နီမောင်တို့ နေသောရွာမှာ သစ်ခွမြိုင်ဟု အမည်ပေးထားသော ရွာဖြစ်သည် ။
နော်ကိုဗန်မြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး နော်ကိုဗန်တောင်ခြေနှင့် လည်း မဝေးလှပေ။
ရွာနှင့် ဝန်းကျင်တစ်ဝိုက်တွင် သစ်တောကြီးများ ၊ သစ်ပင်မျိုးစုံတို့ လည်း ရှိကြသည် ။
ထူးခြားမှုမှာ သစ်တောများ ၊ သစ်ပင်မြင့်ကြီးများ ပေါ်တွင် သစ်ခွပန်းမျိုးစုံတို့ ဖူးပွင့်နေကြသည် ။
သူတို့ အရပ်ဓလေ့မှာ ရောင်စုံဖူးပွင့်နေသော သစ်ခွပန်းများကို တကူးတက ခူးဆွတ်ကြခြင်း မရှိကြသဖြင့် သဘာဝအတိုင်း လှပနေကြခြင်း ဖြစ်ပေသည် ။
နေရာအနှံ့တွင် သစ်ခွပန်းများ ပေါများ လှသောကြောင့် ရွာအမည်ကိုပင် ''သစ်ခွမြိုင်ရွာ'' ဟု အမည်ပေးထားကြခြင်းဖြစ်သည် ။
သစ်ခွမြိုင်ရွာက အိမ်ခြေ(၅ဝ)ကျော်ခန့်ရှိသော ရွာကြီး တစ်ရွာဖြစ်သည် ။
ချင်းပြည်နယ်ဒေသမှာ ရှေးအခါကပင် လူနေကျဲပါး သောနေရာ ဖြစ်ခဲ့သည် ။
မြင့်မားသော တောင်တန်းကြီးများ စိမ်းညို့နေသော သစ်တောကြီးများက နေရာမလပ်အောင် ဖုံလွှမ်းထားသဖြင့် သွားလာရေး များ စွာခက်ခဲလှသည် ။
ထို့ကြောင့် နေထိုင်သူကျဲပါးရခြင်း ဖြစ်ပေသည် ။
အချို့နေရာများ တွင် ရွာဟု သာ အမည်တပ်ထားကြသော်လည်း လေးငါးအိမ်မျှသာ ရှိကြသည် ။
ယခု နော်ကိုဗန်မြစ်ကမ်းနှင့် မနီးမဝေးမှာ ရှိသော သစ် ခွမြိုင်ရွာကတော့ အိမ်ခြေပေါင်း(၅ဝ)ကျော် လောက်ရှိသဖြင့် ရွာကြီးတစ်ရွာ စာရင်းဝင်ဖြစ်ပေတော့သည် ။
ထိုရွာသည် နော်ကိုဗန်မြစ်နှင့် နီးသောကြောင့် သစ်ဖောင်ဝါးဖောင်မျှောခြင်း၊ ငါးရှာဖွေခြင်းများ အဆင်ပြေသည့် အ ပြင် တစ်နေရာမှ တစ်နေရာသွားလာရာမှာ လည်း အဆင်ပြေလေသည် ။
ရေအတွက်လည်း လုံလောက်စွာ ရကြလေသည် ။
ထို့ပြင် နော်ကိုဗန်တောင်ကြီး ရှိနေသောကြောင့် အမဲ လိုက်ခြင်း၊ အစားအသောက်ပစ္စည်းများ ၊ အသီးအနှံများ ရှာဖွေခြင်းအပြင် အခြားဆေးဝါးနှင့် သက်ဆိုင်သော အသုံးအဆောင် ပစ္စည်းများ လည်း အလွယ်တကူ ရှာဖွေရရှိနိုင်ကြသည် ။
ဒါ့အပြင် တောင်မြင့်ကြီးများ နှင့် မြစ်ကမ်းပါးရှိသော နေရာကြားတွင် မြေကွက်လပ်ကျယ်များ ရှိကြသည် ။
ထိုမြေကွက်များ တွင် သီးနှံစိုက်ခင်းများ ၊ တောင်ယာ စိုက်ခင်းများ စိုက်ပျိုးကြသည် ။
အချို့လည်း သိုး၊ ဆိတ်၊ ဝက် အစရှိသော တိရစ္ဆာန်များကို ခြံများ ဖြင့် မွေးကြသည် ။
အချို့ကျတော့လည်း နွားနောက်များကို ခြံကျယ်ကြီးများ ဖြင့် စီးပွားဖြစ် မွေးမြူလုပ်ကိုင်ကြသည် ။
ထိုကဲ့သို့သော စားဝတ်နေရေးအတွက်သော်လည်း ကောင်း၊ စီးပွားရေးပြုလုပ်ရန်အတွက်သော်လည်းကောင်း အခြေအနေကောင်းသော နေရာတစ်နေရာဖြစ်သောကြောင့် သစ်ခွမြိုင်ရွာတွင် လာရောက်နေထိုင်ကြသူများ ခြင်း ဖြစ်သည် ။
ထိုရွာမှာ နေထိုင်ကြသူများမှာ ချင်းလူမျိုးများ ချည်းတော့ မဟုတ်ကြပေ။ ရှမ်း၊ ကချင်၊ ရခိုင်၊ ဗမာ စသောလူမျိုး မိသားစုများ လည်း ရှိကြသည် ။
ထိုအထဲတွင် နီမောင်တို့ မိသားစုလည်း ပါဝင်ကြသည် ။
နီမောင်တို့ သစ်ခွမြိုင်ရွာသို့ ရောက်ခဲ့ကြသည် မှာ နှစ်အတော်ကြာခဲ့ကြပြီ ဖြစ်၏။
၎င်းတို့ မိသားစုမှာ လေးယောက်သာရှိသည် ။
ဖခင် ဦးဘရှိန်၊ မိခင် ဒေါ်ကျင်မေတို့ အပြင် သားအကြီးဖြစ်သူ နီမောင်နှင့် သမီးအငယ်ဖြစ်သူ နှင်းမေတို့ ရှိကြသည် ။
နီမောင်က အသက်(၂၅)နှစ်အရွယ်ခန့်ရှိပြီး နှင်းမေက အသက်(၂ဝ)လောက်သာ ရှိသေးသည် ။
အင်္ဂလိပ်များ အုပ်စိုးနေစဉ်က နော်ကိုဗန်မြစ်ရိုးတစ် လျှောက်တွင် အစိုးရမှ သစ်ထုတ်သော သစ်စခန်းများ ရှိကြသည် ။
ထိုသစ်စခန်းများ အနယ်နယ်အရပ်ရပ်မှ သစ်တောလုပ်ငန်းကျွမ်းကျင်သော အလုပ်သမားများ လာရောက်လုပ်ကိုင်ကြရာ သို့အထဲတွင် ဦးဘရှိန်တို့ မိသားစုလည်း အပါအဝင် ဖြစ်ပေသည် ။
ဦးဘရှိန်က မြစ်ဝကျွန်းပေါ် အရပ်ဒေသဘက်မှ ဖြစ်ပြီး သစ်တောလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်ပေသည် ။
ထိုဒေသဘက်မှာ နယ်မြေအခြေများ မကောင်းသော အခါ တစ်နေရာမှ တစ်နေရာ ရွှေ့ပြောင်းလုပ်ကိုင်ကြရင်းမှ နော်ကိုဗန် သစ်ထုတ်လုပ်ရေးစခန်းသို့ ရောက်လာခဲ့ခြင်း ဖြစ်ပေ၏။
ထိုအရပ် ထိုဒေသဘက် ရောက်ကာစကတော့ နေရာဒေသချင်း သဘာဝမတူ၊ ရာသီဥတုချင်း မတူသောကြောင့် အဆင်မပြေခဲ့ပေ။
နောက်တော့လည်း ..တဖြည်းဖြည်း အချိန် ကြာလာသောအခါမှာ တော့ ကိုယ့်အရပ်ဒေသကဲ့သို့ ဖြစ် လာပြီး နေသားတကျ ဖြစ် လာလေတော့သည် ။
မြန်မာပြည်မှ အင်္ဂလိပ်များ စွန့်ခွာထွက်ပြေးကြရပြီး နောက်ပိုင်းမှာ တော့ ၎င်းတို့ လုပ်ကိုင်ခဲ့သော သစ်လုပ်ငန်းများ လည်း ရပ်တံ့သွားလေတော့သည် ။
ထိုအခါ သစ်တောစခန်းများမှာ ဝင်ရောက်လုပ်ကိုင်နေကြသော အလုပ်သမားများမှာ လည်း ခေတ်ကာလ အခြေအနေမကောင်းလှသဖြင့် မိမိတို့ အရပ်ဒေသများ သို့ မပြန်ကြတော့ဘဲ ထိုနေရာတစ်ဝိုက်မှာ ပင် အခြေချနေထိုင်ကြပြီး တစ်ဝမ်းတစ်ခါးအတွက် သင့်တော်သောအလုပ်များကို လုပ်ကိုင်စားသောက်လေသည် ။
ထိုသို့ဖြင့် သစ်ခွမြိုင်ရွာကဲ့သို့ လူမျိုးပေါင်းစုံတို့ ရောနှော နေထိုင်သောရွာများ ပေါ်ပေါက်လာရခြင်းပင် ဖြစ်ပေတော့သည် ။
နီမောင်တို့ မိသားစုမှာ ရွာတည်စကပင် ဦးစွာပါဝင်လာကြသူများ ဖြစ်ကြသောကြောင့် စီးပွားရေးလုပ်ငန်းများ အခြေချသောအခါမှာ လည်း စောစောပင်အခြေကျခဲ့ကြသည် ။
ယခုအချိန်မှာ တော့ သူတို့ မိသားစုမှာ လူချမ်းသာစာ ရင်းဝင်များ မဟုတ်ကြစေကာမူ စီးပွားရေးချောင်လည်စွာဖြင့် နေနိုင်ကြသော အခြေအနေမျိုးတော့ ရှိကြလေသည် ။
တောင်ယာစိုက်ခင်းအချို့နှင့် သစ်သီးခြံများ ရှိသည် ။
သိုး၊ ဆိတ်၊ ဝက် စသော တိရစ္ဆာန်များ အပြင် နွားနောက်များ မွေးထားသော ခြံတစ်ခြံလည်း ပိုင်ဆိုင်ထားကြလေသည် ။ နွားနောက်(၁၅)ကောင်ခန့် ရှိသည် ။
နွားနောက်များ မွေးထားသောကြောင့် နွားနို့၊ ဒိန်ခဲ၊ ထောပတ်စသည် တို့ ရသည့် အပြင် နွားနောက်များက နှစ်စဉ် သားပေါက်သဖြင့် အကောင်ရေတိုးပွားလာသည် ။
ထို နွားနောက်များကို ရောင်းချခြင်းဖြင့် အပိုဝင်ငွေရ နေကြခြင်း ဖြစ်သည် ။
ချင်းလူမျိုးတို့ အတွက် နွားနောက်သည် မရှိလျှင်မဖြစ်သော သတ္တဝါတစ်မျိုးပင် ဖြစ်၏။
မင်္ဂလာကြေး၊ သာရေးနာရေး နှင့် နတ်နှင့် သက်ဆိုင်သော ပူဇော်ပွဲ၊ ဘွေသဲစသော ရိုးရာပွဲများ တွင် နွားနောက်သည် သူတို့ အတွက် မပါလျှင်မပြီးသော သတ္တဝါတစ်မျိုး ဖြစ်ပေသည် ။
ထို့ကြောင့် နွားနောက်မွေးမြူပြီး ရောင်းချသော နီမောင်တို့ မိသားစုများမှာ ဝင်ငွေကောင်းပြီး စီးပွားရေး ချောင်လည်နေကြခြင်း ဖြစ်လေသည် ။
နီမောင်နှင့် အမြဲတစေတွဲနေကြသော စောထီးနှင့် ငမဲ အောင်တို့ မှာ သားချင်းမတော်ကြသော်လည်း ညီအစ်ကိုကဲ့သို့ ချစ်ခင်ကြသူများ ဖြစ်ကြသည် ။
သူတို့ နေထိုင်သော အိမ်နှင့် လည်း တစ်ရွာတည်း ဖြစ်သောကြောင့် တောထဲဝင်လျှင်သော်လည်းကောင်း၊ တောင်ပေါ်တက်လျှင်သော်လည်းကောင်း၊ မြစ်ထဲဆင်းပြီး ငါးဖမ်းသောအခါမှာ သော်လည်းကောင်း အတူတူပင် သွားလာကြခြင်း ဖြစ်ကြလေသည် ။
ယခုတော့ နီမောင်တို့ နေအိမ်မှာ လူပိုတစ်ယောက် တိုး လာလေသည် ။
ဘယ်နေရာက ရောက်လာမှန်းမသိသော မိန်းကလေး တစ်ယောက်ပင် ဖြစ်ပေသည် ။
သတိမေ့နေလျက် ဒဏ်ရာများ ဖြင့် မြစ်ကမ်းစပ်တွင် တင်နေသည် ကို တွေ့သဖြင့် အိမ်သို့ခေါ် လာပြီး ဆေးကုပေးခြင်း ဖြစ်လေသည် ။
ဆေးဆရာကလည်း အခြားအရပ်ဒေသမှ ဝေးဝေးလံလံ သွားခေါ်ရသည် မဟုတ်ပေ။
ရွာထဲမှာ ရှိသော မြန်မာတိုင်းရင်းဆေးဆရာကြီး ဦးဗန်ကောင်းကိုပင် ပင့်ခေါ်ပြီး ကုသပေးခဲ့ခြင်း ဖြစ်သည် ။
ထိုမိန်းကလေးမှာ ဦးခေါင်းနောက်ဘက်တွင် တစ်စုံတစ်ခုဖြင့် ပြင်းပြင်းထန်ထန် ဆောင့်မိခဲ့သဖြင့် သတိမေ့ပြီး ရေထဲမျောပါခဲ့ခြင်း ဖြစ်သည် ။
ထိုမိန်းကလေးမှာ အခြားမဟုတ်ပေ။
မိဘများ သဘောမတူသဖြင့် ချစ်သူနှင့် အတူ ထွက်ပြေးကြစဉ် နော်ကိုဗန်မြစ်ထဲမှာ လှေမှောက်ပြီး မျောပါလာသော ဆွယ်လီပင် ဖြစ်လေသည် ။
သို့သော်လည်း ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက် မိခဲ့သောကြောင့် အတိတ်ဘဝမှ အကြောင်းများကို မမှတ်မိတော့ပေ။ ဘာမှ မေးမရတော့ပေ။
သူမသတိပြန်ရလာတော့..ဆေးဆရာကြီး ဦးဗန် ကောင်းက မေးမြန်းကြည့်သော်လည်း ဘာမှ မမှတ်မိတော့ပေ။
သူမ မှတ်မိနေတာ တစ်ယောက်ပင်ရှိသည် ။ နီမောင် ပင် ဖြစ်သည် ။ သတိရ လာပြီးနောက် နီမောင်ကို မြင်သည် နှင့် တအံ့တသြ ဖြစ်သွားလေသည် ။
''ဟင်..နင်..နင်''
''နင် ငါ့ကိုသိသလား''
''နင်နဲ့ ငါနဲ့ တစ်ခါတွေ့ဖူးတယ် မဟုတ်လား''
''ဟုတ်တယ်၊ ငါတို့ နှစ်ယောက် လူသေရွာသွားတုန်းက လမ်းမှာ တွေ့ခဲ့ကြတာ''
နီမောင်က ပြောပြလိုက်သည် ။
ထိုစကားကို ဆွယ်လီကလည်း မှတ်မိဟန်ရှိပေသည် ။
''နင် ဘယ်လိုပြန်ရောက်လာတာလဲ''ဟု ဆွယ်လီက တအံ့တသြမေးသည် ။
''လမ်းမှာ အဘိုးကြီးတစ်ယောက်နဲ့ တွေ့ပြီး သူက ဒီကို ပြန်ပို့ပေးလိုက်တာ''
''အတူတူပဲ ငါလည်း သူနဲ့ တွေ့လို့ အသက်ပြန်ရှင်လာတာ၊ ငါတို့ နှစ်ယောက်က ဘဝတူတွေပဲ''
ဟု ပြောလေသည် ။
သူမ စကားကြားတော့ အနားမှာ အခြေအနေကြည့် နေသူများက အံ့သြသွားကြလေသည် ။
နီမောင်ကလည်း သူမပြောသောစကားများကို လက်ခံသည့် အနေဖြင့် ခေါင်းညိတ်ပြလေသည် ။
'' ဟုတ်တယ်၊ ငါတို့ နှစ်ယောက်က ဘဝတူတွေပဲ၊ ဒါကြောင့် လူသေရွာမှာ တွေ့ခဲ့ပြီး လူဘဝကို အတူတူ ပြန်ခွင့်ရကြတာ၊ နင့်နာမည်က ဘယ်သူလဲဟင်''
ထိုသို့မေးလိုက်တော့ မျက်လုံးကလေး ကလယ်ကလယ် ဖြင့် စဉ်းစားနေသည် ။
''နာမည်''
''ဟုတ်တယ်၊ နင့်နာမည်ကို မေးတာ''
ဆွယ်လီက အတန်ကြာအောင် စဉ်းစားနေသော်လည်း သူမနာမည် ဘယ်သူဖြစ်သည် ကို စဉ်းစားရဟန်မတူပေ။
ထို့ ကြောင့် ဟိုကြည့်ဒီကြည့် ကြည့်နေရင်းမှ နီမောင်တို့ အိမ်ရှေ့တွင် တစ်ပင်လုံးဖူးပွင့်နေသော ချယ်ရီပင်ကြီးကို လှမ်းမြင်သွားလေသည် ။
''ချယ်ရီ..ချယ်ရီ..ငါ့နာမည် ချယ်ရီထင်တယ်''
သူမကို မိဘများက ချင်းနာမည် ဆွယ်လီဟု ပေးပြီး.. မြန်မာဆန်ဆန်ချယ်ရီဆိုသော အမည်တစ်ခုလည်း ပေးထားသေးသည် ။ ထိုအကြောင်းများကို မှတ်မိသဖြင့် ပြောချင်းတော့မဟုတ်ပေ။
မျက်စိရှေ့တွင် ချယ်ရီပင်ကြီးနှင့် ချယ်ရီပန်းပွင့်များကို လှမ်းမြင်နေရသဖြင့် အလွယ်တကူ ပြောလိုက်ခြင်း ဖြစ်၏။
''ဒါဖြင့် နင့်နာမည် ချယ်ရီပေါ့..ဟုတ်လား''
ခေါင်းညိတ်ပြသည် ။
''နင့်မိဘတွေက ဘယ်သူလဲ''
''ငါ မသိဘူး''
''နင် ဘယ်ရွာမှာ နေတာလဲ''
''အဲဒါလည်း မသိတော့ဘူး''
ထိုစကားကြားတော့မှ ဆွယ်လီအခြေအနေကို သဘောပေါက် သွားကြလေတော့သည် ။
ချယ်ရီဟု သူမဘာသာ အမည်ပေးထားသော မိန်းကလေးမှာ ဦးခေါင်းကို ထိခိုက်မိသောဒဏ်ရာကြောင့် အတိတ်ဘဝမှ အကြောင်းများကို မမှတ်မိတော့ပေ။
''နင့်ကို ဘယ်နေရာပို့ပေးစေချင်သလဲ၊ နင်ဘယ်သူနဲ့ နေချင်သလဲ''
''ငါ ဘယ်သွားလို့ ဘယ်ပြန်ရမှန်းလဲ မမှတ်မိတော့ဘူး၊ ဒီနေရာမှာ လည်း ငါသိတာဆိုလို့ နင်တစ်ယောက်ပဲရှိတယ်၊ နင်တို့ နဲ့ ပဲ နေမယ်လေ''
''ကောင်းတာပေါ့၊ ငါတို့ မိသားစုမှာ တစ်ယောက်တိုး လာတာပေါ့၊ ငါ့ညီမလေးလည်း အဖော်ရပြီပေါ့''
နီမောင်က ဝမ်းသာအားရပြောပြီး မိသားစုများ နှင့် မိတ်ဆက်ပေး လိုက်လေသည် ။
ဆွယ်လီအတွက်တော့ ဘဝသစ်တစ်ခုကို ရောက်လာခဲ့ခြင်းပင် ဖြစ်ပေတော့သည် ။ ဆရာကြီးဦးဗန်ကောင်းကတော့ နီမောင်ကိုခေါ်ပြီး တိုးတိုးတိတ်တိတ်မှာ လေသည် ။
''သူက ခေါင်းကိုထိမိလို့ အတိတ်ဘဝကအကြောင်းတွေ ကို ဘာမှ မမှတ်မိတော့ဘူး၊ အခုနေ သူ့မိဘဆွေမျိုးတွေနဲ့ ပြန် တွေ့ရင်တောင်မှ မှတ်မိတော့မယ် မထင်ဘူး''
''ဒီတော့ ဘယ်လိုလုပ်ရမလဲ ဆရာကြီး''
''သူ အတိတ်ဘဝက အကြောင်းတွေကို သတိပြန်မရမချင်း မင်းတို့ မိသားစုကပဲ စောင့်ရှောက်ပေးထားပါ''
''ကောင်းပါပြီ ဆရာကြီး..ဒီအတွက်တော့ စိတ်ချပါ၊ သူ့ကို ညီမလေးတစ်ယောက်လို စောင့်ရှောက်ပေးထားပါ့မယ်''
''အခုလို ဒုက္ခရောက်လာတဲ့ လူတစ်ယောက်ကို ကူညီပေးရတာ ကုသိုလ်ရပါတယ်ကွာ၊ ဒါပေမယ့် မင်းကိုတော့ တူ သားနောင်မယ်လို ခင်မင်နေတာဆိုတော့ သတိတော့ပေးထားရဦးမယ်''
''ဘာများ လဲ ဆရာကြီး''
''သူက အခုလောလောဆယ် မင်းတို့ နဲ့ ကံစပ်လို့ မင်းတို့ ဆီရောက်နေပေမယ့် ကိုယ့်ရဲ့ မိသားစုအရင်းအခြာ မဟုတ်ဘူး ''
''ဟုတ်ပါတယ်''
''အကြောင်းတစ်စုံတစ်ရာကြောင့် သူရဲ့ အတိတ်ဘဝက အကြောင်းတွေကို ပြန်ပြီးမှတ်မိသွားတဲ့ တစ်နေ့ကျရင် သူ့နေရာကို သူပြန်သွားလိမ့်မယ်''
နီမောင်က သက်ပြင်းတစ်ချက် ချ လိုက်လေသည် ။
''အဲဒီအချိန်ကျရင်..သူက မင်းတို့ မိသားစုကို မှတ်မိတော့မှာ မဟုတ်ဘူး ''
''သူမေ့သွားရင်လည်း ကျွန်တော်တို့ ကတော့ ဘယ်လိုမှ သဘောမထားပါဘူး ဆရာကြီးရယ်၊ ခွင့်လွှတ်ပေးနိုင်ပါတယ်''
''အေး..အေး..မင်းတို့ မိသားစု သဘောကောင်းကြတာတော့ ငါသိပါတယ်၊ ဘာပဲဖြစ်ဖြစ်ပေါ့လေ သူက ကိုယ်ပိုင်ဆိုင်တဲ့ သူမဟုတ်လေတော့ အချိန်တန်ရင်တော့ အိမ်ပြန်သွားမှာ ပဲ၊ အဲဒီအချိန်ကျရင် ကိုယ့်ဘက်က ခံသာအောင် စိတ်ကို လျှော့ထားပေါ့ကွာ''
ဟု ပြောပြလေသည် ။
''ဆရာကြီး စေတနာနဲ့ သတိပေးတာကို ကျွန်တော် သဘောပေါက်ပါတယ်၊ ဒါကြောင့် သူ့အပေါ်မှာ ဘယ်လို မျှော်လင့်ချက်မျိုးမှ မထားဘဲနဲ့ ညီမလေးတစ်ယောက်လို စောင့် ရှောက်ပေးထားပါ့မယ်''
''ကောင်းတာပေါ့ကွာ..ဒီလိုဒုက္ခရောက်နေတဲ့ သူကို အကူအညီပေးရတာ ကုသိုလ်ရပါတယ်''
ဟု ပြောကာ ဆရာကြီး ဦးဗန်ကောင်းလည်း ပြန်သွားလေတော့သည် ။ နီမောင်စိတ်ထဲမှာ တော့ ဆရာကြီးပြောသွားသော စကားများကို သတိရနေရင်းနှင့် သက်ပြင်းအခါခါချနေ မိပေတော့သည် ။
***