၎င်းတို့ နှစ်ဦး၏ ချစ်ခြင်းမေတ္တာခရီးကတော့ ချယ်ရီမျှော်လင့်ထားသလို ဖြောင့်ဖြောင့်ဖြူးဖြူးတော့ မရှိလှပေ။
ထိုအကြောင်းကိုသိတော့ ဦးဗန်ဟေက သဘောမတူချင်ပေ။ အဘယ်ကြောင့် ဆိုသော် သမီးဖြစ်သူနှင့် ပတ်သက်နေသူမှာ တစ်ယောက်အကြောင်း တစ်ယောက်သိကြသော ရွာနီးချင်းလည်း မဟုတ်၊ သူကဲ့သို့ စီးပွားရေးချောင်လည်ကြသူ ဟုတ်မဟုတ် မသိရသေးသောကြောင့် ဖြစ်သည် ။
ဦးဗန်ဟေမှာ စီးပွားရေးကောင်းသူတစ်ဦးဖြစ်သဖြင့် ထိုနယ်တစ်ကျောမှာ တော့ အချမ်းသာဆုံးဖြစ်သည် ။
ထို့ကြောင့် သူဌေးဗန်ဟေဟု အချို့ကခေါ်ကြသည် ။
ဦးဗန်ဟေက မာနကြီးသူတစ်ယောက်တော့ မဟုတ်ပေ။
သို့သော်လည်း သမီးဖြစ်သူကိုတော့ သာမန်လူတို့ နှင့် မယူစေချင်ပေ။
ချင်းပြည်နယ်ဘက်မှာ တော့ ယောက်ျားကလေးနှင့် မိန်းကလေး ချစ်ခင်နှစ်သက်သဖြင့် လက်ထပ်ကြတော့မည်ဆိုလျှင် မိဘများမှ နှောင့်ယှက်ဟန့်တားခြင်းမျိုးတော့မရှိကြပေ။
သို့သော်လည်း သင့်တော်သော မင်္ဂလာကြေးကိုတော့ ပေးကြရသည် ။
ချယ်ရီက သူမချစ်သူအကြောင်းကို ပြောပြသောအခါ ဦးဗန်ဟေနှင့် ဒေါ်ချယ်လောတို့ ကသိပ်ပြီး စိတ်ဝင်စားမှုမရှိကြပေ။
သို့သော်လည်း ခါးခါးသီးသီး ငြင်းဆန်ပြောဆိုခြင်းတော့ မလုပ်ကြပေ။
''သူက ဘယ်ရွာမှာ နေတာလဲ''
''မြစ်အနောက်ဘက်က ဒမ်ဗာရွာမှာ နေတယ်''
''မိဘတွေက ဘာလုပ်စားသလဲ..၊ စီးပွားရေးလည်း ကောင်းရဲ့ လား''
''အသင့်အတင့် ကောင်းပါတယ်၊ နွားနောက်ခြံတွေ ရှိတယ်လို့ ပြောပါတယ်''
ချယ်ရီကလည်း နော်ကိုဗန် ပြောပြခဲ့သည့် အတိုင်း ပြန်ပြောပြလိုက်သည် ။
ထိုအခါ ဖခင်ဖြစ်သူက ဆေးတံကို ဖွာရင်းမှ ပြောသည် ။
''လူတွေဆိုတာ အယုံမလွယ်ရဘူး၊ ကိုယ့်မျက်စိနဲ့ မမြင်ရပဲ ပြောတိုင်းမယုံရဘူး၊ တကယ်လို့ မှားသွားရင် နင်ဆင်းရဲလိမ့်မယ်''
''ဘာပဲဖြစ်ဖြစ် သူကတော့ ငါ့ကို လိမ်မယ်မထင်ဘူး''
ထိုသို့ပြောသောအခါ မိခင်နှင့် ဖခင်နှစ်ယောက်စလုံး သက်ပြင်းချလိုက်ကြသည် ။
''အေးလေ..၊ ငါတို့ ကတော့ နင့်ကိုမဆင်းရဲစေချင်ဘူး၊ ဒါပေမယ့် နင်ရွေးချယ်တဲ့ လမ်းဆိုတော့လည်း မတတ်နိုင်ဘူးပေါ့၊ နင်သဘောကျနေမှ တော့ လက်ခံပေးရမှာ ပေါ့''
ထိုစကားကြားသောအခါ ချယ်ရီစိတ်ထဲမှာ ကျိတ်၍ ဝမ်းသာသွားလေသည် ။ ဦးဗန်ဟေက ဆက်ပြောပြန်သည် ။
''တစ်ခုတော့ရှိတယ်၊ မင်္ဂလာကြေးကိုတော့ ငါတို့ တောင်းတဲ့ အတိုင်း ကျေနပ်အောင်ပေးမှ လက်ခံပေးနိုင်မယ်''
ချယ်ရီခများ ဝမ်းသာနေရုံ ရှိသေးသည် ။
နောက်ထပ်ကြားရသောစကားကြောင့် စိတ်ထဲမှာ လေးသွားရပြန်လေသည် ။
အဘယ်ကြောင့် ဆိုသော် စေ့စပ်တောင်းရမ်းသောပွဲမှာ မင်္ဂလာကြေးကိစ္စ တောင်းရမ်းခြင်းကိစ္စ အဆင်မပြေသောကြောင့် နှစ်ဦးချစ်သော်လည်း လက်ထပ်ခွင့်မရကြသော ချစ်သူအချို့လည်း ရှိကြလေသည် ။
ချယ်ရီက မိဘများကို အသိပေးပြီးသောအခါ နော်ကိုဗန်ရှိသောရွာသို့ လူစေလွှတ်ပြီး အကြောင်းကြားခိုင်းလိုက်သည် ။
နော်ကိုဗန် မိဘများကလည်း သားဖြစ်သူက အသိပေးထားပြီးဖြစ်သောကြောင့် တောင်းရမ်းခြင်းကိစ္စအတွက် ပြင်ဆင်ကြရလေသည် ။
''ချန်ထန် နင်ယူမယ် မိန်းကလေးက လေပီရွာကသူဌေး ဗန်ဟေရဲ့ သမီးဆို..ဟုတ်လား''
''ဟုတ်တယ်''
''ငါတို့ မှာ ရှိတဲ့ ဥစ္စာပစ္စည်းက ဘာမှ မပြောပလောက်ဘူး၊ ဆွေကြီးမျိုးကြီး သူဌေးတစ်ယောက်ရဲ့ သမီးကိုယူဖို့ ကိစ္စ အဆင်ပြေနိုင်ပါ့မလား''
ဖခင်ဖြစ်သူက စိုးရိမ်ပူပန်စွာဖြင့်ပြောသည် ။
''အဆင်ပြေမှာ ပါ၊ သူက သူမိဘတွေကို အဆင်ပြေအောင် ပြောထားပေးမယ်လို့ မှာ ထားပါတယ်''
''ကောင်းပြီလေ၊ ငါတို့ ကတော့ မိဘတို့ ဝတ္တရားရှိတဲ့ အတိုင်း တောင်းရမ်းပေးပါမယ်၊ တကယ်လို့ မင်္ဂလာကြေးကိစ္စတွေနဲ့ အဆင်မပြေခဲ့ရင်တော့ ဘာမှ မတတ်နိုင်ဘူးနော်''
ဟု စကားကို ကြိုပြောထားကြလေသည် ။
နောက်တစ်ရက်မှာ တော့ တောင်းရမ်းသူဟု ခေါ်သော စေ့စပ်ကြောင်းလမ်းခြင်း ပြုရန်အတွက် ချင်းဓလေ့ထုံးစံများကို ကောင်းစွာသိသူ လူသုံးယောက်တို့ ကို ဦးဗန်ဟေတို့ ရွာသို့ စေလွှတ်လိုက်ကြလေသည် ။
ချန်ထန်မိဘများ ဘက်မှ မင်္ဂလာကြေးအဖြစ် ပေးနိုင်မည့် အရာများ နှင့် မင်္ဂလာပွဲအတွက် ဆောင်ရွက်ပေးနိုင်သော အချက်များကို တစ်ခါတည်းပြောလိုက်ရသည် ။
ဘယ်အရာဆိုလျှင် ပေးမည်။ ဘယ်အရာတောင်းလျှင် မပေးနိုင်ကြောင်းကိုလည်း တစ်ပါတည်း မှာ ကြားလိုက်ရသည် ။
ဒမ်ဗာရွာဘက်မှ မိန်းမတောင်းသူများ လာရောက်မည့် နေ့ရက်နှင့် အချိန်ကို သိရသောအခါ ဦးဗန်ဟေတို့ ဘက်မှ လည်း ဆွေမျိုးသားချင်းများကိုပါခေါ်လျက် အသင့်စောင့်နေကြရသည် ။
ထိုကိစ္စမှာ ချင်းဓလေ့ထုံးစံအတွက် များ စွာအရေးကြီး သောအချိန်လည်း ဖြစ်ပေသည် ။
ရပ်ခြားရွာခြားမှ ဆွေကြီးမျိုးကြီးထဲကို သွားရောက်တောင်းရမ်းပါက ထုံးတမ်းဓလေ့ကျွမ်းကျင်သူကို စေလွှတ်ဖို့ အရေးကြီးလှပေသည် ။
အကြောင်းမှာ ချင်းလူမျိုးချင်းတူသော်လည်း ဘာသာစကားမတူကြသည် လည်း ရှိသည် ။ ဓလေ့ထုံးစံ မတူကြသည် လည်း ရှိသည် ။
ထို့ကြောင့် ဓလေ့ထုံးစံနားလည်သူနှင့် ဘာသာစကား ကျွမ်းကျင်သူများကို စေလွှတ်ရန် အရေးကြီးခြင်း ဖြစ်ပေသည် ။
တစ်ရွာနှင့် တစ်ရွာ၊ မိသားစုတစ်ခုနှင့် တစ်ခု ပြောဆို ဆက်ဆံကြရာ လွယ်ကူသောကိစ္စတော့ မဟုတ်ပေ။
မင်္ဂလာကြေးကို လောဘကြီးစွာ တောင်းဆိုသောအ ခါမျိုး၌ ဖြစ်စေ၊ နှိမ်၍ ဆက်ဆံသောအခါမှာ ဖြစ်စေ၊ ပြဿနာတစ်ခု ပေါ်ပေါက်လာသောအခါမှာ ဖြစ်စေ ဓလေ့ထုံးစံ နားလည်သူများကသာ ဖြေရှင်းပေးနိုင်ကြသည် ။
တစ်ဖက်မှ တောင်းဆိုလာသော ကြေးအနည်းအများ သည် မှန်ကန်မှုရှိမရှိ၊ ထုံးတမ်းဓလေ့တို့ နှင့် ကိုက်ညီမှုရှိမရှိ၊ လောဘစိတ်ဖြင့် နိုင်ထက်စီးနင်း တောင်းဆိုခြင်းမျိုး ဟုတ်မဟုတ်ကို သိနိုင်သူများ ဖြစ်ကြရသည် ။
''ငါတို့ သမီးက ချောတယ်၊ လှတယ်၊ ဘာပဲပြောပြော ဘယ်လောက်ပဲ တောင်းတောင်း သူတို့ ဘက်က လိုက်လျောပေးရမှာ ပဲ''
ဟူသော မာနဖြင့် မတန်တဆ မင်္ဂလာကြေးတောင်း ယူကြသည် မျိုးလည်း ရှိကြပေသည် ။
စော်ဘွားအနွယ်၊ ဆွေကြီးမျိုးကြီး၊ အမျိုးမြင့်သူများ မဟုတ်ကြသော်လည်း ချောမောလှပသောဂုဏ်ကို မာနတင်ကာ မတန်တဆ တောင်းကြသည် မျိုးလည်း ရှိကြသည် ။
ထိုသို့တောင်းလာသည့် အခါ တောင်းရမ်းသူများ အဖွဲ့မှ ချင်းဓလေ့ထုံးတမ်းများ နှင့် အတူ နားချပေးရသည် ။
တစ်ခါတစ်ရံ စကားအချေအတင်၊ အကြိတ်အနယ် ပြောရသည် မျိုးလည်း ရှိသည် ။
တစ်ခါတစ်ရံ တစ်ရက်နှင့် မပြီးသဖြင့် နှစ်ရက်သုံးရက် ကြာအောင် ညဉ့်အိပ်ညနေနေပြီး ညှိနှိုင်းပေးကြရသည် မျိုးလည်း ရှိသည် ။
တစ်ခါတစ်ရံလည်း တစ်ကြိမ်နှင့် မပြီးသဖြင့် အလျော့အတင်းပြုလုပ်ကာ နှစ်ကြိမ်သုံးကြိမ် သွားရောက်ညှိနှိုင်းပေးရသည် မျိုးလည်း ရှိကြသည် ။
ထို့ကြောင့် သွားရောက်တောင်းရမ်းသောအဖွဲ့သည် မင်္ဂလာပွဲဖြစ်မြောက်စေရန်အတွက် များ စွာအရေးကြီးလှသော ရှေ့တော်ပြေးအဖွဲ့ ဖြစ်သည် ဆိုက မမှားပါချေ။
ထို့သို့သွားရောက် တောင်းရမ်းသူများ သည် ချင်းဓလေ့ ထုံးစံတို့ ကို နားလည်ကျွမ်းကျင်ရသည့် အပြင် စကားအပြောအဆို လိမ္မာပါးနပ်ပြီး စိတ်ရှည်မှုရှိရန်လည်း များ စွာလိုအပ်ကြပေသည် ။
ချန်ထန်၏ မိဘများက ထိုကိစ္စများကိုကျွမ်းကျင်သော လူများကို ဦးဗန်ဟေတို့ နေသောရွာသို့ စေလွှတ်လိုက်ကြလေသည် ။
မလာခင်ကတည်းက ကြိုတင်အကြောင်းကြားထားခဲ့ပြီး ဖြစ်သောကြောင့် ဦးဗန်ဟေတို့ ဘက်ကလည်း အဆင်သင့်စောင့် နေကြလေသည် ။
စေ့စပ်တောင်းရမ်းသူများ အဖွဲ့ရောက် လာပြီး မင်္ဂလာ ကြေးအပါအဝင်၊ အခြားကိစ္စများကို ပြောဆိုညှိနှိုင်းကြသည် ။
ဦးဗန်ဟေတို့ ဘက်မှ လည်း အနံ့ပြင်းလျက် အကောင်းဆုံးခေါင်ရေဖြင့် ဧည့်သည် များကို ဧည့်ခံရင်းနှင့် မိမိတို့ ဘက်မှ အလိုရှိသော မင်္ဂလာကြေးများကို ပြောပြကြလေသည် ။
ထိုသို့ညှိနှိုင်းပြောဆိုကြသော်လည်း အဆင်မပြေကြပေ။
ဦးဗန်ဟေတို့ ဘက်မှ မင်္ဂလာကြေးကို လိုတာထက်ပိုပြီး တောင်းကြသဖြင့် ပြောဆိုညှိနှိုင်း၍ အဆင်မပြေကြသောကြောင့် ဒမ်ဗာရွာမှ လာရောက်တောင်းကြသူများမှာ လက်လျှော့ပြီး ပြန်သွားကြလေသည် ။
ထိုအခြေအနေကိုသိတော့ ချယ်ရီခမျာ ဝမ်းနည်းပူဆွေး ခြင်းဖြစ်ရုံမှ လွဲပြီး ဘာမှ မတတ်နိုင်တော့ပေ။
တစ်ဖက်ရွာမှ တောင်းရမ်းသူများကလည်း ဘယ်လို နည်းနှင့် မှ ညှိနှိုင်း၍ အဆင်မပြေသည် ကို သိကြသောကြောင့် နောက်ထပ်လည်း မလာကြတော့ပေ။
ရက်အတန်ကြာသောအခါမှာ တော့ ချယ်ရီထံသို့ နော်ကိုဗန် ပို့ပေးလိုက်သည့် စာတစ်စောင်ရောက် လာလေသည် ။
စာထဲမှာ ရေးထားသောအကြောင်းအရာများကတော့ အခြားမဟုတ်ပေ။
၎င်းအနေဖြင့် ချယ်ရီကို မခွဲနိုင်တော့သဖြင့်လာ ရောက်ခိုးယူမည်ဖြစ်ကြောင်းနှင့် ၊ ဘယ်နေ့ဘယ်ရက်တွင် ဘယ်နေရာတွင် လာရောက်စောင့်နေရန် ချိန်းဆိုထားသောစာပင် ဖြစ်၏။
ချယ်ရီကလည်း နော်ကိုဗန်အပေါ် ချစ်ခင်နှစ်သက်မှု ရှိနေပြီဖြစ်သောကြောင့် မခွဲချင်တော့ပေ။
နော်ကိုဗန်၏ မိဘများ ဘက်မှ ဓလေ့ထုံးစံရှိသည့် အတိုင်း လာရောက်တောင်းပါသော်လည်း သူမ၏ မိဘများ ဘက်မှ မင်္ဂလာကြေးကို အဆမတန် တောင်းကြသဖြင့် အဆင်မပြေဖြစ် ကြရသည် ။
မိဘချင်းညှိနှိုင်းနေလျင်တော့ သူတို့ နှစ်ယောက် နီးစပ်ဖို့ အကြောင်းမရှိတော့ပေ။
ထို့ကြောင့် နော်ကိုဗန်ခေါ်ရာနောက်သို့ လိုက်သွားရန် ဆုံးဖြတ်ချက်ချပြီးနောက်...
''လာရောက်ခေါ်ပါရန်'' ပြန်စာတစ်စောင် ရေးပေးလိုက်သည် ။
ချင်းအမျိုးသမီးတစ်ယောက် ချစ်သူနှင့် နှစ်ဦးသဘောတူ ထွက်ပြေးသောကိစ္စမှာ အဆန်းတကြယ်တော့ မဟုတ်ပါချေ။
မိဘများက သဘောမတူ၍ သော်လည်းကောင်း၊ စေ့ စပ်ကြောင်းလမ်းခြင်းများ အဆင်မပြေသဖြင့်သော်လည်းကောင်း၊ အမျိုးသမီးသည် မိမိချစ်သူအိမ်သို့ သွားရောက်၍ အတူနေခြင်း၊ ချစ်သူနှင့် အတူထွက်ပြေးခြင်း စသည် တို့ ကို ပြုလုပ်တတ်ပေသည် ။
ထိုအခါ အမျိုးသားဘက်မှ အိမ်သို့ရောက်လာသော အမျိုးသမီး၏ အရှက်ကို ကာကွယ်ပေးသောအားဖြင့် ဝက်တစ်ကောင်ကိုသတ်၍ မီခွမ်း( Muikhum ) ထမင်းတည်ခင်းပေးကြရသည် ။
ထိုအမျိုးသားမိသားစုသည် တတ်နိုင်သောသူဖြစ်လျှင် သော်လည်းကောင်း၊ အမျိုးသမီးသည် လည်း ၎င်းတို့ သဘောကျ လက်ခံနိုင်သူဖြစ်လျှင် သော်လည်းကောင်း ရောက်လာသည့် ည၌ပင် ဝက်သတ်၍ မီခွမ်းခြင်း မပြုလုပ်ဘဲ နောက်တစ်နေ့တွင် နှစ်ဦးနှစ်ဘက် သဘောတူညီမှုရယူကာ ချက်ခြင်း မင်္ဂလာပွဲပြု လုပ်ပေးလေ့ ရှိကြသည် ။
ရောက်လာသည့် ညတွင် ဝက်သတ်ပြီး တည်ခင်းပွဲပြု လုပ်ပါက တစ်ရွာတည်းသားဖြစ်လျှင် ထိုည၏ နောက်တစ်နေ့တွင် အမျိုးသမီးမိဘအိမ်ဘက်သို့သွားရောက်၍ သမီးကို လက်ခံကြောင်း ပွဲကိုမည်သည့် နေရက်အချိန်တွင် မည်သို့မည်ပုံ ပြုလုပ်ကြမည်ကိုပါ ဆွေးနွေးတိုင်ပင်ကြရသည် ။
သို့သော် တစ်ခြားရွာမှ ဖြစ်လျှင်တော့ ရောက် လာပြီး တစ်ပတ်မလွန်ခင်နေ့တွင် မိဘနှစ်ပါးမှ လူကြီးနှစ်ဦးနှင့် အတူ ကြက်ဖတစ်ကောင်ကိုပါ ယူဆောင်၍ အမျိုးသမီးမိဘများ နှင့် တွေ့ဆုံကာ မင်္ဂလာနေ့ရက် အကြောင်းပြောဆို ဆွေးနွေးကြရလေ၏။
ချစ်သူနှင့် လိုက်ပြေးရသောအဆင့်တွင် အမျိုးသမီးဘက်မှ မိဘများက သဘောမတူပါက ထိုအမျိုးသမီးအား လိုက်လံရှာဖွေပြီး အိမ်သို့အတင်းခေါ်ဆောင်ကြသည် ။
အမျိုးသမီးက မလိုက်လျှင် စွန့်လွှတ်ခြင်းခံကြရသည် ။ ယခု ချယ်ရီအခြေအနေက နောက်ဆုံးအခြေအနေမျိုး ရောက်နေသည် ဟု ပင် ဆိုရပေမည်။
စေ့စပ်ကြောင်းလမ်းခြင်းလည်း အဆင်မပြေဘဲ မိဘ များကလည်း သဘောမတူကြသဖြင့် ချစ်သူနောက်သို့လိုက်သွား ရုံမှ တစ်ပါး အခြားမရှိတော့ပေပြီ။
ထို့ကြောင့် သူမကို လာရောက်ခေါ်ယူပါရန် နော်ကိုဗန်ထံသို့ စာပြန်ကြားလိုက်ခြင်း ဖြစ်တော့သည် ။
ချိန်းသောရက်သို့ ရောက်သောအခါ ခါတိုင်းကဲ့သို့ပင် ဟန်မပျက် နွားခြံသို့သွားလေသည် ။
တစ်နေ့လုံး နွားခြံမှာ လုပ်စရာရှိသောအလုပ်များ လုပ်ပေးပြီး နေ့လည်ဘက်အချိန် ရောက်သောအခါ နော်ကိုဗန်နှင့် တွေ့နေကျ တောင်ဇလပ်ပင်ကြီးရှိရာသို့ သွားလေသည် ။
သူမရောက်သွားတော့မှ နော်ကိုဗန်က ပုန်းကွယ်နေရာ မှ အပြင်သို့ ထွက် လာလေသည် ။
''ဆွယ်လီ နင်ရောက် လာပြီလား''
ဆွယ်လီက ခေါင်းညိတ်ပြလိုက်သည် ။
''အချိန်မရှိတော့ဘူး ငါတို့ သွားကြရအောင်၊ ကမ်းစပ်မှာ လှေလည်း ရှိတယ်၊ အဖော်နှစ်ယောက်လည်း ပါလာတယ်''
''ငါတော့ သိပ်ကြောက်တာပဲ''
''ဘာမှ မကြောက်နဲ့ ၊ ငါတို့ ဟိုဘက်ကမ်းရောက်သွားရင် နင်မိဘတွေ နောက်ကလိုက် လာပြီး ခေါ်ရင်လည်း မရတော့ဘူး''
''ဒီလိုဆိုရင် စိတ်ဆိုးမှာ ပေါ့၊ ငါ့ကို တစ်သက်လုံး အဆက်ဖြတ်လိုက်တော့ ဘယ်နှယ်လုပ်မလဲ''
''ဒါတွေ ဘာမှ တွေးပူမနေနဲ့ ။ နင့်မိဘတွေက အရေးမလုပ်ကြလည်း ငါကတော့ နင့်ကိုတစ်သက်လုံး စောင့်ရှောက်ပေးသွားမှာ ပါ''
ဟု အားပေးစကားပြောလေသည် ။
ဆွယ်လီကလည်း နော်ကိုဗန်လက်ကို အားကိုးတကြီးနှင့် ဆုပ်ကိုင်ထားလေသည် ။
ထို့နောက်မှာ တော့ မြစ်ကမ်းရှိရာဘက်သို့ သွားကြလေသည် ။ အချိန်က ညနေပိုင်းအချိန်ရောက်နေပြီ ဖြစ်သောကြောင့် အလင်းရောင်က သိပ်မရှိတော့ပေ။
မြစ်ထဲမှာ မြူခိုးငွေ့များ ပင် ဝေ့ဆိုင်းနေချေပြီ။
ကမ်းစပ်တစ်နေရာမှာ တော့ သစ်လုံးထွင်းလှေတစ်စင်းနှင့် လူနှစ်ယောက်စောင့်နေကြသည် ကို တွေ့ရသည် ။
သူတို့ နှစ်ယောက် လှေပေါ်ရောက်သည် နှင့် အချိန်ဆိုင်း မနေတော့ဘဲ လှေကိုကမ်းခြေမှ စတင်ခွာကြလေသည် ။
နော်ကိုဗန်မြစ်က အတော်ပင်ကျယ်သည် ။
ထို့ပြင် ရေစီးလည်း ကြမ်းသည် ။
မြစ်လယ်ရောက် လာလေလေ ရေစီးပိုကြမ်း လာလေဖြစ်သည် ။
ထို့ကြောင့် လှေလှော်သမားနှစ်ယောက်တို့ က လှေကို အလိုက်သင့်ထိန်းပြီး လှော်ပေးနေရလေသည် ။
ဆွယ်လီကတော့ တဖြည်းဖြည်းနှင့် ကမ်းနှင့် ဝေးလာ လေလေ စိတ်ထဲမှာ လှုပ်ရှား လာလေ ဖြစ်၏။
မိဘဆွေမျိုးများ နှင့် ခွဲခွာခဲ့ရသောကြောင့် ဝမ်းနည်းနေမိသလိုလည်း ခံစားနေရသည် ။
ဒီအခြေအနေရောက်မှ တော့ နောက်ကြောင်းပြန်လှည့်လည်း မဖြစ်တော့ပေ။
လှေက မြစ်လယ်ရောက်တော့ ရေစီးက ပိုကြမ်းလာသလို အမှောင်ရိပ်များကလည်း ပိုများ လာသည် ။
ထိုအချိန်မှာ ပင် ကြောက်စရာကောင်းသော အသံကြီးတစ်သံ ထွက်ပေါ် လာလေတော့သည် ။
''ဝုန်း..ဒုန်း..''
ထိုအသံကြီး ကြားလိုက်ရပြီး မရှေးမနှောင်းမှာ ပင် လှေမှောက်သွားလေတော့သည် ။
အထက်ပိုင်းမှ ရေစီးဖြင့် မျောပါလာသော သစ်တုံးကြီးတစ်တုံးက ကန့်လန့်ဖြတ်ဖြစ်နေသည့် လှေကို အရှိန်ပြင်းပြင်းဖြင့် ဝင်ဆောင့်လိုက်ခြင်းပင် ဖြစ်ပေတော့သည် ။
''အမယ်လေး..ကယ်ကြပါဦး''
ဆွယ်လီ၏ စူးစူးဝါးဝါး အော်သံက ပေါ် လာလေတော့သည် ။
ထိုသို့ အော်သံသာကြားလိုက်ရသော်လည်း လှေပေါ်မှာ ပါလာသော လူလေးယောက်တို့ မှာ တကွဲတပြားစီ ဖြစ်သွားသောကြောင့် တစ်ယောက်နှင့် တစ်ယောက် အကူအညီမပေးနိုင်ကြပဲ ရှိကြလေသည် ။
နော်ကိုဗန်မှာ လည်း ရေလှိုင်းများကြားမှ လွတ်မြောက်ခွင့်ရအောင် အသည်းအသန် ကြိုးစားနေရသောကြောင့် ဆွယ်လီကို အကူအညီမပေးနိုင်ဘဲ ဖြစ်နေလေသည် ။
လှေပေါ်မှာ ပါလာသော လှေသမားနှစ်ယောက်တို့ မှာ လည်း လူထက်နစ်မြုပ်သွားသော လှေကိုပြန်ရရေး ကြိုးစားနေကြရသဖြင့် သူတို့ ကို အကူအညီမပေးနိုင်ကြပေ။
''ဆွယ်လီ..ဆွယ်လီ''
''နော်ကိုဗန်ရေ ငါ့ကိုကယ်ပါဦး ''
အော်သံသာ ကြားနေရသော်လည်း တစ်နေရာနှင့် တစ်နေရာ တစ်ယောက်နှင့် တစ်ယောက် လှမ်းမမြင်ကြရပေ။
နောက်တော့ အော်သံ၊ ခေါ်သံများမှာ တဖြည်းဖြည်း နှင့် ဝေးသွားပြီး ပျောက်ကွယ်သွားလေတော့သည် ။
မြစ်ရိုးတစ်လျှောက်မှာ တော့ အလင်းရောင်ပျောက်သွားပြီး အမှောင်ရိပ်များ ဖုံးလွှမ်းစပြုနေလေတော့သည် ။
***