မမျှော်လင့်ဘဲ ရမ်မန်း၊ ဇာလျှံတို့ နှင့် တွေ့ခဲ့ရပြီးနောက်မှာ တော့ ပွဲပြီးသည် အထိပင် မနေကြတော့ဘဲ နောက်တစ်နေ့ စောစောမှာ ပင် ရွာသို့ပြန်လာကြလေသည် ။
သူတို့ ငါးယောက်စလုံး အလာတုန်းကနှင့် မတူကြတော့ပေ။ လာစဉ်က ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောဖြင့် စကားပြောဆိုလာကြသော်လည်း အပြန်ခရီးမှာ တော့ ငြိမ်သက်တိတ် ဆိတ်နေကြလေသည် ။
လမ်းတစ်နေရာရောက်တော့ ဆွယ်လီက နီမောင်ကို မေးလေသည် ။
''နီမောင် သူတို့ က ဘယ်သူတွေလဲ၊ ငါနဲ့ လည်း မသိဘဲနဲ့ သူတို့ ရွာကို ငါကို အတင်းပြန်ခေါ်နေတယ်''
နီမောင်ကတော့ ဘာမှ ထွေထွေထူးထူးပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေလေသည် ။
သူ့အပြုံးက မချိပြုံးမျိုး ဖြစ်သည် ။
''ဒါပဲနော်..၊ သူတို့ အတင်းလာခေါ်လည်း ငါကတော့ လိုက်သွားမှာ မဟုတ်ဘူး ၊ ငါက နင်တို့ မိသားစုနဲ့ ပဲ တစ်သက်လုံးနေသွားမှာ ''
''အေးပါ ချယ်ရီရယ်၊ ငါတို့ ကလည်း နင့်ကို မသိတဲ့ လူ တွေလက်ထဲကို မထည့်လိုက်ပါဘူး''
ဟု ပြောတော့မှ ကျေနပ်သွားဟန် ရှိလေသည် ။
ရွာသို့ပြန်ရောက်တော့ ထိုအကြောင်းများကို နှင်းမေက မိဘများကို ပြန်ပြောပြလိုက်တော့ နှစ်ယောက်စလုံး စိတ်မကောင်း ဖြစ်ကြရပြန်သည် ။
''အေးလေ..သူ့ကို ငါတို့ က ပိုင်တာမှ မဟုတ်တာ၊ တကယ်ပိုင်ဆိုင်တဲ့ လူတွေ ပေါ် လာပြီဆိုတော့လည်း ပြန်ပေးရမှာ ပေါ့လေ''
ဟု ဒေါ်ကျင်မေက ညည်းညူသောအသံမျိုးဖြင့် ပြော လိုက်လေသည် ။
ထိုရက်အတွင်းမှာ တော့ နီမောင်တို့ မိသားစုမှာ စိုးရိမ်စိတ်ဖြင့် တထိတ်ထိတ်နေကြရပေသည် ။
သူတို့ အဖြစ်က ပစ္စည်းတစ်ခုကို ကောက်ရထားပြီးမှ ဘယ်အချိန်တွင် ပိုင်ရှင်က ပြန်လာတောင်းမလဲဟု စောင့်နေရသော အဖြစ်မျိုးနှင့် တူနေပေတော့သည် ။
သို့သော်လည်း တစ်နေ့မှာ တော့ မစောင့်ချင်ဘဲ စောင့်နေရသော အဖြစ်အပျက်က ရောက် လာလေတော့သည် ။
နီမောင်တို့ အိမ်သို့ လူအတော်များများ ရောက်လာကြလေသည် ။
သစ်ခွမြိုင်ရွာမှ ရွာလူကြီး ဦးထန်ဖုန်းရှိန် အပါအဝင် အခြားရွာလူကြီးများ လည်း ပါလာသည် ။
လေပီရွာမှ ဆွယ်လီ၏ မိဘများ ဖြစ်ကြသော ဦးဗန်ဟေနှင့် ဒေါ်ချယ်လောတို့ အပြင် လူအတော်များများ ပါလာကြလေသည် ။
၎င်းတို့ ရောက်လာတော့ ဆွယ်လီက ကြောက်လန့်တကြားနှင့် အိမ်ထဲမှာ ဝင်ပုန်းနေလေသည် ။
ဦးဘရှိန်ကတော့ အားလုံးကို နေရာထိုင်ခင်းပေးပြီးနောက် ဆွယ်လီကို အပြင်သို့ခေါ်လာရန် ပြောလိုက်တော့ ဒေါ်ကျင်မေက ခေါ်လာပေးသည် ။
လေပီရွာမှ လာကြသူအားလုံးက ဆွယ်လီကို မှတ်မိကြသော်လည်း ဆွယ်လီကတော့ တစ်ယောက်မှ မမှတ်မိပေ။
အကျိုးအကြောင်း သိရသောအခါ ဦးဘရှိန်က...
''ကျုပ်တို့ သူ့ကို မြစ်ကမ်းစပ်မှာ သတိမေ့နေတာတွေ့လို့ အိမ်ကိုခေါ် လာပြီး ဆေးကုပေးထားခဲ့ပါတယ်၊ ခေါင်းမှာ ထိခိုက်ဒဏ်ရာတစ်ခု ရထားတဲ့ အတွက် တခြားတော့ ဘာမှ မေးလို့ မရတော့ပါဘူး''
ဟု ပြောသောအခါ အားလုံးက ခေါင်းညိတ်ပြကြလေသည် ။
''ဒါပေမယ့် ကိုယ့်သားသမီးအရင်းအခြာတစ်ယောက်လိုပဲ ပြုစုစောင့်ရှောက် ပေးထားခဲ့ပါတယ်၊ ခင်ဗျားတို့ ရဲ့ သမီးအရင်းမှန်ရင်တော့ ပြန်ခေါ်သွားကြပါ''
ဟု ခွင့်ပေးလေသည် ။
''ကျုပ်သမီးလေးကို အခုလို စောင့်ရှောက်ပေးထားတဲ့ ကျေးဇူးကတော့ ဆပ်လို့ မကုန်အောင်ပါပဲဗျာ၊ ဒီအတွက် ကျုပ်ဘက်က ဘာမဆိုပြန်ပေးဖို့ အသင့်ပါပဲ၊ ခင်ဗျားတို့လိုချင်တာတွေ ပေးပါမယ်''
ဦးဗန်ဟေက သူပိုင်ဆိုင်သော ပစ္စည်းများကို အများ ရှေ့ မှာ ပြောပြရလေသည် ။
''ဘာမှ မလိုပါဘူးဗျာ၊ ဘာတစ်ခုမှ လည်း မယူပါရစေနဲ့ ၊ ဒီလိုယူလိုက်ရင် ကျုပ်တို့ သူ့အပေါ်မှာ ထားတဲ့ စေတနာတွေ အလကားဖြစ်သွားမှာ ပေါ့၊ အခုလို ခင်ဗျားတို့ မိသားစုအချင်းချင်း ပြန်တွေ့ခွင့်ရအောင် ကူညီပေးခွင့်ရတာကိုပဲ ဝမ်းသာလှပါပြီ''
ဟု ပြောဆိုကာ..ဝိုင်းတက်လာသော မျက်ရည်တို့ ကို မသိမသာ တို့ သုပ်ပစ် လိုက်လေသည် ။
ထို့နောက်မှာ တော့ ဆွယ်လီကို ၎င်းမိဘများ လက်သို့ အပ် လိုက်လေသည် ။
ပထမတော့ ဆွယ်လီက အကြောက်အကန် ငြင်းဆန်နေသေးသည် ။
နောက်တော့မှ ဝိုင်းဝန်းချော့မော့ပြီး ခေါ်ကြတော့မှ တငိုငိုတရီရီနှင့် ပါသွားလေတော့သည် ။
ဆွယ်လီပါသွားပြီးနောက်မှာ တော့ နီမောင်တို့ မိသားစုများမှာ မျက်ရည်အဝိုင်းသားဖြင့် ကျန်ရစ်ခဲ့ကြလေတော့သည် ။
ဆွယ်လီတစ်ယောက်မှာ လည်း ငိုကြွေးရင်းနှင့် လေပီရွာသို့ ပြန်ရောက်သွားလေတော့သည် ။
သူမနေအိမ်သို့ ပြန်ရောက်လာသော်လည်း သူစိမ်းများ နှင့် နေရသကဲ့သို့ ဖြစ်နေလေသည် ။
ထို့ကြောင့် ဇာလျှံကို အနားမှာ နေပေးရန် အဖော်ခေါ် ထားပေးရလေသည် ။
ဦးဗန်ဟေတို့ မိသားစုကတော့ ဆွယ်လီကို သတိပြန်ရလာစေရန် နတ်ဆရာဇမုန်းထန်ကိုခေါ်ပြီး ကုသကြလေသည် ။
ချင်းလူမျိုးတို့ နေထိုင်သောရွာများ တွင် နတ်ဆရာသည် အရေးပါအရာရောက်သောသူများ ဖြစ်ကြသည် ။
နတ်ဆရာကို ''ဆုတောင်းပေးနိုင်သူ'' ဟု ယုံကြည်မှုရှိကြလေသည် ။
အချို့ရွာများ တွင် အလှည့်ကျဆုတောင်းပေးရပြီး၊ အချို့ နေရာများမှာ တော့ မျိုးရိုးတူချင်း ဆုတောင်းပေးရသည် မျိုးလည်း ရှိလေသည် ။
အချို့ရွာများမှာ တော့ နတ်ဆရာကို တစ်နှစ်လျှင် တစ်ယောက်ကျ တာဝန်ခွဲပေးသည် မျိုးလည်း ရှိ၏။
နတ်ဆရာသည့် ရောဂါများကို ကုသပေးခြင်း၊ ရွာစောင့် နတ်ပူဇော်ခြင်း၊ စုန်းပြုစားခြင်းများကို ကာကွယ်ပေးရခြင်း၊ အိမ်စောင့်နတ်စသော နတ်များကို ပူဇော်ဆုတောင်းပေးခြင်းနှင့် ရိုးရာဓလေ့ထုံးစံပွဲများကို ဆောင်ရွက်ပေးကြရလေသည် ။
လူတစ်ယောက် ဖျားနာနေလျှင်သော်လည်းကောင်း၊ ထိခိုက်ဒဏ်ရာရပြီး သတိမေ့နေလျှင်သော်လည်းကောင်း၊ တောသို့သွားပြီး တစ်စုံတစ်ရာဖြစ်ပြီး သတိမေ့နေလျှင်သော်လည်းကောင်း ကုသပေးကြသည် ။
ထိုသို့ဖြစ်ခြင်းကို တောထဲမှာ ရှိသော နတ်ဆိုးများက ဖမ်းစားထားသည် ဟု လည်း ယုံကြည်ကြသည် ။
ထိုသို့ဖြစ်သည် ကို ဆေးကုပေးသောအခါ ကြက်ဖတစ်ကောင်၊ ကြက်မနီတစ်ကောင်၊ ဒိုင်းငယ်၊ လေမှုတ်ရန် ဝါးပုလွေ၊ ချိုးငယ်ကလေးများကို တစ်ပါတည်းယူဆောင်ပြီး ရောဂါခံစားနေသူ သွားခဲ့သောတောဘက်သို့ သွားကြလေသည် ။
ထိုနေရာသို့ရောက်သောအခါ ယူသွားသောပစ္စည်းများကိုချ၍ ဝေဒနာဖြစ်နေသူ၏ အမည်ကိုခေါ်လျှက်...
''မောင်.... အိမ်ပြန်တော့..အိမ်ပြန်တော့၊ ရောက်ခဲ့တဲ့ တောကို ကြက်မနဲ့ ပူဇော်ပြီးဖြစ်တယ်၊ ခန္ဓာကိုယ်ရော၊ ဝိညာဉ်ရော ကျန်ရစ်မနေနဲ့ တော့၊ အိမ်နဲ့ တောင်ယာ၊ မီးဖိုချောင် နဲ့ ဖိုခနောက်ရှိရာအရပ်ကိုသာ ပြန်ပါတော့''
ဟု ဝေဒနာခံနေရာသူ ဝိညာဉ်ကိုခေါ်ပြီး ပါလာသော ကြက်ကိုသတ်သည် ။
ထိုကဲ့သို့ပြုလုပ်ခြင်းမှာ သတိမေ့နေသူ၊ ဒါမှ မဟုတ် ဝေဒနာခံစားနေရသူ၏ ဝိညာဉ်ကို ခေါ်ယူခြင်း ဖြစ်သည် ဟု ယူ ဆကြသည် ။
ဝိညာဉ်ခေါ်ခြင်း(Thala Kaw)ဆိုသည် မှာ လူတစ်ဦးတစ်ယောက် နာမကျန်းဖြစ်နေလျှင်သော်လည်းကောင်း၊ အတိတ်ဘဝကို မေ့လျှော့နေသော်လည်းကောင်း၊ ထိုဝိညာဉ်ကို နတ်ဆိုးစသည့် တစ်စုံတစ်ရာတို့ က ဖမ်းစားသဖြင့် ထိုနေရာတွင် ဝိညာဉ်ကျန်ခဲ့သည် ဟု ယုံကြည်ကြသည် ။
ထို့ကြောင့် ထိုနေရာသို့သွားရောက်ပြီး ကျန်နေခဲ့သော ဝိညာဉ်ကို အိမ်သို့ပြန်ခေါ်လာရန် လိုအပ်သည် ဟု ယုံကြည်ကြသောကြောင့် ထိုကဲ့သို့ ပူဇော်သမှုပြုပြီး ဆုတောင်းပေးရခြင်း ဖြစ်ပေသည် ။
ထိုသို့ဆောင်ရွက်ရာမှာ နတ်ဆရာ သို့မဟုတ် နတ်ကတော်တို့ က ဆောင်ရွက်ပေးရလေသည် ။
''သူရဲ့ ဝိညာဉ်ကို မနှောင့်ယှက်ကြပါနဲ့ တော့၊ သင်တို့ လိုချင်သော ကြက်ဖနီဖြင့် လာရောက်ပူဇော်ပြီး ဖြစ်ပါတယ်၊ ဝိညာဉ်ကို ဖမ်းဆီးချုပ်နှောင်မထားဘဲ ပြန်လွှတ်ပေးပါလော့၊ နောက်နောင်ကိုလည်း လာရောက်နှောင့်ယှက်ခြင်း မပြုလုပ်ပါနှင့် တော့''
ထိုသို့ပြောဆိုတိုင်တည်ပြီး..ကြက်ကိုသတ်ကာ အတောင်ပံထိပ်၊ ခေါင်း၊ ခြေချောင်း၊ အမွေးအနည်းငယ်တို့ ကို ဖြတ်တောက်၍ ထိုနေရာသို့ ထားရစ်ခဲ့ရသည် ။ ကိစ္စပြီးသောအခါ ဝိညာဉ်ကိုခေါ်ပြီးမှ ပြန်ကြသည် ။
''ကိစ္စပြီးပြီ..ပြန်ကြမယ်ဟေ့၊ လိုက်ခဲ့ပေတော့..''
ဟု ပြောဆိုကာ သတ်ထားသော ကြက်နှင့် လှံတို့ ကို ယူကာ အိမ်သို့ပြန်ကြလေသည် ။
အပြန်တွင် ဝါးကျည်တောက်ငယ်ဖြင့် ရေကိုခပ်ကာ အိမ်ရောက်သည် အထိ သယ်ယူသွားကြရသည် ။
ထိုကဲ့သို့ပြုလုပ်ခြင်းများမှာ တစ်စုံတစ်ခုကြောင့် ကိုယ်ခန္ဓာတွင် ဝိညာဉ်မကပ်ရောက်နိုင်သဖြင့် မေ့မျောနေသူများကို ကုသပေးသောနည်းပင် ဖြစ်ပေသည် ။ နတ်ဆရာ ဇမုန်းထန်က ရောက်လာသောအခါ ဆွယ်လီအခြေအနေကို ကြည့်သည် ။
သိလိုသောအကြောင်းအရာများကို မေးမြန်းကြည့်လေသည် ။
''နင် ဘာဖြစ်ခဲ့တာလဲ''
ဆွယ်လီက ခေါင်းခါပြသည် ။
''ငါ မသိဘူး''
''ဒီမှာ ရှိတဲ့ မိဘဆွေမျိုးတွေကိုရော မသိတော့ဘူးလား''
ခေါင်းခါပြသည် ။ ဘာပဲမေးမေး ခေါင်းခါပြနေသောကြောင့် ဇမုန်းထန်က ဆက်မမေးတော့ပေ။
''သူ့ကိုယ်ထဲမှာ ဝိညာဉ်မရှိတော့ဘူး၊ သူဘာတွေဖြစ်ခဲ့တယ်ဆိုတာ ငါ့ကိုပြောပြပါ'' ဟု မေးတော့ ဦးဗန်ဟေက သူသိသမျှအကြောင်းများကို ပြောပြသည် ။
''ဒါဖြင့် သူ့ဝိညာဉ်က မြစ်ကမ်းနားမှာ ကျန်ခဲ့တာဖြစ်မယ်၊ အဲဒီနေရာကို ပြန်သွားပြီး သူ့ဝိညာဉ်ကို ဖမ်းစားထားတဲ့ နတ်ဆိုးတွေ ကျေနပ်အောင် ပူဇော်ပေးရမယ်၊ နောက်ပြီး သူ့ကို ကြောက်လန့်အောင် ပြုလုပ်ပြီး အရင်ဘဝက အကြောင်းတွေကို မှတ်မိလာအောင် ပြုလုပ်ရမယ်''
''နတ်ဆရာ ကောင်းသလိုသာလုပ်ပါ၊ သူသတိပြန်ရလာရင် ပြီးတာပါပဲ၊ လိုတာတွေအားလုံး ငါလုပ်ပေးပါ့မယ် ''
ဟု ဦးဗန်ဟေက ပြောသည် ။
ထို့နောက် နတ်ဆရာဇမုန်းထန်ပြောသည့် အတိုင်း လှေတစ်စင်း၊ လူလေးယောက်တို့ နှင့် အတူ နတ်ပူဇော်ရန်ပစ္စည်းများ ပါယူဆောင်ပြီး သစ်ခွမြိုင်ရွာနှင့် မဝေးလှသော မြစ်ဆိပ်ကမ်းသို့ ပို့ပေး လိုက်လေသည် ။ တစ်နေရာနှင့် တစ်နေရာမှာ ဝေးလှသည် တော့ မဟုတ်ပေ။
တောလမ်းခရီးများမှ သွားလျှင်သာ ကြာနေသော်လည်း ရေလမ်းခရီးမှ တစ်ဖြောင့်တည်း လှေဖြင့်သွားလျှင်တော့ နေ့တစ်ဝက်ခရီးဖြင့် ရောက်နိုင်ကြလေသည် ။ နံနက်မိုးမလင်းခင်ကတည်းက သွားကြရာ မွန်းလွဲပိုင်းအချိန်လောက်တွင် သစ်ခွမြိုင်ရွာနှင့် မနီးမဝေးကမ်းခြေသို့ ရောက်သွားကြသည် ။
''ဆွယ်လီကို ဒီနေရာမှာ တွေ့ကြတာလို့ ပြောသံကြားတယ်''
လှေလှော်သမားတစ်ယောက်က ပြောသဖြင့် ကမ်းခြေတစ်ဝိုက်တွင် ရှိသော ကျောက်တုံးကျောက်ဆောင်များကြားမှာ ပင် ပူဇော်ပွဲပြုလုပ်ကြသည် ။
''သင်တို့ အား ကြက်ဖနီဖြင့် လာရောက်ပူဇော်ပေးပါ၏ ၊ သင်တို့ ကျေနပ်ပါတော့၊ သက်ဆိုင်သူ၏ ဝိညာဉ်ကိုလည်း ဖမ်းမထားပါနဲ့ တော့၊ ပြန်လွှတ်ပေးပါတော့၊ ပြန်လွှတ်ပေးပါတော့''
ဟု ပြောကာ ကြက်ကိုသတ်ပြီး အတောင်ထိပ်၊ ဦးခေါင်း၊ ခြေချောင်း၊ အမွေးအနည်းတို့ ကို ထိုနေရာရှိ ကျောက်တုံးတစ်တုံးပေါ်တွင် တင်ထားခဲ့ကြသည် ။
ထို့နောက်တွင် ထိုနေရာမှ ရေကို ဝါးကျည်တောက်ငယ်ဖြင့် ခပ်ယူကာ အိမ်သို့ပြန်သွားကြရာ မိုးချုပ်တော့မှ ရွာသို့ပြန်ရောက်သွားကြလေသည် ။
အိမ်သို့ပြန်ရောက်သောအခါ တံခါးပေါက်ဝမှ ခေါင်းပြူ၍ ဇမုန်းထန်ကမေးသည် ။
''အိမ်ပြန်ရောက်ပြီလား၊ တစ်ကယ်ပြန်ရောက်ပြီလား''
ဟု မေးသောအခါမှာ ပင် ဝါးကျည်တောက်ဖြင့် ခပ်ယူလာသောရေကို ထိုနေရာတစ်ဝိုက်မှာ ဖျန်းပက်ပေးလေသည် ။
အိမ်သားများက...
''အိမ်သို့ရောက်တာ ကြာပါပြီ၊ ပြန်ရောက်နေတာ ကြာပါပြီ''
ဟု ပြန်လည်ဖြေကြားကြလေသည် ။
ထိုနောက်မှာ တော့ ဇမုန်းထန်က ဘယ်သူကိုမှ ဘာမှ ထပ်မပြောတော့ဘဲ ယူသွားသောလှံနှင့် ကြက်ကို အိမ်ပေါက်ဝတွင် ချထားခဲ့ပြီး ပြန်သွားလေတော့သည် ။
နောက်တစ်နေ့ နံနက်ပိုင်း အချိန်ရောက်သောအခါ တစ်ခေါက်ထပ်ရောက် လာပြီး အခြေအနေကို အကဲခတ်ကြည့်လေသည် ။ ဆွယ်လီကတော့ အရင်အတိုင်းပင် ရှိနေသေးသည် ။
''သူ့အခြေအနေက အတော်ဆိုးဝါးနေတာပဲ၊ ဒီအတိုင်းနဲ့ တော့ ရမှာ မဟုတ်ဘူး ၊ သတိပြန်ရလာဖို့ ဝိညာဉ်တွေခေါ်ပြီး လုပ်မှ ရတော့မယ်''
''ဘယ်က ဝိညာဉ်တွေခေါ်မှာ လဲ''
''ချင်းသင်္ချိုင်းက ဝိညာဉ်တွေကို သွားခေါ်ရမယ်၊ သူတို့ လာလုပ်ပေးမှ သတိပြန်ရမယ်''
''ကောင်းသလိုသာလုပ်ပါ နတ်ဆရာရယ်၊ ငါ့သမီးလေး ငါတို့ ကို မှတ်မိရင်ပြီးတာပါပဲ၊ လိုတာမှန်သမျှ ငါတို့ လုပ်ပေးပါ့မယ်''
ဟု ပြောလေသည် ။
ထို့ကြောင့် နေဝင်ရီတရော အချိန်ရောက်သောအခါ ချင်းသင်္ချိုင်းရှိရာသို့ သွားကြရန် ပြင်ဆင်ကြသည် ။
ချင်းသင်္ချိုင်းမှာ ရွာအပြင်ဘက် တောင်ကုန်းတစ်ခုပေါ် တွင် ရှိသည် ။ ထိုနေရာတွင် လူသူနေထိုင်ခြင်းမရှိဘဲ တောထူထပ်သောနေရာလည်း ဖြစ်သည် ။
ဝင်ပေါက်တွင် ကျွန်းသားဖြင့် ပြုလုပ်ထားသော မှတ်တိုင်ကြီးနှစ်တိုင် ရှိသည် ။
ရှေးက သေဆုံးသွားခဲ့သော ချင်းလူမျိုး ခေါင်းဆောင်များ ရွာလူကြီးများ အတွက် စိုက်ထူထားသော မှတ်တိုင်များ ဖြစ်ကြသည် ။
ကျွန်းသားတိုင်ကြီးများ ၏ မျက်နှာပြင်တွင် ကြောက်စရာကောင်းသော အရုပ်ကြီးများ လည်း ထွင်းထုထားသည် ။
အတွင်းဘက်မှာ တော့ ချင်းသင်္ချိုင်းရှိသည် ။
ထိုနေရာမှာ လည်း သေဆုံးသူတို့ အတွက် စိုက်ထူပေးသော မှတ်တိုင်များ ရှိကြသည် ။
တစ်ခုနှင့် တစ်ခု ထုလုပ်ထားသော ပုံပန်းသဏ္ဌာန်ချင်းကတော့ မတူကြပေ။ အချွန်အတက်များ ၊ တိရိစ္ဆာန်သဏ္ဌာန်၊ လူသဏ္ဌာန်တို့ ကို ထွင်းထုထားသည် ။
အောက်ခြေတွင် ပျဉ်ပြားချပ်ကြီးများ ထောင်ထားပြီး ပျဉ်ချပ်ပေါ်တွင် သေဆုံးသွားခဲ့သူ ပိုင်ဆိုင်သော ကျွဲ၊ နွား၊ ဝက်၊ ကြက် စသည် တို့ ကို ထွင်းထုပေးထားသည် ။
တစ်ကောင်လျှင် တစ်ရုပ်ကျ ထွင်းပေးထားသည် ။ နွား ဆယ်ကောင်ပိုင်ခဲ့လျှင် နွားရုပ်တစ်ရုပ် ထွင်းပေးထားသည် ။
နွားကောင်လျှင် ပိုင်ခဲ့လျှင် နွားရုပ်တစ်ရုပ် ထွင်းပေးထားသည် ။
သို့သော် ပန်းပုထုတတ်သူများကဲ့သို့ စနစ်တကျ ထုလုပ်ထားခြင်းမဟုတ်ဘဲ ထုတတ်သလို ထုထားသောကြောင့် အရုပ်ပေါ်ရုံ သဘောလောက်သာရှိသည် ။
အချို့မှာ လည်း သေသူ၏ ဂုဏ်အင်ကို သရုပ်ဖော်သောအနေဖြင့် ကြောက်စရာကောင်းသော ပုံပန်းသဏ္ဌာန်များ ဖြင့် ရေးထွင်းထားသည် ။
ရွာအုပ်ကြီး၏ ဇနီး၊ သမီးများ သေဆုံးသော အခါမှာ တော့ သင်္ချိုင်းနေရာတွင် မိန်းမရုပ်ပုံများ ထုလုပ်ကာ ချထားလေသည် ။
ထိုနေရာသို့ရောက်သောအခါ ဇမုန်းထန်က ယူလာသော ဝက်နှင့် ကြက်တို့ ကို သတ်ဖြတ်ကာ သွေးတို့ ကိုယူစေသည် ။
ပြီးသောအခါ ချင်းဘာသာစကားဖြင့် သင်္ချိုင်းထဲမှာ ရှိ နေသော တစ္ဆေများကို ဖိတ်ခေါ်လေသည် ။
ထိုသို့ဖိတ်ခေါ်ပြီးနောက် သွေးများ ဖြင့် သင်္ချိုင်းထဲသို့ ပြန်ပက်ပေးလေသည် ။
''လာကြလော့၊ ငါတို့ ကျွေးသော အစားအသောက်များကို စားသောက်ကြလော့..၊ ဒီညမှာ ငါကျွေးသော အစားအသောက်များကို စားသောက်ပြီး ငါခိုင်းတာကို လုပ်ပေးကြလော့''
ဟု ပြောဆိုကာ သတ်ဖြတ်ထားသော ဝက်နှင့် ကြက်တို့ ကို ပိုင်းထစ်ပြီး အသားများကို နေရာအနှံ့သို့ ပစ်ချပေးလေသည် ။
ထိုအခါ အမှောင်ရိပ်ထဲမှ သရဲသဘက်များ နေရာအနှံ့မှ ထွက် လာပြီး အလုအယက်၊ ကောက်ယူစားသောက်ကြလေတော့သည် ။
သရဲသဘက်များမှာ ပုံပန်းသဏ္ဌာန်အမျိုးမျိုး ရှိကြသော်လည်း အများအားဖြင့်တော့ ရုပ်ဆင်းအင်္ဂါ မတင့်တယ်လှသော ကြောက်စရာကောင်းသော ပုံပန်းသဏ္ဌာန်များ သာ ဖြစ်ကြလေသည် ။
''စားကြ..သောက်ကြ၊ ငါကျွေးတာ စားသောက်ပြီး ငါစေခိုင်းတာကိုလည်း လုပ်ပေးကြလော့..၊ ပျောက်နေသော ဝိညာဉ်ကို ပြန်ရှာကြလော့၊ ပျောက်နေသော ဝိညာဉ်အား လမ်းပြပြီး ငါရှိရာသို့ ခေါ်ဆောင်လာခဲ့ကြပေတော့ ''
ဇမုန်းထန်က ချင်းဘာသာစကားဖြင့် ထိုကဲ့သို့ ရေရွတ်ပြောဆိုနေသော်လည်း သင်္ချိုင်းထဲမှ ထွက်လာကြသော သရဲသဘက်များက ဂရုမထားကြပေ။
သူတို့ ဂရုစိုက်နေသည် က ပစ်ချထားသော အသားတုံးများကို အလုအယက် ကောက်ယူရေးသာ ဖြစ်လေသည် ။
ဇမုန်းထန်ကလည်း သူပြောချင်ရာပြော၊ သူတို့ ကလည်း သူတို့ လုပ်ချင်ရာလုပ်နေကြခြင်း ဖြစ်လေသည် ။
နောက်မှာ တော့ ပစ်ချပေးစရာ အသားတုံးများက ကုန်သွားလေသည် ။
ထိုအခါ အခြားသရဲသဘက်များက အသီးသီး ပြန်သွားသော်လည်း အကောင်အရွယ်အစားကြီးလှသော သရဲတစ်ကောင်ကတော့ မပြန်သေးဘဲ ရပ်နေလေသည် ။
သစ်ပင်ရိပ်များ ၊ အမှောင်ရိပ်များကြောင့် ၎င်း၏ မျက်နှာ ပုံပန်းသဏာန်ကို သဲကွဲစွာ မမြင်ရသော်လည်း တစ်ကိုယ်လုံး အမွှေးရှည်များ ရှိသည် ။
ခြေတံလက်တံက ရှည်သည် ။ လက်တံရှည်နှစ်ဘက်က လူဝံတစ်ကောင်ကဲ့သို့ နံဘေးသို့တွဲလောင်းကျကာ မြေကြီးသို့ထိနေသည် ။
ဆန်ကောတမျှကြီးမားသော နားရွက်နှစ်ဘက်က ဆင်နားရွက်ကဲ့သို့ တဖတ်ဖတ်နှင့် လှုပ်နေသည် ။
ရှေ့မှာ ကျန်နေသည် မှာ သရဲမဟုတ်တော့ဘဲ သဘက်ကြီးတစ်ကောင် ဖြစ်မှန်းတော့ သိကြသည် ။
ထိုအခါ ဇမုန်းထန်က လှမ်းမေးလိုက်သည် ။
''ဘာကြောင့် မပြန်သေးတာလဲ''
''.......''
''အစားအစာချင်သေးရင်တော့ ငါနောက်ကလိုက်ခဲ့ပြီး ငါခိုင်းတာလုပ်ပေးမှ ရမယ်..နင်ဘယ်သူလဲ''
''သင်္ချိုင်းစောင့် သရဲကြီးကိုး၊ ကောင်းပြီ..ငါ့နောက်ကသာ လိုက်ခဲ့ပေတော့၊ ငါခိုင်းတာကို အောင်မြင်အောင် လုပ်ပေးရင် ဝအောင်ကျွေးမယ်''
ထိုသို့ပြောပြီးနောက် သင်္ချိုင်းစောင့်သရဲကြီးကို တစ်ပါတည်းခေါ်ကာ ချင်းသင်္ချိုင်းထဲမှ ပြန်ထွက်လာသောအခါမှာ တော့ သူတို့ နောက်ဘက် မနီးမဝေးမှ လိုက်လာသည် ကို ဝိုးတဝါး မြင်ကြရလေသည် ။
***