မြန်မာနိုင်ငံအတွင်း အမြင့်ဆုံးတောင်တန်းကြီးများ အများ ဆုံးရှိသောနေရာမှာ မြောက်ပိုင်းဒေသများ ဖြစ်ကြသည် ။
ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှင်းပြည်နယ်တို့ တွင် အမြင့်ဆုံးတောင်တန်းကြီးများ ရှိကြသည်။
ကချင်ပြည်နယ်တွင် ပေပေါင်း(၁၉၃၁၅)ပေ အမြင့်ရှိ သော ခါကာဘိုရာဇီတောင်မြင့်ကြီး ရှိသည်။
ချင်းပြည်နယ်အတွင်းမှာ လည်း ပေပေါင်း(၁ဝ၂ဝဝ)ရှိ သည့် ဝိတိုရိယတောင်မြင့်ကြီး ရှိသည် ။
ရှမ်းပြည်နယ်ဘက်မှာ လည်း မြင့်မားသော ရှမ်းတောင်တန်းကြီးများ ရှိနေကြသည် ။
ချင်းပြည်နယ်သည် တောင်တန်း၊ တောင်မြင့်ကြီးများ ၊ သစ်တောကြီးများက နေရာအတော်များများ တို့ တွင် နေရာယူထားကြသောကြောင့် မြေပြန့်နှင့် အဆက်အသွယ်ခက်ခဲသော နေရာလည်း ဖြစ်ခဲ့ပေသည် ။
တိဗက်နိုင်ငံသည် မြင့်မားသော တောင်မြင့်ကြီးများ ထိပ်ပေါ်တွင် တည်ထားသောကြောင့် ကမ္ဘာ့ခေါင်မိုးမြို့တော်ဟု တင်စားခေါ်ဝေါ်ကြသည် ။
သို့ဆိုပါက ပေတစ်သောင်းကျော်မြင့်သော တောင်တန်းကြီးများ ပေါ်မှာ ရှိသော ချင်းပြည်နယ်ကိုလည်း မြန်မာနိုင်ငံ၏ ခေါင်မိုးနေရာဟု တင်စားခေါ်ဝေါ်သင့်ပေသည် ။
ချင်းတောင်တန်းကြီးများမှာ ရှေးအခါက အသွားအလာခက်ခဲသောကြောင့် ရှေးအခါကတည်းက လူနေထိုင်မှု နည်းပေသည် ။ ပြည်နယ်တစ်ခုလုံးမှာ မှ ခရိုင်(၂)ခုနှင့် ၊ မြို့နယ်(၉) ခုသာ ရှိပေသည် ။
အချို့မြို့နယ်များမှာ မြို့စာရင်း သွင်းထားသော်လည်း တကယ်တမ်းတွင် ကျေးရွာအဆင့်သာ ရှိကြလေသည် ။
ထို့ပြင် မြို့နယ်တွင်းမှာ ရှိကြသော ကျေးရွာများမှာ လည်း အိမ်ခြေနည်းကြလေသည် ။
အချို့သောတောင်ထဲမှာ နှစ်အိမ်၊ သုံးအိမ်ဖြင့် ရွာတည်ထားသည် မျိုးလည်း ရှိကြလေသည် ။
ချင်းတောင်တန်းများ ပေါ်မျာ လူနေနည်းပြီး ကျဲရသော အကြောင်းရင်းမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည် ကတစ်ကြောင်းအပြင် အင်္ဂလိပ်များ ဝင်ရောက်လာစဉ်က ချင်းပြည်နယ် အတွင်းမှာ ရှိကြသော ကျေးရွာများကို ဖျက်ဆီးပစ်ခဲ့ကြခြင်းလည်း တစ်ကြောင်းအပါအဝင် ဖြစ်ပေသည် ။
(၁၉၁၇)ခုနှစ် ဝန်းကျင်လောက်က ချင်းအမျိုးသား တစ်ထောင်ကျော်တို့ အား ဖမ်းဆီးပြီး အလုပ်သမားများ အဖြစ်ဖြင့် ပြင်သစ်ပြည်သို့ ပို့ခဲ့သည် ။
ဗြိတိသျှအစိုးရက ၎င်းတို့ အား ပုန်ကန်တော်လှန်နေကြသူများကို ဖမ်းဆီးပြီး ပြည်နှင်လိုက်ခြင်းပင် ဖြစ်သည် ။
သို့သော်လည်း တော်လှန်ရေး အရှိန်က ရပ်တံ့မသွားခဲ့ပေ။ နေရာအနှံ့အပြားတွင် တော်လှန်ပုန်ကန်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ကြသည် ။
ထို့ကြောင့် ဗြိတိသျှတပ်များက ဟားခါးနယ်မှ ကျေးရွာ ပေါင်း (၁၈)ရွာကိုသော်လည်းကောင်း၊ မင်းတပ်နယ် ကြန်ရွာနှင့် ဟု န်းသာရွာတို့ အပါအဝင် ရွာအတော်များများ တို့ ကို မီးရှို့ ဖျက်ဆီးခဲ့ကြသည် ။
ထို့ပြင် ၎င်းတို့ ဗြိတိသျှတပ်များကို တော်လှန်ပုန်ကန် သောရွာများ ၊ နေရာများကိုလည်း မြေလှန်ဖျက်ဆီးခဲ့ကြလေသည် ။
ရှေးကတည်းကပင် နေထိုင်သူ လူဦးရေနည်းခဲ့သော ချင်းပြည်နယ်မှာ အင်္ဂလိပ်များ မရှိတော့သည့် နောက်ပိုင်းမှာ လည်း စည်ကားတိုးတက်မှု နှေးကွေးခဲ့ပေသည် ။
လွတ်လပ်ရေးရပြီးစ အချိန်ကာလရောက်သည် အထိ သီးခြားနေရာဒေသတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည် ။
ထိုအခြေအနေကပင် ချင်းပြည်နယ်အတွင်း နေထိုင်ကြသူများ အတွက် အေးချမ်းမှုပိုမိုရနေကြသည် ဆိုတာ မမှားပါချေ။
လွတ်လပ်ရေးရပြီးစ အချိန်ကာလတွင် စိမ်းညှို့နေသော သစ်တောကြီးများက သဘာဝအတိုင်း ရှိနေကြသည် ။
ဘယ်နေရာကြည့်ကြည့် မှ ိုင်းညှို့နေသော တောင်မြင့်ကြီးများ ၊ တောင်တန်းကြီးများ နှင့် စိမ်းညှို့နေသော သစ်တောကြီးများကိုသာ တွေ့မြင်နိုင်ကြသည် ။
ထိုနေရာ ထိုဒေသမှာ နေကြသူများကလည်း ရိုးသားကြသည် ။ အေးချမ်းမှုကို လိုလားကြသည် ။
တောင်ယာလုပ်ခြင်း၊ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်းနှင့် နွားမွေးခြင်းအလုပ်များကို လုပ်ကိုင်စားသောက်ကြသည် ။
စီးပွားရေးကောင်းသူများကတော့ စားကျက်ကောင်း သောနေရာများ တွင် ခြံကျယ်ကြီးများ ခတ်ကာ နွားနောက်များ မွေးမြူထားကြသည် ။
နွားနောက်အကောင်အရေအတွက် များများ မွေးထား နိုင်လျှင်တော့ ထိုအရပ်ဒေသတွင် စီးပွားရေးချောင်လည်သူ တစ်ယောက်ဖြစ်မှန်း မပြောဘဲနှင့် သိနိုင်ကြပေသည် ။
ချင်းပြည်နယ်၏ မြောက်ပိုင်းဒေသမှာ သာမန်နေရာတို့ ထက် ပိုပြီးခေါင်သောနေရာဖြစ်သည် ။
ပေပေါင်း(၈၇၆၅)ပေမြင့်သော နော်ကိုဗန်တောင်မြင့် ကြီး၏ မြောက်ဘက်တွင် ရွာမရှိသလောက် နည်းပါးသွားလေသည် ။ ဟိုဘက်တွင် ဟီယန်းဇံရှိပြီး ထိုမှ ကျော်လျှင် အိန္ဒိယနယ်စပ်သာ ရှိတော့သည် ။
ဟီယန်းဇံတောင်၏ အနောက်ဘက်တွင် နယ်ခြား ဒေသရောက်သည် အထိပေါက်သော မြစ်တစ်စင်းရှိသည် ။
နော်ကိုဗန်မြစ်ဟု ပင် အလွယ်တကူခေါ်ကြသည် ။
မြစ်၏ အနောက်ဘက်တွင် ကျီးခါး၊ မော်ထွန်းစသော ရွာများ ရှိပြီး မြစ်၏ အရှေ့ဘက်မှာ တော့ လေပီရွာ ရှိသည် ။
လေပီရွာသည် အတော်အသင့် စည်ကားသောရွာ တစ်ရွာဖြစ်ပြီး နေထိုင်ကြသူလည်း အတော်ပင်များ သည် ။
စီးပွားရေးအခြေအနေ ကောင်းသူအချို့လည်း ရှိကြလေသည် ။ ထိုအထဲတွင် ဦးဗန်ဟေတို့ မိသားစုလည်း အပါအဝင် ဖြစ်သည် ။
ဦးဗန်ဟေက အသက်(၆ဝ)ခန့်ရှိပြီး မိန်းမဖြစ်သူ ဒေါ် ချယ်လောက အသက်(၅ဝ)ကျော်အရွယ်ခန့် ရှိပေပြီ။ သူတို့ လင် မယားတွင် အရွယ်ရောက်နေပြီဖြစ်သော သမီးတစ်ယောက်၊ သားတစ်ယောက်ရှိသည် ။ သမီးအကြီးအမည်က ''ချယ်ရီ''ဖြစ်ပြီး (ချင်းအမည်ရှိသော်လည်း ချယ်ရီဟု သာ ခေါ်ဝေါ်ကြသည် ။ )
သူမမှာ အသက်(၂၃)နှစ်အရွယ် ရောက်နေပေပြီ။
ရုပ်ရည်ချောမောသလို မာနကြီးသူတစ်ဦးလည်း ဖြစ်သည် ။
မိဘက စီးပွားဥစ္စာပြည့်စုံသဖြင့် တော်ရုံလူပျိုကာလသားတို့ အနားမကပ်နိုင်ကြပေ။
သားဖြစ်သူ ရမ်မန်းက အသက်(၂ဝ)ကျော်လောက်သာ ရှိသေးသည် ။
ဦးဗန်ဟေတို့ မိသားစုမှာ လေပီရွာတွင် စီးပွားဥစ္စာ အချမ်းသာဆုံး ရှိကြလေသည် ။
သူတို့ ပိုင်သော တောင်ယာစိုက်ခင်း များ စွာရှိသည် ။
သိုး၊ ဆိတ်၊ ဝက်၊ ကြက်အကောင်များ စွာ မွေးမြူထားသည် ။
ဦးဗန်ဟေ၏ ချမ်းသာကြွယ်ဝမှု အကြောင်းရင်းထဲတွင် နွားနောက် အကောင်အတော်များများ ပိုင်ဆိုင်ထားခြင်းလည်း အကြောင်းရင်းတစ်ခု ပါဝင်လေသည် ။
ချင်းပြည်နယ်အတွင်း နေထိုင်ကြသူများ အတွက် နွားနောက်သည် မရှိမဖြစ် သတ္တဝါတစ်မျိုး ဖြစ်သည် ။
မိန်းမတောင်းလျှင်သော်လည်းကောင်း၊ သာရေးနာရေး အတွက်သော်လည်းကောင်း၊ နတ်ပူဇော်ပသရန်အတွက်သော် လည်းကောင်း၊ ဘွေသဲအပါအဝင် အခြားပွဲများ ကျင်းပကြရန် အတွက်သော်လည်းကောင်း နွားနောက်သားဖြင့် ကျင်းပပြုလုပ်ကြသည် ။
ထို့ကြောင့် သူတို့ အရပ်တွင် နွားနောက်သည် မရှိမဖြစ် သတ္တဝါမျိုးဖြစ်သည် ။ အိမ်တိုင်းလိုလို နွားနောက်ကို မွေးမြူထားကြလေသည် ။
ရွာထဲတွင် နွားနောက်အများ ဆုံး ပိုင်ဆိုင်သူကို လူချမ်းသာ သို့မဟုတ် သူဌေးစာရင်းသွင်း၍ ပြောဆိုဆက်ဆံကြလေသည် ။
ဦးဗန်ဟေက ၎င်းပိုင်ဆိုင်သော နွားနောက်များကို ရွာနှင့် မနီးမဝေး နော်ကိုဗန်တောင်ခြေတစ်နေရာ၌ ခြံကျယ်ကြီး တစ်ခြံဖြင့် ထားသည် ။
ထိုနေရာသည် သစ်တောများ ၊ မြက်ခင်းပြင်များ ရှိသဖြင့် စားကျက်ကောင်းသည် ။
ထို့ကြောင့် ဦးဗန်ဟေပိုင်ဆိုင်သော နွားနောက်များမှာ နှစ်စဉ်အကောင်ရေ တိုးပွားနေလေသည် ။
နွားခြံကိုတော့ ခြံစောင့်နှင့် အလုပ်သမားများ ထားသည် ။
သို့သော်လည်း ချယ်ရီနှင့် ရမ်မန်တို့ က တစ်ယောက် တစ်လှည့်စီ သွားရောက်ကြည့်ရှု့ကြရခြင်း၊ နို့ညှစ်ခြင်း၊ ထောပတ်၊ ဒိန်ခဲပြုလုပ်သော အလုပ်များကိုလည်း အလုပ်သမားများကပင် ပြုလုပ်ကြသည် ဆိုသော်လည်း ချယ်ရီတို့ မောင်နှမနှစ်ယောက်ကတော့ တစ်ယောက်တစ်လှည့်စီ သွားရောက်ကြည့်ကြရသည် ။
ဦးဗန်ဟေနှင့် ဒေါ်ချယ်လောတို့ ကတော့ အသက်အရွယ်ကြီးပြီဖြစ်သဖြင့် ထိုအလုပ်များကို မလုပ်တော့ဘဲ သားသမီးများ ဖြင့်သာ လွှဲထားလေတော့သည် ။
သို့သော်လည်း ရမ်မန်းက ထိုအလုပ်ကို စိတ်မပါပေ။
လူပျိုလူရွယ်ဖြစ် လာပြီ ဖြစ်သောကြောင့် မိန်းမပိုးခြင်း၊ အပေါင်းအသင်းများ နှင့် သွားလာခြင်း၊ တူမီးသေနတ်ယူပြီး အမဲလိုက်ခြင်း စသောအလုပ်များကိုသာ စိတ်ဝင်စားလေသည် ။
တစ်နေကုန် နွားခြံမှာ သွားနေရသည် ကိုတော့ စိတ်မဝင်စားလှပေ။ ဖခင်ဖြစ်သူက ဆူပူကြိမ်းမောင်းပြီး စေလွှတ်မှ သာ တစ်ခါတစ်ရံ သွားလေသည် ။
သူသွားသည် ဖြစ်စေ၊ မသွားသည် ဖြစ်စေ နေ့စဉ်သွား ရောက်ကြည့်ရှုရသည် ကတော့ ချယ်ရီပင်ဖြစ်ပေသည် ။
နေ့စဉ်လိုလို နံနက်လင်းပြီး နှင်းကွဲစအချိန်ကတည်းက နွားခြံသို့ရောက်ပြီး လိုအပ်သောအလုပ်များကို စီစဉ်ညွှန်ကြား ပေးရသည် ။
တစ်ခါတစ်ရံလည်း ကိုယ်တိုင်ဝင်လုပ်ပေးရသည် မျိုးလည်း ရှိပေသည် ။
အချိန်ကာလမှာ (၁၉၄၉)ခုနှစ် ဝန်းကျင်ကာလ ဖြစ်သည် ။ မြန်မာနိုင်ငံတွင် ဗြိတိသျှနယ်ချဲ့များ ၊ ဖက်ဆစ်ဂျပန်များ မရှိကြတော့ဘဲ နှစ်ပေါင်းတစ်ရာကျော် သူ့ကျွန်ဘဝမှ လွတ်မြောက်ကာစ အချိန်လည်း ဖြစ်ပေသည် ။
လွတ်လပ်ရေးရပြီးစ အချိန်ပင် ဖြစ်၏။
လွတ်လပ်ရေး ရပြီးစအချိန်တွင် ပြည်နယ်ပြည်မများ ဘက်တွင် ဂိုဏ်းဂဏများကွဲပြီး အာဏာလုပွဲများကြောင့် မငြိမ်မသက် ဖြစ်နေကြသော်လည်း တောင်တန်းဒေသများ ဘက်မှာ တော့ ထိုကိစ္စမျိုးတွေမရှိဘဲ ကိုယ့်အလုပ်ကိုယ်လုပ်နေကြပေပြီ။
(၁၉၄၉)ခုနှစ် မေလဆန်းကတည်းက နှင်းကျမှုက သိသိသာသာ လျော့နည်းသွားလေပြီ။ တောင်မြင့်ကြီးများ ပေါ်မှာ ဖွေးဖွေးဖြူအောင် ရှိနေကြသော နှင်းခဲများ အရည်ပျော်ကျစ အချိန် ဖြစ်ပေသည် ။
တောင်များ ပေါ်မှာ ဖုံးနေသောနှင်းခဲများ အရည်ပျော် ကျစအချိန် ဖြစ်သဖြင့် တောင်ဇလပ်ပန်းတို့ ရောင်စုံဖူးပွင့်လာ ကြသည် ။
တောင်များ ပေါ်မှာ လည်း တောင်ဇလပ်ပန်းများ သာမကဘဲ အခြားပန်းမျိုးစုံတို့ တစ်ပြိုင်နက်တည်း ဖူးပွင့်ကြသော အချိန်ဖြစ်သောကြောင့် လည်း ပန်းတောင်တန်းကြီးများ သဖွယ် ဖြစ်နေပေတော့သည် ။
ထိုအချိန်မျိုးရောက်လျှင် ချင်းတောင်တန်းကြီးများမှာ အလှချင်းပြိုင်လျှက် ချင်းပြည်နယ်တစ်ခုလုံး လှပနေပေတော့သည် ။
ချယ်ရီသည် နံနက်စောစောကတည်းက နွားခြံသို့ ရောက်နေပြီး အလုပ်သမားများ နှင့် လုပ်ရာ နေရောင်ခြည်ရလာ သောအချိန်မှာ တော့ ပြီးသလောက်ရှိသွားပေပြီ။
ထို့ကြောင့် နွားခြံနှင့် မဝေးလှသော တောင်စောင်းတစ် နေရာထိပ်ရှိ တောင်ဇလပ်ပင်ကြီးအောက်တွင် သွားရောက်ထိုင်ရင်း သီချင်းဆိုနေလေသည် ။
သူမထိုင်နေသော တောင်ဇလပ်ပင်ကြီးမှာ တစ်ပင်လုံး ပန်းများ ပွင့်နေသောကြောင့် နီရဲနေလေသည် ။
ထို့ပြင် မနီးမဝေးမှာ ချယ်ရီပင်ကြီးလည်း ရှိသည် ။
အနီရောင်ပန်းများ ပွင့်သော ကသစ်ပင်ကြီးလည်း ရှိသည် ။
အဖြူရောင်ပန်းများ ဖြင့် လှပနေသော စွယ်တော်ပင် ကြီးလည်း ရှိသည် ။
ထို့ပြင် ထာလ်သစ်ပင်ကြီး တစ်ပင်လည်း ရှိသေးသည် ။
ထို့ကြောင့် ဘယ်နေရာကြည့်ကြည့် ပန်းရောင်စုံများ ဖြင့် လှပတင့်တယ် နေလေတော့သည် ။
သူမ ထိုင်နေသော တောင်စောင်းပေါ်မှ လှမ်းမျှော် ကြည့်လျှင် မြွေတစ်ကောင်ကဲ့သို့ ကွေ့ကွေ့ကောက်ကောက် စီးဆင်းနေသော နော်ကိုဗန်မြစ်ကြီးကို သော်လည်းကောင်း၊ တောင်ကြားတွင် စီးဆင်းနေသော အခြားချောင်းများကိုသော်လည်းကောင်း လှမ်းမြင်နေရသည် ။
ချယ်ရီသီဆိုနေသောသီချင်းမှာ ..လာမ်ပလတ် (Laampalaak) သီချင်းပင် ဖြစ်၏။ ထိုသီချင်းသည် ယောက်ျား လေးဖြစ်စေ မိန်းကလေးဖြစ်စေ မိမိခံစားမှုကို ဖော်ထုတ်ရာတွင် သီဆိုလေ့ရှိကြသည် ။ သီချင်း၏ အဓိပ္ပာယ်မှာ ...
''တောင်တန်းများ ပေါ်တွင် ၊ သစ်ပင်ပန်းပင်များ ပေါ်တွင် အပွင့်ကလေးများ ပြန်လည်ဖူးပွင့်နေကြမည်။ မိမိတို့ လည်း ထိုနည်းတူစွာ ပြန်လည်ဖူးပွင့်ကြမည့် အချိန် ရောက်မည်။ ချဉ် သောဆီးသီးနှင့် အေးမြသော သောက်ရေအဖြစ်၊ တို့ နှစ်ဦး ဖန်ဆင်း၍ ရခဲ့သော လမ်းနံဘေးမှာ ဆီးသီးပင်အဖြစ် အတူရပ်နေကြပေမည်''
ဟူ၍ ဖြစ်ပေသည် ။
ထိုကဲ့သို့ သီချင်းဆိုနေစဉ် သူမရှိနေသောနေရာနှင့် မနီးမဝေးမှ တောတိုးလာသော ခြေသံကိုကြားရလေသည် ။
လှည့်ကြည့်လိုက်တော့ တောထဲမှ လူရွယ်တစ်ယောက် ထွက် လာလေသည် ။
တစ်ကြိမ်တစ်ခါမှ မမြင်ဖူး၊ မတွေ့ဖူးသော မျက်နှာစိမ်းတစ်ဦးဖြစ်သည် ။
ပုံပန်းသဏ္ဌာန်ကြည့်ရသည် ကတော့ ချင်းလူမျိုးတစ်ယောက် ဖြစ်ဟန်ရှိသည် ။
သူက ခြေလှမ်းမှန်မှန်ဖြင့် လျှောက် လာပြီး မနီးမဝေး နေရာမှာ ရပ်လိုက်သည် ။
''နင် ဘယ်သူလဲ''
''ငါ့နာမည် ချဉ်ထန်လို့ ခေါ်တယ် နောက်နာမည်တစ်ခုလည်း ရှိသေးတယ် နော်ကိုဗန်''
''နော်ကိုဗန်ဆိုတာ တောင်ရဲ့ နာမည်၊ မြစ်ရဲ့ နာမည်ပဲ''
''ဟုတ်တယ် ငါ့မိဘတွေက တောင်လိုမြင့်ပြီး၊ မြစ်တစ်စင်းလို ဝေးဝေးသွားနိုင်အောင် နော်ကိုဗန်လို့ ပေးထားကြတာပါ၊ ငါက မြစ်ရဲ့ အနောက်ဘက် ဒမ်ဗာရွာမှာ နေပါတယ်''
ဟု ပြောပြလေသည် ။
ချယ်ရီ စိတ်ထဲမှာ တော့ ဒမ်ဗာရွာအမည်ကို ကြားဖူးသော်လည်း ရှေ့မှာ ရောက်နေသော နော်ကိုဗန်ကိုတော့ မတွေ့ ဖူး၊ မမြင်ဖူးသေးပေ။
''နင့်နာမည် ဘယ်လိုခေါ်လဲ''
''ဆွယ်လီ''
ချယ်ရီက အမည်တစ်ခုကို ပြောလိုက်သည် ။
''နင် သီချင်းဆိုတာ အတော်ကောင်းတယ်၊ အသံကလည်းကောင်းတယ်၊ ငါ အမဲလိုက်ရင်းနဲ့ ဒီဘက်ရောက်လာတော့ နင်ဆိုနေတဲ့ သီချင်းသံကြားတာနဲ့ လာခဲ့တာ''
ဟု ပြောပြီး မနီးမဝေးမှာ ရှိနေသော သစ်တုံးတစ်တုံးပေါ်မှာ ဝင်ထိုင်လေသည် ။
နော်ကိုဗန်ဟူသော တောင်နာမည် ပေးထားသော လူရွယ်မှာ ချယ်ရီနှင့် သက်တူရွယ်တူခန့်သာ ရှိသေးပြီး ရုပ်ရည်နှင့် ဟန်အမူအယာကလည်း လိုက်ဖက်မှုရှိသည် ။
အပြောအဆိုကလည်း ကောင်းသဖြင့် ချယ်ရီကလည်း ယခုမှ ပင် တွေ့ကြသည် ဆိုသော်လည်း စကားပြောဖော်အဖြစ် လက်ခံပေးလိုက်ခြင်း ဖြစ်ပေသည် ။
''နင်က ဘယ်ရွာမှာ နေတာလဲ''
''လေပီရွာမှာ နေတယ်''
''အော် မြစ်တစ်ဖက်ကမ်းစီနေကြတာပဲ၊ ဒါထက် ဒီမှာ ဘာလုပ်နေတာလဲ''
''နွားကျောင်းနေတာ၊ ဟိုမှာ လှမ်းမြင်နေရတဲ နွားခြံမှာ နွားကျောင်းနေတာ''
ချယ်ရီက နွားခြံပိုင်ရှင်သမီးဟု မပြောဘဲ နွားကျောင်း နေသည် ဟု သာ ပြော လိုက်လေသည် ။
နော်ကိုဗန်ကတော့ နွားခြံရှိသောနေရာသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး စိတ်ဝင်စားပုံမရပေ။
သူစိတ်ဝင်စားနေသည် က ရှေ့မှာ ရှိနေသော ချယ်ရီကိုသာ ဖြစ်လေသည် ။
''ဒါဖြင့် နင်ဒီနေရာမှာ အမြဲ လာပြီး နွားကျောင်းနေတာ ပေါ့နော်၊ ငါလည်း ဒီနေရာတွေကို မကြာခဏရောက်တယ်၊ တကယ်လို့ နောက်တစ်ခါဆုံဖြစ်ရင်လည်း ငါနင့်ဆီကို လာပြီး စကားပြောမယ်''
ချယ်ရီကတော့ ခေါင်းမညိတ်၊ ခေါင်းမခါနှင့် ဒီအတိုင်းသာ ကြည့်နေလေသည် ။
နောက်တော့ နော်ကိုဗန်ဆိုသောလူရွယ်က သူမကို နှုတ်ဆက်ပြီး ပြန်သွားလေတော့သည် ။
အပြင်ဘက်မှာ သစ်ပင်များ ၊ ပန်းပင်များက လေတိုး နေသောကြောင့် ယိမ်းထိုးလှုပ်ရှား နေကြလေသည် ။
ချယ်ရီဆိုသော မိန်းမပျိုတစ်ဦး၏ ရင်ထဲမှာ တော့ လေမတိုက် မိုးမရွာပါဘဲနှင့် လှုပ်ရှားလျက် ကျန်ရစ်ခဲ့ပေတော့သည် ။
***