မမျှော်လင့်ဘဲ နီမောင်တို့ မိသားစုဘဝထဲသို့ ဆွယ်လီ ရောက် လာပြီးနောက် ပိုပြီး ပျော်စရာကောင်း လာလေသည် ။
နှင်းမေကလည်း အစ်မတစ်ဦးရသကဲ့သို့ ပျော်ရွှင်နေလေသည် ။
ဆွယ်လီကလည်း ဦးခေါင်းမှ ဒဏ်ရာပျောက်ကင်းသွားပြီး နေကောင်းလာသောအခါ ခြံအလုပ် အိမ်အလုပ်များကို ဝိုင်းကူလုပ်ပေးလေသည် ။
သူမအနေဖြင့်လည်း မည်သည့် အလုပ်မဆို ဝိုင်းကူလုပ် ပေးနိုင်လေသည် ။
တောင်ယာအလုပ်များ ၊ သစ်သီးခြံအလုပ်များ အပြင် အထူးသဖြင့် နွားနောက်မွေးမြူသော လုပ်ငန်းများကို ကျွမ်းကျင်စွာ အကူအညီပေးနိုင်လေသည် ။
''ချယ်ရီ..နင်က သိပ်ပြီးနေကောင်းသေးတာ မဟုတ်ဘူး ၊ ဒီအလုပ်တွေက ငါတို့ မိသားစုတွေ လုပ်နေကျအလုပ်တွေပါ၊ အိမ်မှာ ပဲ နားနားနေနေ နေပါလား''
''မနေချင်ပါဘူး၊ ဒီအလုပ်တွေက ငါလုပ်တတ်တဲ့ အလုပ်တွေပဲ၊ လူပိုတစ်ယောက်လိုနေတာမျိုးတော့ မနေချင်ပါဘူး''
တစ်နေ့တော့ နီမောင်က နွားနောက်များ မွေးမြူထားသော ခြံသို့သွားသောအခါ ဆွယ်လီလည်း လိုက် လာလေသည် ။ ထိုနွားခြံမှာ လည်း အစောင့်ထားသော အလုပ်သမားသာ ရှိလေသည် ။
''နင်တို့ မှာ နွားနောက်တွေ မွေးထားတာရှိတယ်နော်။ ဒီနေရာရောက်တော့ ငါရောက်ဖူးတဲ့ နေရာ တစ်ခုလိုပဲ စိတ်ထဲမှာ ထင်နေတယ်''
''နင် အရင်နေခဲ့တဲ့ နေရာမှာ နွားနောက်မွေးထားတဲ့ ခြံ ရှိလို့ သာ ဖြစ်မှာ ပေါ့၊ နင်ဒီအလုပ်တွေကို ရောလုပ်တတ်သလား''
''လုပ်တတ်တာပေါ့၊ ဒါတွေက ငါလုပ်နေကျ အလုပ်တွေပဲဟာ''
ထိုသို့ပြောပြီး နွားခြံနှင့် သက်ဆိုင်သော အလုပ်များကို ဝင်ရောက်လုပ်ကိုင်ပေးလေသည် ။
သူမသည် ဒိန်ခဲ၊ ထောပတ်ပြုလုပ်ခြင်းများကို ကောင်းစွာပြုလုပ်တတ်လေသည် ။
ထို့ပြင် နွားများကို ထိန်းကျောင်း မောင်းနှင်ခြင်း၊ နွားနို့ညှစ်ခြင်း စသောအလုပ်တို့ ကိုလည်း ကျင်လည်စွာ လုပ်ကိုင်ပေးနိုင်သည် ။
''နင်က ဒီအလုပ်တွေကို အတော့်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်နေတော့ အရင်က နွားနောက်ခြံမှာ နေခဲ့ဖူးတယ်ထင်တယ်''
''ဟုတ်မှာ ပေါ့''
သူမကတော့ ဒါပဲပြန်ပြောလေသည် ။ ဘာပဲပြောပြော ဆွယ်လီတစ်ယောက် သူတို့ မိသားစုထံရောက်လာခြင်းကတော့ ပျော်ရွှင်စရာကောင်းလာသည် ကတော့ အမှန်ပင်ဖြစ်သည် ။
အိမ်မှာ မိန်းကလေးအဖော်တစ်ယောက်ကလည်း ရှိနေရာ ဆွယ်လီအတွက်လည်း အဆင်ပြေသည် ။
နှင်းမေကလည်း ဆွယ်လီကို အစ်မတစ်ယောက်ကဲ့သို့ ခင်မင်နေလေသည် ။
ဦးဘရှိန်နှင့် ဒေါ်ကျင်မေတို့ ကလည်း မပိုင်သော်လည်း သမီးကြီးတစ်ယောက်ကဲ့သို့ ချစ်ခင်ကြသည် ။
''ဘယ်ကရောက်လာမှန်းမသိ၊ သူဘယ်သူမှန်းမသိရပေမယ့် ငါတော့ သမီးကြီးတစ်ယောက် ကောက်ရသလိုပဲ၊ တစ်နေ့ကျရင် သူပြန်သွားမှာ ကိုတောင် စိုးရိမ်နေမိတယ်''
ဟု ဒေါ်ကျင်မေက စိတ်ထဲရှိသည့် အတိုင်း ပြောလေသည် ။
''ငါတို့ နဲ့ ရေစက်ရှိခဲ့လို့ အခုလိုရောက်လာပေမယ့် ဒီလောက်ကြီးတော့ သံယောဇဉ်မထားပါနဲ့ ကွာ၊ မင်းက သံယောဇဉ် ထားနေပေမယ့်လည်း သူသတိပြန်ရလာတဲ့ အခါ သူနေရာ သူပြန်သွားမှာ ပေါ့၊ အဲဒီအချိန်ကျရင် မင်းခံစားရလိမ့်မယ်''
ဟု ဦးဘရှိန်က ဖြောင်းဖျပြောဆိုသောအခါ ဒေါ်ကျင်မေက သက်ပြင်းချ လိုက်လေသည် ။
''ဒီတော့ ကိုယ့်ဆီမှာ နေသွားတဲ့ အခိုက်မှာ အကောင်းဆုံးသာလုပ်ပေးလိုက်၊ အကူအညီပေးလိုက်၊ တခြားတော့ သူ့ဆီက ဘာမှ မျှော်လင့်မထားပါနဲ့ ''
ဟု ပြောလေသည် ။
ညဦးပိုင်း အလုပ်သိမ်းကြသောအခါ နီမောင်က အိမ်ရှေ့သို့ ထွက်ထိုင်လေ့ရှိသည် ။ သူတို့ အိမ်ရှေ့တွင် တစ်ပင်လုံးပွင့်နေသော ချယ်ရီပင်ကြီး ရှိသည် ။ ထိုချယ်ရီပင်ကြီးအောက်တွင် ခုံတန်းများ ပြုလုပ်ထားလေသည် ။
ထိုနေရာမှာ တောင်ကုန်းအမြင့်ပေါ်မှာ ရှိသောကြောင့် ခုံတန်းများ ပေါ်မှ ထိုင်ကြည့်လျှင် နှင်းမှုံများ အောက်တွင် လှပနေသော တောင်တန်းကြီးများကို သော်လည်းကောင်း၊ တသွင်သွင် စီးနေသောမြစ်ကြီးကိုသော်လည်းကောင်း လှမ်းမြင်ရလေသည် ။
ထိုနေရာတစ်ဝိုက်မှာ ရှိသော သစ်ပင်ကြီးများ ပေါ်မှာ ရောင်စုံသစ်ခွပန်းများကလည်း အစဉ်မပြတ် ဖူးပွင့်နေကြလေသည် ။
ထို့ပြင် ရနံ့သင်းသော ပန်းများကလည်း ဖူးပွင့်နေကြရာ သဘာဝပန်းဥယျာဉ်ကြီးကဲ့သို့ ဖြစ်နေတော့သည် ။
နီမောင်က တစ်နေကုန် အလုပ်ပင်ပန်းလာပါက အလုပ်ပြီးသောအခါမှာ စားသောက်ပြီးသည် နှင့် ထိုနေရာတွင် တစ်ယောက်တည်း ထိုင်နားလေ့ရှိသည် ။
ယခုတော့ သူ့နံဘေးမှာ အဖော်တစ်ယောက်ရှိနေပေပြီ။ ဆွယ်လီပင် ဖြစ်သည် ။
''နီမောင်''
''ဟင်''
''ငါကဘယ်နေရာကနေ ဒီကိုရောက်လာတာလဲဟင်''
''နင်ကို နတ်တွေက ငါတို့ နဲ့ အတူတူနေဖို့ ပို့ပေးလိုက်တာဖြစ်မှာ ပေါ့၊ နင်ဘယ်နေရာက ရောက်လာတာလဲတော့ ငါလည်း ဘယ်သိပါ့မလဲ''
''ဒါဖြင့် ငါအရင်က နေခဲ့တဲ့ နေရာတော့ ရှိမှာ ပေါ့နော်''
''ဒါကတော့ ရှိမှာ ပေါ့ ချယ်ရီရဲ့ ''
''တစ်နေ့ကျရင် ငါက အဲဒီနေရာကို ပြန်သွားရမှာ လား ဟင်''
နီမောင်က သက်ပြင်းချလိုက်သည် ။
''ဒါကတော့..နင်ရဲ့ ဘဝဟောင်းက သက်ဆိုင်သူတွေ ရောက် လာပြီး လာခေါ်ရင်တော့ နင်ပြန်လိုက်သွားရမှာ ပေါ့''
''ဘဝဟောင်းက လူတွေဆိုတာ ဘယ်သူတွေလဲဟင်''
''နင့်ရဲ့ မိဘတွေ၊ ဆွေမျိုးသားချင်းတွေ နောက်ပြီး.. နင်နဲ့ သက်ဆိုင်သူတွေပေါ့''
''ဟင် ငါကတော့ သူတို့ လာခေါ်ရင်လည်း ပြန်လိုက် မသွားချင်ပါဘူး၊ ငါဒီမှာ နင်တို့ နဲ့ နေရတာ သိပ်ပျော်တာပဲ''
''ငါတို့ ကလည်း နင့်ကိုတစ်သက်လုံး ခေါ်ထားချင်ပါတယ် ချယ်ရီရယ်၊ ဒါပေမယ့်..''
နီမောင်က ရှေ့ဆက်မပြောတော့ဘဲ အဝေးသို့ကြည့် နေလေသည် ။
''ငါသိချင်တာ တစ်ခုတော့ရှိတယ်''
''ဘာလဲဟင်''
''နင်နဲ့ ငါနဲ့ က လူသေရွာသွားတဲ့ လမ်းရောက်မှ စတွေ့ခဲ့ကြတာ မဟုတ်လား၊ အရင်က နင်နဲ့ ငါနဲ့ ချစ်သူတွေ ဖြစ်ခဲ့ဖူးသလားဟင်''
နီမောင်က ခေါင်းခါပြ လိုက်လေသည် ။
ထိုအခါမှာ တော့ ဆွယ်လီက သက်ပြင်းချ လိုက်လေသည် ။
''ငါဘဝက ဘယ်ကလာတဲ့ ..ကိုယ့်ကိုယ်ကိုတောင် ဘယ်သူမှန်း မသိတဲ့ ဘဝပါပဲ၊ ဒီလိုလူတစ်ယောက်ကို ဆွေမျိုးသားချင်းတစ်ယောက်လို ခေါ်ပြီး စောင့်ရှောက်ထားတဲ့ နင်တို့ မိသားစုတွေရဲ့ ကျေးဇူးတွေကို ငါဘယ်တော့မှ မမေ့ပါဘူး''
ဟု ပြောကာ နေရာမှ ထသွားလေတော့သည် ။ နီမောင်ကတော့ အတွေးပေါင်းများ စွာတို့ ဖြင့် နေရာမှာ ပင် ကျန်ခဲ့လေတော့သည် ။
နောက်ပိုင်းရက်များမှာ လည်း ဆွယ်လီမှာ ဘဝဟောင်းမှ အကြောင်းများကို ထွေထွေထူးထူးစဉ်းစား မနေတော့ဘဲ ပျော်ပျော်ပါးပါးနှင့် ပင် ဆက်နေလေသည် ။
ထိုသို့နေထိုင်ခဲ့တာ လအနည်းငယ်ကြာလာတော့.. နီမောင်နှင့် ဆွယ်လီတို့ နှစ်ယောက်မှာ တစ်ယောက်ရင်ထဲမှ သံယောဇဉ်ကို..တစ်ယောက်က ရိပ်မိလာသောအခြေအနေသို့ ရောက် လာလေတော့သည် ။
သို့သော်လည်း နီမောင်က အတိတ်မေ့နေသော ဆွယ်လီအခြေအနေကြောင့် သူရင်ထဲမှ သံယောဇဉ်ကို ကြိတ်မှ ိတ် မျိုသိပ်ထားခဲ့လေသည် ။
''သူကတော့ ငါဖွင့်ပြောရင် ငါရဲ့ မေတ္တာကို လက်ခံပေးမှာ ပါ၊ ဒါပေမယ့် သူမှာ ဘယ်လိုနောက်ကြောင်းတွေ ရှိတယ်ဆိုတာ ငါမသိရသေးဘူး၊ ငါဖွင့်ပြောပြီး ချစ်သူဘဝရောက်ခဲ့ပြီးမှ ဘဝဟောင်းက ပိုင်ဆိုင်တဲ့ သူရောက်လာရင် နှစ်ယောက်စလုံး စိတ်ဆင်းရဲရလိမ့်မယ်''
ထို့ပြင် သူမရောက်စက ဆေးကုပေးသော ဆရာကြီးဦးဗန်ကောင်း၏ သတိပေးထားခဲ့သော စကားများကိုလည်း ယခုထိ မမေ့သေးပေ။
''သူက အတိတ်ဘဝမေ့နေတဲ့ သူ..တစ်နေ့ကျလို့ ဘဝဟောင်းကအကြောင်းတွေကို ပြန်ပြီးသတိရလာတဲ့ တစ်နေ့မှာ ငါတို့ ကို ပြန်မေ့သွားလိမ့်မယ်၊ အခုလိုအခြေအနေမျိုးနဲ့ ခွဲလိုက်ရတာကမှ တော်ဦးမယ်၊ ချစ်သူဘဝရောက်ခဲ့ပြီးမှ ခွဲရရင် ဒီထက်ပိုပြီး ခံစားရလိမ့်မယ်၊ ဒီတော့ သူ့အပေါ်မှာ ဘယ်လောက်ပဲ ချစ်နေနေ ဖွင့်မပြောဘဲနေတာက ပိုကောင်းမယ်ထင်ပါတယ်''
ဟု ဆုံးဖြတ်ထားလေသည် ။
ဤသို့ဖြင့် ရက်လအတန်ကြာသောအခါ ခါတိုင်းနှင့် မတူဘဲ မူပျက်နေသော နီမောင်အခြေအနေကို ရိပ်မိကြသဖြင့် စောထီးနှင့် ငမဲအောင်တို့ က မေးကြသည် ။
''မင်းတို့ နှစ်ယောက် အခြေအနေက..ဘာထူးပြီလဲနီမောင်''
''ဘာမှ မထူးသေးပါဘူးကွာ''
''မင်း သူ့ကိုချစ်နေတယ်မဟုတ်လား၊ သူကလည်း မင်းကို သဘောကျနေပုံရပါတယ်၊ မင်းဖွင့်ပြောရင် လက်ခံပေးမှာ ပါ''
''ဒါပေမယ့် သူ့ဘဝဟောင်းမှာ ပိုင်ဆိုင်သူရှိနေရင် ခက်လိမ့်မယ်''
''ချယ်ရီက ချောလည်း ချော၊ လှလည်း လှပြီး ဒီအသက်အရွယ်ရောက်နေပြီဆိုတော့ ချစ်သူတွေဘာတွေတော့ ရှိခဲ့မှာ ပေါ့၊ အိမ်ထောင်ရှိမယ့်ပုံတော့ မပေါ်ပါဘူး''
''ငါစိုးရိမ်နေတာက သူနဲ့ ငါ အဆင်ပြေကြပြီးမှ အခုဘဝ ကိုမေ့ပြီး အရင်ဘဝကို ပြန်သတိရခဲ့ရင် ငါတို့ အားလုံးကိုပါ မေ့သွားလိမ့်မယ်၊ အဲဒီအချိန်ကျရင် ပိုဆိုးလိမ့်မယ်၊ ဒီတော့ သူ့ဘဝဟောင်းကို ပြန်သတိရတဲ့ အထိ ဒီလိုပဲနေသွားတာပဲ ကောင်းမယ် ထင်ပါတယ်''
ဟု ပြန်ပြော လိုက်လေသည် ။
စောထီးနှင့် ငမဲအောင်တို့ ကတော့ နောက်ထပ်ဘာမှ မပြောကြတော့ပေ။
နီမောင်တို့ မိသားစုကတော့ ဆွယ်လီကို သားသမီးတစ်ယောက်လိုပင် သဘောထားကာ ဝိုင်းဝန်းပြုစုပေးကြသည် ။
ဒေါ်ကျင်မေဆိုလျှင် ရွာထဲမှာ ရှိသော ယက္ကန်းစင်မှ အင်္ကျီ၊ လုံချည်များ ဝယ်သောအခါ ဆွယ်လီအတွက်ပါ တကူးတက ဝယ်ပေးလေသည် ။
ထို့ပြင် ငွေဖြင့်ပြုလုပ်ထားသော ငွေလက်ကောက်၊ ငွေခါးပတ်၊ ခါးအလှဆင်ပစ္စည်းများ ၊ ခေါင်းအလှဆင်ပစ္စည်းများ ၊ ပုတီးအမျိုးမျိုးတို့ ကို ဝယ်ယူဆင်မြန်းပေးထားလေသည် ။
ရွာထဲမှာ ဂျပ်ခုတ်သော စင်ရှိသည် ။
ထိုနေရာမှ အရောင်အသွေးစုံသော ထမီ၊ အင်္ကျီ၊ ပုဝါ များ ရသဖြင့် ဆွယ်လီနှစ်သက်သော ပစ္စည်းများကို လိုလေသေး မရှိအောင် ဝယ်ယူပေးကြသည် ။
ဒေါ်ကျင်မေက သမီးအရင်း နှင်းမေအတွက် အင်္ကျီလုံ ချည်တစ်ထည်ဝယ်လျှင် ဆွယ်လီအတွက်လည်း တစ်ထည်ဝယ်ဆင်ပေးသည် ။
ပုတီးတစ်ကုံးဝယ်ပေးလျှင် သူ့အတွက်လည်း တစ်ကုံးဝယ်ပေးလေသည် ။
ထို့ပြင် ဆွယ်လီက တခြားအစားအသောက်များ ထက် မြစ်ထဲမှ ဖမ်းမိသော ငါးကြင်းငါးတို့ ကို အကောင်လိုက် မီးကင်ထားသော အစားအသောက်ကို အကြိုက်ဆုံးဖြစ်လေသည် ။
ထို့ကြောင့် ..နီမောင်ကိုယ်တိုင် မကြာခဏဆိုသလို စောထီး၊ ငမဲအောင်တို့ နှင့် အတူ မြစ်ထဲသို့ ငါးဖမ်းသွားကာ ငါးရလာလျှင် ကိုယ်တိုင်မီးကင်ပေးလေ့ရှိသည် ။
တစ်နေ့တော့ မြစ်ထဲသို့ဆင်းပြီး ငါးဖမ်းရန်အတွက် သွားသောအခါ ဆွယ်လီလည်း လိုက် လာလေသည် ။
ပထမတော့ ပျော်ရွှင်တက်ကြွစွာ လိုက်လာခဲ့ပြီး မြစ် ကမ်းနားရောက်တော့မှ အခြေအနေပျက်သွားလေတော့သည် ။
အခြေအနေက ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားလေသည် ။
''ဆွယ်လီ နင်ဘာဖြစ်တာလဲ''
''ငါ လှေမစီးဝံ့တော့ဘူး..ကြောက်တယ်၊ မြစ်ထဲဆင်းရင် တစ်ခုခုဖြစ်လိမ့်မယ်လို့ စိတ်ထဲက ထင်နေတယ်၊ နင်တို့ ပဲ သွားကြတော့၊ ငါဒီနေရာကပဲ ထိုင်စောင့်နေတော့မယ်''ဟု ကမ်း စပ်မှာ ရှိသော ကျောက်တုံးတစ်တုံးပေါ်မှာ ထိုင်ကျန်ခဲ့လေသည် ။
ထို့ကြောင့် ..နီမောင်တို့ လည်း ဝေးဝေးမသွားနိုင်ကြတော့ပဲ ထိုနေရာတစ်ဝိုက်မှာ ပင် လှည့်လည်ငါးဖမ်းကြရလေသည် ။ ငါးအတန်အသင့်ရသောအခါ ပြန်ကြလေသည် ။
''နင် ဘာဖြစ်လို့ ရေကြောက်တာလဲ''
''မသိဘူး၊ ရေထဲဆင်းရင် တစ်ခုခုဖြစ်မယ်လို့ ထင်နေတယ်၊ နောက်ပြီး ငါလှေကိုကြောက်တယ်''
''လှေစီးဖူးလို့ လား''
''စီးဖူးတယ်လို့ တော့ ထင်တာပဲ''
နီမောင်က ဆက်မမေးတော့ပေ။
စိတ်ထဲမှာ တော့ ဆွယ်လီနေခဲ့သောနေရာမှာ မြစ်ကမ်းနှင့် မဝေးလှသော နေရာဖြစ်မည်ဟု တော့ စိတ်ထဲမှာ ခန့်မှန်းမိလေသည် ။
ညဦးပိုင်းအချိန်ရောက် နီမောင်က အိမ်အပြင်ဘက်မှာ ရှိသော မီးဖိုပေါ်တွင် ဖမ်း၍ ရလာသော ငါးကြင်းများကို တံစို့ထိုးကာ ကိုယ်တိုင်ကင်ပေးလေသည် ။
အဆီများ လှသော ငါးကြင်း၊ ငါးများမှာ မီးကင်လိုက်သည် နှင့် အဆီတဝင်းဝင်း ဖြစ် လာလေသည် ။
ထိုအဆီများက မီးပုံထဲကျသောအခါ ဆီတူးသောအနံ့များ ထွက်လာရုံမကဘဲ ငါးကင်မှ မွှေးလှသော အနံ့များ လည်း ထွက် လာလေသည် ။
နီမောင်က မီးပုံပေါ်မှာ ကင်ထားသော ငါးကင်များ ထဲမှ အသားကျက်ပြီဖြစ်သော ငါးကင်တစ်ခုကိုယူပြီး ဆွယ်လီကို ပေးလိုက်သည် ။
''နီမောင် ငါနင့်ကို တစ်ခုတော့ ပြောချင်တယ်''
''ပြောလေ''
''ဒီလိုအခြေအနေမျိုးနဲ့ တော့ မနေချင်တော့ဘူး''
''ဘာဖြစ်လို့ လဲ''
''ငါ စိတ်ထဲမှာ တစ်ခုခုခံစားနေရသလိုပဲ၊ နင့်ကို ပွင့်ပွင့် လင်းလင်းပဲမေးမယ်၊ နင် ငါ့အပေါ်မှာ သံယောဇဉ် ရှိနေတယ် မဟုတ်လား''
နီမောင်က ငါးကင်ကို လှည့်ပေးနေရင်းမှ ...
''ဟုတ်ပါတယ်'' ဟု ဝန်ခံလိုက်ရလေသည် ။
''ငါကလည်း နင့်အပေါ်မှာ သံယောဇဉ်ရှိပါတယ်၊ နင် ငါ့ကိုချစ်နိုင်မယ်ဆိုရင် ငါတို့ နှစ်ယောက် လက်ထပ်ကြရင် ပိုမကောင်းဘူးလား''
ဆွယ်လီဘက်မှ ပွင့်ပွင့်လင်းလင်း ပြောလာသောအခါ နီမောင်ကလည်း သူ့ရင်ထဲမှာ ရှိတာကို ပွင့်ပွင့်လင်းလင်း ပြန်ပြောရလေသည် ။
''ငါလည်း နင့်လိုပါပဲ၊ နင့်ကိုချစ်ပါတယ်၊ လက်ထပ်ပြီး အတူနေဖို့ လည်း စိတ်ကူးမိပါတယ်၊ ဒါပေမယ့်...''
''တခြားဘာ အကြောင်းရှိသေးလို့ လဲ''
''နင့်ရဲ့ နောက်ကြောင်းဘဝကို စုံစမ်းကြည့်ချင်သေးလို့ အခုလိုနေတာပါ၊ ငါတို့ နှစ်ယောက် လက်ထပ်ပြီးတော့မှ နင့်ကို ပိုင်ဆိုင်ထားပြီးသားလူရှိကြောင်း ပေါ်လာမှာ စိုးလို့ ပါ၊ အဲဒီ လိုအဖြစ်မျိုးနဲ့ ကြုံရင် ငါတို့ နှစ်ယောက်စလုံး စိတ်ဆင်းရဲကြလိမ့်မယ်''
ထိုစကားကြားတော့ ဆွယ်လီပါးပြင်ပေါ်သို့ မျက်ရည်များ ကျ လာလေသည် ။
''မငိုပါနဲ့ ချယ်ရီရယ်၊ နင်ငိုတာကို ငါမကြည့်ချင်ပါဘူး၊ အမှန်ပြောရရင် ငါနင့်ကိုသိပ်ပြီး ချစ်ပါတယ်၊ နင်နဲ့ လည်း မခွဲချင်တော့ပါဘူး၊ ဒီတော့ ဒီတစ်နှစ်လောက်တော့ ငါတို့ နှစ်ယောက် ဒီလိုပဲ နေသွားကြရင် မကောင်းဘူးလား၊ ဒီနှစ်အတွင်းမှာ ဘာမှ ထွေထွေထူးထူး ပြဿနာတွေမပေါ်ခဲ့ဘူးဆိုရင် ငါ နင့်ကိုလက်ထပ်ယူပါ့မယ်''
ဟု ကတိပေးလိုက်တော့ ပါးပြင်ပေါ်မှာ စီးကျလာသော မျက်ရည်များကို ပုဝါဖြင့်တို့ သုပ်လိုက်သည် ။
''တကယ်လို့ ..ငါရဲ့ ဘဝဟောင်းက မိဘဆွေမျိုးတွေ ရောက် လာပြီး အတင်းပြန်ခေါ်သွားရင် ဘယ်နှယ်လုပ်ကြမလဲ''
''အဲဒီတော့လည်း နင့်မိဘတွေလက်ထဲက..နင့်ကို တောင်းယူမှာ ပေါ့''
''နင်တကယ် ကတိပေးနိုင်သလား''
''ကတိပေးပါတယ်၊ နင်ကသာ ငါအပေါ်မှာ လက်ခံပေးမယ်ဆိုရင် ဘယ်ဘဝရောက်နေရောက်နေ ငါနင့်ကို ပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားယူပါ့မယ်''
ထိုသို့ပြောလိုက်တော့မှ သူမမျက်နှာပေါ်မှာ အပြုံးရိပ်ကလေးများ ပေါ် လာလေသည် ။
အငိုမျက်လုံးနှင့် အပြုံးမျက်နှာမျိုးပင် ဖြစ်သည် ။ အချိန်ကလည်း တဖြည်းဖြည်းနှင့် ညဦးပိုင်းအချိန် ရောက်လာပေပြီ။ နှင်းမှုံနှင်းဖွဲများက ကျဆင်း လာပြီးဖြစ်သောကြောင့် အအေးဓာတ်က ပိုများ လာသည် ။
ပတ်ဝန်းကျင်တစ်ဝိုက်မှာ တော့ ငါးကင်မှ ထွက်လာသော ရနံ့များ နှင့် ပန်းရနံ့များက ရောပြွန်းလျက်ရှိနေကြသည် ။
ပတ်ဝန်းကျင်တစ်ခုလုံး အအေးဓာတ်များ လွှမ်းစပြု လာပြီဖြစ်သော်လည်း သူတို့ နှစ်ဦး ရင်ထဲမှာ တော့ အချစ်စိတ်ဖြင့် နွေးထွေးနေကြပေသည် ။
* * *
တစ်နေ့သ၌ နီမောင်တို့ နေသော သစ်ခွမြိုင်ရွာသို့ ခွာဘုံရွာမှ နတ်ဆရာ ထန်ကျဲအိုနှင့် လူအချို့ရောက်လာကြလေသည် ။
သစ်ခွမြိုင်ရွာမှာ လူမျိုးပေါင်းစုံ နေထိုင်ကြသည် ဆိုသော်လည်း ချင်းလူမျိုးက အများ ဆုံးနေထိုင်ကြခြင်းဖြစ်သည် ။
ခွာဘုံရွာတွင် ဘွေသဲပွဲ ကျင်းပတော့မည် ဖြစ်သောကြောင့် လာရောက်ဖိတ်ကြားကြခြင်း ဖြစ်ပေသည် ။
သစ်ခွမြိုင်ရွာမှ ရွာလူကြီးမှာ ဦးထန်ဖုန်းရှိန် ဖြစ်သည် ။
ဦးထန်ဖုန်းရှိန်က ချင်းလူမျိုးတစ်ဦးဖြစ်ပြီး ပေါင်းသင်း ဆက်ဆံရေးကောင်းသူ ဖြစ်သောကြောင့် အခြားရွာများ ၌ ပူဇော်ပွဲများ ကျင်းပသောအခါ လာရောက်ဖိတ်ကြားခြင်းခံရလေသည် ။
ယခုလည်း နတ်ဆရာ ထန်ကျဲအိုကိုယ်တိုင် လာရောက် ဖိတ်ကြားခြင်း ဖြစ်သည် ။
''ခင်ဗျားကလည်း ခင်ဗျားနဲ့ အတူ ဒီရွာက လူပျိုအပျိုတွေပါ တစ်ပါတည်း ခေါ်လာခဲ့ပါ၊ ဒီနှစ်တော့ တခြားရွာက လူပျိုအပျိုတွေပါ ဖိတ်ထားတော့ ပျော်ပျော်ပါးပါး တွေ့ကြဆုံကြရအောင်ဗျာ''
''ကောင်းတာပေါ့ဗျာ..လာခဲ့ပါ့မယ်၊ ရွာမှာ ရှိတဲ့ လူပျို အပျိုတွေကိုလည်း ခေါ်လာပေးပါ့မယ်''
ဟု ကတိပေးလိုက်ရာ ထန်ကျဲအိုတို့ လည်း ပြန်သွားလေတော့သည် ။
ထိုအကြောင်းကို ရွာလူကြီးက တစ်ရွာလုံးမှာ ရှိသော လူများကို အသိပေး လိုက်လေသည် ။
လိုက်ပါမည့် လူပျိုအပျိုတို့ လည်း စာရင်းပေးရန် မှာ ကြားလေသည် ။
နီမောင်က ဗမာတစ်ဦးဖြစ်သော်လည်း ထိုအရပ်ဒေသတွင် နေထိုင်ခဲ့တာ ကြာပြီဖြစ်သောကြောင့် ချင်းလူမျိုးတစ်ပိုင်းဖြစ်နေပေပြီ။
အနီးပတ်ဝန်းကျင်ရွာများ တွင် ချင်းလူမျိုးမိတ်ဆွေ အတော်များများ ရှိသောကြောင့် ရိုးရာဓလေ့ပွဲများ ကျင်းပပြုကြလျှင် တကူးတက လာရောက်ဖိတ်ကြားကြလေသည် ။
ထို့ကြောင့် ချင်းလူမျိုးတို့ ကျင်းပပြုလုပ်သော ပွဲအတော် များများ သို့ ရောက်ဖူးလေသည် ။
ရိုးရာဓလေ့ပွဲများ အကြောင်းကိုလည်း အတော်များများ သိထားလေသည် ။
ယခုလည်း ခွာဘုံရွာမှ ဘွေသဲပွဲသို့ သွားရောက်ရန် သူတို့ နာမည်စာရင်းများ ပေးလိုက်သည် ။
နီမောင်၊ ချယ်ရီ၊ နှင်းမေ၊ စောထီး၊ ငမဲအောင်တို့ ဖြစ်သည် ။ ဆွယ်လီကတော့ ထိုပွဲကို မလိုက်ချင်ပေ။
သို့သော် နီမောင်က သူမအတွက် စိတ်အပြောင်းအလဲ ဖြစ်စေရန် ခေါ်သွားခြင်းဖြစ်သည် ။
''ငါတို့ သွားရင် နင်တစ်ယောက်ထဲ ပျင်းကျန်ခဲ့မှာ ပေါ့၊ ဟိုရောက်လို့ လူတွေအများကြီးတွေ့ရရင် နင်ပျော်သွားမှာ ပါ''
ဟု ပြောတော့ ဘာမှ ပြန်မပြောတော့ပေ။
နောက်တစ်နေ့မှာ တော့ သစ်ခွမြိုင်ရွာမှ လူငယ်လူရွယ်များ တို့ သည် ကိုယ့်အစုနှင့် ကိုယ်၊ ကိုယ့်အဖွဲ့နှင့် ကိုယ်စုကာ ခွာဘုံရွာသို့ သွားကြလေသည် ။
ဘွေသဲပုံ ကျင်းပပုံနှင့် ပတ်သက်သည့် အကြောင်းအရာအနည်းငယ်ကို ဖော်ပြပါမည်။
ဇိန်ဝက်သတ်ရာတွင် နောက်ဆုံးနှင့် ဆုတောင်းပွဲသည် ဇာန်ချွန်း(Zan chun)ဖြစ်သည် ။
ဘွေသဲပွဲ ကျင်းပမည့် တမြန်ညတွင် မိခင်က နောက်ဆုံးမွေး၍ ချိုနုပေါက်စ၊ နွားနောက်ပေါက်ကို အိမ်အောက်၌ ထားကြသည် ။
၎င်းနွားနောက်ကို နောက်တစ်နေ့ညတွင် သတ်ကြသည် ။
အဆိုပါ နွားနောက်ကို သတ်သည့် (မြားဖြင့်ပစ်)အချိန်၌ ရန်ဖြစ်သူများ ရှိပါက ခေတ္တရပ်နား၍ ရန်ပွဲပြီးသည့် အခါမှ သာ ဆက်လက်၍ ပွဲစကြသည် ။
၎င်းရန်ပွဲသည် ကြာရှည်ဖြစ်ပါက ကျင်းပသူအတွက် မကောင်းပါ။
ထို့ကြောင့် အစမှ စ၍ ပြန်ကျင်းပရသည် ။ အဆိုပါပွဲ တွင် သတ်သော နွားနောက်ပေါက်ကို..ဇင်တလား(Zingtla) ''အဆင့်မီ နွားနောက် '' ဟု ခေါ်သည် ။
ဘွေသဲပွဲ ကျင်းပခြင်းနှင့် ပတ်သက်၍ ဟဲ(ဒ)၏ မှတ်တမ်းမှ အကျဉ်းချုပ်၍ ဖော်ပြပါမည်။
ဇန်ချွန့်(Zanchun) ပြုလုပ်မည့် နေ့တွင် ကျင်းပသူ၏ နှမတို့ က ဝက်ကိုသတ်ပြီး ယူလာကြသည် ။
၎င်းကို အာ(ရ)ဆား( arsa )ဟု ခေါ်၍ ကျင်းပသူ၏ မျိုးရိုးစုများက ညစာတွင် စားကြရသည် ။
ထိုကဲ့သို့ ဝက်သတ်၍ မပေးပါက ပွဲကျင်းပသူ၏ ဇနီးသည် ထံမှ ပွဲကျင်းပသောအခါ လက်ဆောင်ပစ္စည်းရမည်မဟုတ် ပါ။
ညတွင် ကန်ချွန်(Zanchunh)ကို စတင်ကြသည် ။ မိုး လင်းသောအခါ ဘွေသဲပွဲ ကျင်းပခြင်းကို စတင်ကြသည် ။
(၅)ရက်တိတိ နေ့ရောညပါ စားသောက်ကြ၊ ကခုန်ကြ ခြင်းဖြင့် အချိန်ကို အသုံးပြုကြသည် ။
ဝက်သီး ငါးဆုပ်(၄ဝ-လက်မလုံးပတ်)သတ်ရသည် ။
ကျွဲကိုလည်း အတူသတ်၍ ရ၏။ ခေါင်အိုးကြီးကြီး၊ ပြင်းပြင်း (၅)အိုးကိုတည်၍ ၊ ယခင်က ဤဘွေသဲပွဲ ကျင်းပသူ၊ ဆာရဲအို ( Sareu )ပွဲကျင်းပသူ၊ ခေါင်ကျွဲပွဲ ကျင်းပသူများကို ခေါ်ယူ၍ ကျွေးရသည် ။
ထိုကဲ့သို့ ခေါ်ယူ၍ ကျွေးမွေးခြင်းခံရသူများ သောက်စားသည့် အစားအစာကို ချွမ်းချင်(Chuanchang)ဟု ခေါ်၍ မကျင်းပသူများက စားခွင့်မရှိပါ။
ထို့နောက် ရွာဝေ(ntlangzam)အတွက် ကျွဲထီးအကြီး ကြီးတစ်ကောင်ကို သတ်ပေးရ၏။
ဤအဆင့်အထိ ပြုလုပ်သောပွဲသည် ဘွေသဲအဆင့် မရောက်ရှိသေးဘဲ ဆာရဲအို( Sareu )ဟု ခေါ်သည် ။
ထိုဆာရဲအိုပွဲ ကျင်းပသူသည် ခေါင်ကျွဲပွဲအဆင့်အထိ ပြုလုပ်နိုင်မည့် သူ မဟုတ်ပါက ဤအဆင့်အထိသာ ကျင်းပရသည် ။
ဘွေသဲပွဲ ကျင်းပပုံကို ဆက်လက်ဖော်ပြပါမည်။
ပူဇော်သည့် ကျောက်တုံးကြီးဟု ခေါ်သော ကျောက် တုံးသည် ရွာတိုင်း၌ သတ်မှတ်သော ကျောက်တုံးကိုယ်စီရှိကြ၏။ ၎င်းမှာ တစ်ရွာလုံးကျွတ်၏ ကျောက်တုံးဖြစ်သည် ။
ပူဇော်ပွဲကျင်းပသည့် နေ့တွင် ကျင်းပသူ လင်မယားသည် ဆုတောင်းပွဲသို့တက်ရောက်ရန် နတ်ဆရာ(tlangbawr) ဦးဆောင်လျက် အထက်ဖော်ပြပါ ဆုတောင်းသည့် ကျောက်တုံးကြီးသို့ သွားရောက်၍ ကြက်ဖနီကိုသတ်လျက် ပူဇော်ကြသည် ။
ထိုပူဇော်ပွဲသို့ တက်ရောက်သည့် အခါတွင် ကျင်းပသူ၏ ဇနီးသည် မွေးချင်း အစ်ကို၊ မောင်တို့ ကပေးသည့် စောင်၊ ထဘီနှင့် လုံချည်တို့ ကို ဝတ်ဆင်ရသည် ။
ထိုဝတ်ဆင်သော အဝတ်အစားများကို ဆုတောင်းပွဲမှ ပြန်လာသောအခါ ချွတ်၍ မိမိယောက်ျား၏ နှမများကို ပေးရသည် ။
ထိုသို့ပေးရမည့် သူသည် သုံးဦးထက်များ ပါက၊ အခြားအဝတ်အထည်များကို ပေးရန်စီစဉ်ပေးရ၏။
မိခင်၏ ဆေကြေး(Seiman )ရရှိမည့် ယောက္ခမ (သို့မ ဟုတ်) မောင်သည် ထိုဇာန်ချွန့် ပြုလုပ်သောည၌ ဆံပင်ကျစ်ကြေး ရရှိရန်အတွက် ဝက်သတ်၍ တောင်းဆိုရမည်။
ထိုညတွင် ဆံပင်ကျစ်ပေးသောကြောင့် တောင်းဆိုခြင်းဖြစ်၍ ရရှိရမည့် ကြေးသည် နွားနောက်အငယ် ဖြစ်သည် ။
အဆိုပါပွဲ ပြုလုပ်သူသည် နာမည်ကောင်းရလိုပါက ယူလာသောဝက်ကို မစားဘဲ ပြန်လည်၍ ပေးလေ့ရှိသည် ။ (သို့ မဟုတ်) ထိုဝက်နှင့် ညီသော ဝက်တစ်ကောင်ကို သတ်၍ ပေးနိုင်သည် ။
ထိုဆေကြေးရရှိသူသည် နွားနောက်ငယ်အပြင်၊ အာရ်ဆား ဓားခအတွက် ထိုခေတ်က ရူးပီး (၅-၁ဝ)အထိ၊ ဝက်ခေါင်း ချက်ခ ရူးပီး(၂-၅)ကျပ်အထိ တောင်းဆိုရမည်။ သို့သော် ရူးပီး (၁ဝ)ကျပ်ထက် မပိုရပါ။
ဘွေသဲကျင်းပသည့် တတိယညတွင် မွေးဖခင်၏ ဆေးကြေး ရရှိမည့် သူသည် ရန်ချင်းကြေးကို ကျင်းပသူက ရရှိရန်အတွက် ဝက်သတ်၍ ယူ လာပြီး လာတောင်းရမည်။
ထိုကြေးသည် နွားနောက်ငယ်ဖြစ်၍ အာ(ရ)ဆား ဓားခအတွက် ရူးပီး (၅-၁ဝ)ကျပ်၊ ဝက်ခေါင်းချက်ခအတွက် ရူးပီး (၅-၁ဝ)ကျပ်အထိဖြစ်ပြီး စုစုပေါင်း (၁၅)ကျပ်ထက် မပိုရပါ။
ယောက္ခမနှင့် မောင်တို့ က ဆံပင်ကျစ်ကြေးနှင့် ရန်ချင်းကြေးကို ရရှိရန်ဖြစ်သော်လည်း အခြားဆွေမျိုးတစ်ဦးဦးမှ ရစေလိုလျှင် ပေးနိုင်၏။
ကျင်းပသူသည် ပွဲပြီးသည့် နောက် ရက်ပေါင်း(၃ဝ)အတွင်း ပွဲကျင်းပသော သူများ အိမ်၊ မသာအိမ်တွင် မသွားရောက်ရပါ။ ထို့ပြင် အလုပ်လည်း လုံးဝမလုပ်ရပါ။
ထိုပွဲကျင်းပပြီးစီးချိန်မှ သုံးနှစ်အတွင်း တစ်နေ့နေ့တွင် ဝက်ထီး (၅-၆)ဆုပ်တစ်ကောင်ကိုသတ်၍ ညစာတည်ခင်းရမည်။
၎င်းသည် သူ၏ ခန္ဓာကိုယ် ကျန်းမာစေရန်အတွက် လည်းကောင်း၊ မကောင်းဆိုးဝါး ကျမလာစေရန်အတွက်လည်းကောင်းဖြစ်၍ ဘွေကိ(လ်း) ( Bawi Kil )ဟု ခေါ်ဆိုသည် ။
ထိုဘွေသဲပွဲ မကျင်းပမီ နတ်ကတော် ပူဇော်ပွဲကျင်းပခြင်းသည် အလွန်အရေးကြီးပါသည် ။
ထိုပူဇော်ပွဲ ပြုလုပ်နေစဉ်တွင် တစ်ပါးသောရွာသားက မသိ၍ အိမ်ဝန်းအတွင်း ဝင်မိပါက ထိုပြုလုပ်ခဲ့သော အဆင့်ဆင့်ကို ဖျက်ရာရောက်စေ၏။
ဆိုခဲ့ပြီးသည့် ပွဲသည် ပျက်သွားပြီဖြစ်သောကြောင့် အစ တလန်အရ်သတ်ပွဲမှ ပြန်စရမည်ဖြစ်သည် ။
ထို့ကြောင့် ထိုပွဲဖျက်သူ ရွာပြင်ပရှိဧည့်သည် က နွားနောက်ကောင်ကြီးကြီးသတ်၍ အိမ်ကို ဆေးကြောပေးရမည်။
ဇန်ချွန့်ပွဲ ကျင်းပသောညတွင် နွားနောက်ပေါက် ချိုနုပေါက်ကို မသတ်မီ သန့်သောဆတ်ဆန်ဖြင့် ခေါင်းတွင် ဖြူး၍ ဆုတောင်းခြင်း ပြုလုပ်ပေးရမည်။
ဆန်မှုန့်ပေါက်ဆုပ်ကို စားစေ၍ သန့်သောရေကို ပက်ဖျန်းပေးရမည်။
ထို့နောက် ၎င်းတို့ မျိုးနွယ်နှင့် အဆင်ပြေသူဖြစ်သော ယောက်ျားတစ်ဦးဦးသည် နွားနောက်နှင့် သတ်ပွဲ ပြုလုပ်တတ်ကြသည် ။
ကိုယ့်ကိုယ်ကိုယ် ခွန်အားရှိ၍ သတ်နိုင်မည်ဟု ယုံကြည် စိတ်ချရသော သူရှိမှ သာ ထိုပွဲပြုလုပ်ရသည် ။
ပြိုင်ပွဲဝင်သူသည် နွားနောက်ကို နားရွက်မှ ကိုင်၍ ခွန်အားနှင့် လှဲရသည် ။
နွားနောက်သည် တိရစ္ဆာန်ဖြစ်၍ စိတ်ဓာတ်ကျလွယ်ကာ ကြာလျှင် လူကလှဲနိုင်လေ့ရှိသည် ။
ဘွေသဲကျင်းပပုံမှာ ဤသို့ဖြစ်သည် ။
ဘွေသဲပွဲစတင်ကျင်းပလျှင် ခေါင်ရည်အကောင်းဆုံး၊ အချိုဆုံးနှင့် အဟောင်းဆုံးကို ဘုံဘိုင်ဖြင့် စုပ်ယူ၍ ကြေးအိုးတွင် ခံထားသည် ။
အပျိုလူပျိုများကို တစ်နေရာတွင် စုထား၍ တစ်ခွက်စီမော့သောက်စေ၏။
၎င်းသည် ဖိတ်ကြားခြင်းဟု ခေါ်ဆိုသည် ။
ထိုပွဲညတွင် လူပျိုအပျို ဖိတ်ကြားခံရသူအားလုံး ကျင်းပသူအိမ်သို့ ရောက်ရှိကြသောအခါ ပူဇော်ပွဲ စတင်ကျင်းပသည် ။
ခေါ်ခြင်းဟု ခေါ်၍ ကြက်ဖကြီးကြီးတစ်ကောင်ကို သတ်ကြ၏။
လက်ဆုံနှင့် ကျည်ပွေ့တစ်ခု အိမ်ထဲရှိ ဗန်လုံ(အရှင်ပြု လုပ်ထားသော မီးဖိုငယ်)၏ မြောက်ဘက်သို့ထား၏။
ကျင်းပသူ၏ ဇနီးမှ ဆန်မှုန့်ဆုပ်ကို ထောင်း၏။ နတ် ဆရာက ဗုံကိုတီး၍ ထိုဖိတ်ကြားသူ အပျိုလူပျိုအဖွဲ့မှ သီချင်းကိုဆိုကြ၏။
ကျင်းပသူဇနီးသည် ၏ ထောင်းသော ကျည်ပွေ့၏ အကျသည် ဗုံကိုတီးသော စည်းဝါးအကိုက် ဖြစ်စေ၏။
သီချင်းအပိုဒ်(၉)ကြိမ် ကုန်ဆုံးသည် အထိ ထောင်းရမည် ဖြစ်သည် ။
ဒေါက်မြင့်ဖြင့် ယက်ထားသော တောင်းငယ် (၅)ခုကို ချထားသည် ။
ထိုအထဲတွင် ငှက်ပျောဖူး၏ ပွင့်ဖတ်(၅)ခုကိုလည်း ထား ရှိ၏။ ထိုပွင့်ဖတ် (၅)ခုအထဲတွင် ဆန်မှုန့်ဆုပ်ကို တစ်ခဲစီထားရှိ၏။
ထိုည၏ နောက်တစ်နေ့တွင် ရွာလုံးကျွတ် အသား ပေးဝေရန်အတွက် တိရိစ္ဆာန်ကောင်များကို သတ်ဖြတ်၏။
ဘွေသဲကျင်းပဖူးသူများ အတွက်သပ်သပ်၊ မကျင်းပနိုင် သူများ အတွက်သပ်သပ်၊ အများ စားသုံးရန်အတွက်ဟူ၍ သပ် သပ်လျာထား၍ ကျွဲ(၁ဝ)ကောင်(သို့မဟုတ်) နွားနောက်ကောင်း နှင့် ဝက်(၁ဝ)ကောင်ကို သတ်ဖြတ်ကြ၏။
အများ သောက်ရန်၊ ကျင်းပသူများ သာ သောက်ရန်.. စသဖြင့် အမျိုးအစား(၂)မျိုး၊ (၃)မျိုးဖြင့် အိမ်၏ မျက်နှာစာတွင် ခေါင်အိုးအလုံး (၅ဝ)ခန့်ကိုတည်၍ သောက်ကြသည် ။
ထိုညတွင် ကျင်းပသူ၏ နှမ၊ အဒေါ်များ သည် သတ်ပြီး သော ဝက်တစ်ကောင်စီကို ယူလာ၍ ဗုံ၊ မောင်းများကို တီးရင်း ထိုအိမ်သို့ ရောက်ရှိလာကြ၏။
ဆာဆိရ်အတွက် သတ်ရသော ဝက်သားများကို ထို ကျင်းပသူ၏ မျိုးရိုးစုတူများက လက်မှ ကိုင်၍ ရောက်ရှိလာသူ အားလုံးက ကိုက်စားကြ၏။
ထိုပွဲတွင် အပျိုလူပျိုများ လူလတ်ပိုင်းများ တစ်ဖွဲ့၊ အအို များ တစ်ဖွဲ့ စသည် ဖြင့် အဖွဲ့ခွဲ၍ သီချင်းဆိုကြ၊ ကကြသည် ။
ဘွေသဲကျင်းပခြင်းသည် လူငယ်လူရွယ်၊ လူပျိုအပျိုများ အတွက် လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့်ရကြပြီး..ပျော်စရာကောင်းသော ရိုးရာဓလေ့ပွဲတစ်ပွဲလည်း ဖြစ်ပေသည် ။
နတ်ဆရာ ထန်ကျဲအိုဖိတ်သော ဘွေသဲပွဲသို့ အနီးပတ်ဝန်းကျင်ရွာများမှ လူပျိုလူရွယ် အတော်များများ လည်း လာလေသည် ။
ထိုအထဲတွင် လေပီရွာမှ ရမ်မန်းတို့ လည်း ပါလာကြသည် ။
ရမ်မန်းသည် ဆွယ်လီ၏ မောင်ငယ်ဖြစ်သည် ။
သူနှင့် အတူ အခြားလူပျိုအပျိုများ လည်း ပါလာကြလေသည် ။ အပျိုအဖွဲ့ကို ဇာလျှံက ဦးဆောင် လာလေသည် ။
ဇာလျှံက ဆွယ်လီနှင့် သက်တူရွယ်တူဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက အတူတူနေလာကြသူများ ဖြစ်ကြသည် ။
ဘွေသဲပွဲတွင် ဆွယ်လီကို မြင်သောအခါ နှစ်ယောက်စလုံးက ဝမ်းသာစွာဖြင့် ရောက်လာကြသည် ။
''အစ်မ ဆွယ်လီ''
ရမ်မန့်က အနားရောက် လာပြီး ဝမ်းသာအားရခေါ်သဖြင့် ဆွယ်လီမှာ လန့်သွားလေသည် ။
''အစ်မ ဆွယ်လီ နင်ဘယ်ရောက်နေတာလဲ၊ ငါတို့ ကနင့်ကို သေပြီလို့ ထင်နေကြတာ၊ သူကဘယ်သူလဲ၊ နင်ယူထားတဲ့ ယောက်ျားလား ''
ရမ်မန်းက မေးသဖြင့် အနားမှာ ရှိနေသော နီမောင်မှာ မျက်နှာပူသွားလေသည် ။
ဆွယ်လီကလည်း ရမ်မန်းကို မမှတ်မိသဖြင့် ဘာပြန်ပြောရမှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်နေလေသည် ။
''အစ်မဆွယ်လီ နင်ဘယ်လိုဖြစ်နေတာလဲ၊ ငါက နင့်ရဲ့ မောင်ရမ်မန်းလေ''
''ငါမသိဘူး''
ဆွယ်လီက တစ်ခွန်းသာပြန်ပြောသဖြင့် ရမ်မန်းမှာ များ စွာအံ့သြသွားလေသည် ။
ထိုအခါ အတူပါလာသော ဇာလျှံကပါ ရှေ့သို့တိုး လာပြီး မေးပြန်လေသည် ။
''ဆွယ်လီ နင်ဘယ်လိုဖြစ်နေတာလဲ၊ ငါ့ကိုရော မှတ်မိရဲ့ လား၊ ငါက နင့်သူငယ်ချင်း ဇာလျှံလေ''
ထိုသို့မေးသောအခါမှာ လည်း ဇဝေဇဝါဖြင့်ကြည့်ပြီး ခေါင်းကိုသာ တွင် တွင် ခါပြလေသည် ။
အမျိုးမျိုးအဖုံဖုံ မေးသော်လည်း ဘယ်လိုမှ မထူးသောအခါ ဇာလျှံက နီမောင်ကို အပြင်သို့ခေါ်သွားပြီး မေးလေသည် ။
''နင့်နာမည်ဘယ်သူလဲ''
''ငါ့နာမည် နီမောင်ပါ''
''ငါ့နာမည်က ဇာလျှံလို့ ခေါ်တယ်၊ ငါက ငယ်ငယ်က လေးကတည်းက ဆွယ်လီနဲ့ အတူတူ နေလာကြတာ၊ ညီမအရင်းလိုပဲ ချစ်ကြတယ်၊ နင် သူ့ကို ဘယ်လိုရလာတာလဲ ငါ့ကိုပြောပြပါ''
နီမောင်ကလည်း အဖြစ်မှန်များကို ဖုံးကွယ်မနေတော့ပဲ ပြန်ပြောလိုက်သည် ။
ဆွယ်လီက သူ့ကိုယ်သူ ချယ်ရီဟု နာမည်ပေးထား ကြောင်း၊ မြစ်ကမ်းတွင် သတိမေ့နေသည် ကိုတွေ့သဖြင့် အိမ်ကိုခေါ် လာပြီး စောင့်ရှောက်ပေးထားကြောင်း။ ထို့ပြင် ဆွယ်လီမှာ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာ တစ်ခုရထားသောကြောင့် အတိတ်ဘဝမှ အကြောင်းများကို သတိမရတော့ကြောင်း ပြောပြလိုက်သည် ။
''ချယ်ရီဆိုတာ သူ့ရဲ့ နာမည်တစ်ခုပါပဲ၊ တကယ်တော့ သူ့ရဲ့ ချင်းနာမည်က ဆွယ်လီလို့ ခေါ်တယ်၊ သူက လေပီရွာကပါ၊ လေပီရွာမှာ သူ့ရဲ့ မိဘတွေ ရှိကြတယ်၊ စောစောက ရမ်မန်းဆိုတာ သူ့ရဲ့ မောင်အငယ်ပါပဲ''
ဟု ဇာလျှံက စိတ်မကောင်းစွာ ပြောပြလေသည် ။
''ဒါထက် သူ ဘယ်လိုဖြစ်လာခဲ့တယ် ဆိုတာလည်း ငါ့ကိုပြောပြပါဦး''
''သူက မြစ်တစ်ဘက်ကမ်းမှာ ရှိတဲ့ ဒမ်ဗာရွာက လူတစ်ယောက်နဲ့ ချစ်သူဖြစ်ခဲ့ကြတယ်၊ မိဘတွေက သဘောမတူလို့ ချစ်သူနဲ့ အတူ ထွက်ပြေးကြရင်းနဲ့ မြစ်ထဲမှာ လှေမှောက်သွားတယ်လို့ တော့ သတင်းကြားလိုက်မိတယ်၊ အဲဒီကတည်းက ရေထဲမျောပြီး နင်တို့ ဆီရောက်လာတာ ဖြစ်မှာ ပေါ့၊
သူ့ရဲ့ မိဘတွေကတော့ ဘယ်မှာ မှ သတင်းစုံစမ်းလို့ မရကြတာနဲ့ သေစာရင်း သွင်းထားခဲ့ကြတယ်၊ အခုလို ပြန်တွေ့ရင်တော့ သူတို့ သိပ်ပြီးဝမ်းသာကြမှာ ပဲ''
နီမောင်က သက်ပြင်းတစ်ချက် ချ လိုက်လေသည် ။
''ငါ နင့်ကိုမေးပါရစေ၊ အမှန်အတိုင်းသာပြောပါ''
နီမောင်က ဇာလျှံမျက်နှာကို ကြည့်လိုက်သည် ။
''နင်တို့ ချင်း ချစ်သူဖြစ်နေကြသလား၊ ဒါမှ မဟုတ် နင်တို့ နှစ်ယောက် လက်ထပ်ထားပြီးကြပြီလားဟင်''
ထိုစကားကြားတော့ ခေါင်းခါပြလိုက်သည် ။
''နင်ထင်သလို ငါတို့ ဘာမှ မဖြစ်ကြသေးပါဘူး။ ငါတို့ မိသားစုက သူ့ကို မိသားစုဝင်တစ်ယောက်လို သဘောထားကြပါတယ်၊ ငါကလည်း သူ့ကို ညီမလေးတစ်ယောက်လို စောင့်ရှောက်ပေးထားခဲ့တာပါ''
ထိုစကားကြားသောအခါ ဇာလျှံက များ စွာအံ့သြသွားသော အမူအယာ ဖြစ်သွားလေသည် ။
''ဒီစကားကြားရတာ နင်တို့ မိသားစုရဲ့ စေတနာကို လေးစားမိပါတယ်၊ သူ့မိဘတွေ သိရင်လည်း ကျေးဇူးတင်ကြမှာ ပါ''
''ငါတို့ က သူဆီက ဘာမှ မျှော်လင့်မထားပါဘူး''
''ဒါဖြင့် သူ့မိဘတွေလာခေါ်ရင်ကော နင်ဘယ်လိုလုပ်မှာ လဲဟင်''
''ကိုယ်ပိုင်တာမဟုတ်တဲ့ ပစ္စည်းတစ်ခုလိုပေါ့၊ ပိုင်ရှင်ပေါ်လာရင် ပြန်ပေးရမှာ ပေါ့'' ဟု ပြန်ပြော လိုက်လေသည် ။
''နင်တို့ က ဘယ်ရွာမှာ နေတာလဲ''
''ဒီကနေ မဝေးပါဘူး၊ သစ်ခွမြိုင်ရွာမှာ နေကြတယ်''
''ဒါဖြင့် ငါ သူ့မိဘတွေဆီ အကြောင်းကြားပြီး လာခဲ့မယ်နော်''
နီမောင်က ခေါင်းညိတ်ပြလိုက်သည် ။
သူရင်ထဲမှာ တော့ မကောင်းလှပေ။
ဘွေသဲပွဲမှာ တစ်ခါတစ်ရံမှ သာ ကြုံကြရပြီး လူငယ်လူရွယ်များ အတွက် ပျော်စရာကောင်းကြသည် ။
ယခုအခါမှာ တော့ သူတို့ ရောက်နေသည့် ဘွေသဲပွဲမှာ ပျော်ရွှင်စရာ မကောင်းတော့ဘဲ ဝမ်းနည်းကြေကွဲဖွယ်ရာများ နှင့် အစပြုလာခဲ့ချေပြီ။
***