ဆွယ်လီတစ်ယောက်ကတော့ လေပီရွာမှ သူမနေအိမ်သို့ ပြန်ရောက်သွားကြသော်လည်း တစ်ချက်ကလေးမှ ပျော်ရွှင်မှုမရှိဘဲ တမှ ိုင်မှ ိုင်တတွေတွေနှင့် သာ ရှိနေလေသည် ။
သူမအနေဖြင့် သူမသိသော တစိမ်းတရံစာများကြားမှာ ရောက် နေသကဲ့သို့ ရှိနေလေသည် ။
အချိန်နှင့် အမျှ သစ်ခွမြိုင်ရွာမှာ ကျန်ခဲ့သော နီမောင် တို့ မိသားစုများကိုသာ သတိရနေသည် ။
ဖြစ်နိုင်လျှင် ထိုရွာသို့သာ ပြန်သွားချင်သည် ။
အထူးသဖြင့် သူမစိတ်ထဲမှာ နီမောင်ကိုသာ သတိရနေသည် ။
''ဒီနှစ်ကုန်ရင် ငါ့ကိုလက်ထပ်မယ်လို့ ပြောထားတယ်၊ အခု ငါက ဒီနေရာရောက်နေပြီဆိုတော့ သူဘယ်လို လုပ်မလဲမသိဘူး၊ သူတို့ က ငါကိုဘာကြောင့် ဒီရွာကိုထည့်လိုက်ကြတာလဲ၊ ဒီလူတွေလက်ထဲကို ဘာကြောင့် ထည့်လိုက်ကြတာပါလိမ့်''
ဟု တွေးနေမိသည် ။ သူ့အနားမှာ ဇာလျှံက အဖော်အဖြစ် နေပေးသော်လည်း ဇာလျှံကို သူမသိပေ။ သို့သော်လည်း အမြဲလိုလို သူ့အနားမှာ နေသောကြောင့် ခင်မင်လာသည် ။
တစ်နေ့တော့ ဆွယ်လီကမေးသည် ။
''ဇာလျှံ သူတို့ က ငါ့ကိုဘာကြောင့် ဒီနေရာခေါ်ထားကြတာလဲဟင်''
''ဒီနေရာက နင့်နေရာပဲလေ၊ ဒီအိမ်ကလည်း နင့်ရဲ့ အိမ်ပဲ၊ နောက်ပြီး နင့်ကိုခေါ်ထားကြတဲ့ လူတွေကလည်း တခြားလူတွေမှ မဟုတ်တာ၊ သူတို့ က နင်အဖေနဲ့ အမေပဲလေ၊ ရမ်မန်းက နင့်ရဲ့ မောင်လေ''
''သူတို့ ကို ငါမသိဘူး၊ သူတို့ က ငါ့ကိုသိပြီး သူတို့ ကျတော့ ငါက ဘာကြောင့် မသိတာလဲဟင်''
''တစ်နေ့တော့ နင်မှတ်မိလာမှာ ပါ''
''ဘာကြောင့် ဒီလိုဖြစ်နေတယ်ဆိုတာ ငါကို ပြောပြပေးစမ်းပါ''
ဟု မေးသောအခါ ဇာလျှံက သူသိသမျှအကြောင်း အရာများကို ပြန်ပြောပြလိုက်သည် ။
''ဒါဖြင့် နီမောင်တို့ မိသားစုက ငါနဲ့ ဘာမှ မတော်ကြဘူးပေါ့၊ ဘာမှ မတော်ပဲနဲ့ ငါကိုအကြာကြီး စောင့်ရှောက်ပေးထားကြတယ်နော်''
''ဟုတ်တယ်၊ ပြောရရင်တော့ နင့်ဘဝမှာ သူတို့ ပေးခဲ့တဲ့ အသက်ပဲရှိတော့တယ်၊ တစ်နေ့တော့ သူတို့ မိသားစုတွေရဲ့ ကျေးဇူးကို ပြန်ဆပ်နိုင်အောင် ကြိုးစားပေါ့ ဆွယ်လီရယ်''
ဟု ဖြောင်းဖျပြောဆိုလေသည် ။
တစ်ညမှာ တော့ သူတို့ အိမ်သို့ နတ်ဆရာဇမုန်းထန်ရောက် လာပြီး ဆေးတစ်ခွက်တိုက်ပေးသဖြင့်သောက်ရာ မကြာခင် အိပ်ပျော်သွားလေတော့သည် ။
သူမ အိပ်ပျော်သွားသော အချိန်မှာ ပွေ့ခေါ်ယူသွားပြီး အိမ်အနောက်ဘက်မှာ ရှိသော စပါးကျီအတွင်းသို့ထည့်ကာ တံခါးပိတ်ထားလိုက်သည် ။
ပြီးမှ အားလုံး အိမ်ဘက်သို့ပြန်လာကြသည် ။
''ဒီည စပါးကျီရှိတဲ့ ဘက်ကို ဘယ်လိုအကြောင်းရှိလို့ မှ မသွားကြနဲ့ ၊ ညဘက်ရောက်ရင် အပြင်လည်း မထွက်ကြနဲ့ ''
ဟု မှာ ထားလေသည် ။
ဦးဗန်ဟေတို့ လင်မယားကတော့ သမီးအတွက်များ စွာ စိုးရိမ်နေကြလေသည် ။
သို့သော်လည်း ယခုလို သူငါမသိ၊ ငါ့ကို သူမသိ ဘဝမျိုးနှင့် နေရတာနဲ့ စာလျှင် ပိုကောင်း လာလေမလား ဟူသော မျှော်လင့်ချက်ဖြင့် နတ်ဆရာစီစဉ်သမျှ လုပ်ပေးနေကြခြင်း ဖြစ်ပေသည် ။
ညဉ့်နက်ပိုင်း အချိန်ရောက်တော့ ဆွယ်လီတစ်ယောက် အိပ်ပျော်နေရာမှ ပြန်နိုး လာလေတော့သည် ။
ထကြည့်လိုက်တော့ သူမ ဘယ်နေရာရောက်နေမှန်းမသိပေ။
ထိုအချိန်တွင် စပါးကျီထဲတွင် စပါးမထည့်သေးသောကြောင့် ဘာမှ မရှိသေးပေ။
''ငါ ဘယ်နေရာ ရောက်နေတာလဲ၊ ငါ့ကို ဘယ်နေရာ ပို့ပေးထားကြတာလဲ''
ဟု တွေးကာ နေရာမှ ထသည် ။
စပါးကျီတစ်ခုလုံး မှောင်နေသောကြောင့် ဘာမှ မမြင်ရပေ။
ထို့ကြောင့် အနီးပတ်ဝန်းကျင်တွင် အခြားသူများ ရှိလျှင် ကြားရလေမလားဟူသော အတွေးဖြင့် အော်ဟစ်ကြည့် လိုက်လေသည် ။
''ဟေး..ဟေး..''
''ဒီနားမှာ ဘယ်သူမှ မရှိကြဘူးလား၊ ငါ့ကို တံခါးလာ ဖွင့်ပေးကြပါဦး''
ဟု အော်လိုက်သော်လည်း တုံ့ပြန်သော အသံတော့ မကြားရပေ။
ထိုအခိုက်မှာ ပင် အခန်းထောင့်တစ်နေရာတွင် ထိုင်နေသော မည်းမည်းသဏ္ဌာန်ကြီး ရှိနေသည် ကို မြင်တွေ့သွားလေသည် ။
''ဟင်''
ထို့ကြောင့် ကြောက်ကြောက်လန့်လန့်နှင့် နောက်သို့ ဆုတ်သွားလေတော့သည် ။
''နင် ဘယ်သူလဲ''
သူမက မေးလိုက်တော့မှ သူမကို မော့ကြည့်လေသည် ။
အမှောင်ထဲမှာ နီရဲနေသော မျက်လုံးကြီးနှစ်လုံးကို မြင်ရတော့မှ လူမဟုတ်မှန်း သိရလေတော့သည် ။
''အမယ်လေး..ကယ်ကြပါဦး''
''ကယ်ကြပါဦး၊ ငါ့ကို လာကယ်ကြပါဦး၊ ဒီမှာ သရဲသတ်လို့ သေရတော့မယ်..လာကြပါဦး''
ဟု အသံကုန်အော်ဟစ် အကူအညီတောင်းလေသည် ။
တိတ်ဆိတ်ငြိမ်သက်နေသောအချိန်တွင် စပါးကျီဘက်မှ စူးစူးဝါးဝါး အော်ဟစ်သံကို အိမ်မှာ ရှိနေသော ဦးဗန်ဟေတို့ အားလုံး ကြားကြရသည် ။
စိုးရိမ်စိတ်ကြောင့် မျက်စိမျက်နှာ ပျက်နေကြသည် ။
''ကြာကြာထားလို့ ဖြစ်ပါ့မလား၊ သူသေသွားလိမ့်မယ်"
"မသေပါဘူး၊ သေအောင် မခြောက်ပါဘူး''
''ကြောက်လန့်ပြီး သတိပြန်ရရုံလောက်ပဲ လုပ်မှာ ပါ၊ ဘာမှ မစိုးရိမ်ကြနဲ့ ''
နတ်ဆရာကပြောသဖြင့် အားလုံးဘာမှ ပြန်မပြောကြတော့ပေ။
စပါးကျီထဲမှာ တော့ ဆွယ်လီ၏ စူးစူးဝါးဝါး အော်သံကြောင့် ၊ ဆောင့်ကြောင်ထိုင်နေသောသရဲက တဖြည်းဖြည်း ထ လာလေသည် ။
ထိုသို့ထရပ်လိုက်တော့မှ အရပ်က စပါးကျီအမိုးနှင့် ထိလုမတတ် ဖြစ်နေလေသည် ။
''အမယ်လေး ကယ်ကြပါဦး၊ လာကြပါဦး..သေရပါတော့မယ်''
ထိုသို့ အော်ဟစ်ရင်းနှင့် အမှောင်ထဲမှာ ပြေးမိပြေးရာ ပြေးရင်းမှ စပါးကျီတိုင်ဖြင့် ဦးခေါင်းနှင့် ဆောင့်မိပြီး ပုံလျက်သား လဲကျသွားလေတော့သည် ။
လူလဲကျသွားသည် နှင့် အော်သံလည်း ပျောက်သွားလေတော့သည် ။
အတန်ကြာတော့မှ ဇမုန်းထန်ကခေါင်းဆောင်ပြီး စပါးကျီရှိရာဘက်သို့ လာကြလေသည် ။
စပါးကျီနားရောက်တော့ အမှောင်ထဲမှာ ရပ်နေသည့် သင်္ချိုင်းစောင့် သရဲအားတွေ့သဖြင့် သတ်ထားပြီးသော ဝက်သေတစ်ကောင်ကို ပစ်ပေးလိုက်သည် ။
''ပြီးပြီ..ကိုယ့်နေရာကိုယ် ပြန်ပေတော့''
ဟု ပြောလိုက်သည် နှင့် ..ဝက်သေကိုဒရွတ်ဆွဲပြီး အမှောင်ထဲသို့ ဝင်သွားလေတော့သည် ။
ထိုအချိန်ရောက်မှ မီးတိုင်များကိုထွန်းကာ စပါးကျီ တံခါးကိုဖွင့်ပြီး အထဲဝင်ကြည့်ကြသည် ။
စပါးကျီတစ်နေရာမှာ တော့ ခွေခွေကလေး လဲကျနေသော ဆွယ်လီကို တွေ့သဖြင့် ဦးဗန်ဟေက ပွေ့ယူပြီး စမ်းကြည့်လိုက်သည် ။
ထိခိုက်ဒဏ်ရာကြောင့် ဦးခေါင်းမှ သွေးများ စီးကျနေသော်လည်း အသက်ကတော့ မှန်မှန်ရှုနေသေးသည် ။
ထို့ကြောင့် အိမ်သို့သယ်ယူသွားကြလေသည် ။
တစ်ညလုံး ပြုစုပေးသော်လည်း သတိပြန်မရဘဲရှိနေရာမှ နောက်တစ်နေ့ မနက်ပိုင်းအချိန်တွင် သတိပြန်ရ လာလေသည် ။
''ရေ..ရေပေးပါ''
ဟု တောင်းသဖြင့် ရေတိုက်ပေးသောအခါ မျက်စိမဖွင့် သေးသော်လည်း ညည်းညူသံများ ကြားလာရသည် ။
''နော်ကိုဗန်..နော်ကိုဗန်..''
နော်ကိုဗန်မှာ သူမချစ်သူပင် ဖြစ်သည် ။
နော်ကိုဗန်ဟူသောအမည်ကို ခေါ်သံကြားသည် နှင့် အနားမှာ ရှိနေသော ဇာလျှံက ဝမ်းသာသောအသံဖြင့် ပြောလိုက်သည် ။
''သူ သတိပြန်ရ လာပြီ''
ထိုသို့ပြောပြီး မကြာခင်မှာ မျက်စိပြန်ဖွင့်လာသည် ။
အနားမှာ ရှိနေကြသော မိဘများကို မြင်သောအခါ ဝမ်းသာသောအသံဖြင့် ခေါ် လိုက်လေသည် ။
''အဖေ..အမေ''
''ဟင်..ငါ့သမီးလေး ငါတို့ ကို မှတ်မိသွားပြီ၊ သူသတိရ လာပြီ''
ဟု ဝမ်းသာအားရ ပြောကြလေသည် ။
တစ်အိမ်လုံးကလည်း ..ထိုကဲ့သို့ သတိရလာသောကြောင့် ဝမ်းသာနေကြလေသည် ။
နတ်ဆရာဇမုန်းထန်ကိုလည်း များ စွာကျေးဇူးတင်သဖြင့် အစားအသောက်နှင့် ငွေကြေးများ လက်ဆောင်ပေးကြလေသည် ။
ဆွယ်လီမှာ တခြားရောဂါမရှိဘဲ ဦးခေါင်းမှ ဒဏ်ရာတစ်ခုသာ ရှိသောကြောင့် ဆေးဝါးဖြင့် ကုသပေးရာ ရက်ပိုင်းအတွင်းမှာ ပင် သက်သာပျောက်ကင်း သွားလေသည် ။
တစ်နေ့တော့ ဆွယ်လီက မေးသည် ။
''ဇာလျှံ ငါဘာတွေဖြစ်ခဲ့တယ်ဆိုတာ ပြန်ပြောပြပေးပါ''
ထိုအခါ ဇာလျှံက နော်ကိုဗန် နောက်သို့ လိုက်သွားရာမှ လှေမှောက်ခဲ့ပုံများကို ပြန်ပြောပြလေသည် ။
''နော်ကိုဗန်ရော ဘာဖြစ်သွားသေးလဲဟင်''
''သူကတော့ ဘာမှ မဖြစ်ပါဘူး၊ ရွာကိုပြန်ရောက်သွားတယ်လို့ ပြောသံကြားတယ်..နင်သာ''
''ငါ ဘယ်လိုဖြစ်သလဲဟင်''
''လှေမှောက်ပြီး ရေစီးနဲ့ မျောပါသွားရင်းက သတိမေ့ပြီး ကမ်းပေါ်မှာ တင်နေတာကိုတွေ့လို့ နီမောင်တို့ က ကယ်ပေးခဲ့ကြတယ်''
''နီမောင်ဆိုတာ ဘယ်သူလဲဟင်''
''နင် သူ့ကို မမှတ်မိတော့ဘူးလား''
ဆွယ်လီက ခေါင်းခါပြလိုက်သည် ။
''နီမောင်တို့ မိသားစုဆီမှာ ခြောက်လကျော်လောက်ကြာအောင် နင်နေခဲ့ရတယ်၊ သူတို့ က နင့်ကို မိသားစုတစ်ယောက်လိုပဲ စောင့်ရှောက်ပေးခဲ့ကြတယ်''
ထိုသို့ပြောသဖြင့် ပြန်စဉ်းစားကြည့်သောအခါမှာ ခေါင်းထဲမှာ ချာချာလည်နေပြီး အခြားဘာမှ သတိမရတော့ပေ။
''ငါ သတိမရတော့ဘူး၊ အခု ငါသတိရ လာပြီဆိုတော့ နော်ကိုဗန်နဲ့ တွေ့ချင်လိုက်တာ၊ နင်ငါ့ကို အကူအညီပေးပါ ဇာလျှံရယ်''
ဟု ပြောသောအခါ ဇာလျှံက စိတ်မကောင်းစွာဖြင့် ကြည့်နေလေသည် ။
''အေးပါ..နောက်တော့ ငါအကူအညီပေးပါ့မယ်၊ အခုတော့ နင်နေကောင်းအောင် နေဦးနော်''
ဆွယ်လီစိတ်ထဲမှာ တော့ သူပြန်ရောက်နေသည် ဟု သတင်းကြားလျှင် နော်ကိုဗန်တစ်ယောက် ရောက်လာလိမ့်မည်ဟု မျှော်လင့်နေမိလေသည် ။
သို့သော် ရက်အတော်ကြာသောအချိန်ထိ လာရောက်တွေ့ဆုံခြင်းတော့ မရှိပေ။
ဒီနေရာမှာ တော့ နော်ကိုဗန်ဟု သူ့ဖာသာအမည်ပေးထားသော ချန်ထန်အကြောင်းကိုလည်း ရေးရပေဦးမည်။
နော်ကိုဗန်နှင့် ဆွယ်လီတို့ နှစ်ယောက်မှာ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရာမှ ချစ်သူဘဝရောက်ခဲ့ကြလေသည် ။
ထို့ကြောင့် နော်ကိုဗန်က သူ့မိဘများကို လာရောက် တောင်းရမ်းခိုင်းလေသည် ။
သို့သော်လည်း မင်္ဂလာကြေးကိစ္စ ညှိနှိုင်းရာမှ အဆင်မပြေဖြစ်ခဲ့ကြပြီးနောက် စေ့စပ်ပွဲပျက်ခဲ့ကြသည် ။
ထို့ကြောင့် နော်ကိုဗန်က ဆွယ်လီကို ခိုးပြေးရန် ကြံစည်လေသည် ။
ဆွယ်လီကလည်း ချစ်သူနှင့် မခွဲနိုင်သဖြင့် လိုက်ခဲ့ရန် သဘောတူပြီး လိုက်သွားခဲ့လေသည် ။
သို့သော်..သူတို့ နှစ်ဦး၏ ဖူးစာကံအကြောင်းက မကောင်းခဲ့ပါချေ။
နော်ကိုဗန်မြစ်ကို လှေဖြင့်ဖြတ်ကူးကြရင်းမှ လှေမှောက်ပြီး တကွဲတပြားစီ ဖြစ်သွားကြရသည် ။
လှေပေါ်မှာ နော်ကိုဗန်နှင့် ဆွယ်လီတို့ လှေလှော်သမား လေးယောက်ပါလာကြရာ လှေမှောက်သောအခါ ကျန်သုံးယောက်က ပြန်စုမိကြသော်လည်း ဆွယ်လီကိုတော့ ရှာမတွေ့ ကြရတော့ပေ။
နောက်ပိုင်းရက်များ တွင် နော်ကိုဗန် တစ်ယောက် လှေသမားများ ခေါ်ပြီး လိုက်လံရှာဖွေသော်လည်း အစအနမျှပင် မတွေ့ရတော့ပေ။
သူ့စိတ်ထဲမှာ တော့ ဆွယ်လီတစ်ယောက် မြစ်ထဲမှာ သေဆုံးသွားပြီဟု ထင်မှတ်ထားလေသည် ။
ချစ်သူအတွက် စိတ်မကောင်း ဖြစ်မိသော်လည်း ဘာမှ မတတ်နိုင်တော့ပေ။
ပျောက်သောသူ ရှာလျှင်တွေ့ ဆိုသော်လည်း ဘယ်လို မှ ရှာမတွေ့တော့သောအခါ သေသောသူ ကြာလျှင်မေ့ဆိုသော စကားကဲ့သို့ လအတန်ကြာသောအခါ မေ့သွားလေတော့သည် ။
နောက်ထပ် လအနည်းငယ်ကြာသောအခါ နော်ကိုဗန်မိဘများက ယခင်တစ်ခါကဲ့သို့ ဖြစ်မည်စိုးသောကြောင့် သူတို့ နေသောရွာနှင့် မဝေးလှသောရွာတစ်ရွာမှ မိန်းကလေးတစ်ယောက်နှင့် မိဘချင်းစေ့စပ်ကာ ပေးစား လိုက်လေသည် ။
နော်ကိုဗန်အနေနှင့် ပထမတော့ အတန်တန်ငြင်းသော်လည်း မရတော့မှ မိဘတို့ ၏ သဘောဆန္ဒကို လက်ခံပေးလိုက်ရပေသည် ။
ထိုမိန်းကလေးနှင့် လက်ထပ်ပြီး လအနည်းငယ်ကြာ သောအခါမှာ တော့ ယခင်ကဖြစ်ပျက်ခဲ့သော အကြောင်းများ တဖြည်းဖြည်း မေ့ပျောက်သွားပြီး ဇနီးဖြစ်သူ မိန်းကလေးအပေါ်မှာ ချစ်ခင်နှစ်သက်မှုများ ဖြစ်လာခဲ့လေတော့သည် ။
ယခုတော့ သူ့အတွက် ဘဝသစ်မှာ ပျော်ရွှင်နေပြီ ဖြစ်သည် ။ ထိုအကြောင်းများကိုတော့ လေပီရွာသို့ ပြန်ရောက်လာသော ဆွယ်လီတစ်ယောက် မသိရှာသေးပေ။
***