သူမရောက်နေသောနေရာမှာ ဘယ်နေရာ၊ ဘယ်အရပ်ဆိုတာတော့ ဆွယ်လီမသိပေ။
ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လည်း ထိုနေရာတစ် ဝိုက်တွင် သူမတစ်ယောက်တည်း ရှိနေလေသည် ။
အခြားသူများကို မမြင်ရ၊ မတွေ့ရပေ။
မိဘဆွေမျိုးများ နှင့် မိတ်ဆွေများ လည်း တစ်ယောက် မှ မတွေ့ရပေ။
အခြေအနေကြည့်ရုံနှင့် သူမရောက်နေသော နေရာမှာ တစ်ကြိမ်တစ်ခေါက်မှ မရောက်ဖူးသော နေရာတစ်နေရာ ဖြစ်မည်ကိုတော့ ခန့်မှန်းမိလေသည် ။
''ငါ ဘယ်နေရာရောက်နေတာလဲ'' ဟု စိတ်အားငယ် စွာဖြင့် တွေးနေစဉ် အမှောင်ရိပ်ထဲမှ လူတစ်ယောက်ထွက်လာသည် ကို လှမ်းမြင်လိုက်ရသည် ။
ထွက်လာသူမှာ သူမနှင့် အသက်အရွယ်ချင်း မကွာလှသော ဗမာလူရွယ်တစ်ဦး ဖြစ်ဟန်ရှိလေသည် ။
လူရွယ်က ဇဝေဇဝါဖြင့် လျှောက်လာရင်းမှ သူမ အနီးသို့ ရောက်လာသည် ။
''နင် ဘယ်သူလဲ''
လူရွယ်က မေးသောအခါ ဘာပြန်ပြောရမှန်း မသိသောကြောင့် ခေါင်းခါပြ လိုက်လေသည် ။
''နင် ဘယ်ကလာတာလဲ''
ထိုမေးခွန်းကိုလည်း မဖြေနိုင်သဖြင့် ခေါင်းခါပြရင်းမှ ပြန်မေးလိုက်သည် ။
''နင်ကရော ဘယ်သူလဲ''
''ငါလည်း မသိသေးဘူး''
''ဘယ်နေရာက လာတာလဲ''
''ငါမသိဘူး၊ ဒါကြောင့် နင့်ကို လာမေးနေတာပေါ့''
ဟု ပြန်ပြောတော့မှ သူမနှင့် ဘဝတူတွေ ဖြစ်နေသည် ကိုရိပ်မိလာပေတော့သည် ။
''ငါတို့ ဘယ်နေရာ ရောက်နေတာလဲ''
ဆွယ်လီကမေးသောအခါ သူက ခေါင်းခါပြသည် ။
''အဲဒါလည်း မသိသေးဘူး၊ ဒါကြောင့် နောက်တစ်နေ ရာသွားပြီး သိတဲ့ လူရှာလိုက်ဦးမယ်''
ဟု ပြောပြောဆိုဆိုနှင့် လူရွယ်ကထိုနေရာမှ ထွက်သွားရန် ပြင်သောအခါ ဆွယ်လီက လှမ်းပြောလိုက်သည် ။
''ငါလည်း နင့်လိုပဲ ဘယ်နေရာသွားလို့ ဘယ်ကိုလာရမှန်း မသိလို့ နင့်နောက်ကလိုက်ခဲ့ပါရစေ''
''မဖြစ်ဘူး၊ ငါတို့ နှစ်ယောက်က သွားရမယ့်လမ်းချင်း တူချင်မှ တူမှာ ဆိုတော့ နင်လိုက်ခဲ့လို့ ဖြစ်မှာ မဟုတ်ဘူး ''
ဟု ပြောကာ လူရွယ်က သူမကိုထားခဲ့ပြီး ထိုနေရာမှ ထွက်လာခဲ့လေသည် ။
ထိုလူရွယ်မှာ အခြားသူမဟုတ်ပေ။ နီမောင်ပင် ဖြစ်သည် ။
နီမောင်နှင်ဆွယ်လီတို့ ရောက်နေသောနေရာမှာ လူ့ဘုံလောက မဟုတ်ပေ။
ဝိညာဉ်ဘဝရောက်နေပြီး ဦးတည်ရာမဲ့ သွားလာနေ ကြရခြင်းဖြစ်ပေသည် ။
နီမောင်သည် လမ်းခွဲ၌ တွေ့ခဲ့သောမိန်းကလေးကို ထားခဲ့ပြီး ထိုနေရာမှာ ဆက်လျှောက်လာခဲ့လေသည် ။
တစ်နေရာရောက်တော့ ရေတွင်းငယ်တစ်တွင်းကိုတွေ့ရသဖြင့် ထိုနေရာမှာ ခဏရပ်ပြီးနားသည် ။
ထိုနေရာတွင် တောနက်ကြီးများ နှင့် တောင်မြင့်ကြီးများ လည်း ရှိသည် ။
တောင်မြင့်ကြီးများ နှင့် သစ်တောကြီးများ အတွင်း၌ တောင်ဇလပ်ပန်းပင်တို့ ရှိကြလေသည် ။
ရောင်စုံတောင်ဇလပ်ပန်းပင်တို့ မှာ လည်း အပင်တိုင်း ဖူးပွင့်နေကြလေသည် ။
ပတ်ဝန်းကျင်တစ်ခုလုံး ရောင်စုံပန်း ဥယျာဉ်ကြီးသဖွယ် ဖြစ်နေပေတော့သည် ။
တကယ်တော့..ထိုနေရာသည် သာယာကြည်နူးဖွယ် ကောင်းသောနေရာဖြစ်သည် ။
သို့သော် ဝိညာဉ်ဘဝသို့ ရောက်နေကြသူများ အတွက်ကတော့ ပျော်စရာမကောင်းဘဲ လွမ်းဆွတ်ကြေကွဲဖွယ်ရာသာ ကောင်းပေတော့သည် ။
နီမောင်သည် ထိုနေရာတစ်ဝိုက်သို့ လှည့်လည်သွားလာနေရင်းမှ နေရာအနှံ့အပြားသို့ ရောက်နေလေသည် ။
ပန်းရောင်စုံများ ဖူးပွင့်နေသော သစ်တောကြီးများ အတွင်းသို့ ဝင်ရောက်ရသည် လည်း ရှိသည် ။
တောင်မြင့်ကြီးများ ၊ တောင်ကုန်းများ ပေါ်သို့ တက်ရသည် မျိုးလည်း ရှိသည် ။
စမ်းချောင်းများ နှင့် ကွင်းပြင်အချို့ကို ကျော်ဖြတ်သွားရ သည် မျိုးလည်း ရှိသည် ။
တစ်နေရာသို့ ရောက်သောအခါ တောင်မြင့်တစ်လုံးရှိ သည့် နေရာသို့ ရောက်သွားလေသည် ။
ထိုနေရာသည် ချင်းလူမျိုးတို့ အခေါ် လူသေနှင့် လူရှင် တို့ လမ်းခွဲရာ ရီကျင်းတောင် ( Ricintlang )ဖြစ်သည် ကိုတော့ သူမသိခဲ့ပေ။
သူသည် တောင်များ ၊ စမ်းချောင်းကလေးများ ၊ လမ်းခွဲ အတော်များများကို ကျော်ဖြတ်သွားပြီးသောအခါ ကျောက်တုံး တစ်တုံးပေါ်၌ ထိုင်နေသည့် မိန်းမကြီးတစ်ယောက်နှင့် တွေ့ရ လေသည် ။
ထိုမိန်းမကြီးသည် လူသေ(ဝိညာဉ်)များကို လမ်းပြပေးရသော ချင်းလူမျိုးတို့ အခေါ် မိန်းမကြီးဆာနူပင် ဖြစ်၏။
ဆာနူက မျက်စိပိတ်ကာ ငြိမ်သက်စွာထိုင်နေရာမှ သူ ရောက်သွားသောအခါ မျက်လုံးဖွင့်ကြည့်လေသည် ။
နီမောင်က မသိကြောင်း ခေါင်းခါပြသည် ။
''နင် သတ်ခဲ့တဲ့ တိရစ္ဆာန် ဦးခေါင်းတွေကရော ဘယ်မှာ လဲ''
ထပ်မေးသောအခါမှာ လည်း မဖြေနိုင်သဖြင့် ခေါင်းခါ ပြရပြန်သည် ။
မိန်းမကြီးဆာနူက မကျေနပ်သော အမူအယာဖြင့် မျက်ထောက်နီကြီးဖြင့် စိုက်ကြည့်နေသည် ။
နောက်မှ သူကပြောသည် ။
''နင်က လူသေတစ်ယောက်မှ မဟုတ်သေးတာ သေတဲ့ ဘဝကို သွားလို့ ရသလို လူရှင်ဘဝကို ပြန်သွားရင်လည်း ရသေးတယ်၊ နင့်ရဲ့ ဝိညာဉ်ကြိုးက မပြတ်သေးပဲကိုး''
ထိုစကားကြောင့် စိတ်ထဲမှာ အားရှိသွားလေသည် ။
''ဒါဖြင့် ကျွန်တော်ကို နေတဲ့ နေရာ ပြန်ပို့ပေးပါ''
''ဒီလိုတော့ ပို့မပေးနိုင်ဘူး၊ ငါက သေခဲ့ပြီးသား လူသေတွေကို လူသေရွာသွားနိုင်အောင် လမ်းပြပေးတဲ့ တာဝန်ပဲ... ဝိညာဉ်ကြိုး မပြတ်သေးတဲ့ လူတွေကို ဘာမှ လုပ်ပေးလို့ မရသေးဘူး''
ထိုစကားကြောင့် နီမောင်က သက်ပြင်းတစ်ချက်ချ လိုက်မိလေသည် ။ မိန်းမကြီးဆာနူက ဆက်ပြောပြန်သည် ။
''ဒီတော့ နင်သွားချင်တဲ့ နေရာတွေကို ဆက်သွားပေဦးတော့၊ အချိန်တန်လို့ မှ နင့်ရဲ့ ဝိညာဉ်က ခန္ဓာကိုယ်ရှိတဲ့ နေရာ ပြန်ရောက်အောင် မသွားနိုင်ခဲ့ရင်တော့ လူသေဘဝရောက်ရမှာ ပဲ၊ အဲဒီတော့မှ ငါ့ဆီကို တစ်ခေါက်ပြန်လာခဲ့ပေါ့၊ နင် လူသေဘဝရောက်တဲ့ အခါမှ လူသေရွာကို ဘယ်လမ်းက သွားရတယ်ဆိုတာ ငါလမ်းပြပေးမယ်''
ဟု ပြောသည် ။
''ကျွန်တော့် ကိုယ်ခန္ဓာဘယ်နေရာမှာ ရှိနေတယ်ဆိုတာ တဆိတ်လောက်လမ်းပြပေးပါ၊ ကျွန်တော် မသွားတတ် မလာတတ်နဲ့ လမ်းပျောက်နေလို့ ပါ ''
''ငါက အဲဒါမျိုး လုပ်မပေးဘူး၊ သေတဲ့ သူရှင်အောင်တော့ လုပ်မပေးနိုင်ဘူး၊ ရှင်နေတဲ့ လူကို သေအောင်တော့ လုပ်ပေးနိုင်တယ်''
ဟု ပြောကာ မိန်းမကြီးဆာနူက မျက်လုံးပြန်ပိတ်သွား လေတော့သည် ။ ဘာမှ မတတ်နိုင်တော့...။
ထို့ကြောင့် ထွေထွေထူးထူး ဆက်ပြောမနေတော့ဘဲ ထိုနေရာမှ ထွက်လာခဲ့လေသည် ။
သူထွက်သွားပြီး မကြာခင်မှာ ထိုနေရာသို့ မိန်းကလေး တစ်ယောက်၊ မိန်းမကြီးဆာနူရှေ့သို့ ရောက်လာပြန်လေသည် ။
ထိုမိန်းကလေးမှာ နီမောင်နှင့် လမ်းမှာ တွေ့ခဲ့သော မိန်းကလေးပင် ဖြစ်၏။
မိန်းမကြီးဆာနူက ဘာတွေမေးပြီး ဘာတွေပြော နေသည် ကိုတော့ သူမသိတော့ပေ။
နီမောင်မှာ ထိုနေရာမှာ ထွက်လာကတည်းက ဘယ် သွား၍ ဘယ်လာရမှန်းမသိဘဲ ယောင်လည်လည် ဖြစ်နေလေသည် ။
လမ်းပြပေး၊ လမ်းညွှန်ပေးမည့် သူနှင့် လည်း မတွေ့ရပေ။
''ဘယ်သွားလို့ ဘယ်လာရမှန်းလည်း မသိဘူး၊ ဒီအတိုင်းဆိုရင် ငါ့ခန္ဓာကိုယ်ရှိတဲ့ နေရာမှ ပြန်ရောက်နိုင်ပါတော့မလား''
ဟု လည်း စိတ်ထဲမှ တွေးနေမိလေသည် ။
တစ်နေရာရောက်တော့ တောစပ်တစ်နေရာမှာ ရွာတစ်ရွာကို တွေ့ရလေသည် ။
မီးရောင်များ လင်းထိန်နေပြီး ကလေးလူကြီး၊ ယောက်ျားမိန်းမ လူအတော်များများ သွားလာနေကြသည် ကိုလည်း လှမ်းမြင်ရသည် ။
သူ့ကိုမြင်တော့ လူအချို့က ထွက် လာပြီး လှမ်းခေါ်ကြသည် ။
''ဘယ်ကလာလို့ ဘယ်ကိုသွားမှာ လဲ၊ ခရီးဝေးက လာခဲ့ရတယ်ထင်ပါ့၊ ဒီရွာမှာ ခဏတဖြုတ် ဝင်နားပါဦးလား၊ စားစရာလည်း ကျွေးနိုင်ပါတယ်၊ နေစရာလည်း ပေးနိုင်ပါတယ်''
ဟု လောကွတ်ပျူငှာ စကားဆိုကြလေသည် ။
ပထမတော့ ဝင်နားဦးမည်ဟု စိတ်ကူးမိလိုက်သေးသည် ။
နောက်တော့ စိတ်ထဲမှာ တစ်မျိုးဖြစ်လာသောကြောင့် ဝင်မနားလိုတော့ဘဲ ဆက်လျှောက် လာလေသည် ။
ထိုအခါမှ ရွာထဲမှ လူများ ၏ ဇာတိရုပ်များက ပေါ် လာလေတော့သည် ။
စောစောက မြင်ရသကဲ့သို့ လူများ မဟုတ်ဘဲ သရဲသဘက်များ အသွင်ပေါ် လာပြီး နောက်မှ ပြေးလိုက်လာကြလေတော့သည် ။
''လိုက်ဟေ့..လိုက်ဟေ့..မလွတ်စေနဲ့ ''
ထိုကဲ့သို့ ညာသံပေးပြီး လိုက်လာကြသောကြောင့် နီမောင်လည်း ကြောက်လန့်တကြားနှင့် ထွက်ပြေးရလေတော့သည် ။
ထိုသို့ပြေးရင်းနှင့် တောင်ခြေတစ်နေရာသို့ ရောက်သွားသောအခါမှာ တော့ ဝတ်ဖြူစင်ကြယ်ဝတ်ကာ ရပ်နေသော.. အဘိုးကြီးတစ်ယောက် တွေ့ရသဖြင့် ထိုနေရာသို့ ပြေးသွားလေသည် ။
နောက်မှ လိုက်လာကြသော မကောင်းဆိုးဝါးများ လည်း အဘိုးကြီးရပ်နေသည် ကို လှမ်းမြင်သည် နှင့် ဆက်မလိုက်ဝံ့တော့ပဲ နောက်ကြောင်းသို့ ပြန်လှည့်သွားကြလေတော့သည် ။
အနားရောက်သောအခါ အဘိုးကြီးကပြောသည် ။
''သေပြီးတဲ့ နောက် ဘုံဘဝတစ်ခုနဲ့ တစ်ခု မကူးနိုင်ဘဲ တွယ်ရာမဲ့ဘဝနဲ့ နေရတဲ့ ဝိညာဉ်လောကသားတွေ မရေမတွက် နိုင်အောင်ရှိကြတယ်၊ လူတွေက မမြင်ရတော့ မကြောက်ကြဘူး၊ အခုလိုသာ မြင်ရရင်တော့ ကြောက်စရာပဲပေါ့''
နီမောင်က အဘိုးကြီးမျက်နှာကိုသာ မော့ကြည့်နေသည် ။
''ငါမြေးက သေရမယ့်အချိန်မတန်သေးဘူး၊ ဒီတော့ မင်းနေရာ မင်းပြန်ပေတော့၊ မင်းရဲ့ ရုပ်ခန္ဓာက ငါလက်ညှိုးထိုး ပြတဲ့ နေရာမှာ ရှိတယ်၊ အဲဒီနေရာကိုရောက်အောင် ပြန်ပေတော့..''
နီမောင်က အဘိုးကြီး လက်ညှိုးထိုးပြသောဘက်ကို လှမ်းကြည့်လိုက်သည် ။
ထိုနေရာဘက်မှာ အတော်အတန်မြင့်သော ကုန်းတစ်ကုန်းရှိသည် ။
ထိုတောင်ကုန်း၏ ဟိုဘက်မှာ တော့ မြစ်တစ်စင်း ရှိသည် ။ မြစ်ကမ်းနံဘေး တစ်နေရာမှာ လူနှစ်ယောက် ရှိနေကြသည် ။
ထိုနှစ်ယောက်ကိုမြင်တော့ စိတ်ထဲမှ ဝမ်းသာသွားသည် ။ အခြားမဟုတ်ပေ။
စောထီးနှင့် ငမဲအောင်တို့ ပင် ဖြစ်ကြလေသည် ။
သူတို့ နှစ်ယောက်အလယ်မှာ တော့ လူသေတစ်ယောက် ကို ပက်လက်အနေအထားဖြင့် ငြိမ်သက်နေသော လူတစ်ယောက်ရှိနေလေသည် ။
သူ၏ ရုပ်ခန္ဓာပင် ဖြစ်ပေသည် ။
''အဲဒါ မင်းရဲ့ ရုပ်ခန္ဓာပဲ၊ မင်းမှာ ဝိညာဉ်ကြိုးမပြတ်သေးဘူး၊ ဒါကြောင့် ရုပ်ခန္ဓာကို မဖျက်ဆီးခင် ရောက်အောင်ပြန်ပေတော့၊ မင်းလည်း ဝိညာဉ်ဘဝနဲ့ ဝိညာဉ်လောကသားတွေကို တွေ့ခဲ့မြင်ခဲ့ရပြီ မဟုတ်လား''
နီမောင်က ခေါင်းညိတ်ပြလိုက်သည် ။
''မကောင်းမှု အကုသိုလ်ကံတွေများ လာရင်..ဘယ်လောက်ကြောက်ဖို့ ကောင်းတယ်၊ ကောင်းမှုကုသိုလ်ကံပါမှ .. ကောင်းတဲ့ နေရာကို ဘဝကူးနိုင်တယ်ဆိုတာ သိသင့်သလောက်သိပြီး၊ မြင်သင့်သလောက် မြင်ခဲ့ရပြီ မဟုတ်လား''
ထပ်မံ၍ ခေါင်းညိတ်ပြလိုက်သည် ။
''ဒါကြောင့် လူ့ဘဝကို တစ်ခေါက်ပြန်ရောက်သွားရင် မကောင်းမှုတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပြီး၊ ကောင်းတဲ့ အလုပ်တွေကို များများ လုပ်ပေးနိုင်ဖို့ ကြိုးစားပေတော့၊ ကိုင်းသွားပေတော့..''
ဟု ပြောသဖြင့် နီမောင်လည်း သူတော်စင်ကြီးကို လက်အုပ်ချီ၍ အရိုအသေပေးပြီးနောက် ထိုနေရာမှ ထွက်လာခဲ့လေသည် ။
ပထမတောင်ကုန်းတစ်ကုန်းကို ဖြတ်ကျော်သွားရလေသည် ။
တောင်ကုန်းမှာ အတော်ပင်မြင့်သောကြောင့် ပင်ပန်း ကြီးစွာ ဖြတ်ကျော်သွားရလေသည် ။
ပင်ပန်းမှုကြောင့် ရေဆာလာသည် ။
တောင်ကုန်းပေါ်မှ ကျော်သွားပြီးသောအခါမှာ တော့ မြစ်ကျယ်ကြီးတစ်စင်းကို လှမ်းမြင်ရသည် ။
အဘိုးကြီး ညွှန်ပြသည့် အတိုင်း မြစ်ရှိရာဘက်သို့ ဆင်းသွားသောအခါ ကမ်းစပ်တစ်နေရာမှာ ရှိနေကြသော စောထီး နှင့် ငမဲအောင်တို့ နှစ်ယောက်ကို လှမ်းမြင်ရသဖြင့် ဝမ်းသာစွာဖြင့် ထိုနေရာသို့ သွားလေသည် ။
ထိုနေရာရောက်တော့ မြေပေါ်မှာ လူသေတစ်ယောက် လိုလဲနေသည့် သူ၏ ရုပ်ခန္ဓာကို တွေ့ရလေသည် ။
ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ ရုပ်ခန္ဓာအတွင်း သို့လှဲချ လိုက်လေတော့သည် ။
''အင်း..အဟင်း...ဟင်း ''
ရုပ်ခန္ဓာထဲသို့ ဝိညာဉ် ပြန်ရောက်သွားသောအခါ ညည်းညူသံထွက်လာသည် ။
''အဟင်း..ဟင်း''
''နီမောင်..နီမောင်..မင်းသတိရ လာပြီလား''
စောထီးနှင့် ငမဲအောင်တို့ က ဝမ်းသာအားရ ခေါ်နေကြသည် ။
''ရေ..ရေပေးပါ''
ထိုသို့ပြောသဖြင့် ငမဲအောင်က ရေတစ်ခွက်ယူ လာပြီး တိုက်ပေးလေသည် ။
ထိုအခါမှ ရင်ပူသက်သာသွားပြီး သတိပြန် ရ လာလေသည် ။
စောထီးနှင့် ငမဲအောင်တို့ က ပွေ့ယူပေးသဖြင့် လှဲနေရာမှ ထထိုင်လိုက်သည် ။
ပြီးမှ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည် ။ သူတို့ ရောက် နေသောနေရာမှာ မြစ်ကမ်းပါးတစ်နေရာ၌ ဖြစ်လေသည် ။
''ငါ ဘယ်လိုဖြစ်တာလဲ''
''မင်း ဘယ်လိုဖြစ်တာလဲဆိုတော့ ငါတို့ သုံးယောက် မြစ် ထဲမှာ ငါးဖမ်းနေတော့ ပိုက်ထဲမှာ ငါးတစ်ကောင်မိနေလို့ မင်းက ဆင်းဖမ်းရင်းနဲ့ ကျောက်တုံးနဲ့ ဆောင့်မိပြီး သတိလစ်နေတာ အတော်ကြာပြီ၊ ငါတို့ နှစ်ယောက်စလုံး အတော်ကို စိတ်ပူနေကြတာ''
ဟု ပြောပြတော့မှ အဖြစ်အပျက်များကို သတိပြန်ရ လာလေသည် ။
သူတို့ သုံးယောက်သည် အလုပ်အားသောအချိန်မျိုး တွင် ဟင်းစားရရန်အတွက် နော်ကိုဗန်မြစ်အတွင်းသို့ ဆင်းကာ ငါးဖမ်းလေ့ရှိကြသည် ။
ထိုသို့ငါးဖမ်းနေရင်း ပိုက်ထဲမှာ ငါးချောင်းတစ်ကောင် မိလေသည် ။
အကောင်ကြီးသဖြင့် လှေပေါ်မှ ဆွဲတင်၍ မရပေ။
ငါးက ကျောက်တုံးကြားသို့ တိုးဝင်ရင်းနှင့် ညပ်နေသည် ။
ဆွဲတင်၍ မရပါက ပိုက်ပါဆုံးရတော့မည့် အခြေအနေမျိုး ရောက်နေသဖြင့် နီမောင်ကိုယ်တိုင် ရေအောက်သို့ ဆင်းဖြုတ်ရသည် ။
ထိုသို့ဆင်းဖြုတ်စဉ် ငါးကကျောက်တုံးကြားမှ လွတ်သွားသောအခါ အမြီးဖြင့်ရိုက်သည် ။
အမြီးရိုက်ချက်မှာ ပြင်းသဖြင့် ရေစီးအရှိန်ထဲမှာ လည်ထွက်သွားလေရာ ကျောက်စွန်းတစ်ခုနှင့် တိုက်မိသဖြင့် သတိမေ့သွားခြင်း ဖြစ်သည် ။
စောထီးနှင့် ငမဲအောင်တို့ ဆင်းကယ်သဖြင့်သာ ရေစီးနှင့် မျောပါမသွားခြင်း ဖြစ်လေသည် ။
သူကိုရေထဲမှ ဆွဲတင်လာတော့ သတိမရတော့ပေ။
မနက်ပိုင်းအချိန်ကတည်းက သတိမေ့နေရာ ယခုည နေပိုင်း အချိန်ရောက်တော့မှ ယခုလို သတိပြန်ရလာခြင်း ဖြစ်လေသည် ။
''တော်ပါသေးရဲ့ ကွာ၊ ငါတို့ နှစ်ယောက်မှာ ဘယ်လိုလုပ် ရမှန်းမသိတာနဲ့ မင်းအတွက် အတော်စိတ်ပူနေကြတာ''
''ဒါထက်..ငါ ဆင်းဖမ်းတဲ့ ငါးရောရရဲ့ လား''
''ရတယ်၊ ငါးလည်း ရတယ် ပိုက်လည်း ပြန်ရတယ်၊ လှေပေါ်မှာ တင်ထားတယ်''
နီမောင်က သက်ပြင်းတစ်ချက်ချလိုက်သည် ။ စောစောက အခြေအနေမကောင်းသော်လည်း ယခုတော့ သူ့အခြေအနေက ပုံမှန်အတိုင်း ပြန်ကောင်းနေပေပြီ။
''ဒါဖြင့်လည်း ပြန်ကြရအောင်၊ ဒီလောက်ကြာနေရင် အဖေတို့ စိတ်ပူနေကြလိမ့်မယ်''
ဟု ပြောကာ သုံးယောက်သား လှေရှိရာသို့ ပြန်ဆင်းလာကြလေသည် ။
လှေဝမ်းထဲမှာ တော့..အတော်အတန်ကြီးသော ငါး ချောင်းကြီးတစ်ကောင် ဖမ်းမိထားလေသည် ။
ထို့ကြောင့် သုံးယောက်သား လှေပေါ်ပြန်တက်ပြီး ရွာရှိရာသို့ ရေဆန်ပြန်တက်ကြရလေသည် ။
နော်ကိုဗန် မြစ်ရေက ရေစီးကြမ်းသည် ။
ထို့ကြောင့် ရေဆန်သွားရသောအခါ သက်သာစေရန် ကမ်းနံဘေးမှ ကပ်သွားကြရပေသည် ။
အချိန်ကလည်း နေဝင်ချိန်ရောက်ပြီ ဖြစ်သောကြောင့် မြစ်တကျောမှာ မှောင်စပျိုးနေချေပြီ။
လှေကို စောထီးနှင့် ငမဲအောင်တို့ က ရှေ့နောက်လှော် ပြီး နီမောင်က လှေဝမ်းအလယ်မှ ထိုင် လိုက်လေသည် ။
ကျောက်ဆောင်စွန်းတစ်ခုကို ကျော်လိုက်သောအခါ ရေစီးသာသော ကလိုင်တစ်ခုသို့ ရောက်သွားကြသည် ။
ထိုနေရာရောက်တော့ ကမ်းစပ်မှာ တင်နေသည့် လူတစ်ယောက်ကို လှမ်းမြင်သဖြင့် ထိုနေရာသို့ လှော်သွားလေသည် ။
အနားရောက်တော့မှ မိန်းကလေးတစ်ယောက် ဖြစ်မှန်းသိကြရသဖြင့် အခြေအနေသိစေရန် လှေကို ထိုနေရာအနီးတွင် ရပ်လိုက်ကြသည် ။
နီမောင်က လှေပေါ်မှ ဆင်းသွားကာ ရေစပ်မှာ တင်နေသော မိန်းကလေးကို ပွေ့ယူလိုက်သည် ။
ထိုအခါ ညည်းညူသံ ကြားရသည် ။
မိန်းကလေးမျက်နှာကိုမြင်တော့ စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်သွားလေသည် ။
''ဟင်''
''ဘာဖြစ်လို့ လဲ နီမောင်''
''သူမသေသေးဘူး အသက်ရှိသေးတယ်၊ နောက်ပြီး ငါသူ့ကိုသိတယ်''
''အခုမှ တွေ့တာ ဘယ်လိုသိတာလဲ''
''ငါ သတိမေ့နေတုန်းက လူသေရွာကို ရောက်သွားခဲ့တယ်၊ အဲဒီမှာ သူနဲ့ သိခဲ့တွေ့ခဲ့တာ''
''ဒါဖြင့် မင်းတို့ နှစ်ယောက်က ဘဝတူတွေပေါ့၊ မင်းကတော့ သတိပြန်ရ လာပြီ၊ သူကတော့ ခုထိသတိမရသေးဘူး''
နီမောင်က အသေအချာကြည့်သောအခါ ခေါင်းတွင် ဒဏ်ရာတစ်ခု ရထားဟန်ရှိပြီး၊ ထိုနေရာမှာ သွေးများ စီးကြနေသည် ။
''ဦးခေါင်းမှာ ဒဏ်ရာရထားပုံရတယ်''
''ဒီတော့ ဘယ်လိုလုပ်ကြမလဲ''
''ဒီအတိုင်းထားခဲ့ရင် သေသွားလိမ့်မယ်၊ ရွာကိုခေါ်သွားပြီး ဆေးကုပေးမှ ဖြစ်မယ်''
''ဒါဖြင့်လည်း လှေပေါ်ခေါ်တင်ခဲ့ အချိန်မရှိတော့ဘူး၊ မြန်မြန်သွားကြရအောင်''
ဟု ပြောသဖြင့် နီမောင်က ထိုမိန်းကလေးကို ပွေ့ယူ လာပြီး လှေပေါ်တင်သည် ။
ထို့နောက် သုံးယောက်သား ထိုနေရာမှ လှေကိုပြန်ထွက်ခဲ့ကြလေသည် ။
မြစ်ထဲမှာ တော့ မှောင်သွားပေပြီ။
***