ရင်ခတ်ပန်းဆိုသည် မှာ မမျှော်လင့်ဘဲ ရင်ကိုလှုပ်ခတ်ခဲ့သော နူးညံ့သည့် အတွေ့အကြုံတစ်ခုပင် ဖြစ်၏။
ထိုအတွေ့အကြုံကိုပင် နူးညံ့သောပန်းဖြင့် တင်စား ခေါ်ဝေါ်ကြခြင်း ဖြစ်ပေသည် ။
''တွေ့စကပင် မငြင်းခဲ့သော် ကြာသော်မေ့မရ၊ အတွေး လှလှကလေးများ နှင့် အတူ ကြာသောအခါ ချစ်သူဘဝရောက်ကြရသည် ''
ဆိုသော သီချင်းအတိုင်းပင်၊ ချယ်ရီ့ဘဝက ထိုကဲ့သို့ အခြေအနေမျိုး ရောက်ခဲ့ရပေတော့သည် ။
စတင်တွေ့ကတည်းက သူပြောသမျှ မငြင်းပယ်ခဲ့သဖြင့် နောက်ပိုင်းမှာ လည်း ''နော်ကိုဗန်''တစ်ယောက် သူမရှိရာသို့ မကြာခဏ ရောက် လာလေ့ရှိသည် ။
မလာလျှင်သော်မှ ချယ်ရီစိတ်ထဲမှာ တစ်ခုခုကို မျှော် နေသကဲ့သို့ ခံစားရသည် ။
ဒါကပင် ချစ်ခြင်းမေတ္တာ၏ အစပင် ဖြစ်၏။
တစ်နေ့တော့ နှစ်ယောက်တည်းတွေ့ရခိုက် နော်ကိုဗန်က ချစ်စကားပြောသည် ။
''ဆွယ်လီ ငါတော့ နင့်ကိုချစ်မိနေပြီ၊ နင့်ကိုမမြင်ရ မတွေ့ရရင်တောင် မနေနိုင်လောက်အောင် ဖြစ်နေမိပြီ၊ နင်သဘောကရော ဘယ်လိုရှိသလဲ''
''ဒါပေမယ့် နင်ရဲ့ အကြောင်းတွေကိုလည်း ငါကဘာမှ မသိရသေးဘဲနဲ့ နင်ပြောတာကို ဘယ်လိုလက်ခံလို့ ဖြစ်မလဲ''
''ငါတို့ က မြစ်ရဲ့ အနောက်ဘက်ကမ်းမှာ ရှိတဲ့ ဒမ်ဗာရွာ မှာ နေကြတယ်၊ ငါ့မိဘတွေက တောင်ယာစိုက်တယ် နွားနောက် တွေမွေးထားတယ်၊ ငါတို့ မှာ မောင်နှမသုံးယောက်ရှိတယ်..၊ အစ်မကြီးက ယောက်ျားရသွားပြီ၊ ငါနဲ့ ညီမလေးက လူပျို အပျိုတွေပဲ ရှိသေးတယ်၊ ငါပြောတာတွေကိုမယုံရင် နင်လူလွှတ်ပြီး စုံစမ်းကြည့်ပါ''
ဟု ပြောပြလေသည် ။
ချယ်ရီစိတ်ထဲမှာ တော့ ''သူ့ဘက်ကမှန်လို့ သာ အခုလို ရဲရဲတင်းတင်း ပြောနေတာဖြစ်မှာ ပဲ'' ဟု တွေးလိုက်မိသည် ။
နောက်ပိုင်းမှာ လည်း နော်ကိုဗန်နှင့် ချယ်ရီတို့ နှစ်ယောက်မှာ တောင်ဇလပ်ပင်ကြီးအောက်မှာ မကြာခဏဆုံတွေ့ကြရင်းမှ အချိန်ကြာသောအခါ ချစ်သူဘဝသို့ ရောက်သွားလေသည် ။
ထိုအကြောင်းကိုတော့ ချယ်ရီ မိဘများက မသိကြပေ။
တစ်နေ့တော့ နော်ကိုဗန်က ပြောသည် ။
''ဆွယ်လီ ငါတို့ နှစ်ယောက် ချစ်သူတွေဖြစ်ခဲ့ကြပြီဆိုတော့ ငါနင်နဲ့ ကြာကြာခွဲပြီး မနေချင်တော့ဘူး''
''ငါလည်း နင့်လိုပါပဲ''
''ငါတို့ နှစ်ယောက် လူကြီးတွေကို အသိပေးပြီး မင်္ဂလာဆောင်ကြရင် မကောင်းဘူးလား''
''ကောင်းပါတယ်၊ နင့်မိဘတွေကို အသိပေးပြီး ငါ့မိဘတွေဆီမှာ လာပြီးစေ့စပ်တောင်းရမ်းခိုင်းပေါ့''
ဟု ပြောလိုက်ရာ နော်ကိုဗန်လည်း ပြန်သွားလေတော့သည် ။
တကယ်တော့ သူတို့ နှစ်ယောက်မှာ ချစ်သူများ ဘဝ ရောက်ကြပြီဖြစ်သဖြင့် လက်ထပ်ရန်အတွက် စိတ်ကူးကြသော်လည်း ချင်းလူမျိုးတို့ ဓလေ့ထုံးစံအရ လက်ထပ်ထိမ်းမြားသောကိစ္စမှာ လွယ်ကူသောကိစ္စတော့ မဟုတ်ပေ။
သားသမီးရှိသော မိဘနှစ်ပါးအတွက် အရွယ်ရောက်ပီး သားသမီးများကို အိမ်ထောင်နေရာချထားပေးရေးသည် အဓိကတာဝန်တစ်ခု ဖြစ်သည် ။
မိဘနှစ်ပါးဆုံးပါးသဖြင့် ကျန်ရစ်သော သားသမီးများကို အိမ်ထောင်ချပေးရေးသည် လည်း နီးစပ်သောညီအစ်ကို၊ မောင်နှမနှင့် ဆွေမျိုးများ ၏ တာဝန်ဖြစ်သည် ။
သားသမီးများ အိမ်ထောင်ကျပြီးမှ သာ မိဘများ ၏ တာဝန်ပြီးမြောက်၍ ရင်အေးကြရသည် ။
ချင်းထုံးစံအရ မိမိသားအတွက် ကြင်ယာရှာရာ၌ သားဦးသည် အမွေအားလုံးကို ဆက်ခံမည့် သူဖြစ်သဖြင့် မိခင်ဘက်မှ ယောက်ဖ(မိခင်၏ အဖေအရင်းမှ ပေါက်ဖွားသောသမီး) ၏ သမီးကို ယူကြရလေ့ရှိသည် ။
ကာလသားသည် မိမိယောက္ခမ၏ သမီးများ ထဲမှ အကြိုက်ဆုံးကို ရွေးချယ်ရပါမည်။
ဤကဲ့သို့ ယောက္ခမ၏ သမီးကို လက်ထပ်ခြင်းအားဖြင့် ဆွေမျိုး၏ မျိုးဆက်ကို ထိန်းသိမ်းရာလည်း ရောက်သည် ။
မိမိယောက္ခမ၏ သမီးများ ထဲမှ ယူရမည့် သူ မရှိသော အခါမှ သာ အခြားနှစ်သက်သောသူကို ယူကြရသည် ။
ကာလသားသည် မျိုးရိုးတူ၊ မျိုးတူ၊ အနွယ်တူ (Lineage, clan) ထဲမှ အမျိုးသမီးကို မယူကြရပါ။
မိမိ၏ မျိုးတူ မိန်းကလေးကို လက်ထပ်ယူလျှင် နားပင်း၍ မျက်စေ့ကန်းတတ်သည် ဟု အယူအဆရှိသောကြောင့် ရှောင်ကြဉ်ကြသည် ။
ကာလသားသည် မယားရှာဖွေရာတွင် မိမိ၏ ဆွေမျိုး ယောက္ခမ၏ သားသမီးများ ထဲမှ လက်ထပ်လိုသူမရှိ၍ အခြားသူကို လက်ထပ်လိုလျှင် မိဘများအား အကျိုးအကြောင်းကို ပြောပြရ၏။
ထိုအခါ မိဘတို့ သည် ၎င်းတို့ ၏ သား ရွေးချယ်ထားသော ချစ်သူမိန်းကလေး၏ မျိုးရိုးဆင်းသက်လာပုံ၊ အကျင့် စာရိတ္တကို အောက်ပါအတိုင်း လေ့လာကြသည် ။
ပထမဦးစွာ သားသဘောကျသော မိန်းကလေး၏ မျိုး ရိုးဆင်းသက်လာပုံကို လေ့လာ၍ စုန်းရှိသော မိသားစုမှ ပေါက်ဖွားလာသူဖြစ်မဖြစ်ကို စုံစမ်းသည် ။
စုန်းရှိသော မိသားစုမှ ပေါက်ဖွားလာသည့် မိန်းကလေးဖြစ်လျှင် လက်ထပ်ပေးရန် မစဉ်းစားတော့ပေ။
အကယ်၍ သားက မိဘ၏ စကားကို နားမထောင်ဘဲ ထိုသို့သော အမျိုးသမီးကို လက်ထပ်ပါက ဂုဏ်၊ အဆင့်အတန်း ခွဲခြားခြင်း ခံရမည်ဖြစ်သည် ။
မိမိ၏ သားသည် အမျိုးသန့်ရှင်းသူဖြစ်ပါလျက် အမျိုးမသန့်ဟု ထင်မြင်ကြသော စုန်းရှိသူနှင့် အိမ်ထောင်ပြုခြင်းကို မိဘကမလိုလားကြပေ။
တားဆီးမရသဖြင့် လက်ထပ်ခြင်းပြုပါက အဆင့်ခွဲခြားခြင်း၊ သားအဖြစ်မှ စွန့်လွှတ်ခြင်းခံရသည် အထိပင် ဖြစ်နိုင်ပါသည် ။
မိန်းကလေးသည် လည်း စုန်းရှိသူအမျိုးသားကို ယူပါကလည်း ဤကဲ့သို့နှိမ်ခြင်း၊ စွန့်ပစ်ခြင်းအထိ ခံရနိုင်ပါသည် ။
စုန်းရှိသူများ သည် မသန့်ရှင်းသောလူကို ပြုစားတတ်သော သူများ အဖြစ် သတ်မှတ်ကြသဖြင့် အပယ်ခံလူတန်းစားအဖြစ် မှတ်ယူကြသည် ။
စုန်းရှိသောသူ၏ အိမ်နီးနားတွင် နေထိုင်သူတစ်ဦးသည် ထမင်းကောင်း၊ ဟင်းကောင်းကိုချက်လျှင် ထမင်းမစားမီ အောက်ပါအတိုင်း ပြုလုပ်တတ်ကြသည် ။
ထမင်းအနည်းငယ်နှင့် အသားအနည်းငယ်ကိုဖဲ့၍ လက်ထဲထည့်ပြီး စုန်းရှိသူ၏ အိမ်ဘက်သို့ မျက်နှာမူလျက်...
''ကျွန်တော်တို့ အား အနှောင့်အယှက် မပြုလုပ်ပါနှင့် ၊ အနားလည်း မကပ်ပါနှင့် ၊ အသင်တို့ စားဖို့ အတွက် ကြွေးလိုက်ပြီ၊ ဝလင်အောင်စားကြလော့''
ဟု ပြောကာ ထိုအိမ်ဖက်သို့ လွှင့်ပစ်ပြီးမှ ထမင်းကို စားသောက်ကြလေ့ရှိပါသည် ။
ဘိုးဘေးစဉ်ဆက် အယူအဆ၌ စုန်းများ သည် လူကို ဖျားနာအောင်ပြုစားတတ်ကြခြင်း၊ မိမိအိမ်ထဲရှိ အိုး၊ ပန်းကန်ထဲ၌ သိမ်းထားသော အသားများကိုပင် စားတတ်ကြသည် ဟူ၍ ဖြစ်သည် ။
ဒုတိယဆန်းစစ်မှုမှာ ''လက်ဆော့သူ'' ဖြစ်သည် ။
ခိုးတတ်သောအကျင့်ရှိသူကို ပယ်ကြ၏။
ချင်းလူမျိုး တစ်ဦးအတွက် ''ခိုးတတ်သည် ''ဟု ခေါ်ဝေါ်ယိုးစွပ်ခြင်း ခံရသည့် စကားသည် အလွန့်အလွန်အခံရခက်သော စကားဖြစ်သည် ။
ချင်းလူမျိုးများ ၏ ချစ်စရာကောင်းသောအကျင့်စရိုက် တစ်ခုသည် ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်းဖြစ်သည် ။
နွေရာသီ အချိန်ကျရောက်၍ တစ်အိမ်သားလုံး တောင်ယာသို့ နေ့ချင်းပြန်သွားလျှင်ဖြစ်စေ၊ ညအိပ်သွားလျှင်ဖြစ်စေ၊ အိမ်တံခါးကို သော့ခတ်ပြီး ပိတ်ထားခြင်း မရှိကြပါ။
အဖိုးတန်ပစ္စည်းများကို ကြိမ်၊ ဝါး၊ နှီးချောဖြင့် ယက်လုပ်သော ဘုတ်ဘာအို( bukbau )တွင် ထည့်ကာ အဝတ်အစားများ ဖြင့် ဖုံးအုပ်ကာ အိမ်ခြံဝန်းအတွင်းရှိ ငှက်ပျောပင်များ အကြား၊ ငှက်ပျောပင်အုပ်အတွင်း ထားခဲ့ကြသည် ။
ဤသို့ သိမ်းဆည်းခြင်းပြုလုပ်ရခြင်းမှာ ခိုးယူတတ်သော အကျင့်များ မရှိကြသောကြောင့် အခြားသူတစ်ပါးကိုလည်း ယုံကြည်စိတ်ချရသည့် အတွက်ကြောင့် ဖြစ်၍ လည်းကောင်း၊ မီးလောင်မှုဖြစ်ပွားပါကလည်း ကြိုတင်ကာကွယ်မှု အဖြစ်လည်း ကောင်း၊ အခြားသောသူများက အိမ်ထဲရှိပစ္စည်းများကို လွယ်ကူစွာ ဝင်ရောက်ထုတ်ယူနိုင်ရန် ဖြစ်သည် ။
ထို့ကြောင့် ခိုးတတ်သော အကျင့်ရှိသူများကို ဇနီး၊ ခင်ပွန်းအဖြစ် ရွေးချယ်ရာတွင် ပယ်ကြရခြင်းဖြစ်သည် ။
တတိယအချက်အနေဖြင့် စုံစမ်းစစ်ဆေးသည့် အချက်မှာ ''နှုတ်ဖွာသူ'' ဖြစ်မဖြစ်ဟူသော အချက်ဖြစ်သည် ။
နှုတ်ဖွာသူ၊ နှုတ်မလုံသူ၊ တွေ့ကရာ ပြောတတ်သူများကိုလည်း ပယ်ကြ၏။
နှုတ်ဖွာသူများ သည် ကြားသမျှအကြောင်း၊ သတင်းများကို နှုတ်မထိမ်းဘဲ ပြောတတ်ကြသဖြင့် မိမိအိမ်သားများ နှင့် ဖြစ်စေ၊ ပတ်ဝန်းကျင်နှင့် ဖြစ်စေ၊ စကားများ ရန်ဖြစ်တတ်ကြသည် ။
ထို့ပြင် နှုတ်မထိမ်းနိုင်မှုကြောင့် တရားရုံးသို့လည်း ရောက်တတ်ကြပါသည် ။
ထို့ကြောင့် ချင်းစကားပုံတွင် ...
''မိန်းမ အိမ်ပြင်သို့ အထွက်များ လွန်းသူ ပြဿနာနှင့် အိမ်ပြန်ရောက်...''
''ဝက်မ ခြံပြင်သို့ရောက်သူ မြားဒဏ်ရာနှင့် အိမ်ပြန်ရောက်'' ဟူသတည်း။
ဇနီးသည် ၊ ခင်ပွန်းသည် ရွေးချယ်ကြရာတွင် ဂုဏ်အဆင့်အတန်း၊ လူနေမှုအဆင့်အတန်း၊ ဆင်းရဲချမ်းသာခြင်း.. စသော အခြားအကြောင်းအရာ အများ အပြားရှိနိုင်ပါသည် ။
အဓိကအားဖြင့် ရှောင်ရှားကြသော အကြောင်းအရာမှာ ဖော်ပြပြီးသော အချက်သုံးချက်ဖြစ်သည် ။
အကြောင်းမှာ ထိုသုံးချက်သည် သားစဉ်မြေးဆက် အမွေကဲ့သို့ လက်ဆင့်ကမ်းနိုင်သောအရာ ဖြစ်သောကြောင့် ဖြစ်ပါသည် ။
အခြားအကြောင်းချင်းရာတစ်ခုမှာ မုဆိုးဖို၊ မုဆိုးမ၏ သားသမီးကို အိမ်ထောင်ပြုရန် ဝန်လေးတတ်ကြသည် ။
အကြောင်းမှာ မိခင်မရှိသူသည် မိန်းကလေးတစ်ဦး၏ ဣန္ဒြေသိက္ခာ၊ အကျင့်စာရိတ္တ၊ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို သွန်သင်သည့် မိခင်ကောင်းမရှိသောကြောင့် ဖြစ်သည် ။
ထိုနည်းတူစွာ ဖခင်မရှိသူကလေးများ သည် လည်း လူ့ အသိုင်းအဝိုင်းနှင့် ဆက်ဆံပြောဆိုရာတွင် အားနည်းချက်များ ရှိ တတ်သောကြောင့် ဖြစ်သည် ။
ဤကဲ့သို့ ငယ်စဉ်ဘဝမှ သွန်သင်ဆုံးမခြင်း ကင်းမဲ့သောသူသည် အိမ်ထောင်သည် ဘဝသို့ ရောက်ရှိသောအခါ မိမိခင်ပွန်းထံမှ လည်းကောင်း..၊ ဆုံးမသွန်သင်ခြင်းကိုလည်းကောင်း မနာခံတတ်သဖြင့် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်တတ်သည် ။
ချင်းဓလေ့တွင် ''မိန်းမသွားဦးခြင်း'' ဆိုသည် မှာ သတို့ သမီးနှင့် သတို့ သားအား စေ့စပ်သဘောတူမှု ပြုလုပ်ခြင်းဟု ခေါ်ဆိုနိုင်သည် ။
ဤသို့ ပြုလုပ်ခြင်းသည် လက်ထပ်ရန် သဘောတူခြင်း သာလျှင်ဖြစ်၍ အတူတကွ လင်မယားအဖြစ် နေထိုင်ရန် မဟုတ်သေးပါ။
ဤသို့ပြုလုပ်ရာ၌ စာဖြင့်ရေးသားခြင်း လက်မှတ်ရေးထိုးခြင်း မရှိသော်လည်း ၊ နှုတ်ဖြင့်ပြောဆိုခြင်း၊ ဆုတောင်းခြင်းသည် အတည်ဖြစ်သည် ။
ကျမ်းကျိန်သကဲ့သို့ လုံလောက်သည် ။ သတို့ သမီး၊ သတို့ သားတို့ ကလည်း လိုက်နာကြရသည် ။
ဤကဲ့သို့ သဘောတူညီမှု၊ မိန်းမသွားဦးရာတွင် သတို့ သားဖက်မှ ကြက်ဖနီတစ်ကောင် ယူဆောင်ရသည် ။
အဖြူရောင် ကြက်ဖကို မသုံးရပါ။ ၎င်းအပြင် အနံ့အရသာကောင်း၍ ပြင်းသော ခေါင်အိုးတစ်လုံးကိုလည်း ယူဆောင်သွားရသည် ။
၎င်းခေါင်အိုးကို ကြပ်မတ်ရန် လူကြီးတစ်ဦးကိုလည်းကောင်း၊ ဆုတောင်းပေးရန်အတွက် ရွာထဲမှ နာမည်ကောင်း ဂုဏ်သရေရှိ လူကြီးတစ်ဦးကိုလည်းကောင်း တာဝန်ပေးတတ်ကြသည် ။
တည်ပြီး၍ သောက်ရန်အသင့်ရှိသော ခေါင်အိုးရှေ့၌
သတို့ သားနှင့် သတို့ သမီးတို့ အား ရပ်စေ၍ သစ္စာရည်အဖြစ် ခေါင်ရည်ကို တစ်ငုံစီစုပ်ခိုင်းသည် ။
ထိုအခါ ဆုတောင်းသူသည် လက်တစ်ဖက်မှ ကြက်မနီနှင့် ကျန်လက်တစ်ဖက်မှ တုတ်ချောင်းတစ်ခုကို ကိုင်လျက်.. ကတိသစ္စာဆိုရန် ဆုတောင်းပေးသည် ။
ထိုသို့ကတိပြုသစ္စာဆိုကြသည့် အတိုင်း ကတိပျက်သူသည် နွားနောက်ပေးလျော်ရသည် ။
ဤကဲ့သို့ သစ္စာပြု ဆုတောင်းပေးပြီးနောက် ကိုင်ထားသော ကြက်၏ ဦးခေါင်းကို တုတ်နှင့် ရိုက်၏။
ကြက်ခေါင်းမှ ယိုစီးသောသွေးကို လက်ဖြင့်တို့ လျက် သတို့ သမီးနှင့် သတို့ သားနှစ်ဦး၏ လက်ဖျံ၌ အနည်းငယ်စီ လိမ်းပေးသည် ။
ဆုတောင်းကတိပြုခြင်းပြီးစီးသောအခါ ၎င်းတို့ နှစ်ဦးသည် ခေါင်အိုးအနားမှ ခွာကြသည် ။ ထိုအခါ ကြက်သတ်သူသည် လက်မှ ကိုင်ထားသော ကြက်ကို အများ မြင်သာအောင် အပေါ်သို့ထောင်ပြ၍ တုတ်ဖြင့်ရိုက်၏။
ဘေးပတ်လည်၌ ရှိကြသောသူများ သည် ထိုကြက်မှ မည်သည့် နိမိတ်ပြမည်ကို အားလုံး သေချာစွာကြည့်ကြကုန်၏။
ကြက်သည် သေလုမြောပါးရှိနေချိန်၌ ခြေနှစ်ဖက်ကို အတိုအရှည် တူညီစွာ ထားရှိပါက၊ လင်မယားသည် အိုမင်း သည် အထိ ပေါင်းသင်းကြမည်။
ပါးစပ်မှ ထွက်သော ကြက်လျှာသည် ကြက်သွေးရောင် ရှိ၍ မခွဲဘဲ ပေါင်း၍ ထားပါက ဥစ္စာပစ္စည်း ချမ်းသာမည်။
ကြက်လျှာသည် မှောက်လျက်နေပါက ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖြစ်သည် ဟု နိမိတ်ဖတ်ကြ၏။
ဤကတိသစ္စာဆိုပွဲ ပြုလုပ်ရာ၌ သတို့ သားမှ သတို့ သမီးဖက်သို့ ပေးဆောင်ရမည့် မင်္ဂလာကြေး အကုန်အကျအကြောင်းကို ဆွေးနွေးသတ်မှတ်ရသည် ။
သတို့ သမီးဘက်မှ ဝက်သော်လည်းကောင်း နွားသော်လည်းကောင်း သတ်၍ ထမင်းတည်ခင်းရသည် ။
ခေါင်အိုးများကိုလည်း တတ်နိုင်သမျှတည်၍ ညလုံး ပေါက်သောက်ကြသည် ။ ထိုပွဲသို့ အိမ်နီးချင်းအားလုံးကို ဖိတ်ခေါ်ကြရသည် ။
ထိုသို့ ညစာတည်ခင်းခြင်းသည် အမျိုးသားဖက်မှ လာ ရောက်တောင်းရမ်း၍ နှစ်ဘက်သဘောတူပြီးဖြစ်ကြောင်း ကြော်ငြာခြင်းလည်း မည်၏။
ဤကဲ့သို့ သစ္စာဆိုကြသောသူ နှစ်ဦးအနက် တစ်ဦးဦးမှ ကတိပျက်ပါက နွားနောက်တစ်ကောင်ကို ပေးလျော်ရသည် ။
ချင်းဓလေ့တွင် မိန်းမတောင်းရမ်းခြင်း အမျိုးမျိုးရှိသည် ။ ဤကဲ့သို့ တောင်းရမ်းရာတွင် ကြိုတင်နားဖောက်၍ တောင်းရမ်းခြင်းသည် ပိုပြီးအဆင်ပြေမှု ဖြစ်စေပါသည် ။
မင်္ဂလာကြေးအကြောင်း ညှိုနှိုင်းကြသောအခါ ချင်းဓလေ့ထုံးတမ်းကို သိရှိနားလည်ရန် အလွန်အရေးကြီးသည် ။
ထိုသို့..မင်္ဂလာကြေးအကြောင်း ဆွေးနွေးနေချိန်၌ မမျှော်လင့်ဘဲ တစ်ဦးဦးမှ အသံကျယ်လောင်စွာ အီးပေါက်ပါက ထိုပေါက်သောအီးက ပြောစကားကို ငြင်းဆိုသည် ဟု အဓိပ္ပါယ်ရသဖြင့် မကောင်းဟု ယူဆရ၏။
တောင်းရမ်းရမည့် အမျိုးသမီးသည် တစ်ပါးသောရွာမှ ဖြစ်ပါက လမ်းခရီး၌ ''ဘောင်း''( bong ) ဟု ခေါ်သော ငှက်သံက ခရီးဦးကြိုလျှင် ကောင်းသောနိမိတ်ရှိသည် ဟု ဝမ်းသာကြသည် ။
ထို့ကြောင့် အမျိုးသမီးများ ဘက်မှ တောင်းရမ်းသူအဖွဲ့ ရောက်ရှိလာသောအခါ ဘောင်းသံကြားမကြားကို ပထမဦးဆုံး မေးတတ်ကြသည် ။
မိမိတို့ ကြားရကြောင်း ပြန်ပြောသောအခါ အလွန်ဝမ်းမြောက်ကြသည် ။ မကြားရဟု ပြောလျှင် မျက်နှာထားမကောင်းကြပါ။
လမ်းခရီးတွင် ချေ၊ ယုန် စသော တောတိရိစ္ဆာန်များက လမ်းဖြတ်ကူးသည် ။
ဘောင်းငှက်သံ မကြားရဟု ပြောကြလျှင်..နိမိတ်မကောင်းဟု ယူဆပြီး ဝမ်းနည်းကြရသည် ။
ချင်းဓလေ့ တွင် ''အင်ကိုင်းချ''(Innkai Chiah)သည် ဟူ၍ လည်း ရှိသည် ။
''အင်ကိုင်း'' ဟူသည့် အဓိပ္ပါယ်မှာ ''အမျိုးသမီးအိမ်သို့ တက်ခြင်း'' ဖြစ်သည် ။
''ချ'' ဆိုသည် မှာ ''ကြေးကိုထားရှိသည် '' ဟူသည် အဓိပ္ပါယ် ရှိပါသည် ။
ရွာခြားရှိ အမျိုးသမီးအား လက်ထပ်လိုပါက ဦးသည့် သဘောဖြင့် နွားနောက်(သို့မဟုတ်) ငွေသားသွားထားရသည် ။
ထိုငွေသားသည် ''ဖွန်ထော့'' ဟု ခေါ် မိဘနှစ်ပါးမှ ရရှိကြသည့် ကြေးနှင့် ညီမျှသဖြင့် နွားနောက်(သို့မဟုတ်) နွားနောက် နှင့် နွားနောက်ကလေး(နွားမနှင့် နွားကလေး ) (သို့မဟုတ်) အမျိုး သမီးဘက်မှ တောင်းဆိုသည့် အတိုင်း သွားရောက်ထားရှိရသည် ။
မိန်းမတောင်းရမ်းရာတွင် တစ်ရွာသားချင်းအတွက် အင်ကိုင်းချထားရန်မလိုပေ။
ချင်းလူမျိုးတို့ သည် ယောက်ျား၊ မိန်းမယူခြင်းစသော အိမ်ထောင်ရေးကိစ္စများကို ဆောင်ရွက်ကြရာတွင် များ စွာအလေးထားပြီး ဆောင်ရွက်ကြပေသည် ။
ထိုအကြောင်းများကို အသေးစိတ်ရေးသားမည်ဆိုပါက မြောက်များ စွာ ရှိပေတော့သည် ။
နော်ကိုဗန်ဟု အမည်ပေးထားသော ချန်ထန်ကလည်း ချယ်ရီဟု ခေါ်သော..ဆွယ်လီနှင့် ချစ်သူဘဝရောက်ပြီးသည့် နောက်တွင် ၎င်း၏ မိဘများကို မိန်းမတောင်းပေးရန် ပြောပြလေသည် ။
ချယ်ရီကလည်း သူမ၏ မိဘများကို ချစ်သူက လာရောက်တောင်းရမ်းတော့မည့် အကြောင်း ကြိုတင်အသိပေးထား ရလေသည် ။
ထိုအခြေအနေအထိတော့ သူတို့ နှစ်ယောက်၏ အချစ်ခရီးလမ်းက ဖြောင့်တန်းသာယာစွာ ရှိနေပေတော့သည် ။
***