရားရှိတယ်''
''ဒါဖြင့် ပြန်လှည့်ကြ..ပြန်လှည့်ကြ၊ နောက်တစ်လမ်းက သွားကြမယ်''
ဟု ပြောကာ လှည်းများ ပြန်လှည့်သော အသံများကြား ကြရလေသည် ။
၎င်းတို့ ဦးတည်သွားသောလမ်းတွင် ဘုရားပျက်တစ်ဆူ ရှိနေသောကြောင့် ပြန်လှည့်ကာ အခြားလမ်းမှ သွားကြခြင်း ဖြစ်လေသည် ။
ထိုနေရာတစ်ဝိုက်တွင် စေတီနှင့် ဘုရားပျက်အချို့ ရှိ နေကြရာ နေရာရွှေ့ပြောင်းကြသော ကျတ်တို့ မှာ မကြာခဏ ရပ်တံ့ကာ ပြန်လှည့်ကြရလေသည် ။
အချိန်ကလည်း တဖြည်းဖြည်းနှင့် မိုးလင်းစအချိန်သို့ ရောက် လာလေသည် ။
ထိုအချိန်ရောက်တော့မှ ကြားနေရသော လှည်းသံ၊ လူ သံ၊ နွားသံများမှာ တဖြည်းဖြည်း ပျောက်သွားကြလေတော့သည် ။
ထိုအချိန်ရောက်တော့မှ ဦးဘတူတို့ လည်း သက်ပြင်းချနိုင်ကြပေတော့သည် ။
ဆရာကြီး ဦးဘိုးလူကလည်း ၎င်းပြုလုပ်ဆောင်ရွက် ပေးရမည့် ကိစ္စများ ပြီးသွားပြီဖြစ်သောကြောင့် ၎င်းနေသော ရွာသို့ ပြန်သွားလေတော့သည် ။
ထိုကဲ့သို့ ကျတ်များကို နှင်ထုတ်ပေးပြီးသည့် နောက် မှာ တော့..ဦးဘတူတို့ ရွာသူရွာသားများမှာ လည်း အမှောင့် ပယောဂ အနှောင့်အယှက်များ ကင်းသွားပြီးနောက် ကောင်းမွန်စွာ နေကြရလေသည် ။
ထိုအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ပြီးနောက် လအနည်းငယ်ကြာသောအခါမှာ တော့ ဆရာကြီးဦးဘိုးလူ နေထိုင်သော အိမ်သို့ လူနှစ်ယောက်ရောက်လာကြလေသည် ။
နှစ်ယောက်စလုံး ကောင်းမွန်သော အဝတ်အစားများ ဝတ်ဆင်ထားပြီး မြင်းကိုယ်စီစီးပြီး လာကြခြင်းဖြစ်ပေသည် ။
''ဒါ ဆရာကြီးဦးဘိုးလူ နေအိမ်ဟုတ်ပါသလားခင်ဗျာ''
''ဟုတ်ပါတယ်ကွယ်၊ လာကြပါ..ဝင်ခဲ့ကြပါ''
ဟု ဖိတ်ခေါ်တော့မှ မြင်းနှစ်ကောင်ကို တစ်နေရာမှာ ကြိုးချည်ထားခဲ့ပြီး နှစ်ယောက်စလုံး အိမ်တွင်းသို့ ဝင်လာကြလေသည် ။
''ဘယ်အရပ်က လာကြတာလဲ..၊ ဘယ်လိုအကြောင်း ကိစ္စများ ရှိလို့ ပါလဲ''
''ကျွန်တော်တို့ က ရွှေဘိုမှာ နေကြတာပါ၊ စစ်ဘေးစစ် ဒဏ်ရှောင်ရင်းနဲ့ ဒီအရပ်မှာ လာပြီး နေကြတာပါ၊ ကျွန်တော်တို့ ဖခင်ကြီး အတော်ကလေး မကျန်းမမာဖြစ်နေလို့ ဆရာကြီးကို လာပင့်တာပါ''
ဟု ရည်မွန်သောစကားဖြင့် ပြောလေသည် ။
အချိန်က ညနေပိုင်းအချိန် ရောက်နေပေပြီ။ ထိုကဲ့သို့ သောအချိန်မျိုးရောက်မှ ခရီးဝေးကို လိုက်သင့်မလိုက်သင့် ချင့်ချိန်စဉ်းစားနေလေသည် ။
ထိုအခြေအနေကို အကဲခတ်မိသဖြင့် လူရွယ်တစ်ယောက်က တောင်းပန်သောအသံဖြင့် ပြောဆိုလေသည် ။
''ကျွန်တော်လည်း မလွှဲသာလို့ သာ ဆရာကြီးကို လာပင့်ကြတာပါ၊ အတော်ကလေး အားနာမိပါရဲ့ ၊ ဖခင်ကြီးရဲ့ အခြေအနေကလည်း ဒီကနေ့ရောက်တော့မှ ကောက်ကာငင်ကာ ဖောက် လာလေတော့ ဆရာကြီးရှိတဲ့ နေရာကို မေးမြန်းစုံစမ်းပြီး လာခဲ့ကြတာပါ''
''ဟုတ်ပါတယ် ဆရာကြီးရယ်၊ ဟိုမှာ ကြည့်ရှုစစ်ဆေး ပြီးတော့ သင့်တော်တဲ့ ဆေးဝါးပေးထားခဲ့ပြီးရင် ဆရာကြီးကို ကျွန်တော်တို့ ကိုယ်တိုင် ပြန်ပို့ပေးပါ့မယ်၊ ဒီမှာ ခြေကြွခကိုလည်း ထိုက်တန်သလောက် ပေးပါ့မယ်ခင်ဗျာ''
ဟု ပြောဆိုတောင်းပန်ပြီးနောက် အသင့်ယူဆောင်လာသောအိတ်ကို ထုတ်ယူကာ သွန်ချပေးလေသည် ။ ငွေဒင်္ဂါးများ ပင်ဖြစ်သည် ။
ထို့ကြောင့် ဆရာကြီးလည်း မငြင်းသာတော့သဖြင့် လိုက်၍ ကြည့်ရှုပေးရန်ပြောဆိုပြီး ဆေးလွယ်အိတ်နှင့် လိုအပ်သော ပစ္စည်းများကို ပြင်ဆင်လေသည် ။
ဘုရားစင်ပေါ်မှာ တင်ထားသော သိမ်ဝင်အပ်သုံး ချောင်းကိုလည်း ခေါင်းပေါင်းအတွင်းဘက်၌ စိုက်ထည့်ပြီး ယူဆောင်လာခဲ့လေသည် ။
ထို့နောက်မှာ တော့ လူတစ်ယောက်က မြင်းကိုမှန်မှန် စီးကာ ရှေ့မှ သွားလေသည် ။
ဆရာကြီးကိုတော့ မြင်းပေါ်သို့တင်ကာ ကျန်တစ်ယောက်က ကြိုးဆွဲပြီး လိုက်လေသည် ။ ၎င်းတို့ နေသော ရွာနှင့် တဖြည်းဖြည်းဝေး လာပြီးနောက် လယ်ကွင်းများ ၊ တောင်ယာ စိုက်ခင်းအချို့နှင့် သစ်တောများကို ကျော်လာခဲ့လေသည် ။
အချိန်ကလည်း နေဝင်သွားပြီဖြစ်သဖြင့် မှောင်စပျိုးလာချေပြီ။ လမ်းတစ်နေရာရောက်တော့ မီးရောင်များ ဖြင့် ရွာ တစ်ရွာကို လှမ်းမြင်ရလေသည် ။
ထိုရွာကိုမြင်တော့ ရောက်ခဲ့ဖူးသည် အထင်ဖြင့် မြင်းဆွဲ လာသူကို လှမ်းမေးလိုက်သည် ။
''ရှေ့မှာ မြင်နေတာ ဘာရွာလဲကွယ့်''
''ကျွန်းကုန်းရွာပါတဲ့ ခင်ဗျာ''
ကျွန်းကုန်းရွာဟူသော အမည်ကိုကြားသောအခါမှာ တော့ လွန်ခဲ့သည့် သုံးလေးလလောက်က လာပြီး ကျတ်များကို နှင်ပေးခဲ့ရသည့် အဖြစ်အပျက်များကို သတိပြန်ရလာသည် ။
ထို့ကြောင့် ထပ်မေးလိုက်သည် ။
''မောင်ရင်တို့ ရွာကရော အတော်ကလေး ဝေးသေးသလားကွယ့်''
''မဝေးတော့ပါဘူး ခင်ဗျာ၊ ဒီရွာကျော်တာနဲ့ ရောက်လုပါပြီ၊ ဟိုးရှေ့မှာ လှမ်းမြင်နေရတဲ့ တောအုပ်က ကျွန်တော်တို့ နေတဲ့ နေရာပါပဲ''
ဟု ပြောကာ ရှေ့တွင် မှ ိုင်းပျပျလှမ်းမြင်နေရသော တောအုပ်ရှိရာသို့ လက်ညှိုးထိုးပြလေသည် ။
ထိုအခြေအနေမြင်တော့မှ သာမန်အခြေအနေ မဟုတ်မှန်း သတိပြုမိလာတော့သည် ။
အချိန်ကလည်း ..တဖြည်းဖြည်းနှင့် အလင်းရောင် ပျောက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး မှောင်ရီသမ်းလာခြေပြီ။
ထိုနေရာဘက်ရောက်လာတော့ ရွာကလည်း မရှိတော့ပေ။ ပတ်ဝန်းကျင်မှာ သစ်တောများ သာ ဝန်းရံနေတော့သည် ။
ကောင်းကင်ပေါ်မှာ လင်းစပြုနေသော လရောင်က သစ်တောများ အပေါ်သို့ကျော်ပြီး မြေပြင်သို့ ကျ လာလေသည် ။
သစ်တောနှင့် မနီးမဝေးရောက်တော့ မြင်းဆွဲလာသူက မြင်းကိုရပ်ထားပြီး ဆရာကြီးကို အောက်သို့ဆင်းစေသည် ။
ဆေးလွယ်အိတ်ကိုတော့ ယူပြီး အတော်မြင့်သော သစ်ပင်ပေါ်သို့ လှမ်းချိတ်ထားလိုက်သည် ကို ဆရာကြီးက လှမ်းမြင်လိုက်ရသည် ။
(၁၅)ပေခန့်မြင့်သော သစ်ကိုင်းကို လက်တစ်ဖက်ဖြင့် လှမ်းချိတ်ရာ မှီလောက်သော လက်တံရှည်ကြီးကို သတိပြုမိလိုက်သည် ။
''လက်စသတ်တော့ ငါ့ကို ကျတ်တွေကလှည့်စားပြီး ဒီ နေရာရောက်အောင် ခေါ်လာခဲ့တာကိုး၊ ဒီကျတ်တွေဟာ ငါနှင်ထုတ်လိုက်တဲ့ ကျတ်တွေပဲဖြစ်မယ်ထင်တယ်၊ ဆေးလွယ်အိတ်ကလည်း သစ်ပင်ပေါ်ရောက်နေပြီ''
ဟု စဉ်းစားနေတုန်း နောက်ဘက်က တဟီးဟီး တဟား ဟားနှင့် ရယ်သံကြီးကို ကြားရလေသည် ။
''ဟား..ဟား..ဟား..ဟား..''
''ဟီး..ဟီး..ဟီး..''
တိတ်ဆိတ်နေသောအချိန်ဖြစ်သောကြောင့် ရယ်သံကြီးက ကြောက်မက်ဖွယ်ရာ ပေါ်ထွက်လာခြင်း ဖြစ်လေသည် ။
လှည့်ကြည့်လိုက်သောအခါမှာ တော့ စောစောက နောက်ဘက်မှာ ရပ်နေသောသူမှာ အသွင်ပြောင်းသွားလေပြီ။
ဦးခေါင်းက တင်းတောင်းတစ်လုံးခန့် ကြီးထွက် လာပြီး ကိုယ်လုံးကလည်း ပုတ်ကြီးတမျှ ကြီးမားလာသည် ။
သို့သော် ခြေတံလက်တံများက တိုလွန်းလှသောကြောင့် ပုတ်လုံးကြီးကို မြေပေါ်မှာ လှိမ့် နေသကဲ့သို့ တလိမ့်လိမ့်နှင့် လိမ့်နေလေသည် ။
မျက်လုံးနှစ်လုံးက အပြင်သို့ ပြူးထွက်နေပြီး ကျယ်လှသော ပါးစပ်ကြီးနှင့် တဟီးဟီးတဟားဟား ရယ်မောနေခြင်း ဖြစ်သည် ။
ထိုအချိန်မှာ ပင် ရှေ့မှာ ရှိနေသော နောက်တစ်ယောက်ထံမှ ကြောက်မက်ဖွယ်ရာအသံ ထွက်လာပြန်လေသည် ။
''ငါတို့ ကို နေစရာမရှိအောင်လုပ်ခဲ့တဲ့ ဆရာစုတ်၊ အခုတော့ ဘာတတ်နိုင်သေးလဲ၊ ငါတို့ လက်က လွတ်နိုင်သေးရဲ့ လား၊ ဒီညတော့ တစ်စစီဖြစ်ဖို့ သာပြင်ပေတော့''
ထိုတစ်ယောက်ကတော့ ထန်းပင်တစ်ပင်ကဲ့သို့ အရပ် မြင့်လှပြီး လက်တံခြေတံကြီးများကလည်း ရှည်လျားလှပေသည် ။
နီရဲနေသောမျက်လုံးနှင့် ရှည်လျားလှသော လျှာကြီးက အောက်သို့ တွဲလောင်းချထားလေရာ ဖျာတစ်ချပ်ဖြေချထားသည် နှင့် ပင် တူနေတော့သည် ။
စောစောက သူတို့ စီးလာသော မြင်းနှစ်ကောင်မှာ လည်း အဝတ်စုတ်၊ ဖျာစုတ်များ ပတ်ထားသော ခေါင်းတလားကြီး နှစ်လုံးပင် ဖြစ်နေလေတော့သည် ။
''ဟား..ဟား..ဟား..ဟား''
''ဟီး..ဟီး..ဟီး''
''အခုတော့ ဘာတတ်နိုင်သေးလဲ..ငါတို့ လက်တွင်း ရောက်ရပြီ မဟုတ်လား''
ဟု ကျယ်လောင်စွာပြောလိုက်သည့် အသံကြီး တောထဲ သို့ပင် ပြန့်နှံ့သွားလေတော့သည် ။
ထိုအသံကြီးကြောင့် တိတ်ဆိတ်ငြိမ်သက်နေသော တောတစ်တောလုံးမှာ အသက်ဝင်လာသကဲ့သို့ လှုပ်ရှား လာလေတော့သည် ။
လူသံသူသံများ ကြားလာရခြင်း၊ နေရာအနှံ့မှ မီးရောင် များ ပေါ် လာလေရာ ပတ်ဝန်းကျင်ကို မြင်လာရလေတော့သည် ။
ထိုနေရာမှာ တော့ ရွာတစ်ရွာကဲ့သို့ အိမ်များ မတွေ့ရပေ။
သစ်ပင်များ အောက်မှာ သော်လည်းကောင်း၊ ချုံများ အ တွင်းမှာ သော်လည်းကောင်း၊ သစ်ကိုင်းများ တောင်ပို့တောင် ကုန်းများ ပေါ်မှာ ထိုင်နေကြသော လူပေါင်းများ စွာတို့ ကို လှမ်းမြင်ရလေသည် ။
ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး လေးငါးရာထက် မနည်း ရှိနေကြသည် ။
တစ်နေရာမှာ တော့ ဒေါက်ထောက်ထားသော လှည်းများ ၊ ကြိုးမဖြုတ်ရသေးသော နွားများ လည်း တွေ့ရသည် ။
ရွာပြောင်းသကဲ့သို့ တင်လာသော ပစ္စည်းများကတော့ လှည်းပေါ်မှာ တချို့ရှိနေပြီး အချို့လည်း လှည်းအောက်သို့ ချထားသည် ။
အချို့လည်း သစ်ပင်ခြေရင်း၌ သော်လည်းကောင်း၊ ချုံ များ အနီး၌ သော်လည်းကောင်း စုပုံထားသည် ကို တွေ့ရသည် ။
အချို့မိန်းမများက ကလေးများကို နို့တိုက်နေကြသည် ကိုသော်လည်းကောင်း၊ အချို့မှာ သစ်ကိုင်းများ တွင် ပုခက်များ ဆင်လျှက် ကလေးသိပ်နေကြသည် ။
အချို့လည်း မီးမွှေးသူကမွှေး၊ ထင်းရှာသူကရှာ၊ ရေခပ် သူကခပ်၊ အစားအသောက်ချက်ပြုတ်ရန် ပြင်ဆင်သူက ပြင်ဆင် နေကြသည် ။
ခြုံပြီးကြည့်လျှင်တော့ ၎င်းတို့ သည် နေရာအတည်တ ကျမရသေးဘဲ တစ်နေရာမှ တစ်နေရာ ရွှေ့ပြောင်းသွားလာနေကြဟန်တူလေသည် ။
ထိုအချိန်မှာ ပင် သူ့ကိုခေါ်လာသော သရဲသဘက်နှစ်ကောင် အသံကြားသဖြင့် တောစပ်မှာ ရှိနေကြသူများက အားလုံး လှမ်းကြည့်ကြလေသည် ။
''ပါ လာပြီလားဟေ့''
''ပါလာရင်တော့ ငါတို့ ကို နှိပ်စက်ခဲ့တဲ့ ဆရာစုတ်ကို ချက်ပြုတ်ပြီး စားကြတာပေါ့''
''ကောင်းတယ်ဟေ့..ကောင်းတယ်၊ ဒီတစ်ခါတော့ ကလဲ့စားချေခွင့်ရပဟ''
ဟု ဝမ်းသာအားရ အော်ဟစ်ပြောဆို နေကြလေသည် ။
ထိုအချိန်မှာ ပင် အဘိုးကြီးတစ်ယောက်က အပြင်သို့ ထွက် လာပြီး အနားသို့ ရောက် လာလေသည် ။
ပုံပန်းသဏ္ဌာန်မြင်ရုံနှင့် ကျွန်းကုန်းရွာမှာ တွေ့ခဲ့ရသော အဘိုးကြီးဖြစ်မှန်း ကောင်းစွာမှတ်မိလေသည် ။
အဘိုးကြီးမျက်နှာမှာ ယခင်တွေ့ရသကဲ့သို့ မဟုတ်ဘဲ ဒေါသစိတ်ကြောင့် ပိုမိုကြောက်မက်ဖွယ်ရာ ကောင်းနေလေသည် ။ သူက ဦးဘိုးလူမျက်နှာကို စေ့စေ့ကြည့်ပြီး ပြောသည် ။
''ငါတို့ ကို မှတ်မိသေးရဲ့ မဟုတ်လား၊ မင်းနှင်ထုတ်ခဲ့လို့ နှစ်ပေါင်းများ စွာနေခဲ့တဲ့ နေရာကို စွန့်ပြီး ထွက်ပြေးလာကြရတာလေ၊ ငါတို့ မှာ အခုထိ နေစရာမရသေးဘူး''
''ဒီစကားကြားရတာ စိတ်မကောင်းပါဘူး''
ဦးဘိုးလူက စိတ်ထဲမှာ ရှိသည့် အတိုင်းပင် ပြန်ပြော လိုက်လေသည် ။
''မင်းကတော့ လုပ်တုန်းကလုပ်ခဲ့ပြီးမှ စိတ်မကောင်း ဖြစ်နေတာကိုး၊ ငါတို့ မှာ တော့ ဒုက္ခတွေများ လိုက်ကြတာ မပြောပါနဲ့ တော့''
ဦးဘိုးလူကတော့ ငြိမ်သက်စွာနှင့် ပင် နားထောင်နေလေသည် ။
''မင်းတို့ လူတွေက ပရလောကသားတွေအကြောင်းကို ကြားဖူးရုံသာကြားဖူးပြီး၊ တကယ်လက်တွေ့ မကြုံဖူးကြတော့ ဘယ်သိကြပါ့မလဲ၊ ပရလောကသားတွေဆိုတာ ကိုယ့်နေရာမှာ ပဲ နေရတယ်၊ ကိုယ်ပြောင်းချင်တဲ့ နေရာ ပြောင်းနေလို့ မရဘူး၊ နေရာတိုင်းမှာ နေတဲ့ သူတွေက ပြည့်နေကြတာချည်းပဲ၊
ဒါကြောင့် ဟိုနေရာသွားလည်း မရ၊ ဒီနေရာသွားလည်း နှင်ထုတ်ခံရနဲ့ ငါတို့ မှာ ဒုက္ခတွေများ နေကြတာ''
''ကျုပ် တကယ်ပဲ စိတ်မကောင်းပါဘူး''
''မင်းစိတ်မကောင်းလည်း အခုမှ တော့ ဘာမှ မတတ်နိုင်တော့ဘူး၊ မင်းလည်း ငါတို့ လက်ထဲရောက်နေပြီ သေဖို့ သာပြင်ပေတော့''
ဟု ပြောကာ အဘိုးကြီးက နောက်သို့ ပြန်လှည့်သွား လေတော့သည် ။ ထိုအခါ သူ့ကိုခေါ်လာသော သရဲနှစ်ကောင်က ခြေကားရားလက်ကားရားနှင့် ရှေ့သို့တိုး လာလေသည် ။
နာနာဘာဝနှစ်ကောင်မှာ ဆေးဆရာ၏ ဆေးလွယ်အိတ် သစ်ပင်ပေါ်မှာ ချိတ်ထားပြီးဖြစ်သောကြောင့် မကြောက် မရွံ့ဘဲနှင့် တိုးလာကြခြင်း ဖြစ်သည် ။
ထိုအခါ ဦးဘိုးလူက လှမ်းပြောလိုက်သည် ။
''ငါက ဆေးဆရာတစ်ယောက်ဆိုတော့ လူတွေဒုက္ခ ရောက်နေရင် ကယ်တင်ပေးရမယ့် ဝတ္တရားရှိတယ်၊ ဒီတော့ ငါ့အပေါ်မှာ အပြစ်မယူကြနဲ့ ၊ ငါ့ကိုလည်း အနှောင့်အယှက် မပေးကြနဲ့ ''
ဟု လှမ်းပြောသော်လည်း သူရှိရာသို့ လာနေသော သရဲ နှစ်ကောင်က ရပ်တံ့မသွားကြပေ။
မနီးမဝေးရောက်လာတော့မှ ဆရာကြီး ဦးဘိုးလူက ခေါင်းပေါင်းမှာ စိုက်ယူလာသော သိမ်ဝင်အပ်တစ်ချောင်းကို နှုတ်ယူပြီး ထောင်ပြ လိုက်လေသည် ။
''မိစ္ဆာကောင်တွေ ဒီမှာ မြင်ကြရဲ့ လားဟဲ့''
သိမ်ဝင်အပ်ကို မြင်သည် နှင့် ဦးဘိုးလူကို ဖမ်းစားရန် ဝင်လာသော သရဲသဘက်နှစ်ကောင်မှာ ကြောက်လန့်တကြားဖြင့် နောက်ဘက်မှာ ရှိသော သရဲသဘက်များ ၊ ကျတ်များ ရှိရာ သို့ ပြန်လှည့်ပြေးကြလေတော့သည် ။
''ဘာဖြစ်တာလဲ..ဘာဖြစ်လာတာလဲ''
''သူ့ဆီမှာ သိမ်ဝင်အပ်ပါလာတယ်၊ ပြေးကြ..ပြေးကြ''
ဟု အော်သံကြီးကြားရပြီးနောက် မြောက်များ လှစွာသော ကျတ်များမှာ အုပ်စုလိုက်တောထဲသို့ ဝင်ပြေးကြလေတော့သည် ။ အော်သံဟစ်သံ၊ ကလေးငိုသံ၊ ခွေးဟောင်သံတို့ မှာ တောတစ်တောလုံး ဆူညံသွားလေတော့သည် ။
၎င်းတို့ ပြေးသွားရာ လမ်းတလျှောက်မှာ လည်း သစ်တောတိုးသံ၊ သစ်ကိုင်းကျိုးသံများ ဆူညံသွားလေသည် ။
အချိန်အတော်ကြာတော့မှ အသံများ ဝေးပြီး ပျောက်သွားလေတော့သည် ။ ထိုနေရာတစ်ဝိုက်မှာ တော့ ကျတ်များ အသုံးပြုသော ပစ္စည်းများက ကျန်ရစ်ခဲ့ကြလေသည် ။
အချိန်ကလည်း ညဉ့်နက်ပိုင်းအချိန် ရောက်နေချေပြီ၊ ခရီးဆက်ရန်လည်း မသင့်တော့သဖြင့် ကျတ်များ တင်ထားခဲ့သော မိမိဆေးလွယ်အိတ်ကို ပြန်ယူပြီးနောက် သစ်ပင် ကြီးတစ်ပင်၏ ခွကြားတွင် တက်ရောက်နေရလေသည် ။
တစ်ညလုံး ဘုရားတရားကိုသာ အာရုံပြုပြီးနေသဖြင့် နောက်ထပ် အနှောင့်အယှက်များ နှင့် တော့ မတွေ့ရတော့ပေ။
အရုဏ်တက်ချိန် ရောက် လာပြီး အလင်းရောင်ရလာသော အခါမှာ တော့ သစ်ပင်များ အောက်တွင် ကျတ်များ ပုံထားသော ပစ္စည်းများ ၊ လှည်းများ ၊ နွားများမှာ တဖြည်းဖြည်းနှင့် မှေးမှ ိန်ကာ ကွယ်ပျောက်သွားကြလေတော့သည် ။
မိုးစင်စင်လင်းပြီး စိတ်ချရသော အခြေအနေရောက်တော့မှ ဆရာကြီးဦးဘိုးလူလည်း သစ်ပင်ပေါ်မှ ဆင်းကာ မိမိ ရွာသို့ ရောက်သည် အထိ ခြေလျင်ခရီးဖြင့် ပြန်ခဲ့ရပေသည် ။
အိမ်သို့ပြန်ရောက်သောအခါ ကျတ်များ ပေးထားခဲ့သည့် ငွေဒင်္ဂါးများကို ဖြေကြည့်သောအခါ သစ်ရွက်များ ဖြစ်နေသည် ကို တွေ့ရလေတော့သည် ။
ရှေ့၌ ရေးသားခဲ့သည့် အတိုင်း ပရလောကသားတို့ စုဝေးနေထိုင်သောနေရာကို ချင်းလူမျိုးတို့ က ''လူသေရွာ'' ဟု ခေါ်ကြပြီး ဗမာလူမျိုး အပါအဝင် လူအတော်များများကတော့ ''ကျတ်ရွာ'' ''ကျတ်ကုန်း'' ဟု သာ ခေါ်ဝေါ်ကြလေသည် ။
တစ်နေရာနှင့် တစ်နေရာ အခေါ်အဝေါ်မတူကြသော်လည်း ''ပရလောကသားများ စုဝေးနေကြသည့် နေရာ''ဟူသော အဓိပ္ပာယ်ကတော့ အတူတူပင်ဖြစ်ပေသည် ။
***